← Chapters

အသိမှတ်ပြုရန်လိုအပ်ခြင်း

Vol. 12 Ch. 173

အသိမှတ်ပြုရန်လိုအပ်ခြင်း

Vol. 12 Ch. 173

ချန်ကန်းခန်းမတွင်းသို့ ဝင်ရောက်လာသည် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးသည် ဂိုဏ်းချုပ်သုံးဦးရိုက်နှက်ခံရသည်ကို ကြည့်ကာ ဒေါသထွက်သွား၏။ ထို့ကြောင့် ရုတ်တရက်ဝင်ရောက်လာကာ ဟွမ်းကို စွမ်းအင်အလင်းတန်းများနှင့် ပစ်လွှတ်လိုက်သည်။

“ရွှီး..”

အစိမ်းရောင်စွမ်းအင်အလင်းတန်းနှစ်ခုသည် မြန်ဆန်သည့် အရှိန်ဟုန်နှင့် ဟွမ်းထံဦးတည်သွား၏။ ဟွမ်းသည် ထိုအလင်းတန်းများကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် အားပြင်းပြင်းနှင့် ထိုအလင်းတန်းများကို ဖျတ်စီးလိုက်၏။

“ဝုန်း..”

စွမ်းအင်အလင်းတန်းများသည် ပေါက်ကွဲသွားပြီး အကြွင်းကျန်စွမ်းအင်များသည် ခန်းမ၏ နံရံကို ထိမှန်ကုန်၏။ ထို့ကြောင့် ခန်းမ၏ ကျောက်သားများသည် အက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

“အကြီးအကဲကျန်း အထင်လွဲနေပြီ..ရပ်ပါဦး..”

သွမ့်မုယီသည် သူ၏ နံရံများ အက်ကွဲသွားသည်ကိုကြည့်ကာ ထိတ်လန့်တကြား တားဆီးလိုက်၏။ ထပ်မံတိုက်ခိုက်ပါက သူ၏ ခန်းမလေး ပြိုကျသွားနိုင်ပေသည်။

အကြီးအကဲကျန်း ဆိုသူသည် သွမ့်မုယီ၏ အသံကြောင့် မျက်မှောင်ကြုတ်သွားသော်လည်း ထပ်မံလှုပ်ရှားမည့် စွမ်းအင်များကို ရုတ်သိမ်းလိုက်သည်။

သို့သော် ဟွမ်း၏ လက်သီးသည် သူ၏ မျက်နှာပေါ်သို့ ရောက်ရှိသွားခဲ့၏။

“ခွပ်..”

“ဂျွတ်..”

မြည်သံနှစ်ခုသည် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်သွားပြီး ပုံရိပ်တစ်ခုသည် ခန်းမ အတွင်းမှ ချန်ကန်းဂိုဏ်း၏ တံတိုင်းအထိပင် လွင့်ထွက်သွားခဲ့သည်။ ခန်းမ၏ နံရံများပင် ဖောက်ထွက်သွားခြင်းဖြစ်၏။

“ဝုန်း..”

“ကျုပ်တို..”

သွမ့်မုယီတို့သည် စွံ့အနေပြီး မည်သည့်စကားမျှ မဆိုနိုင်တော့ချေ။ မိနစ်အနည်းငယ်ကြာအထိ အသက်ရှုရပ်တန့်သွားသူများအလား မလှုပ်မယှက် ရပ်တန့်နေကြသည်။

“အကြီးအကဲကျန်း..”

ထို့နောက်မှ သတိဝင်လာကာ အကြီးအကဲကျန်း လွင့်ထွက်သွားသည့် နေရာသို့ အလျင်အမြန် သွားရောက်ကာ ထူပေးလိုက်ကြ၏။

အကြီးအကဲကျန်းသည် ဒေါကြီးမောကြီးနှင့် ရှုးရှုးရှားရှား ဖြစ်သွားသည်။

“ငါ့ရဲ့ သွား..”

အကြီးအကဲကျန်း၏ သွားတစ်ချောင်းပင် ကျိုးကြေသွားခဲ့သည်။ သူ၏ မျက်နှာသည် နီရဲနေပြီး ဒေါသများနှင့် လောင်မြိုက်နေသည့်အလားပင်။ သွမ့်မုယီသာ ဆွဲထားခြင်းမရှိပါက ထပ်မံတိုက်ခိုက်တော့မည်မှာ ကျိန်းသေပင်။

ထို့ကြောင့် သွမ့်မုယီသည် ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်ရ၏။ သူတို့အားလုံးသည် အဆင့်ငါးတွင် ရှိနေသူများ ဖြစ်ကြသည်။ သို့သော် ဟွမ်း၏ ရိုက်ချက်ကိုပင် မခုခံနိုင်ခဲ့ကြချေ။

မိနစ်အနည်းငယ်ကြာပြီးနောက် အကြီးအကဲကျန်းသည် တည်ငြိမ်လာပြီး ဟွမ်းကိုကြည့်လိုက်သည်။ ထို့နောက် အနည်းငယ်စဉ်းစားလိုက်၏။ ကျီယွမ်ကုန်းမြေတွင် နန်းတော်တစ်ခု ပေါ်ပေါက်လာပါက စိတ်ဝင်စားစရာကောင်းလာနိုင်ပေသည်။ ဂိုဏ်းချုပ်သုံးဦးသည်လည်း မကန့်ကွက်သည့်အပြင် ဟွမ်း၏ ခွန်အားကြောင့်ရော အသိမှတ်ပြုပေးလိုက်သည်။

“မင်းရဲ့ ခွန်အားကြောင့် နန်းတော်သခင်တစ်ဦး အဖြစ်လက်ခံတယ်၊ ဒါပေမဲ့ နောက်ပိုင်းဖြစ်လာမဲ့ ပြသနာရပ်တွေက မင်းနဲ့ပဲ သက်ဆိုင်လိမ့်မယ်”

ထို့နောက် စစ်ဆေးမှုအား ဆက်လက် လုပ်ဆောင်ရာတွင် ဝမ်မုန့်ယွင်သည် သူမ၏အရှိန်အဝါထုတ်ဖော်လိုက်၏။ အဆင့်လေးတွင်ရှိနေသာ်လည်း သူမ၏ အရှိန်အဝါသည် အားနည်းနေဟန်ရသည်။ သို့သော် အဆင့်လေးက အဆင့်လေးပင်။ ထို့ကြောင့် အကြီးအကဲ ဖြစ်ရန် အရည်အချင်းပြည့်မှီသွားပြီဖြစ်၏။

“ဟွမ်းရှန့်နန်းတော် အတွက် အကြီးအကဲက သူမတစ်ယောက်ထဲလား”

အကြီးအကဲကျန်းသည် သေချာအောင်မေးလိုက်၏။ သူ၏ ခန့်မှန်းချက်သည် အနည်းငယ် စိတ်ပျက်သွားသည်။ ထိုလူငယ်သည် နန်းတော်တစ်ခုတည်ထောင်ရာတွင် အင်အားကြီး အပေါင်းအပါများ ရှိမည်ဟုထင်လိုက်ခြင်းဖြစ်သည်။ သို့သော် သူ၏ အတွေး လွဲချော်သွားပုံရ၏။

“လောလောဆယ်တော့ သူမတစ်ယောက်ပဲ ရှိသေးတယ်၊ အခြားသူတေက အကြီးအကဲနေရာအတွက် မသင့်လျော်သေးဘူး”

ဟွမ်းသည် ချုးယွီဟွာတို့အကြောင်းတွေးမိသွားသော်လည်း ခေါင်းယမ်းကာ ဆိုလိုက်၏။ အကြီးအကဲကျန်းသည် လက်ခံလိုက်၏။ အကြီးအကဲ တစ်ဦးရှိလျှင်ပင် အနိမ့်ဆုံးဂိုဏ်းတစ်ခုအဖြစ်ရပ်တည်၍ရပြီဖြစ်သည်။ သို့သော် နန်းတော်တစ်ခု အတွက် မည်သည့်သတ်မှတ်ချက်မျိုး ပြုလုပ်ပေးရမည်ကို ပင်မသိတော့ချေ။

“ထိပ်တန်း တပည့်အနည်းဆုံးသုံးဦးက အဆင့်တစ် တွေဖြစ်ရမယ်၊ ဒါဆို ထိုက်သင့်တဲ့ စမ်းသပ်တိုက်ခိုက်မှုတွေ လုပ်ပြီး အရည်အချင်း ပြည့်ဝရင် ဂိုဏ်းတစ်ခုအဖြစ် အသိမှတ်ပြုလို့ရပြီ”

အကြီးအကဲကျန်း၏ စကားကြောင့် ဟွမ်းသဘ် လုရှင်းယန်၊ ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်တို့အား အရှိအဝါများ ထုတ်ဖော်စေလိုက်သည်။

“အဆင့်နှစ်တွေလား..”

အကြီးအကဲကျန်းပင် လုရှင်းယန်တို့၏ အရိုးသက်တမ်းအား စစ်ဆေးကြည့်ရာ နှစ်ငါးဆယ်အောက်တွင် ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွား၏။ ထိုလူငယ်လေးများသည် နောင်တွင် ကြီးကျယ်ခမ်းနားသည့် ထိပ်တန်းပါရမီရှင်များ ဖြစ်လာနိုင်သည်ဟုပင် ကောက်ချက်ချလိုက်၏။

ယခုမှ စတင်မည့် နန်းတော်တစ်ခုအနေနှင့် အသက်ရာဂဏာန်းအောက် အဆင့်နှစ် တပည့်သုံးဦးရှိနေခြင်းသည် လွန်စွာကောင်းမွန်လှသည်။ လုရှင်းယန်တို့သည် အချိန်တံခါးအတွင်း နှစ်တစ်ရာခန့် နေထိုင်ခဲ့သော်လည်း ပြင်ပလောကတွင် သူတို့၏ အရိုးသက်တမ်းသည် နှစ်တစ်ရာအောက်တွင်သာပြသနေ၏။

အကြီးအကဲကျန်းသည် ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံချက်ပြုလိုက်၏။ သူတို့၏ သတ်မှတ်ချက်တွင် အဆင့်တစ်သို့ ရောက်ရှိနေသည့် တပည့်သုံးဦးရှိရမည်ဖြစ်ပြီး၊ စီစဉ်ထားသည့် တိုက်ခိုက်မှု စစ်ဆေးချက်များ ပြုလုပ်ရမည်ဖြစ်သည်။ သို့သော် ထိုသုံးဦးသည် အဆင့်နှစ်ပင် ရောက်ရှိနေသောကြောင့် ထိုစစ်ဆေးမှုများ မလိုအပ်တော့ပေ။

“ကျုပ်တို့က နန်းတော်သခင်ဟွမ်းနဲ့ ဟွမ်းရှန့်နန်းတော်ကို အသိအမှတ်ပြုလိုက်ပါပြီ၊ ကျန်းမျိုးနွယ်ကို ပြန်ရောက်ပြီးတဲ့အချိန်ကြ ကျန်းကျာ့နယ်မြေတစ်ခုလုံးကို ကြေငြာချက်ထုတ်လိုက်မယ်၊ ပြီးတော့ ကျီယွမ်မဟာမိတ်ရဲ့ အသိမှတ်ပြု တံဆိပ်တော်ရရှိဖို့ တင်သွင်းထားပေးမယ်၊ ဒါပေမဲ့ အဲ့ဒီအချိန်ကျ ဖြစ်လာနိုင်မဲ့ အကျိုးဆက်တွေကတော့ နန်းတော်သခင် ထင်ထားတာထက်ဆိုးဝါးလိမ့်မယ်”

အကြီးအကဲကျန်းသည် ဟွမ်းကို သတိပေးလိုက်၏။ ထိုအချင်းအရာကို ကြားပြီး ဟွမ်းသည် ခေါင်းညိတ်လိုက်သည်။ ကျီယွမ်မဟာမိတ်ဆိုသည့် အဖွဲ့အစည်း၏ အသိမှတ်ပြုမှုကို ဂရုမစိုက်သော်လည်း ကုန်းမြေတစ်ခုမှာ ရပ်တည်လိုလျှင် ကျင့်ကြံသူများအားလုံးသိရှိဖို့လိုအပ်ပေသည်။

ထို့အတွက်နှင့် ပြသနာရှာမည့်သူများကို စိတ်မပူပေ။ သို့သော် စိတ်ပျက်နေသည့်လေသံနှင့် ထပ်မံပြောဆိုလိုက်သည်။

“နှမြောစရာပဲ၊ အဆင့်နှစ်တွေအတွက် တိုက်ပွဲလုပ်လို့မရဘူးလား..”

အကြီးအကဲကျန်း “...”

ဂိုဏ်းချုပ်သုံးဦးလည်း ဆွံ့အသွား၏။ အစောပိုင်းတွင် ဤလူငယ်သည် အလွန်ပင်အလောတကြီး ဖြစ်နေဟန်ရသည်။ သို့သော် ယခုတပည့်များ အတွက် စစ်ဆေးချက်များမလိုအပ်ကြောင်း ပြောသည့်အခါတွင်လည်း မကျေနပ်နိုင်ဖြစ်နေပြန်ပြီ။

“နောက်တစ်နှစ်နေရင် ကျန်းမျိုးနွယ်က လူငယ်တွေအတွက် လေ့ကျင့်ရေး နယ်မြေတစ်ခု ဖွင့်ပေးလိမ့်မယ်၊ အဲ့ဒီအချိန်ကျ ဟွမ်းရှန့်နန်းတော်အတွက်လည်း ပါဝင်ခွင့်ပေးပါလိမ့်မယ်”

အကြီးအကဲကျန်းသည် ဟွမ်း၏ ရည်ရွယ်ချက်ကို နားလည်နေသည့်အလား ဆိုလိုက်၏။

“ဟုတ်လား..”

ဟွမ်း ချက်ချင်းပင် ရွှင်မြူးသွားဟန်ရသည်။ ထို့နောက် ကိစ္စများပြီးစီးသွားသည့်အတွက်ကြောင့် ဟွမ်းသည် ဝမ်မုန့်ယွင်နှင့် တပည့်များကို ဦးဆောင်ကာ ထွက်သွားခဲ့၏။

အကြီးအကဲကျန်းနှင့် ဂိုဏ်းချုပ်သုံးဦးသည် စွံ့အသွား၏။

‘ကျုပ်တို့ကို နှုတ်တောင်မဆက်သွားဘူးလား’

ယခုမှ စတည်ထောင်သည့် အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးအနေနှင့် စီနီယာဂိုဏ်းချုပ်များအပေါ် ယဉ်ကျေးမှုရှိသင့်ပေသည်။ သို့သော် ထိုနန်းတော်သခင် ဖြစ်သူသည် သူ့တို့အား လေးစားမှုပင်မရှိဟု ထင်မှတ်လိုက်ကြ၏။

“အကြီးအကဲကျန်း ဒီလူငယ်က အဆင့်နှစ်နယ်မြေက ရောက်ရှိလာတဲ့သူ တစ်ဦးဖြစ်နိုင်လား..”

သွမ့်မုယီသည် ဟွမ်းကို ကြည့်ကာ ဆိုလိုက်၏။ ဟွမ်း၏ စွမ်းအားကို တိုင်းတာနိုင်ခြင်း မရှိခဲ့ချေ။

‘ကျီယွမ်ကုန်းမြေရဲ့ အနာဂတ်ကတော့စိတ်ဝင်စားစရာကောင်းလာပြီ’

ထို့ကြောင့် ခန့်မှန်းချက်များ ထုတ်နေကြပြီး သူတို့သည် ဟွမ်းနှင့် ဆန်ကျင့်ဘက် မပြုရန် ဆုံးဖြတ်လိုက်ကြသည်။

“ကျုပ်လဲ မသေချာဘူး၊ ဒီလူငယ်က ဘာအရှိန်အဝါမှ ထွက်ပေါ်မနေပေမဲ့ သူရဲ့ ခွန်အားက အရမ်းကြောက်စရာကောင်းနေပြီ”

အကြီးအကဲကျန်းသည် သက်ပြင်းချကာ ဆိုလိုက်၏။ သူ့အား ဟွမ်းရိုက်နှက်လိုက်သည်ကို ပြန်လည်းတွေးမိရင်း သူ၏ ပါးတစ်ဖက်ပင် နာကျင်လာသည်ဟု ခံစားရနေသည်။

“ကျုပ်လဲ ကျန်းမျိုးနွယ်ကို ပြန်တော့မှာမို့ နှုတ်ဆက်ပါတယ်..”

အကြီးအကဲကျန်းသည် ချန်ကန်းဂိုဏ်းတွင် အနားယူခြင်းမရှိခဲ့ချေ။ ဟွမ်းရှန့်ဂိုဏ်းအကြောင်းအား မျိုးနွယ်သို့ တင်ပြရန်ထွက်ခွာသွားတော့သည်။

‘အကြီးအကဲကျန်း ကျုပ်ရဲ့ ခန်းမလေး ပြန်ပြင်ဖို့ စားရိတ်ပေးဦးလေ’

သွမ့်မုယီသည် အကြီးအကဲကျန်း ထွက်ခွာသွားချိန်တွင် စိတ်ထဲမှာ အော်ဟစ်လိုက်ရ၏။ ထုတ်ဖော်ပြောကြားရဲခြင်းတော့မရှိချေ။

All Chapters