#ခေါင်းဖြတ်အစီအစဉ်၊ တိုက်ခိုက်ရန်ပြင်ဆင်ခြင်း#
Vol. 85 Ch. 1195
မိုထင်း၊ လဲ့ရွှမ်းနှင့် ကျန်သောသူများ ၁၃ထပ်ကို အပြေးအလွှား ရောက်လာကြသောအခါ ရှောင်ဟိုင်က ဒဏ်ရာများနှင့် ဖုံးနေပြီး လက်တစ်ဖက်က ကြမ်းပြင်ပေါ်၌ အားနည်းစွာ တွဲလွဲကျနေတာကို တွေ့လိုက်ရသည်။
သူတို့ဘေးက အကျဉ်းခန်းကိုကြည့်လိုက်ကြ၏။ အကျဉ်းခန်းက ပြိုသွားသော်လည်း သံကြိုးများက မီကဲအာ၏လက်များကို ချည်ထားဆဲပင်။ ဒါက မိုထင်းနှင့် ကျန်သောသူများကို စိတ်သက်သာရာရစေသည်။
လဲ့ရွှမ်းအလျင်အမြန်ရှေ့တိုးပြီး ရှောင်ဟိုင်ကို ထရပ်ရန်ကူပေးသည်။
"ဘယ်လိုနေလဲ"
ရှောင်ဟိုင် ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ပြီးနောက် ခပ်ပေါ့ပေါ့ပင် သုတ်လိုက်၏။
"မသေပါဘူး"
ဒီအခိုက်အတန့်မှာပင် မိုထင်းရှေ့တိုးကာ စိုးရိမ်ပူပန်စွာပြောသည်။
"မြန်မြန်မင်းဒဏ်ရာတွေကို ကုသလိုက်၊ ကံကောင်းချင်တော့ မီကဲအာက ပြန်ပေးဆွဲမခံလိုက်ရဘူး၊ မဟုတ်ဘူးဆိုရင် နတ်ဆိုးသခင်ရဲ့ဒေါသကို ငါတို့ခံနိုင်မှာမဟုတ်ဘူး"
ရှောင်ဟိုင်ခေါင်းညိတ်ပြီး အလွန်အမင်း လေးနက်သည့်အမူအရာဖြင့်မေးသည်။
"အဲဒီနှစ်ယောက်ရော"
"မိုလီတို့ကိုပြောချင်တာလား" မိုထင်းခေါင်းခါယမ်းသည်။
"ဒီနှစ်ယောက်က လျှို့ဝှက်နည်းစနစ်တစ်ခုကိုသုံးပြီး လွတ်မြောက်သွားကြပေမယ့် အများစုကို အသက်ရှင်လျက် ဖမ်းမိပြီး အခုနတ်ဆိုးအကျဉ်းထောင်ထဲမှာ အကျဉ်းချထားပြီးပါပြီ"
ဒီတဒင်္ဂလေးမှာပင် သူတို့နောက်က လမ်းကြောင်းတစ်ခု ရုတ်တရက်ပွင့်လာသည်။
မိုထင်းနှင့် လဲ့ရွှမ်းတို့ တစ်ခဏမျှ ကြက်သေသေနေကြပြီးနောက် ချက်ချင်းဒူးထောက်ကာ အော်ဟစ်လိုက်ကြ၏။
"နတ်ဆိုးသခင်ကို ကြိုဆိုပါတယ်"
ရှည်လျားသည့်ပုံရိပ်တစ်ခုက နောက်၌ လူနှစ်ယောက်အတူ ဖြည်းဖြည်းချင်းချဉ်းကပ်လာသည်။
"အားလုံးထကြပါ"
ရောက်လာသောသူက နတ်ဆိုးသခင်မိုဂျီပေတည်း။
သူ့နောက်တွင် ဒုသံတမန်မိုကောနှင့် နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်၏ နောက်ထပ်မဟာတပ်မှူးတစ်ဦးရှိသည်။
မိုဂျီ မီကဲအာကို ကြည့်ရင်း အေးစက်စွာပြောသည်။
"မင်းမရှင်းပြတော့ဘူးလား"
မီကဲအာနှာခေါင်းရှုံ့သည်။
"ငါမင်းကိုပြောမယ်လို့ထင်လား"
မိုဂျီခေါင်းညိတ်ကာ တခြားမည်သည့်စကားမှမဆိုတော့ဘဲ သူ့အကြည့်က ရှောင်ဟိုင်ထံ ကျရောက်လာသည်။
"မင်းကတပ်မှူးဟိုင်မုဖြစ်ရမယ်"
ဟိုင်မုကြမ်းပြင်ပေါ်တွင်ထိုင်ပြီး ခေါင်းညိတ်သည်။ သူ့မျက်လုံးများက အလွန်အမင်းတည်ငြိမ်နေသော်လည်း ဒီတည်ငြိမ်မှုအောက်တွင် မည်သူမှမရှာတွေ့နိုင်သည့် အဆုံးစွန်သော ဒေါသတစ်ခု ကိန်းအောင်းနေသည်။
"ကျွန်တော်တောင်းပန်ပါတယ်၊ နတ်ဆိုးခသင်၊ ကျွန်တော့်ဒဏ်ရာတွေက အခုအရမ်းပြင်းထန်လွန်းတော့ နတ်ဆိုးသခင်ကို ဦးညွတ်လို့မရနိုင်ဘူး"
"ဘာမှမဖြစ်ပါဘူး" မိုဂျီလက်ယမ်းပြပြီး ရှောင်ဟိုင်ကို ကူညီရန် ပဏာမခြေလှမ်းလှမ်းရင်း ဆေးလုံးတစ်လုံးပေးသည်။
"ဒီတစ်ကြိမ် မင်းအကြီးအကျယ် ထောက်ပံ့ပေးတယ်၊ မင်းလိုမျိုး လူငယ်ပါရမီရှင်နဲ့သာဆိုရင် ငါတို့ရဲ့နတ်ဆိုးဘုရင်ပိုင်နက်က အနာဂတ်မှာ နောက်ထပ်ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်ကို ထုတ်လုပ်ပေးနိုင်လိမ့်မယ်"
ဒီအချိန်တိုအတွင်း မိုဂျီ၏နတ်အသိက ရှောင်ဟိုင်တစ်ကိုယ်လုံးကို စစ်ဆေးကြည့်ပြီးဖြစ်သည်။ ပုံမှန်မဟုတ်တာ တစ်ခုမှ မတွေ့သဖြင့် သူရှောင်ဟိုင်ပခုံးကို ပုတ်လိုက်၏။
"ကောင်းကောင်းကုသအနားယူပါ၊ မင်းဒဏ်ရာတွေ ပြန်ကောင်းလာတဲ့အခါကျရင် ငါမင်းကိုဂုဏ်ပြုဖို့နဲ့ ဆုချီးမြှင့်ဖို့ အောင်ပွဲတစ်ခုစီစဉ်ပေးမယ်"
ရှောင်ဟိုင်အားတင်းပြုံးသည်။ သူ့၏သွေးစွန်းနေသည့်အပြုံးက အနည်းငယ် ဆိုးယုတ်နေသည်။
"ဟုတ်ကဲ့ပါ"
ထို့နောက် မိုဂျီ သူ့လူများကို နတ်ဆိုးအကျဉ်းထောင်ရှိ အကျဉ်းခန်းများ၏ တည်တံ့မှုကို အလျင်အမြန်အားဖြည့်စေပြီးနောက်ပြောသည်။
"သုံးရက်အတွင်း မီကဲအာမိသားစုက အဲဒီလူတွေကို ခေါင်းဖြတ်ပစ်၊ ငါတို့နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ သံမဏိသွေးကို ပြသဖို့အတွက် သူတို့ခေါင်းတွေကို သုံးလိုက်'
ဒီနေရာတွင် မီကဲအာ၏အမူအရာက တင်းမာခက်ထန်နေခဲ့သည်။
မဟာတပ်မှူးဟီအလျင်အမြန်ခေါင်းညိတ်သည်။
"ကျွန်တော်အခုချက်ချင်း တစ်ယောက်ယောက်ကို ပြင်ဆင်ဖို့အတွက် စီစဉ်ခိုင်းလိုက်ပါမယ်"
"စကားမစပ် ခေါင်းဖြတ်အစီအစဥ်ကို ဟိုင်မုရဲ့ဂုဏ်ပြုပွဲနဲ့ တွဲဖက်လုပ်လို့ရတယ်၊ အခမ်းအနားပြီးသွားတဲ့အခါကျရင် ဒါကို လုပ်ကြတာပေါ့"
အဆုံးတွင် မိုထင်းနှင့် လဲ့ရွှမ်းတို့ ရှောင်ဟိုင်ကို သယ်ဆောင်သွားကြ၏။
တဲကိုပြန်လာပြီးနောက် သူ့လက်အောက်ငယ်သားများကလည်း အားပေးသံများနှင့် အော်ဟစ်နေကြ၏။
ရှောင်ဟိုင်၏လုပ်ရပ်များက နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးအတွင်း ပျံ့နေပြီဖြစ်သည်။
တစ်ယောက်နှင့်သုံးယောက်ရင်ဆိုင်ရသည့်တိုင် အသာစီးရခဲ့ပြီး တစ်ယောက်ကို အရှင်လတ်လတ်ဖမ်းနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဒဏ်ရာများနှင့် သူတို့နောက်လိုက်ဖမ်းစဉ်မှာပင် သူအကျဉ်းခန်းကို အောင်မြင်စွာကာကွယ်နိုင်ခဲ့ပြီး ကျန်နှစ်ယောက်ကို တွန်းလှန်နိုင်ခဲ့သည်။
ဒါက ဟိုင်မု၏တပ်ရင်းကို မျက်နှာရသွားစေသည်။
မည်သူကများ ကျွမ်းကျင်သည့်တပ်မှူးတစ်ယောက်နောက်ကို မလိုက်ချင်ဘဲနေမည်နည်း။
ဒီကိစ္စကြောင့်ပင် မူလက မကျေမနပ်ဖြစ်ပြီး ရှောင်ဟိုင်ကို မနာခံလိုကြသော လက်အောက်ငယ်သားများကလည်း လုံး၀ယုံကြည်သွားကြ၏။
ရှောင်ဟိုင် တဲထဲသို့ပြန်လာပြီးနောက် သူ့ဒဏ်ရာများကို စတင်ကုသသည်။
သူ့ကိုယ်ပေါ်က ဒဏ်ရာများက သူ့ကြောင့် ဖြစ်လာခြင်းဖြစ်ပြီး ဒါကို တစ်ဘက်လူ သံသယမဖြစ်စေရန်အတွက် လုပ်ခဲ့ခြင်းပင်။
ကုသနေရင်း သူစိတ်ကိုလည်း အလုပ်ပေးနေသည်။
အကယ်၍သူသာသော့ကို ရလိုပါက မိုဂျီနှင့်နီးစပ်ရန်လိုအပ်သည်။
မိုဂျီကိုချဉ်းကပ်ရန်အတွက် အကောင်းဆုံးနည်းလမ်းက သံသယမရှိ နောက်သုံးရက်အကြာတွင် ကျင့်ပမည့်အောင်ပွဲပေတည်း။
မူလက ရှောင်ဟိုင် တဖြည်းဖြည်းဆောင်ရွက်ချင်သော်လည်း မီကဲအာမိသားစုက ခေါင်းဖြတ်ခံရတော့မည်ဖြစ်လေရာ သူဒါကိုလုံး၀ခွင့်မပြုနိုင်ပေ။
ထို့ကြောင့် အောင်ပွဲအခမ်းအနားတွင် ရှောင်ဟိုင် သော့ကိုရယူရင်း ခေါင်းဖြတ်အစီအစဉ်ကို ကြားဖြတ်နှောင့်ယှက်ရပေမည်။
ငါဘာလုပ်သင့်လဲ!
သူ့ခွန်အားတစ်ခုတည်းနှင့်ဆိုပါက ဒါကအရမ်းကြီးမရိုးရှင်းပေ။ မရေမတွက်နိုင်လောက်သည့် အထက်ပုဂ္ဂိုလ်များက အခမ်းအနားနှင့် ခေါင်းဖြတ်အစီအစဉ်အတွက် စုရုံးနေကြပေလိမ့်မည်။
ဒါကိုတွေးမိသောအခါ ရှောင်ဟိုင် အသံလွှင့်ကျောက်စိမ်းကို ထုတ်ယူလိုက်၏။
.....
သုံးရက်က မျက်စိတစ််မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ဒီကာလအတောအတွင်း ခေါင်းဖြတ်ခြင်းနှင့် အောင်ပွဲအခမ်းအနားက နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးအတွင်း ပျံ့သွားခဲ့သည်။
နတ်ဆိုးဘုရင်ပိုင်နက်က နတ်ဆိုးကျင့်ကြံသူတိုင်းနီးပါး နတ်ဆိုးဘုရင့်ပင်မမြို့သို့ အလည်လာကြသည်။
နတ်ဆိုးအကျဉ်းထောင်ထဲတွင် အကျဉ်းကျခံထားရသည့် မီကဲအာမိသားစု၀င်အားလုံးက်ု မြို့ရိုးပေါ်၌ ချိတ်ဆွဲထားသည်။ မီကဲအာခေါင်းဆောင်ကိုလည်း အနီးကပ်ကြည့်နိုင်စေရန်အတွက် မြို့ရိုးပေါ်တွင် လှောင်အိမ်တစ်ခု၌ ထောင်ချထားသည်။
လူတိုင်း ဒီလူများကိုလက်ညိုးထိုးပြကြစဉ် တစ်ချို့က ခေါင်းခါယမ်းကာ သက်ပြင်းချကြသော်လည်း အများစုကမူ လှောင်ပြောင်ကာ ကျိန်ဆဲနေကြ၏။
မြို့ရိုးအထက်တွင် နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်မှ လူတိုင်း အင်အားအပြည့်ဖြင့် ထွက်လာကြပြီး လေထဲတွင်ပျံသန်းကာ ပတ်၀န်းကျင်ကို သတိထားပြီး စောင့်ဆိုင်းနေကြသည်။
ရှောင်ဟိုင်ကလည်း သူတို့ထဲတွင်ရှိနေသည်။
ဒီအခိုက်အတန့်မှာပင် တိမ်မည်းတစ်ခုက ကောင်းကင်ထက်က အနက်ရောင်ခန်းမကနေ ဖြည်းဖြည်းချင်းလွင့်မြောလာသည်။
တိမ်မည်းပေါ်တွင် မိုဂျီ၊ ဒုသံတမန်မိုကောနှင့် မဟာတပ်မှူးနှစ်ယောက်စလုံး ရပ်နေကြသည်။
ကြီးမားသည့်နတ်ဆိုးချီဖိအားက ဒီနေရာကို ဖြတ်သန်းသွား၏။
မိုဂျီကိုမြင်သောအခါ လူတိုင်းဒူးထောက်လိုက်ကြပြီး တစ်ချို့က စိတ်လှုပ်ရှားနေကြသလို တစ်ချို့က တည်ငြိမ်နေကာ လေးစားစွာအော်ဟစ်လိုက်ကြ၏။
"နတ်ဆိုးအရှင်ကို ကြိုဆိုပါတယ်"
မိုဂျီအနည်းငယ်ခေါင်းညိတ်သည်။
"ထကြပါ"
လူတိုင်းထရပ်သောအခါ မိုဂျီဘေးပတ်လည်သို့ စိုက်ကြည့်လိုက်ပြီးပြောသည်။
"ဒီနေ့ကိစ္စနှစ်ခုရှိတယ်၊ ပထမတစ်ခုက တပ်မှူးဟိုင်မုရဲ့အောင်ပွဲကို ဂုဏ်ပြုကျင်းပဖို့ပဲ"
မဟာတပ်မှူး၏အချက်ပြုမှုအောက်တွင် ရှောင်ဟိုင် အင်ပါယာအစောင့်များကြားကနေ ထွက်လာခဲ့သည်။
ယင်းနောက်တွင်သာ မိုဂျီဆက်ပြောသည်။
"တပ်မှူးဟိုင်မုရဲ့ အစွမ်းထက်ခွန်အားနဲ့ မကြောက်မရွှံ့စိတ်ဓာတ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီနေ့ခေါင်းဖြတ်အစီအစဉ်ဆိုတာ ရှိလာမှာမဟုတ်ဘူး"
"ဒီတစ်ကြိမ် တပ်မှူးဟိုင်မု အများကြီး ကူညီပေးခဲ့တာမို့ ဒီအခမ်းအနားကို သူ့အတွက် ကျင်းပပြီး သူ့ကို မဟာတပ်မှူးဂုဏ်ပုဒ်ကို ပေးဖို့ငါဆုံးဖြတ်လိုက်တယ်၊ သူမဟာတပ်မှူးဟီရဲ့ ရာထူးကို အမွေရလိမ့်မယ်၊ မဟာတပ်မှူးဟီကတော့ ဒုသံတမန်မိုလီရဲ့ နေရာမှာ ဒုသံတမန်အသစ်အဖြစ် တရား၀င်အစားထိုးမယ်"
မဟာတပ်မှူးဟီ!
လူတိုင်းကြက်သေသေသွားကြသည်။
ရှောင်ဟိုင် နတ်ဆိုးဘုရင်အင်ပါယာအစောင့်အဖြစ် တာ၀န်ထမ်းဆောင်တာ ဘယ်နှစ်ရက်ကြာသေးလို့လဲ!
သူရက်အနည်းငယ်အတွင်းမှာ လေ့ကျင့်ရေးစခန်းက တပ်သားသစ်ကနေ ဂျူနီယာတပ်မှုးတစ်ယောက်ဖြစ်လာပြီး အခု မဟာတပ်မှူးဖြစ်လာပြီလား!
ဒါကပင် မိုဂျီ တပ်မှူးဟိုင်မုကို ဘယ်လောက်ထိ တန်ဖိုးထားသလဲဆိုတာ ပြသနေသည်။
ဘေးကလူအနည်းငယ်က ရှောင်ဟိုင်ကို နက်ရှိုင်းသည့်အပြုံးဖြင့် စိုက်ကြည့်နေကြ၏။
မိုဂျီ တိမ်မည်းပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလာပြီး ရှောင်ဟိုင်ရှေ့ကို ရောက်လာသည်။ သူလက်တစ်ဖက်တွင် ရွှေနက်ရောင်အဆင်းများပါရှိသည့် ၀တ်ရုံရှည်တစ်ထည်ကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင် စတုရန်းပုံသေတ္တာတစ်လုံးကိုကိုင်ထားသည်။ သေတ္တာကပွင့်နေပြီး အထဲတွင် ဆေးလုံးတစ်လုံးရှိသည်။
"ဒါက မဟာတပ်မှူးရဲ့ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြုတဲ့၀တ်ရုံပဲ၊ ဒါကတော့ နတ်ဆိုးကျင့်ကြံသူတွေရဲ့သွေးကြောကို တိုးမြှင့်ပေးနိုင်တဲ့ နတ်ဆိုးဘုရင်သွေးဆေးလုံးပဲ"
ဒါကိုကြားသောအခါ လူတိုင်းထိတ်လန့်သွားကြ၏။
နတ်ဆိုးဘုရင်သွေးဆေးလုံးက နတ်ဆိုးဘုရင်ပိုင်နက်အတွင်းတွင်ပင် အင်မတန်ရှားပါးပြီး မည်သူမှမသန့်စင်နိုင်ပေ။
ဒါက နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏ သွေးကြောစွမ်းအားကို တိုးစေပြီး အထက်ပုဂ္ဂိုလ်များ၏ သွေးကြောစွမ်းအားနှင့် ယှဉ်၍ရသည်အထိ ပြောင်းပေးနိုင်သည်။
သုံးစွဲမှုတိုင်းတွင် ဆေးလုံးတစ်လုံးစီ လျော့သွားပေသည်။
မိုဂျီ ဟိုင်မုကို ဒီဆေးလုံးပေးလိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။
ရှောင်ဟိုင်ခေါင်းညိတ်ရင်း ထိုပစ္စည်းနှစ်ခုကို လက်နှစ်ဖက်နှင့် လှမ်းယူသည်။
"ကျေးဇူးပါ၊ နတ်ဆိုးအရှင်"
မိုဂျီပြုံးရင်း ရှောင်ဟိုင်ပခုံးကို ပုတ်ပြီးနောက် လှည့်လိုက်သည်။
"ကောင်းပြီ၊ ခေါင်းဖြတ်အစီအစဉ်ကို စလိုက်ကြရအောင်"
ဒီတဒင်္ဂမှာပင် ရှောင်ဟိုင်ကလည်း အော်ဟစ်သည်။
"တိုက်ခိုက်ကြ"
အပိုင်း(1196) coming။