← Chapters

ကျုးကျော်လာမှု

Vol. 12 Ch. 179

ကျုးကျော်လာမှု

Vol. 12 Ch. 179

“သခင် ကျုပ်တို့ အရင်က လောကတစ်ခုလုံးကို နေရာအနှံ့ သွားခဲ့ကြတာပဲ၊ ဒါပေမဲ့ အဲ့ဒီလိုကျင့်ကြံသူတွေ မတွေ့ဖူးဘူး”

ဟေးယန်သည် တွေးဆကာဆိုလိုက်၏။ သူသည် ရွှမ်းလုံကဲ့သို့ ပြင်ပသို့ ထွက်ခွာသွားခြင်းမရှိပဲ တစ်လျောက်လုံး ဟွမ်းနှင့်အတူရှိနေခြင်းဖြစ်သည်။

“ငါ အဲ့ဒီကောင်းကင်ကို ကျော်လွန်နိုင်မှ လိုချင်တဲ့ အဖြေရလာလိမ့်မယ်..”

ဟွမ်းသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကာ ရေရွတ်လိုက်၏။ ဝိညာဉ်ပင်လယ်အတွင်းရှိ ရွှမ်းလုံနှင့် ဟေးယန်လည်း တိတ်တဆိတ်နေလိုက်ကြသည်။

“အရှင်..”

ထိုအချိန်တွင် ကောင်းကင်အားမော့ကြည့် နေသည့် ဟွမ်းကို ဝမ်မုန့်ယွင်သည် နှုတ်ဆက်လိုက်၏။ ထိုနန်းတော်သခင်ဖြစ်သူသည် အဖွဲ့အစည်းသာ တည်ထောင်ထားသော်လည်း နန်းတော်တစ်ခုလုံးခြောက်ကပ်နေသည်။ ရှေ့ရက်များတွင် နန်းတော်တစ်ခုလုံးတွင် အကြီးအကဲတစ်ဦးနှင့် အစောင့်တစ်ဦးသာ ရှိနေခဲ့၏။

သို့သော် သူမသည် ဟွမ်းနှင့် အခြားသူများ ပျောက်ကွယ်နေသည့် အပေါ် မေးခွန်းမထုတ်ခဲ့ချေ။ သို့သော် လိုအပ်သည်ထင်သည့်အရာများတော့ မေးခွန်းထုတ်လိုက်၏။

“နန်းတော်ထဲ တပည့်တွေ လက်ခံဖို့ မစီစဉ်သေးဘူးလား..”

“မစီစဥ်သေးတာမဟုတ်ဘူး.. မစီစဉ်တာ..”

ဟွမ်းသည် ခေါင်းယမ်းကာ ဖြေလိုက်၏။

“ဒါပေမဲ့ နန်းတော်ထဲမှာ တပည့်တွေရှိမှ အင်အားတောင့်တင်းလာလိမ့်မယ်..”

ဝမ်မုန့်ယွင်သည် အကျိုးသင့် အကြောင်းသင့် ဆိုလိုက်၏။ ဟွမ်းရှန့်နန်းတော်တွင် ရွှမ်းလုံနှင့် ဟေးယန်မှ အပ အဖွဲ့ဝင် ဆယ်ဦးသာ ရှိနေသည်။

“အသုံးမဝင်တဲ့ အမှိုက်တစ်ရာထက် စစ်မှန်တဲ့ သူတစ်ဦးကပိုပြီးတန်ဖိုးရှိတယ်..”

ဟွမ်းသည် ခေါင်းယမ်းကာဆိုလိုက်၏။ သူသည် ဂိုဏ်းများကဲ့သို့ အရည်အချင်းရှိသည် ထင်သည့် လူငယ်များကို ခေါ်ယူမည်မဟုတ်ချေ။ သူ့၏နန်းတော်အား တပည့်အင်အား အနည်းအများကို ဂရုမစိုက်ပေ။

“ဒါပေမဲ့ အသေးအဖွဲ့ကိစ္စတွေဖြေရှင်းဖို့ တပည့်အချို့လိုအပ်တယ် အရှင်”

ဝမ်မုန့်ယွင်သည် စောဒကတက်လိုက်၏။ ထိုစကားကြောင့် ဟွမ်းသည် အတွေးနက်သွားဟန်ရကာ ဆိုလိုက်သည်။

“ကျုပ်စဉ်းစားလိုက်ဦးမယ်..”

ဝမ်မုန့်ယွင်ပြောသည်မှာလည်း အကျိုးအကြောင်းလျော်ညီနေသည်။

ဟွမ်းသည် အဖွဲ့အစည်းများနှင့် ပတ်သတ်သည့် အတွေ့အကြုံသည် မရှိသလောက်နည်းပါး၏။

သူ၏ အယူအဆသည် တပည့်များ အေးအေးဆေးဆေး ကျင့်ကြံပြီး သူတို့၏ နာမည်ကို တည်ဆောက်စေရန်ဖြစ်သည်။

သူသည် ထိုတပည့်များ၏ နောက်မှ နောက်ခံအဖြစ်ထောက်ပံ့ပေးမည် ဟူသည် ရိုးရှင်းသည့် အတွေးသာတွေးခေါ်ခဲ့သည်။ ထို့ကြောင့် သူသည် အခြားတပည့်များ မလိုအပ်ဟုသာ တွေးဆထားခြင်း ဖြစ်သည်။

“ဟွမ်းရှန့်နန်းတော် တည်ထောင်ပြီးပေမဲ့ အခက်အခဲတွေ မကြုံလာရသေးတာက အခြားကျင့်ကြံသူတွေ မသိရှိကြသေးလို့၊ တဖြေးဖြေးသိလာတဲ့သူများလေ ပြသနာရပ်တွေများလာလေပဲ၊ အဲ့လိုပြသနာတိုင်းကို အရှင်နဲ့ အရှင့်တပည့်တွေက မနားတမ်းဖြေရှင်းနေမှာလား”

ဝမ်မုန့်ယွင်သည် အဓိက အချက်များကို ထောက်ပြလိုက်၏။ ဟွမ်းသည် ကြီးမားသည့်ပြသနာများကို ရင်ဆိုင်ဖြေရှင်း၍ ရသော်လည်း သေးငယ်သည့်ပြသနာတိုင်းကို လိုက်လံရှင်းလင်းရန်အထိ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဝမ်မုန့်ယွင်၏ စိတ်ကူးကို မေးမြန်းလိုက်၏။

“ဒါဆို အကြီးအကဲဝမ်ရဲ့ စိတ်ကူးကရော ဘယ်လိုရှိလဲ..”

“ကျွန်မစိတ်ကူးက ဟွမ်းရှန့် နန်းတော်ကို လူသိများလာအောင် လုပ်သင့်တယ်၊

ကျန်းမျိုးနွယ်ရဲ့ လေ့ကျင့်ရေးနယ်မြေက တစ်နှစ်ကြာရင် ပြုလုပ်ပေးမှာဆိုတော့ အဆင်ပြေသွားပြီ၊

အဲ့ဒီလေ့ကျင့်ရေးမှာ ဝူယောင်တို့က အခြားဂိုဏ်းတွေ အိမ်တော်တွေရဲ့ တပည့်တွေကို အပြတ်အသတ် အနိုင်ယူစေချင်တယ်၊

အဲ့ဒီလိုဆိုရင် ကျွန်မတို့ ဟွမ်းရှန့်နန်းတော်ကို ကျင့်ကြံသူတွေ သတိထားမိသွားပြီ စတင်သိရှိလာလိမ့်မယ်၊

နောက်ပိုင်းမှာ တပည့်အချို့ကို ခေါ်ယူလို့ရနိုင်ပြီ၊

ပြီးတော့ နန်းစောင့်တပည့်နဲ့ အဆင့်မြင့်တပည့်ဆိုပြီးခွဲခြားထားမယ်၊

စဝင်လာတဲ့လူငယ်တွေကို နန်းစောင့်တပည့်အဖြစ်သတ်မှတ်ပြီး သူတို့တိုးတက်လာတဲ့အပေါ်မူတည်ပြီး အဆင့်မြင့်တပည့် အဖြစ်ပြောင်းလဲသတ်မှတ်လိုက်မယ်၊

လိုအပ်ချက်တွေကိုတော့ အရှင်ပဲသတ်မှတ်လိုက်ပါ၊

ဂိုဏ်းရဲ့ ငွေကြေးကိစ္စကိုတော့ မိန်းကလေးချုးက စီမံမှာဆိုတော့ ကျွန်မဝင်မပြောတော့ဘူး၊ ပြီးတော့ အဲ့ဒီအပိုင်းမှာ ကျွန်မအားနည်းတယ်”

ဝမ်မုန့်ယွင်သည် မနားတမ်းရှင်းပြလိုက်၏။ သူမသည် ယွဲ့ဝူယောင်တို့၏ စွမ်းအားများကို သိရှိနေသောကြောင့် ထိုလေ့ကျင့်ရေးတွင် နာမည်ရလာနိုင်မည်ဟု ခန့်မှန်းထားသည်။ သူမသည် နောင်ဖြစ်လာမည့် ကိစ္စများအတွက်ပါ အစီအစဉ်ချမှတ်ပြီးဖြစ်၏။

“ကောင်းပြီ..၊ ဒါပေမဲ့ နတ်အင်ပါယာအဆင့်အောက်တွေလက်မခံဘူး..”

ဟွမ်းသည် ထိုအမျိုးသမီးက ဂိုဏ်းချုပ်တစ်ဦးဖြစ်ခဲ့ခြင်းသည် အလကားမဟုတ်ဟု တွေးမိသွား၏။

ဝမ်မုန့်ယွင် “...”

ဝမ်မုန့်ယွင်သည် မောဟိုက်လာသလိုခံစားသွားရသည်။ သူမ၏ နန်းတော်သခင်ဖြစ်သူသည် အင်မတန်ချေးများလှ၏။ သို့သော် ထိုအကြောင်းအရာနှင့် ပတ်သတ်၍ သဘောတူလိုက်သည်။ အဆင့်သုံးနယ်မြေတွင် အဆင့်တစ်လူငယ်များ များစွာတည်ရှိကြ၏။ သို့သော် နောက်ခံနှင့် အရင်းအမြစ်နည်းသောကြောင့် ထပ်မံအဆင့်တက်ရန် မလွယ်ကူကြချေ။

“မင်းရဲ့ စိတ်ဝိညာဉ်က အားနည်းနေတုန်းပဲ..”

ဟွမ်းသည် ဝမ်မုန့်ယွင်ကို ကြည့်ကာ ဆိုလိုက်၏။

“ကျွန်မ အသက်ရှင်နေခဲ့တာကိုပဲ လုံလောက်နေပါပြီ၊ မဟုတ်ရင် ကျွန်မ တပည့်မလေးနှစ်ဦးပေးထားခဲ့တဲ့ အသက်ကို ဖြုန်းတီးမိသွားမှာ..”

ဝမ်မုန့်ယွင်သည် သူမ၏ တပည့်နှစ်ဦးအား သတိရသွားကာ ဝမ်းနည်းစိတ်များ ဝင်ရောက်လာသည်။

“တစ်နှစ်နေရင် ဟွမ်းရှန့်နန်းတော်မှာ တပည့်လက်ခံတဲ့ ကိစ္စတွေ စတင်တော့မှာဆိုတော့ ဒီတစ်နှစ်အတွင်းမှာ ဟွမ်းရှန့်နန်းတော်ရဲ့ အကြီးအကဲက နိမ့်ကျနေလို့ မဖြစ်ဘူး”

ဟွမ်းသည် စကားပြောရင်းနှင့် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝစွာပေါ်ထွက်နေသည့် ပွင့်ချက်တစ်ခုကို ဖော်ထုတ်လိုက်၏။ ထိုအရာသည် သက်တံ့ရောင်ကြာပန်းမှ နောက်ဆုံးကျန်ရှိခဲ့သည့် ပွင့်ချပ်ဖြစ်သည်။

“ဒါက..သက်တံ့ရောင်ကြာပန်းပွင့်ချပ်..”

ဝမ်မုန့်ယွင်သည် အိမ်မက်အလား ခံစားနေရသည်။ သူမသည် ထိုသို့အရာမျိုး မျှော်လင့်မထားခဲ့ချေ။ ထို့နောက် သူမသည် ဝမ်းပန်းတသာနှင့် လက်ခံလိုက်၏။ သူမသည် အဆင့်တက်ဖို့ မျှော်လင့်ချက်ရှိလာပြီဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အရှင်..”

ဟွမ်းသည် သူမ၏ ကြိုးစားမှုကို အသိမှတ်ပြုလိုက်သည်။ ထို့အပြင် တပည့်များမှအပ ဟွမ်းရှန့်နန်းတော်တွင် သူမသည် အားအနည်းဆုံးဖြစ်နေ၏။ ထို့ကြောင့် ထိုပွင့်ချပ်ကို ဆုလာဘ်အနေနှင့်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမအား လင်းရှန့်နယ်မြေသို့ ခေါ်သွားခြင်း မရှိသေးချေ။

နောက်ရက်များတွင် ဝမ်မုန့်ယွင်သည် ထိုပွင့်ချပ်ကို အသုံးပြု၍စတင်ကျင့်ကြံနေပြီဖြစ်သည်။

ကျန်းမျိုးနွယ်၏ လေ့ကျင့်ရေးနယ်မြေ ဖွင့်လှစ်ရန် နှစ်လခန့်သာ လိုတော့သည်။ ထိုအချိန်တွင် ဟောခန်းမ၏ ပုလ္လင်ပေါ်တွင် မျက်လုံးမှိတ်ကာ ထိုင်နေသည့် ဟွမ်းသည် ရုတ်တရက် မျက်လုံးများပွင့်ဟ လာ၏။ သူသည် ရှန်းလော်မြို့မှ ထွက်ပေါ်လာသည့် စွမ်းအင်အတက်အကျများ ကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဟော်ကျန်း.. ဂိုဏ်းကို သေချာစောင့်ကြည့်ထား”

ဟွမ်း၏ အသံသာ ပေါ်ထွက်လာသော်လည်း လူကိုမတွေ့ရချေ။ သို့သော် ဟော်ကျန်းသည် တလေးတစား ဦးညွှတ်လိုက်၏။

“ဟုတ်ကဲ့ပါ အရှင်..”

ရှန်းလော်မြို့၏ တောင်ဘက်အပိုင်းသည် ပျက်စီးလုနီးပါးဖြစ်နေပြီး ထိခိုက်ဒဏ်ရာများ ရရှိထားသည့် ကျင့်ကြံသူများလဲကျနေ၏။ ထိုနေရာသည် ရှန်းလော်မြို့၏ ကျောက်အိမ်တော် တည်ရှိရာနေရာဖြစ်သည်။

“မင်းတို့ အဆုံးအထိ မိုက်မဲနေတာပဲ..၊ အဲ့ဒီကလေးကို ငါ့လက်ထဲ အပ်လိုက်ရင် ငါတို့ မိစ္ဆာသူတော်စင်ဂိုဏ်းက မင်းတို့ရဲ့ ကျောက်အိမ်တော်ကို တောင်အကာအကွယ်ပေးဦးမှာ..”

အနက်ဝတ်အမျိုးသားတစ်ဦးသည် လဲကျနေသည့် သက်လတ်ပိုင်း လူကြီးတစ်ဦးကိုကြည့်ကာ ပြောလိုက်၏။ သူသည် မိစ္ဆာသူတော်စင်ဂိုဏ်း၏ အကြီးအကဲဖြစ်သူ ကျောင်းရုံ ဖြစ်သည်။

“ကျုပ်သမီးလေးအတွက်နဲ့ ခင်ဗျားတို့ မိစ္ဆာသူတော်ဂိုဏ်းက ကျီယွမ်မဟာမိတ်နဲ့ ရန်သူဖြစ်ချင်တာလား..”

သက်လက်ပိုင်းလူကြီးသည် မောဟိုက်နေသည့် လေသံနှင့် ဆိုလိုက်၏။ သူသည် ကျောက်ယီချင်း ဖြစ်ပြီး ကျောက်အိမ်တော်၏ ခေါင်းဆောင်ဖြစ်သည်။

မိစ္ဆာသူတော်စင်ဂိုဏ်းသည် ကျီယွမ်ကုန်းမြေနှင့် ထိစပ်နေသည့် အဆင့်သုံးမိစ္ဆာကုန်းမြေတစ်ခု ဖြစ်သည်။

“မင်းရဲ့ သမီးမှာ ထူးခြားတဲ့ သဘာဝလွန်ခန္ဓာကိုယ်တစ်ခုနဲ့ မွေးဖွားလာတာ၊ ဒါကြောင့် ငါတို့ မိစ္ဆာသူတော်စင်ဂိုဏ်းရဲ့ သခင်မက ပျိုးထောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပဲ၊ မင်းတို့ကျီယွမ်ကုန်းမြေမှာ ဘယ်အဖွဲ့အစည်းက ငါ့မိစ္ဆာသူတော်စင်ဂိုဏ်းနဲ့ ယှဉ်နိုင်စွမ်းရှိလို့လဲ၊ ငါတို့နဲ့ ရန်သူဖြစ်ဖို့တောင် မထိုက်တန်ဘူး..”

ကျောင်းရုံသည် ကျီယွမ်မဟာမိတ်အဖွဲ့အား အထင်မကြီးသည့် လေသံနှင့်ဆိုလိုက်၏။ ထို့ကြောင့်ပင် သူသည် ကျီယွမ်ကုန်းမြေသို့ ကျုးကျော်လာရဲခြင်းဖြစ်သည်။

All Chapters