← Chapters

ချင်ယန်နာ

Vol. 7 Ch. 601

ချင်ယန်နာ

Vol. 7 Ch. 601

ယနေ့၌ ချင်ယန်နာ တစ်ယောက် စိတ် မကြည်မလင် ဖြစ်နေမိသည်။

သူမကား ပါးစပ်တွင် ငွေဇွန်းကိုက်ကာ မွေးဖွားလာသော ကောင်မလေး ဖြစ်သည်။ အရွယ်ရောက်လာပြီး နောက်တွင်လည်း သူမသည် ဘုရားသခင်၏ ကောင်းချီး ပေးမှုဖြင့် ချောမောသော ရုပ်ရည်၊ သာမန်ထက် ထူးကဲသော ဉာဏ်ရည် ဉာဏ်သွေးတို့ကို ပိုင်ဆိုင်ခဲ့သည်။

ရန်ကျင်း တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် သူမသည် ယန်ရန် အမည်ရှိ ကြော်ငြာ ကုမ္ပဏီ တစ်ခုကို တည်ထောင်ခဲ့သည်။ ထို့နောက်တွင် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုကိုပါ တွဲဖက် လုပ်ကိုင်ခဲ့သည်။

ချောမောသော ရုပ်ရည်၊ ထူးချွန်လွန်းသော အရည်အချင်းတို့ကြောင့် သူမ၏ နာမည်က ရန်ကျင်းမြို့ အတွင်း အလွန်ပင် ကျော်ကြား၏။ ရန်ကျင်း၏ ဆက်ခံသူ လူငယ်မျိုးဆက် များစွာကပင် သူမကို နတ်ဘုရားမလေး သဖွယ် ဆက်ဆံကြသည်။

သို့သော်လည်း ယနေ့တွင်မူ ချင်ယန်နာ အတွက် စိတ်ပျက်ဖွယ် ကောင်းသော ကိစ္စ တစ်ရပ် ရှိနေခဲ့၏။

"ရီယန်... ငါ့အဘိုးက ငါ့ကို ဘယ်သူမှန်း မသိရသေးတဲ့ တစ်ယောက်နဲ့ လက်ထပ် ပေးတော့ မလို့တဲ့ ...  သူက တရုတ် နှစ်သစ်ကူးပွဲမှာ လက်ထပ်ပွဲ လုပ်မယ့်နေ့ကို တစ်ခါတည်း ကြေညာမယ် တဲ့ ...  ငါ တကယ် စိတ်ညစ်နေပြီ ...  အဲဒီလူက ဘယ်လို လူမျိုးလဲ ဘယ်လို ပုံစံ ရှိသလဲ ဆိုတာတောင် ငါ သိရသေးတာ မဟုတ်ဘူး"

ချင်ယန်နာက သူ၏ အချစ်ဆုံး သူငယ်ချင်းအား ဖုန်းဖြင့် ဆက်သွယ်၍ ရင်ဖွင့် နေမိသည်။

သူမကား ဒေါသထွက်နေသော အခိုက်အတန့်တွင်ပင် ချစ်စရာ ကောင်းသူလေး ဖြစ်သည်။ သူမက အန်ရာ၊ ဖန့်ချုံးတို့လောက် မလှလျှင်ပင် ကျန်းချူရန်ထက်မူ ပိုမို၍ လှ၏။

"ဘာတတ်နိုင်မှာလဲ ...  နင်က အင်အားကြီးတဲ့ မိသားစုမှာ မွေးလာခဲ့တာကိုး ...  နင့် အနေနဲ့ အရမ်း ထူးချွန်တဲ့ လူတစ်ယောက်ကို ထုတ်မပြနိုင်ရင် အဘိုးကြီးချင်က သူ့စိတ်ကို ပြောင်းမှာ မဟုတ်ဘူး"

ရီယန်က ဆိုလိုက်၏။

သူမက အဖြူရောင် ဂျင်ကိုယ်ကျပ် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်အား မြင်းမြည်း ပုံစံ ချည်နှောင်ထားသည်။ သူမက ချင်ယန်နာလောက် ချစ်ဖို့ မကောင်းသော်လည်း သူ့နည်း သူ့ဟန်ဖြင့် ဆွဲဆောင်မှု ရှိသည် ဖြစ်သည်။

"ငါနင့်ကို တကယ်ပဲ မနာလို ဖြစ်မိတယ် ...   နင်တို့ မိသားစုမှာက အဲဒီလို ကိစ္စမျိုး မရှိဘူးနော် ...  နောက်ပြီး နင်က အထွတ်အထိပ် အဆင့် ဆိုတော့ ...  ငါ့အဘိုးကတောင် နင့်ကို လေးလေးစားစား ဆက်ဆံရတယ် ...  ဘယ်သူကမှ နင့်ရဲ့ လက်ထပ်ပွဲကို အတင်းအကျပ် စီစဉ်ရဲမှာ မဟုတ်ဘူး"

ချင်ယန်နာက အားကျစွာ ဆိုလိုက်၏။

"အင်း ...  မိသားစုတွေရဲ့ အခြေအနေတွေမှ မတူတာလေ ...  ငါတို့ မိသားစုက ကိုယ်ပိုင် အင်အားကိုပဲ အားကိုးကြတာ ...  လက်ထပ် မဟာမိတ်ပွဲတွေက ငါတို့ အတွက် အရေးမပါဘူးလေ"

ရီယန်က ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

"နင်ပြောတာကို ငါ သိပ်နားမလည်ဘူးဟ ...  ဘာပဲ ဖြစ်ဖြစ် ထားလိုက်ပါ ...  ငါ့အဘိုး ပြောပုံ အရဆို ငါနဲ့ ပေးစားမယ့် သူက ကမ္ဘာပေါ်မှာ အထူးချွန်ဆုံးတဲ့"

ချင်ယန်နာက ဆိုလိုက်၏။

"ဟုတ်လား ...  သူက ဘယ်မိသားစုကလဲ"

ရီယန်က ပြန်မေးလိုက်သည်။

"သူ ဘယ်သူလဲ ဆိုတာ ငါ မသိပေမဲ့ ...  သူက ဝမ်မိသာစုက ဆိုတာတော့ သေချာတယ် ...  အဘိုးကြီးဝမ်က ကိုယ်တိုင်လာပြီး ငါ့အဘိုးနဲ့ စကားပြောခဲ့တာ ...  ငါ့အဘိုးက ဝမ်းသာပြီး ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံခဲ့တာတဲ့ ... "

ချင်ယန်နာက သူမ သိထားသမျှကို ပြောပြလိုက်သည်။

"ယန်ကျင်း ...  ဝမ်မိသားစု"

ရီယန်က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်၏။

"ဝမ်မိသားစုရဲ့ ဝမ်ချန်းမှာက စေ့စပ်ထားတဲ့သူ ရှိပြီးသားပဲလေ ...  ဘယ်သူ ဖြစ်နိုင်လဲ ...  ဝမ်ကျန်း ဝမ်ဖန် ...  သူတို့လည်း မဖြစ်နိုင်ပါဘူး ...  ဝမ်မိသားစုက ဘာတွေ ကြံစည် နေတာပဲ ...  တော်ရုံ တန်ရုံလူဆို နင့် အဘိုးက ချက်ချင်း သဘောတူလိုက်မှာ မဟုတ်ဘူး"

"ဝမ်ချန်း ဆိုတဲ့ ကောင်ကို စကားထဲ ထည့်မပြောပါနဲ့ ...   အဲဒီ မျက်နှာ နှစ်ခုနဲ့ကောင်က သူ့ကိုယ်သူ အတော်ဆုံး ဆိုပြီး ဘဝင်မြင့်နေတာ"

ချင်ယန်နာက နှာခေါင်းရှုံ့လိုက်၏။

"ဒါနဲ့ ...  ရှန်းရွှမ်ကိုရော အဲဒီ အကြောင်း ပြောပြီးပြီလား"

ရီယန်က ရုတ်တရက် မေးလိုက်၏။

"ဟင့်အင်း ...  မပြောရသေးဘူး"

ချင်ယန်နာက တိတ်တဆိတ် အဖြေပေးလိုက်သည်။

ရှန်းရွှမ်မှာ ဝမ်ချန်း၊ လီမူဖန်တို့ကဲ့သို့ ရန်ကျင်း၏ အကျော်ကြားဆုံး လူငယ် တစ်ယောက် ဖြစ်သည်။ သူကား တရုတ်၏ အင်အား အကြီးဆုံး မိသားစု ဖြစ်သော ရှောင်မိသားစု၏ ဆက်ခံသူလည်း ဖြစ်၏။

ချင်ယန်နာနှင့် ရှန်းရွှမ်တို့မှာ ငယ်ရွယ်စဉ် ကတည်းက အတူကြီးပြင်းလာသူများ ဖြစ်သည်။ ချင်ယန်နာ ရှန်းရွှမ်ကို သဘောကျ နေကြောင်းမှာလည်း သူငယ်ချင်းတိုင်း သတိထားမိနေသော အရာ ဖြစ်သည်။

ချင်မိသားစုနှင့် ရှောင်မိသားစုတို့ ဆိုလျှင် သူတို့ နှစ်ယောက်၏ လက်ထပ်ပွဲကို စတင်ကာ ဆွေးနွေး နေကြပြီ ဖြစ်သည်။ သို့သော်လည်း အဘိုးအိုချင်က ရုတ်တရက် စိတ်သဘောထား ပြောင်းလဲကာ ဝမ်မိသားစုမှ တစ်ယောက်နှင့် သဘောတူခဲ့သည်။

"စိတ်ဝင်စားစရာပဲ ...  အဘိုးကြီးချင်က အဲဒီ တစ်ယောက် အတွက် ရှောင် မိသားစုနဲ့ ပြောထားတဲ့ ကတိကိုတောင် ဖျက်တယ် ဆိုတော့ ...  မဟုတ်မှ လွဲရော ... "

ရီယန်က ပြောနေရင်း ရုတ်တရက် ရပ်လိုက်၏။

"ဘာလဲ ... "

ချင်ယန်နာက စိတ်ဝင်တစား မေးလိုက်သည်။

"မဟုတ်ဘူး ...  မဖြစ်နိုင်ပါဘူး ...  သူ့မှာက ကောင်မလေး ရှိတယ် ...  နောက်ပြီး သူက ဒီ လက်ထပ်ပွဲကို သဘောမတူဘူး ဆိုတာ သေချာတယ်"

ရဲ့ရီယန်က ခေါင်းကို ခါရင်း ထိုအတွေးကို မောင်းထုတ်လိုက်၏။

"စိတ်အေးအေးထား ...  နင့် အဘိုးက နင့် အတွက် အကျိုးမရှိတဲ့ဟာကို လုပ်မယ် မထင်ဘူး ...  အဲဒီလူက ဘယ်သူလဲ မသိရသေးခင် နင်ဘာမှ မလုပ်နဲ့ဦးနော်"

"အင်းပါ ... နောက်မှ တွေ့မယ်နော်"

ချင်ယန်နာက ဖုန်းကို ချရင်း အခြား နံပါတ် တစ်ခုကို နှိပ်လိုက်သည်။

"ဟယ်လို အကိုရှောင် ...  ငါ ယန်နာ ...  ငါ့မှာ နင့်ကို ပြောစရာ တစ်ခု ရှိတယ်"

***

ထိုအချိန်၌ ချန်းဖန်တို့ကမူ ရန်ကျင်းသို့ သွားရာ လမ်း၌ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

သူတို့က လေယာဉ်ဖြင့် မသွားပဲ ကားဖြင့်သာ သွားရန် ဆုံးဖြတ်ခဲ့သည်။ ယခု ခရီးစဉ်က မိသားစုနှင့် အတူ ရှုခင်းကြည့်ရင်း အချိန်ဖြုန်းရန် အကောင်းဆုံး အချိန် မဟုတ်ပါလား။

"ရှောင်ဖန် ...  အဘိုးကြီးဝမ်က ငါတို့ကို ဘာလို့ ဖိတ်ခေါ်တယ်လို့ မင်းထင်လဲ"

ချန်းကောရှင်းက ဖတ်လက်စ သတင်းစာကို ချရင်း မေးလိုက်၏။

"ငါ့အထင် ပြောရရင် ...  အဖေက ရှောင်ဖန်ရဲ့ အောင်မြင်မှုတွေကြောင့်ပဲ ဖိတ်ခေါ်တာ ဖြစ်ရမယ် ...  အဖေ့ အကြောင်းကို ငါ ကောင်းကောင်း သိတယ် ...  ငါတို့သာ သူ့အတွက် အသုံး မဝင်ရင် သူက ငါတို့ကို လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူး"

ဝမ်ရှောက်ယွင်က ဆိုလိုက်၏။

"ဝမ်ကျိုးကောက အရမ်း ထူးချွန်တဲ့ အရူးကြီးပဲ ...  သူက ဘာမှ မရှိတဲ့ ဘဝကနေ ဝမ်မိသားစုကို တရုတ်ရဲ့ အင်အား အကြီးဆုံး မိသားစု တစ်ခုဖြစ်အောင် ပြောင်းလဲ နိုင်ခဲ့တယ် ...  သူက တွက်ချက် တတ်ပြီးတော့ တစ်ကိုယ်ကောင်း သမားမျိုးပဲ"

ချန်းဖန်က စတီးယားရင်းတိုင်ကို ကိုင်ကာ ကားအား မောင်းနှင်ရင်း ဆိုလိုက်၏။

အတိတ်ဘဝ၌ ချန်းဖန်သည် ဝမ်ကျိုးကောကို အကြိမ် အနည်းငယ်သာ တွေ့ဖူးသော်လည်း သူ့အကြောင်းကိုမူ များစွာ ကြားခဲ့ဖူးသည်။

ထို အဘိုးအိုမှာ ကိုယ်ပိုင် အရည်အချင်းဖြင့် ဝမ်မိသားစုကို တိုးတက်အောင် ကြိုးစားခဲ့သူ ဖြစ်သည်။ သူသာ ပြတ်သားပြီး တစ်ကိုယ်ကောင်း ဆန်သောသူ တစ်ယောက် မဟုတ်ပါက ဝမ်မိသားစု အနေဖြင့် ယခုကဲ့သို့ အောင်မြင်လိမ့် မဟုတ်ချေ။

"ဘာပဲ ဖြစ်ဖြစ်လေ ...  ရှောင်ဖန်က သူတို့ထက် လွှမ်းမိုးမှု ရှိနေတာ တော်သေးတာပေါ့ ...  အခုဆို သူတို့ ဘယ်လောက်ပဲ မောက်မာပါစေ ငါတို့ကိုတော့ ...  မလေးမစား လုပ်ရဲမှာ မဟုတ်ပါဘူး"

ဝမ်ရှောက်ယွင်က သက်ပြင်း တစ်ချချရင်း ဆိုလိုက်သည်။

ဖန့်ချုံးနှင့် အန်ရာတို့ကမူ ချန်းဖန်တို့၏ စကားဝိုင်းအား အာရုံရပုံ မရချေ။ ကား ပြတင်းပေါက်မှ တစ်ဆင့် အပြင် ရှု့ခင်းများကို ငေးမောရင်း နှစ်ယောက် တွတ်ထိုး နေကြတော့သည်။

သို့နှင့် နေ့တစ်ဝက် ကျိုးပြီးနောက် ...  ချန်းဖန်တို့ ကားကလေးမှာ ရန်ကျင်းမြို့ အတွင်း ဝင်ရောက် လာခဲ့တော့သည်။

ရန်ကျင်ကား ရှေးဟောင်း တရုတ် မြို့တော် တစ်ဖြစ်လည်း ခေတ်သစ် တရုတ်၏ ဗဟို အချက်အချာ ကျသော မြို့ ဖြစ်သည်။ မြို့တော်ကား အလွန်ပင် ကျယ်ဝန်းရာ ဝမ်မိသားစုသို့ ရောက်ရန် အတွက် ချန်းဖန်တို့ အချိန် အတန်ကြာ မောင်းနှင်လိုက်ရ၏။

ဝမ်မိသားစုသည် ရန်ကျင်း မြောက်အရပ် တောင်တန်း၌ တည်ရှိသည်။ ရန်ကျင်း၏ များစွာသော မိသားစုကြီးများမှာ သူတို့၏ စံအိမ်များကို သီးသန့် နေရာများတွင်သာ တည်ဆောက်လေ့ ရှိကြသည်။

ဝမ်မိသားစု တည်ရှိရာ တောင်ခြေသို့ ရောက်သည်နှင့် ချန်းဖန်တို့က ကားပေါ်မှ ဆင်းလိုက်ကြ၏။

"ဟယ်လို ...  အန်ကယ်ကျိုး ...  ကျွန်မတို့ ရောက်ပြီ"

ဝမ်ရှောက်ယွင်က ဖုန်းကို ထုတ်ကာ အန်ကယ်ကျိုးအား လှမ်း အကြောင်းကြားသည်။ အန်ကယ်ကျိုးက ချန်းဖန်တို့အား ဝင်ပေါက်တွင် စောင့်ရန်နှင့် သူ အမြန်ဆုံး လာရောက် ကြိုဆိုမည် ဖြစ်ကြောင်း ပြောကာ ဖုန်းချသွားသည်။

ဖန့်ချုံး၊ အန်ရာနှင့် ချန်းဖန်တို့ကမူ ပတ်ဝန်းကျင်ကို လျှောက်ပတ် ကြည့်နေမိကြသည်။

"ရှောင်ဖန် ...  ဒီနေရာလေးက တော်တော် သာယာတာပဲ ...  ငါတို့ ဒီမှာ အိမ်တစ်လုံးလောက် ဝယ်ကြမယ်လေ ...  ဒီကို ကြည့်စမ်းပါဦး ...  မေပယ် သစ်ရွက်တွေ ...  နှင်းတွေ ကျလာရင် ဘယ်လောက်တောင် လှမယ် မသိဘူး ... "

ဖန့်ချုံးမှာ တောင်ခြေရှု့ခင်းများကို ကြည့်ရင်း ကြည်နူး ပျော်ရွှင် နေ၏။

မြောက်အရပ် တောင်တန်းသည် မေပယ် ပင်များနှင့် ပြည့်နှက်နေပြီး အလွန် သာယာ၏။ အထူးသဖြင့် မြေပြင်၌ ကြွေကျသော မေပယ် ရွက်ကလေးများမှာ ဆောင်းဦးနှင်းများ ကျချိန်၌ အလွန်ပင် နာမည်ကြီးသည်။

"နင်လိုချင်ရင် ...  ငါ တောင်တစ်ခုလုံး ဝယ်ပေးမယ်လေ"

ချန်းဖန်က ဖန့်ချုံးကို ပြုံးကာ ကြည့်ရင်း ဆိုလိုက်သည်။

ထိုနေရာ၌ ရှိနေသော ဆယ်ကျော်သက် လူငယ် တစ်စုက ချန်းဖန်၏ စကားကို ကြားသည်နှင့် အော်ဟစ်ကာ ရယ်မော လိုက်ကြသည်။

"မြောက်အရပ် တောင်တန်းက ...  တန်ဖိုးကြီး ခြံရာတွေ ဥယျာဉ်တွေနဲ့ ပြည့်နေတာ ...  ယွမ် ထရီလျံချီပြီး ချမ်းသာတဲ့ သူတောင် ဝယ်နိုင်မှာ မဟုတ်ဘူး ...  ဟီးဟီး"

ထိုလူငယ်များမှာ ချမ်းသာသော မိသားစုများမှ ဆင်းသက် လာကြဟန် တူသည်။ သူတို့က တန်ဖိုးကြီးသော အဝတ်အစားများကို ဝတ်ဆင် ထားကြပြီး မောက်မာသော အမူအရာများ ရှိ၏။

ချန်းဖန်က သူတို့၏ လှောင်ပြောင်မှုကို ပြုံးရုံသာ ပြုံးလိုက်မိသည်။ သူ၏ အဆင့်ဖြင့် ထိုလူငယ်များနှင့် ဖက်၍ ရန်ဖြစ်ရန် မထိုက်တန်ချေ။

သို့သော်လည်း ချန်းဖန်၏ လျစ်လျူမှုက စကားပြောလိုက်သော လူငယ်အား အရှက် ရစေဟန် တူ၏။ သူက ချန်းဖန်အား ရန်လိုသော အကြည့်ဖြင့် မောက်မာစွာ ကြည့်လိုက်သည်။

"ဟေ့လူ ...  မင်းရောက်နေတာ ဘယ်နေရာလဲ ဆိုတာ မင်းမသိဘူးလား ...  မှန်ယူပြီး ကိုယ့် အခွက်ကိုလည်း ပြန်ကြည့်ဦး ...  ငါတို့ လုံခြုံရေး မခေါ်ခင် ပြန်တာ မင်းတို့အတွက် ကောင်းလိမ့်မယ်"

လူငယ်၏ စကားကို ကြားသည်နှင့် ဝမ်ရှောက်ယွင်က မျက်မှောင်ကြုတ် လိုက်မိသည်။ သူမက ထို လူငယ်အား တစ်ခုခုပြောရန် ဟန်ပြင် လိုက်စဉ်မှာပင် လူငယ် အုပ်စုထဲမှ ဆယ့်ခြောက်နှစ် အရွယ် ကောင်မလေး တစ်ယောက် ပြေးထွက်လာ၏။

"အန်တီရှောက်ယွင် ...  အန်တီ ဟုတ်တယ် မလား ...  အန်တီလာမယ် ဆိုတာ ဘာလို့ ကြိုမပြောတာလဲ"

ဝမ်ရှောက်ယွင်က သူမကို နှုတ်ဆက်လိုက်သော ကောင်မလေးအား သေချာ ကြည့်လိုက်၏။

"သမီးက ...  ချန်းချန်းလား"

"ဟုတ်တယ် အန်တီ ရှောက်ယွင် ...  သူက အစ်ကိုဝမ်းကွဲလား"

ဝမ်ချန်းချန်းက ချန်းဖန်အား စူးစမ်း သလို ကြည့်သည်။

"ဝမ်ချန်းချန်း ...  နင် သူတို့ကို သိလို့လား ...  ငါတော့ ဝမ်မိသားစုမှာ ဝမ်ရှောက်ယွင်လို့ ခေါ်တဲ့ အန်တီ ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး"

ချန်းဖန်တို့ကို ရန်စသည့် လူငယ်က နှာခေါင်းရှုံ့ရင်း ဆိုလိုက်၏။

***

All Chapters