← Chapters

ဒူးထောက်မလား သေမလား

Vol. 7 Ch. 602

ဒူးထောက်မလား သေမလား

Vol. 7 Ch. 602

ထိုလူငယ်၏ အမည်မှာ ကျောင်းယု ဖြစ်ပြီး ဟူတုန်ခရိုင်၊ ကျောင်း မိသားစုမှ လူငယ် မျိုးဆက် တစ်ယောက် ဖြစ်သည်။

ဟူတုန်း ခရိုင်သည် ရန်ကျင်းမြို့ အတွင်းရှိ ခရိုင်တစ်ခု ဖြစ်ကာ ခွန်မင် ရေကန်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသည်။ ဟူတုန်း ခရိုင်သည် လူချမ်းသာ မိသားစုများ၊ အင်အားကြီး မိသားစုများ၏ သီးသန့် ခရိုင် တစ်ခုဟုပင် ဆိုနိုင်သည်။

ကျောင်းမိသားစုသည် ဝမ်မိသားစု၊ ရှောင် မိသားစုများ ကဲ့သို့ တရုတ်၏ အင်အား အကြီးဆုံး မိသားစု မဟုတ်သည့်တိုင် ရန်ကျင်း တွင်ပင် ထိပ်တန်း မိသားစု တစ်ခု ဖြစ်သည်။

"သူတို့က ...  ဝမ်မိသားစုခွဲ တစ်ခုက ဖြစ်မယ် ထင်တယ်"

အခြားလူငယ် တစ်ယောက်က အထင်သေးသော  လေသံဖြင့် ရေရွတ်လိုက်၏။

သူတို့ အားလုံးကား ရန်ကျင်း ထိပ်တန်း မိသားစုများမှ တိုက်ရိုက် လူငယ် မျိုးဆက်များ ဖြစ်ကြသည်။ ထို့ကြောင့် မိသားစု အကိုင်းအခက်များမှ လူများကို အထင်ကြီးကြခြင်း မရှိချေ။

"ချန်းချန်က သူ့ကို အန်တီလို့ ခေါ်တယ် ဆိုတော့ ...  သူတို့တွေက ဝမ်မိသားစုနဲ့ နီးစပ်ပုံ ပေါ်တယ် ...  နောက် မိသားစုခွဲ တစ်ခုက ဆိုရင်တောင် အဘိုးကြီးဝမ်က တော်ရုံ တန်ရုံလူကို နှစ်သစ်ကူးပွဲ အတွက် ဖိတ်ခေါ်မှာ မဟုတ်ဘူး"

မိတ်ကပ် လိမ်းခြယ်ထားခြင်း မရှိသော ကောင်မလေး တစ်ယောက်ကမူ တိတ်ဆိတ်စွာပင် တွေးနေခဲ့၏။

သူမ၏ ပုံစံက ထိုလူငယ် အုပ်စု၏ ခေါင်းဆောင် ဖြစ်ဟန် တူသည်။ သူမ၏ မျက်နှာက မိတ်ကပ် လိမ်းမထားသည့်တိုင် အခြားလူများ အကြား၌ ထင်ထင်ရှားရှားပင် ပေါ်လွင်နေ၏။

"အန်တီဝမ်က ... "

ဝမ်ချန်းချန်းမှာ မည်သည်က စ၍ ရှင်းပြရမှန်း မသိ ဖြစ်နေခဲ့သည်။

ဝမ်ရှောက်ယွင်မှာ မိသားစု၏ အပယ်ခံ တစ်ယောက် ဖြစ်သည်။ ဝမ်ကျုံးကောနှင့် ဝမ်ကဲ့ချင် နှစ်ယောက် စလုံးမှာ လွန်ခဲ့သည့် တစ်နှစ်ခန့် အထိ သူမအား မည်သည့် အခါကမျှ မရှိခဲ့သလို သဘောထားကြကြောင်း ဝမ်ချန်းချန်း ကောင်းစွာ သိသည်။

သို့သော်လည်း ယခုရက်ပိုင်း အတွင်း၌ ဝမ်ရှောက်ယွင်၊ ချန်းဖန် ဆိုသော နာမည်များကို ဝမ်ချန်းချန်း မကြာခဏ ကြားလာရသည်။ သူမ၏ ဦးကြီး ဝမ်ကဲ့ချင်နှင့် ဝမ်းကွဲအကို ဝန်ချန်းတို့မှာ ချန်းဖန် အကြောင်း ပြောကြားချိန်၌ အနည်းငယ် စိုးရွံ့နေပုံ ပေါ်ကြောင်း ဝမ်ချန်းချန်း သတိထားမိသည်။

ဝမ်ချန်းချန်းသည် သူမ၏ အဒေါ်မှာ မိသားစု၏ အပယ်ခံ တစ်ယောက် ဖြစ်သည်ဟု ပြောမပြလိုချေ။ ထို့အပြင် ဝမ်ရှောက်ယွင်၊ ချန်းဖန်တို့၏ အစစ်အမှန် အဆင့်အတန်းကိုလည်း မသိရာ ရှင်းပြရ ခက်နေခဲ့၏။

ဝမ်ချန်းချန်း၏ တုန့်ဆိုင်းနေသော အမူအရာကို ကြည့်၍ ကျောင်းယုက အဓိပ္ပာယ် တစ်မျိုး ကောက်လိုက်ဟန် တူသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ရင်း ချန်းဖန်တို့အား တင်းမာစွာ ကြည့်လိုက်၏။

"ချန်းချန်းရဲ့ မျက်နှာကြောင့် မင်းတို့တွေကို ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်မယ် ...  ဒါပေမဲ့ နောက်တစ်ခါက အပြောအဆို ဆင်ခြင်ကြပေါ့ ...  ဒီနေရာက မင်းတို့ လာတဲ့ တောမဟုတ်ဘူး ...  စကား တစ်ခွန်းမှားတာနဲ့ သေတဲ့ အထိ ဖြစ်သွားနိုင်တယ် ...  နားလည်ကြလား"

ကျောင်းယု၏ အသက်က ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးသော်လည်း သူ၏ အမူအရာက အမြင်ကတ် စရာ အကြီးအကဲ တစ်ယောက်၏ ပုံစံ ပေါက်နေခဲ့၏။ သူက ချန်းဖန်တို့အား ပြန်လည်၍ပင် သွန်သင် နေလိုက်သေးသည်။

"သောက်ရူး ... "

ချန်းဖန်က ထိုလူငယ်ကို ကြည့်၍ ရေရွတ်လိုက်၏။

"ဘာဖြစ်တယ် ...  မင်း ဘာပြောတာလဲ ...  ပြန်ပြောစမ်း"

ကျောင်းယုက ချန်းဖန်အား ဒေါသတကြီး ကြည့်ရင်း အော်ဟစ်လိုက်၏။

"ဝမ်မိသားစုက ဆိုတာနဲ့ ငါက ကြောက်မယ် ထင်နေတာလား ...  ဟမ့် ...  မင်းက မိသားစုခွဲ တစ်ခုက လာတယ် ဆိုတာလည်း မှတ်ထားဦး ...  ငါမင်းကို ကန်ထုတ်ရင်တောင် ဝမ်မိသားစုက ဘာမှ ပြောမှာ မဟုတ်ဘူးကွ"

"ဟုတ်တယ် ...  အကိုယုက ကျောင်းမိသားစု တိုက်ရိုက်မျိုးဆက်ပဲ ...  နောက်ပြီး သူ့အဖေကလည်း လက်ရှိ ကျောင်းမိသားစု ခေါင်းဆောင် ...  အကိုယုက ရှင့်ကို ကန်ထုတ်ရင်တောင် အကိုဝမ်ချန်းက ဘာမှ အရေးယူမှာ မဟုတ်ဘူးရှင့်"

ပရာဒါ လက်ကိုင်အိတ် ချိတ်ထားသော ကောင်မလေး တစ်ယောက်ကလည်း ခပ်စွာစွာ ဝင်ပြောသည်။

သို့သော်လည်း ချန်းဖန်က သူမအား အရေး မလုပ်ချေ။ ကျောင်းယုကိုသာ ကြည့်ရင်း ဆိုလိုက်၏။

"ဒူးထောက်ပြီး ကိုယ့်ပါးကိုယ်ကို အချက် နှစ်ဆယ် ရိုက် ...  အဲဒါဆို ငါမင်းကို ခွင့်လွှတ်ပေးမယ်"

"ဘာကြီး ... "

ဆယ်ကျော်သက်များမှာ မယုံကြည် နိုင်မှုကြောင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။

သူတို့ကား ရန်ကျင်း ထိပ်တန်း မိသားစု များ၏ လူငယ် မျိုးဆက်များ ဖြစ်သည်။ နိုင်ငံ ဝန်ကြီးများ၏ သားသမီးများ ပင်လျှင် သူတို့အား ယခုကဲ့သို့ မဆက်ဆံ ရဲကြချေ။

ထိုအချိန်၌ ဝမ်ချန်းချန်း၏ မျက်နှာမှာမူ ဖြူရော် နေခဲ့ပြီ ဖြစ်သည်။ ထိုပြဿနာကို မည်ကဲ့သို့ ပြေလည်အောင် ဖြေရှင်းပေးရမည်မှန်း သူမ မသိတော့ချေ။

"မင်းကိုမင်း ဘာထင်တာလဲ ...  သေချင် နေတာလား ...  မင်းကို ...  "

ကျောင်းယုက အော်ဟစ်လိုက်၏။ သူကား အလွန်ပင် ဒေါသထွက်နေရာ အသံများပင် တုန်ရီ နေခဲ့သည်။

သို့သော်လည်း သူ၏ စကား မဆုံးခင်မှာပင် ချန်းဖန်က ရှေ့သို့တိုးကာ သူ၏ ပါးအား ရိုက်ချလိုက်၏။ ချန်းဖန်မှာ သူ၏ အင်အားကို အပုံ တစ်သောင်းပုံ တစ်ပုံလောက်သာ သုံးထားသော်လည်း ထိုအင်အားကပင် ကျောင်းယုအား ပညာပေးရန် လုံလောက်နေပြီ ဖြစ်သည်။

ဘယ်ပြန်၊ ညာပြန် သုံးချက် ရိုက်ပြီးသည် အထိ ကျောင်းယုမှာ အော်ဟစ် နေသေးသော်လည်း ငါးချက် အပြီးတွက်မူ လုံးဝ ငြိမ်ကျ သွားခဲ့သည်။

သို့သော်လည်း ချန်းဖန်က ရပ်တန့်ခဲ့ခြင်း မရှိချေ။

"ဆယ်ချက် ... "

"ဆယ့်သုံးချက် ... "

"ဆယ့်ငါးချက် ... "

အချက်နှစ်ဆယ် တိတိ ရိုက်ပြီးနောက် ကျောင်းယု၏ ခန္ဓာကိုယ်က မြေပြင်ပေါ် လဲကျ သွားတော့သည်။

လက်ဝါးချက်များကြောင့် သူ၏ ပါးနှစ်ဖက်မှာ ဖူးယောင်နေပြီး သူ၏ သွားများမှာလည်း မြေပြင်ပေါ် ကျဲပြန့် နေတော့၏။

ထိုမြင်ကွင်းကြောင့် ဆယ်ကျော်သက် များမှာ လုံးဝ တိတ်ဆိတ် သွားကြ၏။ ဝမ်ချန်းချန်း ပင်လျှင် ချန်းဖန်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေမိကြသည်။

"ရှင် ...  ရှင် ရူးနေတာလား ...  ရှင် ဘာလုပ်ခဲ့တယ် ဆိုတာရော ရှင်နားလည်ရဲ့လား"

ပရာဒါ လက်ကိုင်အိတ် ချိတ်ထားသော မိန်းကလေး ချန်းဖန်အား ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နောက်တစ်ခွန်း ထပ်ပြောရင် ...  နင်က ဒုတိယမြောက်လူ ဖြစ်သွားမယ်"

ချန်းဖန်က သူမအား စူးရဲစွာ ကြည့်ရင်း ဆိုလိုက်၏။

"ငါ ... "

မိန်းကလေးမှာ ချန်းဖန်အား ကျေနပ်ခြင်း မရှိသည့်တိုင် ပါးစပ်ကို ပိတ်ကာ တိတ်ဆိတ် သွား၏။

မိတ်ကပ် လိမ်းမထားသော မိန်းကလေးက အနည်းငယ် မျက်မှောင်ကြုတ်ရင်း ချန်းဖန်အား ပြောလိုက်သည်။

"ဆရာ ...  ရှင်က ဝမ်မိသားစုက ဆိုတော့ စည်းမျဉ်းတွေကို ရှင်သိမှာပါ ...  ကျောင်းယုက ရှင့်ကို စော်ကားခဲ့တယ် ဆိုပေမဲ့လည်း ရှင့်ရဲ့ တုံ့ပြန်ပုံက နည်းနည်း လွန်ကဲနေတယ် ...  သခင်ကြီးဝမ်တောင် ရှင့်ရဲ့ လုပ်ရပ်ကို ကျေနပ်မယ် မထင်ဘူး"

"ဟုတ်တယ် ...  ကျောင်းယုက ကျောင်း မိသားစုရဲ့ ဆက်ခံသူ ဖြစ်တဲ့ အပြင် သခင်ကြီး ကျောင်းရဲ့ အချစ်တော် ဆိုလည်း ဟုတ်တယ် ... . ကျောင်းမိသားစုက ဝမ်မိသားစုလောက် အင်အား မကြီးဘူး ဆိုပေမဲ့ ...  သခင်ကြီးကျောင်းက ဒီကိစ္စကို လွယ်လွယ် ကျေအေးပေးမှာ မဟုတ်ဘူး"

ချမ် မိသားစု၏ လူငယ် တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။

ထိုအချိန်၌ ဝမ်ချန်းချန်းမှာမူ ချန်းဖန်၏ အပြုအမူကို အတော်လေး စိတ်ပျက် နေမိသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း ဝမ်မိသားစုသည် ဝမ်ရှောက်ယွင်ကို မကြိုဆို ခဲ့ချေ။ ယခုတစ်ကြိမ်က ပထမဆုံး အကြိမ် အဖြစ် ဝမ်မိသားစုက ဝမ်ရှောက်ယွင်ကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဝမ်ရှောက်ယွင်၏ သားတော်မောင်က ဝမ်မိသားစု အတွင်း မဝင်ခင် ကတည်းကပင် သောင်းကျန်းခဲ့သည်။ ထိုလုပ်ရပ်က ဝမ်မိသားစုနှင့် ဝမ်ရှောက်ယွင်တို့ အကြား အဖုအထုံး တစ်ခုခု ဖြစ်မည်ကို ဝမ်ချန်းချန်း စိုးရိမ် နေမိသည်။

ဝမ်ချန်းချန်းက ဝင်ရောက် တောင်းပန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ချန်းဖန်၏ အသံက ထွက်ပေါ် လာခဲ့ပြန်၏။

"ငါက ဝမ်မိသားစုကလို့  ...  ဘယ်သူပြောလဲ"

"ဘယ်လို ...  ရှင်က ဝမ်မိသားစုက မဟုတ်ဘူးလား"

မိတ်ကပ် မရှိသော မိန်းကလေး ပင်လျှင် ချန်းဖန်၏ စကားကြောင့် အံ့အားသင့် မိသွား၏။

ဝမ်ချန်းချန်းကမူ ချန်းဖန်၏ စကားကြောင့် အနည်းငယ် ရှက်ရွံ့မိသွားသည်။ သူမ၏ ဝမ်းကွဲအကိုမှာ ဝမ်မိသားစု၏ ပစ်ပယ်မှုအား မကျေမနပ် ဖြစ်နေပုံ ရသည်။

"မင်းက ဝမ်မိသားစုက မဟုတ်ဘူး ...  အဲလို ဆိုရင်တော့ မင်းက သေလူဖြစ်သွားပြီ"

ကျောင်းယုက မြေပြင်ပေါ်၌ လဲကျရင်း တွေးလိုက်မိသည်။ ယခု အချိန်၌ သူ၏ စိတ်နှလုံး တစ်ခုလုံးကား ချန်းဖန် အပေါ် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် နေခဲ့၏။

"ခွေးမသား ...  မင်းအသက်ကို ဘယ်သူက ကယ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"

သို့သော်လည်း သူမသိသည့် အရာကား ချန်းဖန်က သူ၏ ခန္ဓာကိုယ်၌ အစီအရင် တစ်ခု ခင်းလိုက်ခြင်းပင်။ ထိုအစီအရင်က ယခု အချိန်၌ အစွမ်းမပြ သေးသော်လည်း သုံးရက် ကြာသည်နှင့် ထိုအစီအရင်က အသက် ဝင်လာကာ ကျောက်းယု၏ အသက်ကို နှုတ်ယူလိမ့်မည် ဖြစ်သည်။

ထိုအချိန်မှာပင် အသက်လတ် လူကြီး တစ်ယောက် သူတို့ ရှိရာသို့ အပြေးလှမ်းလာ နေသည်ကို လူတိုင်း တွေ့လိုက်၏။ ထိုလူကြီးက ချန်းဖန်တို့ ရှေ့သို့ ရောက်သည်နှင့် အနည်းငယ် ဦးညွတ်ကာ သူ၏ လေးစားမှုကို ပြသလိုက်သည်။

"မစ္စတာ ချန်းဖန် ...  ရှောက်ယွင် ...  စောင့်ရတာ ကြာသွားရင် တောင်းပန်ပါတယ် ...  ကျွန်တော့် နောက်ကို လိုက်ခဲ့ကြပါ ...  သခင်ကြီးက အဆင့်သင့်ပဲ စောင့်နေပါတယ်"

လူငယ်များသည် ထိုအသက်လတ် လူကြီးအား တွေ့သည်နှင့် ချက်ချင်းပင် မှတ်မိလိုက်ကြ၏။

သူကား အခြားသူ မဟုတ်ချေ။ သခင်ကြီးဝမ်၏ ညာလက်ရုံး တစ်ဖြစ်လည်း အတွင်ရေးမှူး အန်ကယ်ကျုံးပင် ဖြစ်လေ၏။

***

All Chapters