← Chapters

သင်ပေးဖို့ ခွင့်ပြုတယ်

Vol. 12 Ch. 175

သင်ပေးဖို့ ခွင့်ပြုတယ်

Vol. 12 Ch. 175

“ဟင်..”

သွမ့်မုလီသည် အံ့ဩသွား၏။ ထိုသို့ ဝင်ငွေကောင်းသည့် အရာကိုရောင်းချရန် ငြင်းဆန်နေသည့် ဟွမ်းကို နားမလည်ချေ။

ဟွမ်း၏ အတွေးသည်တော့ ရိုးရှင်းလှသည်။ ဝိညာဉ်ကျောက် များလိုအပ်သော်လည်း အဆောင်ဖန်တီးရှင် ချန်ယဲ့ဟိုင်၏ တစ်ဘဝလုံး နစ်မြုပ်ထားခဲ့ရသည့် အတွေ့အကြုံ့များကို ရောင်းချလိုခြင်းမရှိပေ။ အဆောင်နည်းစနစ်များသည် ချုးယွီဟွာ ရှိနေသ၍ ကွယ်ပျောက်သွားမည်မဟုတ်ပေ။ ထပ်မံဖြည့်စွက်ရမည်ဆိုလျှင် ဟွမ်းသည် ချုးယွီဟွာ ပျောက်ကွယ်ခွင့်ပေးမည် မဟုတ်ချေ။

ဟွမ်း၏ ခိုင်မာသည့် ဆုံးဖြတ်ချက်ကြောင့် သွမ့်မုလီသည် ထပ်၍ မပြောဆိုတော့ပေ။ ထို့နောက် နှုတ်ဆက်ကာ ထွက်သွားတော့၏။

“စီနီယာအစ်ကို၊ ဘာကြောင့် အဆောင်တွေကို ရောင်းချခြင်းမရှိတာလဲ..”

ချုးယွီဟွာသည် ထိုင်ခုံတစ်ခုတွင်နေရာယူကာ နားမလည်သည့်ပုံစံနှင့်မေးမြန်းလိုက်၏။

“နတ်ဘုရားကုန်းမြေမှာ ကျုပ်ကို ကြိုဆိုတဲ့သူက ခရမ်းလမျိုးနွယ်ကိုထည့်မတွက်ရင် လက်ချိုးရေလို့ရတယ်..၊ မင်းရဲ့ ဆရာက အဲ့ဒီလူတွေထဲက တစ်ယောက်ပဲ..”

ဟွမ်းသည် အတိတ်အကြောင်းအရာများကို ပြောပြလိုက်၏။ ယခင်အချိန်များတွင် သူသည် နည်းစနစ်များ သင်ကြားချင်သောကြောင့် မျိုးနွယ်စုများစွာတွင် သူနှင့် ကိုက်ညီမည့်နည်းစနစ်များကို ရှာဖွေခဲ့ဖူးသည်။

သို့သော် မျိုးနွယ်များ၏ အခြေခံအုတ်မြစ်ဖြစ်သည့် ကျင့်စဉ်များကို ထုတ်ဖော်ပေးအပ်ခြင်း မရှိချေ။ ဟွမ်း၏ အင်အားကြောင့် မငြင်းဆန်နိုင်သည့် မျိုးနွယ်စုအချို့ရှိခဲ့ဖူးသည်။

ချန်ယဲ့ဟိုင်သည် ကောင်းကင်နန်းတော်၏ အဆောင်သခင်ရာထူးရှိသူဖြစ်သော်လည်း ကောင်းကင်နန်းတော်တွင် အမြဲနေထိုင်ခြင်းမရှိပေ။ ထို့နောက် ဟွမ်းနှင့် ဆုံစည်းခဲ့ကြသည်။

“အဖိုးကြီး..ခင်ဗျားရဲ့ နည်းစနစ်တွေက အတော်ကောင်းတယ်လို့ကြားဖူးတယ်၊ ကျုပ်ကိုသင်ပေးခွင့်ပေးမယ်..”

ဟွမ်းသည် တောင်းဆိုသည်လား ခိုင်းစေသည်လားတော့မသဲကွဲသည့် လေသံနှင့် ဆိုလိုက်၏။

“မင်းမှာ အဆောင်ရေးဆွဲနိုင်တဲ့ အရည်အချင်းမရှိဘူးကွ၊ ငါ့အချိန်တွေ လာမဖြုန်းနဲ့..”

ဆံပင်များနှင့် မုတ်ဆိတ်များပါ မကျန် ဆွတ်ဆွတ်ဖြူနေသည့် ချန်ယဲ့ဟိုင်သည် ဟွမ်းကို မောင်းထုတ်လိုက်၏။

“ဝှစ်..”

ဟွမ်းသည် စိတ်တိုသွားပြီး ချန်ယဲ့ဟိုင်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် သူထံသို့ အဆောင်တစ်ခုသည် ရောက်ရှိလာပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ထိုနေရာမှ ပျောက်ကွယ်သွား၏။

‘ဘာဖြစ်တာလဲဟ..’

ဟွမ်းသည် အမည်မသိတည်နေရာတစ်ခုသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ထို့နောက် သူ၏ ဒေါသများသည် ပိုမိုပြင်းထန်လာကာ ချန်ယဲ့ဟိုင်ထံ အလျှင်အမြန် ပြန်သွားပြန်၏။ ထို့နောက် တိုက်ခိုက်ရန်ကြံရွှယ်သော်လည်း အမည်မသိနေရာတစ်ခုသို့ ထပ်မံရောက်ရှိသွားပြန်သည်။

ဟွမ်းသည် ထိုသို့ အကြိမ်တစ်ရာခန့် ပြုလုပ်ပြီးနောက်တွင် ချန်ယဲ့ဟိုင်သည် လက်မြောက်သွားခဲ့၏။

‘ဒီကောင့်မှာ ဝိညာဉ်စွမ်းအင်တွေ ဘယ်လောက်တောင်များနေတာလဲ’

ဟွမ်းသည် ထိုသို့ ဆက်တိုက် အရှုံးမပေးပဲ လုပ်ဆောင်နေနိုင်သော်လည်း ချန်ယဲ့ဟိုင်၏ အဆောင်များသည် များစွာကုန်ဆုံးသွား၏။ အဆောင်တစ်ခုတိုင်းတွင် တန်ဖိုးကြီးအရာများမပါဝင်သော်လည်း ထိုသို့ အဆောင်တစ်ခုရရန် အချိန်များစွာနှင့် ဝိညာဉ်စွမ်းအင်များစွာ အသုံးပြုရခြင်းဖြစ်သည်။

အဆောင်တစ်ခုသုံးလိုက်ရသည့် အပေါ် သူသည် မည်သို့မျှမခံစားရသော်လည်း ရာဂဏန်းခန့် သုံးစွဲလိုက်ပြီးနောက်တွင် သူ၏ နှလုံးသွေးများယိုစီးနေသည်ဟုပင် ခံစားလိုက်ရ၏။ ထို့ကြောင့် ထပ်၍ မလုပ်တော့ရန်ပြောပြီးနောက် လက်လျော့ကာ သင်ကြားပေးလိုက်သည်။

“မင်းရဲ့ဇွဲကတော့ ချီးကျုးစရာပဲ..၊ ကောင်းပြီ အဆင့်နိမ့်အဆောင်တစ်ချို့ရေးဆွဲခွင့်ပေးမယ်..”

“ခင်ဗျား အစောက သုံးလိုက်တဲ့ အဆောင်ရေးဆွဲနည်းသင်ပေး..”

ဟွမ်းသည် မှင်သေသေနှင့် ပြောလိုက်၏။

ချန်ယဲ့ဟိုင် “...”

“မရဘူးကွ..၊ အခြေခံတောင် မဆွဲတက်သေးပဲ ဒီလိုအဆင့်မြင့် အဆောင်တွေကို ငါသင်ပေးရင်တောင် မင်းမရေးဆွဲနိုင်ဘူးကွ..”

ချန်ယဲ့ဟိုင်၏ ဒေါသသည် မွှန်ထူသွားသည်။ ထိုလူငယ်သည် အခြေခံတောင်မတက်သေးသော်လည်း အဆင့်များစွာကျော်၍ သင်ချင်နေ၏။ အံ့ဩ၍ မဆုံးနိုင်ပေ။

“ဒါဆိုလဲပြီးရောလေ..”

ဟွမ်းသည် အခြေခံမှ စသင်ရန် ဆုံးဖြတ်လိုက်၏။

‘ဒါလေးပြောတာကို၊ ဒီလောက် ဒေါသထွက်စရာလိုလို့လား၊ အခြေခံရေးဆွဲတာများ ဘယ်လောက်ခက်မှာမို့လဲ”

ချန်ယဲ့ဟိုင်သည် အဆောင်ရေးဆွဲခြင်းနှင့် ပတ်သတ်သည့် အခြေခံအသိပညာများကို ပြောကြားလိုက်၏။ ထိုနောက်ရက်များတွင် ဟွမ်းသည် အဆင့်နိမ့်အဆောင်များ စတင်ရေးဆွဲလိုက်သည်။

“ဒီမှာပြီးပြီ..”

“မင်းရဲ့ ဝိညာဉ်စွမ်းအင်နဲ့ ပေါင်းစပ်လိုက်..”

ချန်ယဲ့ဟိုင်သည် ညွှန်ကြားလိုက်၏။ ထိုကောင်လေးသည် အခြေခံရေးဆွဲမှုတွင် သင်လွယ်တက်လွယ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ဝုန်း..”

ဟွမ်းသည် အဆောင်တွင် ဝိညာဉ်စွမ်းအင် စတင်ထည့်သွင်းလိုက်သည်နှင့်တပြိုင်နက် အဆောင်သည် ပေါက်ကွဲသွား၏။

“မင်းရဲ့ ဝိညာဉ်စွမ်းအင်များသွားလို့..”

ချန်ယဲ့ဟိုင်သည် စတင်ရေးဆွဲသူများတွင် ဖြစ်လေ့ဖြစ်ထ ရှိသောကြောင့် စိတ်အေးအေးနှင့်ပင် ပြောလိုက်သည်။ ထို့နောက် ဟွမ်းသည် ထပ်မံကြိုးစားလိုက်၏။

“ဝုန်း..”

“ဒါမင်းရဲ့ ဝိညာဉ်စွမ်းအင် မတည်ငြိမ်သေးလို့..”

“ဝုန်း..”

“ပြသနာမရှိဘူး၊ ငါလဲ အဆောင်ကို စပြီးရေးဆွဲခဲ့တုန်းက ငါးကြိမ်လောက်ထိ ကြိုးစားခဲ့ရတယ်”

“ဝုန်း..ဝုန်း..ဝုန်း”

ချန်ယဲ့ဟိုင် “...”

‘ငါသင်တာ ဘယ်နား မှားနေတာတုန်း’

ဟွမ်းသည် အကြိမ်တစ်ရာဝန်းကျင်ထက်မနည်း ကျရှုံးပြီးနောက် ချန်ယဲ့ဟိုင်သည် ဘာမှပင် ပြောစရာမရှိတော့ချေ။ ဟွမ်း၏ ဝိညာဉ်စွမ်းအင်များ ပုံစံမျိုးစုံနှင့် ထည့်သွင်းပေါင်းစပ်ခဲ့သော်လည်း မည်သို့မျှပင် ထူးခြားမလာခဲ့ချေ။ သူ၏ အဆောင်ရေးဆွဲနည်းစနစ်ကိုပင် သံသရဝင်လာခဲ့သည်။ သို့သော်ဟွမ်းသည် လက်မလျော့ချေ။

“တော်ပါတော့ကွာ..၊ ငါနှစ်ပေါင်းထောင်ချီပြီး ပျိုးထောင်ခဲ့ရတဲ့ ဝိညာဉ်ဝါးပင်တွေ မရှိတော့ဘူးကွ”

ဆံပင်ဖြူအဘိုးအိုသည် ငိုလုမတက်ပင် တောင်းပန်နေရ၏။ ချန်ယဲ့ဟိုင်သည် အဆောင်ရေးဆွဲခြင်းနှင့် ပတ်သတ်သည့် ပါရမီသည် ဟွမ်းတွင် မရှိကြောင်းသိလိုက်ရသည်။ သူသည် ဟွမ်းစိတ်ပျက်ကာ လက်လျော့သွားမည်ဟုထင်ခဲ့သော်လည်း ဟွမ်းသည် နှစ်တတစ်ရာနီးပါးကြာပြီးသည်အထိ ရပ်တန့်ရမည့်အချိန်ကို မသိရှိချေ။ သူစိုက်ပျိုးထားသည် ဝိညာဉ်ဝါးပင်များသည်လည်း ငုတ်တို အဖြစ်သာ ကျန်ရှိခဲ့တော့၏။

“အမှိုက်နည်းစနစ်ပဲ..”

ဟွမ်းသည် နှစ်တစ်ရာနီးနီး ကြိုးစားခဲ့သော်လည်း မအောင်မြင်ချေ။ ထို့ကြောင့် ချန်ယဲ့ဟိုင်၏ နည်းစနည်သည် လွဲမှားနေသည်ဟု ကောက်ချက်ချလိုက်၏။

ချန်ယဲ့ဟိုင် “...”

‘မင်းကိုယ်မင်းတောင် သံသရ မဝင်ဘူးလား၊ အဲ့လောက်ထိ ယုံကြည်မှုရှိနေတာလား၊ မင်းလိပ်ပြာရော မင်းလုံရဲ့လား’

ချန်ယဲ့ဟိုင်သည် ဟွမ်းကို ရိုက်နှက်ချင်စိတ်ပေါက်သွား၏။ သို့သော် အဆောင်များ မသုံးလျှင် အနိုင်မယူနိုင်ပေ။ ထို့ကြောင့် စိတ်လျော့လိုက်သည်။ ထိုလူငယ်သည် သူ၏ အကန့်အသတ်ကို သူ မသိသော လူတစ်ဦးဖြစ်နေ၏။

“အဆောင်ရေးဆွဲတဲ့နေရာမှာ မင်းပါရမီမရှိဘူး၊ ဒါ့ကြောင့် ဆေးဖော်စပ်တာကို စိတ်ဝင်စားရင် ငါ့ရဲ့ အသိတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်”

ချန်ယဲ့ဟိုင်သည် ဟွမ်းကို ပထုတ်ရန် ကြိုးစားလိုက်၏။

“ဆေးဖော်စပ်တာလား..”

ဟွမ်းသည် စိတ်ဝင်စားဟန်ရသွားပြီးနောက် ထိုနေရာသို့ သွားရောက်ရန် ညွှန်ကြားစေလိုက်သည်။ ထိုအခါမှ ချန်ယဲ့ဟိုင်လည်း သက်ပျင်းချနိုင်သွား၏။ မဟုတ်လျှင် သူ၏ ဝိညာဉ်ဝါးပင်များသည် အမြစ်ပင် ကျန်ရှိတော့မည် မဟုတ်ပေ။

သို့သော်လည်း ချန်ယဲ့ဟိုင်သည် ဤနှစ်တစ်ရာအတွင်းတွင် ဟွမ်း၏ မဆုတ်မနစ်ကြိုးစားမှုကို အသိအမှတ်ပြုခဲ့သည်။ ကံကြမ္မာက ဟွမ်းအတွက် အခွင့်အရေး မပေးသောကြောင့်သာ သူ၏ ကြိုးစားမှုသည် အရာမထင်ခဲ့ချေ။

‘နတ်ဘုရားနယ်မြေကကောင်တွေ သူ့ကို ဘာကြောင့် ကြောက်ရွံ့နေကြလဲ နားမလည်နိုင်ဘူး..’

ထိုလူငယ်လေးသည် အေးစက်စက်ဟန်နှင့် မောက်မာသော်လည်း ဆိုးယုတ်သည့် လုပ်ရပ်များကို လုပ်ဆောင်ခြင်းမရှိပေ။ ထို့အပြင် ဉာဏ်နီဉာဏ်နက်များနှင့် တစ်ဦးပေါ်တစ်ဦး နောက်ကွယ်မှ တိုက်ခိုက်နေကြသည့် ၎င်းအင်အားစုများနှင့်ယှဉ်လျှင် ဟွမ်းသည် ပို၍ပင် ရိုးရှင်းနေ၏။

ထို့ကြောင့် ချန်ယဲ့ဟိုင်သည် ထိုအင်အားစုများထံမှ လူငယ်များကို တပည့်အဖြစ် လက်ခံချင်းမရှိခဲ့ပေ။ သူ၏ အဆောင်များကို ထိုညစ်ညမ်းလှသည့် လူများအား အသုံးမပြုစေချင်ပေ။ ထို့အပြင် သူသည် အဆောင်နည်းစနစ်များကို ကျင့်ကြံသူများ၏ လက်နက်အဖြစ် အသုံးမပြုစေချင်ပေ။

ဟွမ်းသည် ချန်ယဲ့ဟိုင်ထံမှ ထွက်ခွာသွားပြီး နှစ်ငါးရာခန့်ကြာပြီးနောက်တွင် ချန်ယဲ့ဟိုင်သည် သေဆုံးသွားခဲ့သည်။ ထို့နောက် ဟွမ်းရောက်ရှိလာချိန်တွင် သူ၏ အဆောင်ဖန်တီးခြင်းနည်းစနစ်စာအုပ်အား ဟွမ်းထံအပ်နှံခဲ့၏။ ထို့နောက် တပည့်တစ်ဦးရှာ၍ လက်ဆင့်ကမ်းခိုင်းခဲ့သည်။ သူ၏ အဆင့်သည် နိမ့်ကျသောကြောင့် သက်တမ်းကုန်ဆုံးကာ သေဆုံးသွားခဲ့ရသည်။

All Chapters