#သရုပ်ခန္ဓာ#
Vol. 85 Ch. 1196
ရှောင်ဟိုင်၏အသံကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ဘေးကလူက ပန်းချီကားတစ်ချပ်ကို ထုတ်ယူလိုက်၏။ ပန်းချီကားကို ဖြန့်လိုက်သောအခါ အစွမ်းထက် အာကာသစွမ်းအားက မိုဂျီပေါ်သို့ ကျလာသည်။
မိုဂျီ၏အမူအရာက ပြောင်းလဲသွား၏။ သူမတုံ့ပြန်နိုင်ခင်မှာပင် သူ့တစ်ကိုယ်လုံးက ကျုံ့သွားပြီး ဆွဲသွင်းခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်ကလည်း လင်း၀င်းသွား၏။
ပန်းချီကားကို ကိုင်ထားသည့် အမျိုးသမီးကလည်း တခြားလက်တစ်ဖက်နှင့် အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ အဆောင်ကိုအသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် လျှပ်စီးအလင်းတစ်ချက် ရုတ်တရက်လင်းလာပြီး လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် အမျိုးသမီးကလည်း ထိုနေရာမှ ပျောက်ကွယ်သွားသည်။
အရာအားလုံးက နတ်ဆိုးဘုရင်ပိုင်နက်က မည်သူမျှ မတုံ့ပြန်နိုင်သေးခင်မှာပင် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။
နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်၏ ရာထူးတိုးထားသည့် မဟာတပ်မှူးက နတ်ဆိုးသခင်ဆီက ဆုကို လက်ခံရရှိပြီးသည်နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူနတ်ဆိုးသခင်ကို ပြန်ပေးဆွဲသွားသည်လား။
ဘာသောက်ကျိုးနည်းတွေဖြစ်နေတာတုန်း!
မိုထင်းနှင့်လဲ့ရွှမ်းတို့ကလည်း မတုံ့ပြန်နိုင်ကြသေး။
ဒုသံတမန်မိုကော အချိန်မီတုံ့ပြန်လာပြီး ဒေါသတကြီးအော်ဟစ်သည်။
"မြို့တစ်မြို့လုံးကို စောင့်ကြပ်ကြ၊ နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်က လူတိုင်း၊ နတ်ဆိုးဘုရင်ပိုင်နက်ကို မပစ်ဖို့လိုတယ်ဆိုရင်တောင် သူတို့ကိုရှာကြ"
တပ်မှူးဟီတဖြစ်လဲ ယခုဒုသံတမန်ဟီက မိုထင်းရှေ့ကိုရောက်လာပြီး မေးသည်။
"အရင်က ဟိုင်မုကို နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ကို ခေါ်လာတာမင်းမလား"
မိုထင်း လေးနက်သည့်အမူအရာဖြင့် ခေါင်းညိတ်သည်။
"ငါမင်းနဲ့နောက်မှ စာရင်းရှင်းမယ်၊ အခု ဟိုင်မုရဲ့ ဝိဉာဉ်အပိုင်းအစကို ထုတ်လိုက်"
ဒီလေ့ကျင့်ရေးစခန်းရှိ ဝိဉာဉ်ခွဲအပိုင်းအစများက မိုထင်းလက်ထဲတွင်ရှိသေးသည်။
မိုထင်း ဟိုင်မု၏ ဝိဉာဉ်အပိုင်းအစကို ထုတ်ယူပြီး ဒုသံတမန်ဟီကိုပေးသည်။ ဒုသံတမန်ဟီ အထဲကနေ တစ်ဘက်လူ၏ တည်နေရာကို ရှာဖွေချင်စဖြင့် ဒီဝိဉာဉ်အပိုင်းအစကို စူးစမ်းရန် သူ့ဝိဉာဉ်ကို တိုက်ရိုက်ပင် သုံးလိုက်၏။
ထိုစဉ် ဒုသံတမန်ဟီ ၀မ်းနည်းဖွယ်ရာ ဟစ်ကြွေးသံတစ်သံကို ထုတ်လွှတ်သည်။ သူ့ဝိဉာဉ်အမျှင်စလေးက တိုက်ရိုက်သက်ရောက်ခံရသည်။ သူသာအချိန်မီ မဆုတ်ခွာပါက ဒုသံတမန်ဟီ၏ ဝိဉာဉ်က ပြန်ပြင်လို့မရနိုင်လောက်သည့် ဒဏ်ရာများကို ရရှိသွားပေလိမ့်မည်။
ဒီမြင်ကွင်းကိုမြင်သောအခါ လူတိုင်း၏ အမူအရာများက မည်းမှောင်သွားကြသည်။ ကြည့်ရသည်မှာ ဟိုင်မုလက်ဆင့်ကမ်းပေးခဲ့သည့် ဝိဉာဉ်အပိုင်းအစကလည်း အတုဖြစ်ပုံရသည်။
ဒီတဒင်္ဂတွင် တစ်ချို့အထက်ပုဂ္ဂိုလ်များမှာ ဟိုင်မု၏ကိုယ်ပိုင်လက္ခဏာကို အနည်းနှင့်အများ မှန်းဆနိုင်လေပြီ။
မိုကောအော်ဟစ်သည်။
"အထက်ကပုဂ္ဂိုလ်တွေ၊ ကြယ်ပိုင်နက်အတားအဆီးကို အသက်သွင်းလိုက်၊ နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးကို ချိပ်ပိတ်ပစ်"
တစ်ချိန်တည်းမှာပင် သူနတ်ဆိုးဘုရင့်ပင်မမြို့သို့ ပျံသန်းသွား၏။
သူစစ်ကူသွားခေါ်တော့မည့်ပုံပင်။
မဟာတပ်မှူး သူ့လက်အောက်ငယ်သားများကို ညွှန်ကြားပြီးနောက် အတိတ်ကို ဖြည်းဖြည်းချင်း ပြန်သတိရလာသည်။
သူအရင်ကဟိုင်မုကို ပေးခဲ့သည့် စမ်းသပ်မှုများထဲက မတူညီကွဲပြားသည့် ပုံမမှန်မှုများကို ယှဉ်ကြည့်သည်။
ဘာလို့သူ့ခွန်အားကိုဖုံးကွယ်ပြီး နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ကို ၀င်လာရတာလဲ၊ ဒါ့အပြင် သူ့စေ့ဆော်မှုတွေက အရမ်းရှင်းနေပုံပဲ!
ရှန်းယင် ဟိုင်မု သူ့ဆီက သတင်းအချက်အလက် ယူဖို့သွားတုန်းက နတ်သခင်တစ်၀က်အဆင့်အစီအရင်ကို သုံးခဲ့တာတောင် ဘာလို့ဟိုင်မုကို မသတ်နိုင်ခဲ့ရတာလဲ!
ဘာလို့ဒီလိုကြောက်စရာကောင်းတဲ့ ခွန်အားက နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်မှာရှိတဲ့ မီကဲအာမိသားစုက လူသုံးယောက်ကို ရင်ဆိုင်တဲ့အချိန် နှစ်ယောက်ကို လွတ်သွားစေရတာလဲ!
ဒီအခိုက်အတန့်၌ အရာတိုင်းကို မှန်းဆနိုင်လေပြီ။
လဲ့ရွှမ်းထိုနေရာတွင်ပင် ကြက်သေသေနေသည်။ ဟိုင်မူက သူအချိန်အတော်ကြာ လေးစားခဲ့သည့် ဒဏ္ဍာရီလာနတ်ဆိုးသခင်လား!
အမြဲလိုလိုစကားများတတ်သည့် ချူမင်လည်း လုံး၀ဆွံအနေသည်။
.....
ဗလာနတ္ထိပုံတူထဲတွင် ကောင်းချီးပေးဂူကျေးရွာက နောက်က တောအုပ်ထဲတွင် မိုဂျီ သူ့ရှေ့က လူအနည်းငယ်ကို ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
"မင်းနတ်ဆိုးဘုရင်ပိုင်နက်ကို တိတ်တိတ်လေးလာပြီး မင်းခွန်အားကိုလည်း ဒီလောက်မြန်မြန် ပြန်ရလာလိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့ဘူး"
ဟိုင်မု ရုပ်ဖျက်ထားတာကို ဖယ်ရှားပြီဖြစ်ကာ ထိန်ချန်မထားဘဲ အော်ရာနှင့် သွေးကြောစွမ်းအားကို ထုတ်လွှတ်လိုက်၏။
သူနှင့်ပင် ယှဉ်၍ရသည့် ဒီအော်ရာကို ခံစားမိသောအခါ မိုဂျီအလွန်အမင်း ထိတ်လန့်သွားသည်။
မကြာသေးခင်က တစ်လနှစ်လအတွင်း ရှောင်ဟိုင်၏နယ်ပယ်က နတ်ဘုရင်နယ်ပယ်သာရှိသေးသည်။
အချိန်တိုတိုလေးပဲရှိသေးတာလေ၊ သူနတ်သခင်နယ်ပယ် တစ်၀က်အဆင့်ကိုတောင် ရောက်နေပြီလား!
ကျင့်ကြံခြင်းကမ္ဘာ၌ တစ်လနှစ်လဟူသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတတ်ပြီး သီးသန့်နေရန်အတွက်ပင် လုံလောက်သော အချိန်ရှိမည်မဟုတ်။
ရှောင်ဟိုင် အသက်ရှူသံများကို မဖြုန်းတီးဘဲ ယင်းအစား အော်ဟစ်လိုက်သည်။
"သော့ဘယ်မှုလဲ"
"သော့" မိုဂျီနှာခေါင်းရှုံ့သည်။
"အိုး၊ မင်းဆိုလိုချင်တာက နတ်ဆိုးအကျဉ်းထောင်ရဲ့ ၁၈ထပ်အတွက် သော့လား၊ မင်းသူတို့နှစ်ယောက်ကို နတ်ဆိုးအကျဉ်းထောင်ထဲ တမင်တကာ ၀င်ခွင့်ပေးခဲ့တာ အံ့ဩစရာမရှိတော့ပါဘူးလေ၊ ဒီတော့ မင်း ၁၈ထပ်ကိုသွားခဲ့လား"
"အမှိုက်တွေဖြတ်လိုက်စမ်း၊ သော့ဘယ်မှာလဲ"
မိုဂျီလက်အစုံကိုဖြန့်လိုက်၏။
"ဒီလိုအရေးကြီးတဲ့အရာတစ်ခုကို ငါနဲ့အတူ သယ်သွားမယ်လို့ မင်းထင်လား"
မုဖူရှန်းတိတ်တဆိတ်ခေါင်းညိတ်သည်။
"ကျွန်တော်လည်းဒီလိုပဲထင်တယ်"
ရှောင်ဟိုင်ရှေ့တစ်လှမ်းတိုးသည်။
"ဒီလိုဆိုမှတော့ ဘယ်မှာလဲဆိုတာ ပြောပါ"
ဒီခြေလှမ်းနှင့်အတူ ကြောက်စရာကောင်းသည့် နတ်ဆိုးချီက ထိုးထွက်လာသည်။ ၎င်းက ရှောင်ဟိုင်ကိုယ်တစ်ဝိုက်တွင် လည်ပတ်ကာ နတ်ဆိုးဘုရင်ချပ်၀တ်က သူ့ကိုယ်ကို လွှမ်းခြုံထားသည်။ သူ့မျက်လုံးများက ပုံမှန်မဟုတ်စွာပင် အေးစက်နေသည်။
မိုဂျီရယ်မောသည်။
"အစ်ကိုကြီး၊ မင်းကအရမ်းနုံအနေတုန်းပဲ၊ ငါမင်းကို ဒီအကြောင်းပြောမယ်ထင်လား"
"ဒါဆိုမင်းသေရမှာကို မကြောက်ဘူးလား" ရှောင်ဟိုင်မျက်လုံးများကို ကျဥ်းလိုက်၏။
"သေရမယ်" မိုဂျီပြုံးရင်းခေါင်းခါယမ်းသည်။
"ငါသေမှာမဟုတ်ဘူး"
"မင်းဒီလိုထင်တာလား"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှောင်ဟိုင် ဒေါသထွက်နေသည့် ခြင်္သေ့တစ်ကောင်ပမာ မိုဂျီထံ မရပ်မနားပြေးသွားသည်။
သူလက်သီးမြှောက်လိုက်စဉ် ထာ၀ရနတ်ဆိုးခန္ဓာ၏ ပုံစံကွက်အဆင်းခုနှစ်ခုက သူ့ကိုယ်ပေါ်၌ တစ်ချိန်တည်းတွင် ပေါ်လာသည်။
ပေါက်ကွဲဖွယ်ရာစွမ်းအားက တောအုပ်တောင်တန်းတစ်ခုလုံးကို တုန်ခါသွားစေသည်။
ကောင်းချီးပေးဂူကျေးရွာသားများပင်လျှင် ရုတ်တရက်ခေါင်းမော့ကာ တောင်နောက်ဘက်သို့ ကြည့်လိုက်ကြ၏။
မိုဂျီအေးစက်စွာ နှာမှုတ်သည်။
"ဒါဆိုအစ်ကိုကြီးရဲ့ခွန်အား ဘယ်လောက်ထိ ပြန်ကောင်းလာသလဲဆိုတာ ကြည့်ကြရအောင်"
ထို့နောက်မိုဂျီကလည်း ရှောင်ဟိုင်ကို လက်သီးတစ်ချက်ထိုးလိုက်၏။
သို့စေကာမူ မိုဂျီ၏လက်သီးက မရေမတွက်နိုင်လောက်သည့် ဦးခေါင်းခွံများနှင့် လက်စားချေချင်နေကြသည့် ဝိဉာဉ်များနှင့် ပြည့်နှက်နေကြသည်။ ၎င်းတို့က သူ့လက်သီးပေါ်၌ ဟစ်ကြွေးနေကြသည်။
လက်သီးမရောက်လာခင်မှာပင် လက်စားချေချင်သည့် ဝိဉာဉ်ဟစ်ကြွေးသော အသံလှိုင်းများက ရှောင်ဟိုင်၏ နားစည်များထဲသို့ ထိုးဖောက်သွားပြီး သူစိတ်ကို သက်ရောက်သည်။
"မင်းကအရင်အတိုင်းရှိသေးတာပဲ၊ အမြဲလိုလို ဒီလိုကလိမ်ကကျစ်နည်းတွေကို ကျင့်ကြံရတာကို ကြိုက်နေတုန်းပဲ" ရှောင်ဟိုင် အေးစက်စွာ နှာခေါင်းရှုံ့သည်။ နတ်ဆိုးဘုရင်သွေးကြော၏ ဖိနှိပ်မှုအောက်တွင် ဒီစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများက အသုံးမ၀င်ပါ။
လက်သီးချက်တစ်ချက်က မိုဂျီ၏ လက်သီးနှင့် တိုက်မိသည်။
မိုဂျီ လက်သီးချက်ဖလှယ်လိုက်သည့် အခိုက်အတန့်တွင် သူ့အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။
မီးတောင်ပေါက်ကွဲသွားသကဲ့သို့ စွမ်းအားက သူ့လက်မောင်းကနေ တစ်ကိုယ်လုံးသို့ ပျံ့လာသည်။
သူ့ကိုယ်ထဲကကြွက်သားအားလုံးက ဒီအားကြောင့် ဆုတ်ဖြဲခံရသည့်အသွင် ဒီလက်သီးချက်က မိုဂျီကို လွင့်စင်သွားစေသည်။
မိုဂျီက နတ်သခင်နယ်ပယ် တစ်၀က်အဆင့်ဖြစ်သော်လည်း သူလက်သီးချက်တစ်ချက်တည်းကိုပင် ခံနိုင်ပုံမရပေ။
ဒါကိုမြင်သောအခါ မုဖူရှန်း အနည်းငယ် မျက်မှောင်ကြုတ်သည်။
ယေဘုယျအားဖြင့်ဆိုရပါက ရှောင်ဟိုင် နယ်ပယ်တူတွင် သူ့ပြိုင်ဘက်ထက် ပိုအားကောင်းရမည်ဖြစ်သော်လည်း မိုဂျီက သာမန်ကျွန်းကျင်သူတစ်ယောက်မဟုတ်။ ထို့နောက် လက်သီးတစ်ချက်တည်းနှင့် မိုဂျီကို လွင့်စင်သွားအောင် လုပ်ရန်ဟူသည် မဖြစ်နိုင်။
ဒီအချိန်တွင် လူတိုင်း မိုဂျီကို ကြည့်လိုက်စဉ် အနည်းငယ်ကြက်သေသေသွားကြ၏။ မိုဂျီ၏ပုံရိပ်က တဖြည်းဖြည်း မှေးမှိန်သွားတာကို သူတို့မြင်ကြသည်။
မုဖူရှန်း၏အမူအရာက မည်းမှောင်သွားပြီး တစ်လုံးချင်း ပြောလိုက်လေသည်။
"ပြင်ပသရုပ်ခန္ဓာ....."
ဒါကအခြေခံအားဖြင့် ကိုယ်ပွားနှင့်မတူပေ။ ကိုယ်ပွားဆိုပါက ကိုယ်ပွား၏အော်ရာနှင့် ခွန်အားကို တစ်ချက်ကြည့်ရုံမျှဖြင့် ဆုံးဖြတ်နိုင်သည်။
တခြားတစ်ဘက်တွင် သရုပ်ခန္ဓာ၌ ပင်မခန္ဓာကဲ့သို့ တူညီသည့်အော်ရာရှိသည်။ ၎င်း၏ခွန်အားက ပင်မခန္ဓာ၏ ၅၀ရာခိုင်နှုန်းသာရှိသော်လည်း အနှီမျက်စိနှင့် မြင်နိုင်ရန်ဟူသည်မဖြစ်နိုင်။
ဒါက နတ်သခင်အဆင့်ကျွမ်းကျင်သူများပင်လျှင် မလုပ်နိုင်သည့်အရာတစ်ခုဖြစ်သည်။ သူတို့အထူးနည်းလမ်းတစ်ချို့ကိုသာ အားကိုးရသည်။
မိုဂျီ၏ကိုယ်က ပိုပို၍ဝေဝါးသွားပြီး ကျယ်လောင်စွာရယ်မောသည်။
"မင်းရှေးဟောင်းစစ်မြေပြင်က ထွက်လာကတည်းက ငါမင်းကိုသတိထားခဲ့တယ်၊ မင်းခွန်အားက မြန်မြန်ဆန်ဆန် တိုးလာမယ်ဆိုတာ ငါသိတာမို့ မင်းငါ့ကို ချဉ်းကပ်ဖို့ နည်းလမ်းတစ်ခု တွေးမယ်ဆိုတာကိုလည်း ငါတွေးမိတာပေါ့၊ ဒီလိုဆိုမှတော့ ငါသရုပ်ခန္ဓာစာလိပ်ကို သုံးရုံပဲလေ၊ ဒါကို လဲလှယ်ဖို့အတွက် ငါတန်ဖိုးကြီးတစ်ခုကို ပေးဆပ်ခဲ့ရတယ်၊ ဒါပေမယ့် အခုကြည့်ရတာကတော့ ဒါကတန်ပါတယ်လေ"
"မစိုးရိမ်ပါနဲ့၊ ငါ့အော်ရာအမျှင်စတစ်ခုက မင်းအပေါ် ရှိပြီးသားပါ" ဒီနေရာတွင် မိုဂျီ ရှောင်ဟိုင်အား စိုက်ကြည့်လိုက်၏။
"အစ်ကိုကြီး၊ ဒီနတ်ဆိုးဘုရင်ပိုင်နက်မှာ မင်းပထမဆုံးအကြိမ် သေသွားခဲ့မှတော့ ဒုတိယအကြိမ်ကိုလည်း ဒီမှာလုပ်ကြတာပေါ့၊ ငါမင်းအတွက် သင်္ချိုင်းကောင်းတစ်ခုရွေးချယ်ပေးမယ်၊ ဒါကိုမင်းရဲ့ မူလရင်းမြစ်ကို ပြန်သွားတာလို့ ယူဆလို့ရပါတယ်"
ထို့နောက် မိုဂျီ၏ပုံရိပ်က လုံး၀ပျောက်ကွယ်သွားလေတော့သည်။
အပိုင်း(1197) coming။