ရွှမ်းလုံ
Vol. 12 Ch. 168
ဟေးယန်သည် အရိပ်တိမ်တိုက်ဂိုဏ်းသူများအား လောင်ကျွမ်းစေခဲ့ပြီးနောက် လဲကျနေသည် ကျင်းလုံမုတို့သုံးဦးနား ချည်းကပ်သွား၏။ ဟေးယန်သည် ကျင်းလုံမုတို့၏ ဝိညာဉ်များကို ဆွဲထုတ်လိုက်ကာ ထိုဝိညာဉ်များကို ဝါးမြိုလိုက်၏။ ထို့နောက်တွင် ထိုလူများ၏ ခန္ဓာကိုယ်ကို အနက်ရောင်မီးတောက်များနှင့် လောင်ကျွမ်းစေလိုက်သည်။
“အဲ့ဒီဂိုဏ်းနှစ်ခုရဲ့နေရာကို သိရပြီလား”
ဟေးယန်သည် ဝိညာဉ်များဝါမြိုပြီးနောက်တွင် မေးလိုက်၏။ ဟေးယန်သည် ခေါင်းညိတ်ကာ ဖြေလိုက်သည်။
“သိရပါပြီ..သခင်”
“တစ်ယောက်မှ မလွတ်စေနဲ့”
ဟွမ်း အေးစက်စွာပြောလိုက်၏။
‘သခင်က နောက်ထပ် အမျိုးသမီးတစ်ယောက်ကို နှစ်သက်သွားပြန်ပြီလား၊ သခင်မချုးကို ဘယ်လိုရှင်းပြမလဲ မသိဘူး၊ ဟား..ဟား..စိတ်ဝင်စားစရာပဲ’
ဟေးယန်၏ ပေါက်ကရအတွေးများသည် သူ၏ မျက်နှာထက်တွင် ပေါ်လွင်နေဟန်ရှိသည်။
“ဘုန်း..”
ဟေးယန်သည် အားပြင်းပြင်းထိုးနှက်ချက်တစ်ခုကြောင့် ဝေးကွာသည့် တည်နေရာတစ်ခုသို့ လွင့်စင်သွားရသည်။
“သခင်နဲ့ ငါက ဝိညာဉ်ချင်း ချိတ်ဆက်ထားတာကို ငါမေ့သွားတာပဲ၊ ငါ့အလုပ်ကို မြန်မြန်လက်စသတ်ပြီး အိမ်တွင်းတိုက်ပွဲကို သွားကြည့်ရမယ်”
ဟေးယန်သည် ကုန်းရုန်းထလိုက်ကာ သွေးသံမဏိဂိုဏ်းရှိရာသို့ ဦးတည်သွားလိုက်တော့သည်။
ဟွမ်းသည် ထိုမီးတောက် ခွန်အားအချို့ပြန်လည်ရရှိလာပြီးကတည်းက သူ၏ စိတ်ပင်ပန်းမှုများ တိုးလာသည်ဟုခံစားနေရ၏။ သူသည် ဝမ်မုန့်ယွင်အား ကူညီခြင်းသည် အခြားရည်ရွှယ်ချက်မရှိပေ။ ထိုကဲ့သို့ လူမျိုးများအား လောကကြီးတွင် နေရာပေးရန် မထိုက်တန်သောကြောင့်ပင်။
ထို့နောက် ဟွမ်းသည် ဝမ်မုန့်ယွင်ကို စွမ်းအင်များနှင့်သယ်ဆောင်ကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။ ရှကျဲ့နယ်မြေ၏ အိမ်တော်တစ်ခုတွင် ဟွမ်းသည် ဝမ်မုန့်ယွင်နှင့် အတူ ပေါ်ထွက်လာခဲ့သည်။
“စီနီယာအစ်ကို၊ မိန်းကလေးဝမ်က ဘယ်လိုဖြစ်သွားတာလဲ”
ချုးယွီဟွာသည် ထိတ်လန့်တကြား မေးလိုက်၏။ ဟွမ်းသည် ဤနေရာရောက်ပြီးနောက် ရုတ်တရက်ပျောက်ကွယ်သွားပြီးနောက် အခြေအနေဆိုးရွားစွာ သတိလစ်နေသည့် ဝမ်မုန့်ယွင်ကို ကြည့်ကာ အံ့ဩသွားသည်။ သူမတို့နှစ်ဦး တွေဆုံစဉ်က အဖုအထစ်များ ရှိခဲ့ကြသော်လည်း တစ်နှစ်ကျော်တွေ့ဆုံခဲ့ကြပြီးနောက်တွင် တစ်ယောက်အကြောင်း တစ်ယောက်သိလာခဲ့ကြကာ အဖုအထစ်များ ပြေလျော့သွားခဲ့သည်။
ဟွမ်းသည် အရိပ်တိမ်တိုက်ဂိုဏ်းတွင် မြင်တွေ့ခဲ့ရသည်အရာများကို အကျဉ်းချုံးကာ ခန့်မှန်းချက်များကို ပြောပြလိုက်၏။
“ဒီလောက်တောင်ဆိုးယုတ်ကြတာလား”
ချုးယွီဟွာသည် ထိုအကြောင်းအရာများကြောင့် ဝမ်မုန့်ယွင်အပေါ် အသနားစိတ်ဝင်သွားသည်။ ထို့နောက် ဝမ်မုန့်ယွီကို စစ်ဆေးကြည့်ရင်း ဟွမ်းကိုမေးလိုက်၏။
“စီနီယာအစ်ကို သူမပြန်ပြီးသက်သာပါ့မလား”
“ပင်ပန်းလွန်းတဲ့ ဒဏ်ကြောင့် သတိလစ်သွားတာ၊ သက်သာသွားရင် ပြန်နိုးလာလိမ့်မယ်၊ ဒါပေမဲ့ စိတ်ဝိညာဉ်အနည်းငယ်ပျက်စီးသွားတာကြောင့် သူမနောက်ထပ် အဆင့်တက်နိုင်တော့မှာ မဟုတ်ဘူး”
ဟွမ်းသည် သေသေချာချာစစ်ဆေးပြီးနောက်တွင် အခြေအနေကို ပြောပြလိုက်၏။ ဝမ်မုန့်ယွင်သည် သူမ၏ စိတ်ဝိညာဉ်အား ခွဲ၍ ပုံရိပ်ယောင်များ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ထို့ပုံရိပ်ယောင်များမှတစ်ခုသည် ဖျတ်ဆီးခံခဲ့ရသည်။ ထို့ကြောင့်ပင် သူမ၏ စိတ်ဝိညာဉ်သည် ထိခိုက်သွားခဲ့ရ၏။ သူမ၏တပည့်များကြောင့် သာမဟုတ်လျှင် ပုံရိပ်ယောင်များအားလုံးပျက်စီးကာ သူမလည်း သေဆုံးရမည်ဖြစ်သည်။
“ယွီဟွာ မင်းတို့ သူမသတိရလာတဲ့အချိန်ထိ စောင့်ပေးလိုက်ဦး”
ဟွမ်းသည် ချုးယွီဟွာကို ကြည့်ကာပြောလိုက်၏။ ထို့နောက် ဟွမ်းသည် ရှယီကုန်းမြေမှပင် ထွက်ခွာသွားခဲ့သည်။ သူဦးတည်နေသည့် တည်နေရာသည် အဆင့်သုံးကုန်းမြေကြီးဖြစ်သည့် ကျီယွမ်ကုန်းမြေပင်။
ကျီယွမ်ကုန်းမြေ၏ အစွန်ဖျားတွင် ရှိသည့် မြို့ငယ်တစ်ခုတွင် ကျင့်ကြံသူများ သွားလာလှုပ်ရှားနေကာ အသက်ဝင်လှသည်။ ထိုမြို့ငယ်အား ရှန်းလော်မြို့ ဟုခေါ်ပြီး အံ့ဩစရာကောင်းသည်မှာ ထိုမြို့တစ်မြို့စာကပင် ထျန်းယွမ်ကုန်းမြေ၏ လင်းယွမ်နယ်မြေစာတစ်ခုနီးနီးပင်ကျယ်ဝန်းလှသည်။
ရှန်းလော်မြို့တွင် လောင်းကစားရုံများ၊ အပျော်ဂေဟာများနှင့် သေရည်သေရက်စားသောက်ဆိုင်များ ဖြင့် စည်ကားလွန်းသည်။ ထို့အပြင် လှုပ်ရှားသွားလာနေကြသည့် ကျင့်ကြံသူများ၏ အနိမ့်ဆုံး အဆင့်သည် အဆင့်နှစ်များပင် ဖြစ်နေကြသည်။ ဤနေရာရှိ အစေခံကျင့်ကြံသူတစ်ယောက်ပင် ထျန်းယွမ်ကုန်းမြေသို့ ရောက်ရှိသွားပါက အထွတ်ထိပ် တည်ရှိမှုပင် ဖြစ်သွားနိုင်၏။
ရှန်းလော်မြို့၏ ခမ်းနားသည့် စားသောက်ဆိုင် တစ်ခုတွင် အဖြူရောင်တွင် အနက်ရောင်အကွက်များနှင့် အနားကွပ်ထားသည့် လူငယ်လေးတစ်ဦးသည် သောက်စားပျော်ပါးနေသည်။ ထိုလူငယ်၏ ရှေ့တွင် စားသောက်ဆိုင်၏ စားပွဲထိုးတစ်ဦးသည် စိုးရွံ့စွာ ပြောဆိုလိုက်၏။
“သခင်လေးရွှမ်း ဒီလအတွက် ရှင်းပေးရမဲ့ ဝိညာဉ်ကျောက်တုံးတွေကအရမ်းများနေပြီ..အဲ့ဒါ..”
“တိတ်စမ်း..မင်းတို့ဆိုင်မှာ အမြဲသောက်နေကျဖောက်သည်တစ်ယောက်ကို ဒီလိုပဲဆက်ဆံတော့မှာလား”
ထိုလူငယ်လေးသည် ရွှမ်းလုံ ဖြစ်ပြီး စားပွဲထိုးအား အော်ငေါက်လိုက်၏။
“မပူနဲ့..ဒီနေ့ဝိုင်းကိုကျုပ်ရှင်းပေးမှာပါ..”
ရွှမ်းလုံနှင့် အတူထိုင်နေသည့် လူကြီးတစ်ဦးသည် ဝင်ရောက်ပြောဆိုလိုက်၏။ ထိုလူကြီးသည် လောင်ကျန်းဖြစ်ပြီး ရွှမ်းလုံနှင့် မကြာခဏသောက်လေ့ရှိသူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် စားပွဲထိုးသည် စိတ်အေးသွားသည် ပုံစံနှင့် ထွက်သွား၏။
“ကျုပ်အဲ့မိစ္ဆာကြောင့် ဒီလို ခက်ခဲနေရတာပဲ”
ရွှမ်းလုံသည် ဝမ်းနည်းသည့်လေသံနှင့် သက်ပြင်းချကာ ဆိုလိုက်၏။ ရွှမ်းလုံသည် မိစ္ဆာတစ်ဦးလက်မှ ပုန်းအောင်းနေရခြင်းကို လောင်ကျန်းသည် သိထားပြီးဖြစ်သည်။ ထို့ကြောင့် နှစ်သိမ့်စကားဆိုလိုက်၏။
“လူငယ်လေးရွှမ်း စိတ်မပူနဲ့..၊ အဲ့ဒီမိစ္ဆာသာ ဒီနေရာကို ရောက်လာရဲရင် ကျုပ်တို့ညီအစ်ကိုတွေ ပူးပေါင်းပြီး ဆုံးမပေးမယ်”
“ကျုပ်တို့ ရှိတယ်၊ စိတ်ပူစရာမလိုဘူး”
ဆိုင်အတွင်းရှိ သောက်ဖော်သောက်ဖက်များသည် တညီတညာတည်း အားပေးလိုက်ကြ၏။ သို့သော်လည်း ရွှမ်းလုံ၏ စိတ်အတွင်းတွင် မကောင်းသည့် ခံစားချက်များကို ခံစားနေရပြီး ဒီရက်ပိုင်းတွင် ပို၍ပြင်းထန်လာသည်ဟုပင် ထင်နေ၏။
“လူငယ်ရွှမ်း အဲ့ဒီမိစ္ဆာက ဘယ်လို မိစ္ဆာမျိုးမို့လဲ..ဆိုးရွားလွန်းတဲ့ မိစ္ဆာတစ်ကောင်ဆိုရင် ကျီယွမ် မဟာမိတ်ဆီကို တိုက်ရိုက် အကြောင်းကြားသင့်တယ်”
လောင်ကျန်းသည် ထပ်မံပြောဆိုလိုက်၏။ ပြသနာရပ်များ ရှိလျှင် ကျီယွမ်မဟာမိတ်သည်သာ အကောင်းဆုံးဖြေရှင်းပေးနိုင်သည့် အဖွဲ့အစည်းဖြစ်နေသည်။
“ကျီယွမ် မဟာမိတ်က အင်အားကြီးလား”
ရွှမ်းလုံသည် အံ့ဩသွားကာမေးလိုက်၏။ သူသည် နှစ်ပေါင်းများစွာ ဤနေရာမှ မထွက်ခွာပဲ ပုန်းအောင်းနေသောကြောင့် ဤကုန်းမြေ၏ အကြောင်းကို သေချာမသိပေ။
“ကျီယွမ်မဟာမိတ်က ဒီကုန်းမြေမှာ အင်အားအကြီးဆုံးပဲလေ.. သူတို့မဖြေရှင်းနိုင်တဲ့ ပြသနာဆိုတာမရှိသေးဘူး၊ ပြီးတော့ မဟာမိတ်ခေါင်းဆောင်က မဟာနတ်အင်ပါယာတစ်ပါးလေ”
လောင်ကျန်းသည် ရွှမ်းလုံအား စိတ်မပူစေရန် ပြောဆိုလိုက်၏။ သို့သော် ရွှမ်းလုံသည် အားပြတ်သွားသည့်အလား သက်ပြင်းချကာ ပြောဆိုလိုက်သည်။
“မဟာနတ်အင်ပါယာလောက်နဲ့ အဲ့ဒီမိစ္ဆာကို နိုင်မှာမဟုတ်ဘူး”
“ဘယ်လို အဆင့်မှာမို့ မဟာနတ်အင်ပါယာတောင် မနိုင်ဘူးလို့ပြောရတာလဲ..”
လောင်ကျန်းသည် ရွှမ်းလုံ၏ စကားကို ယုံကြည်ရန်ပင် ခက်ခဲနေ၏။ ဤနယ်မြေတစ်ခွင်တွင် မဟာနတ်အင်ပါယာများကို ကျော်လွန်ကာ အနိုင်ယူနိုင်သူ မရှိသေးချေ။
“အဲ့ဒီမိစ္ဆာကို အဓိပတိနတ်အင်ပါယာတွေတောင် ကြောက်ကြရတယ်”
ရွှမ်းလုံသည် စိတ်ငယ်အားစွာ ဆိုလိုက်၏။ ထိုမိစ္ဆာသည် သူ့အတွက် အိမ်မက်ဆိုးပင်။ လောင်ကျန်းသည် မယုံကြည်ချေ။ သူတို့သည် အဓိပတိနတ်အင်ပါယာများကို မြင်ဖူးခြင်းမရှိပဲ ကောလဟလအနေဖြင့်သာ ကြားဖူးကြ၏။ ထို့အပြင် မဟာနတ်အင်ပါယာနှင့် တွေ့ဆုံခဲ့လျင်တောင် အလွန်ကံကောင်းခြင်းဟု ယုံကြည်ထားကြသည်။ သို့သော် မဖြစ်နိုင်ပေ။ ကျီယွမ်ကုန်းမြေတစ်ခုလုံးတွင် မဟာနတ်အင်ပါယာတစ်ဦးတည်းသာရှိ၏။
“စိတ်မပူနဲ့ငါတို့က မိတ်ဆွေရောင်းရင်းတွေ ဖြစ်နေကြတာကြာပြီပဲ၊ မင်းဒုက္ခရောက်တာကို လက်ပိုက်ပြီးကြည့်မနေနိုင်ဘူး..၊ ပြီးတော့ အဲ့မိစ္ဆာက ဘယ်လိုပုံစံမျိုးမို့ကြောက်စရာကောင်းတာလဲ..”
လောင်ကျန်း၏ မေးခွန်းကြောင့် အရက်များသောက်သုံးထားခြင်းကြောင့် ရီဝေဝေဖြစ်နေသည့် ရွှမ်းလုံသည် ဆိုင်အပေါက်ဝမှ ဝင်လာသည့် လူငယ်တစ်ဦးကို ညွှန်ပြကာ ပြောလိုက်၏။
“အဲ့ဒီလူနဲ့ ဆင်တူတယ်၊ သူပုံစံက တည်ငြိမ်အေးချမ်းတဲ့ပုံပေါက်နေပေမဲ့ သူဒေါသထွက်လာရင် ဆံပင်တွေနီ..နီ..”
“ကောင်လေးရွှမ်း၊ ဘာလို့ရပ်လိုက်တာတုန်း ဆက်ပြောလေ”
လောင်ကျန်းသည် ရွှမ်းလုံစကားပြောရင်း အသက်မဲ့သွားသည့် အလား မလှုပ်မယှက်ငြိမ်ကျသွားသည်ကို မျက်မှောင်ကြုတ်ကာ ဆက်မေးလိုက်၏။ ထိုစဉ် ထိုလူကြီး၏နောက်မှ ရွှမ်လုံထံ ဦးတည်နေသည့် တည်ငြိမ်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။
“မင်းပြောတဲ့ သွေးဆာနေတဲ့ မိစ္ဆာက ငါလား..မြင့်မြတ်တဲ့နဂါးနက်လေး..”