ခင်ဗျားက ကျုပ် ဆွေမျိုး မဟုတ်ဘူး
Vol. 7 Ch. 603
အန်ကယ်ကျုံးကား ဝမ်မိသားစု သခင်ကြီး ဝမ်ကျုံးကော၏ ညာလက်ရုံး ဖြစ်သည်။
သူသည် ဝမ်မိသားစု အတွင်းတွင်ပင် မြင့်မားသော အဆင့်အတန်း တစ်ခုရှိသူ ဖြစ်သည်။ ဝမ်ကဲ့ချင် ကဲ့သို့သော ပုဂ္ဂိုလ် ပင်လျှင် အန်ကယ်ကျုံးကို မလေးမစား မလုပ်ရဲချေ။
"ရန်ကျင်းကို ရောက်ကတည်းက ဖုန်းတော့ ကြိုမဆက်ထားဘူး ... မဟုတ်ရင် အစောကြီး ကတည်းက လာကြိုနေမှာ ... ခုတော့ အကြာကြီး စောင့်လိုက်ရပြီ"
အန်ကယ်ကျုံးက ချန်းဖန်တို့အား အားတုံ့အားနာ တောင်းပန်လိုက်သည်။
ထိုမြင်ကွင်းက လူတိုင်းအား တိတ်ဆိတ် သွားစေ၏။ ဝမ်ချန်းချန်းဆိုလျှင် မယုံကြည် နိုင်မှုကြောင့် သူမ၏ ပါးစပ်ကိုပင် လက်ဖြင့် ပိတ်လိုက်မိသည်။
အန်ကယ်ကျုံး ကဲ့သို့ မောက်မာသော ပုဂ္ဂိုလ်က မည်သည့် အချိန်မှ စ၍ ယခုလောက် အထိ ယဉ်ကျေး သွားရသနည်း။
"အန်ကယ်ကျုံးက သူတို့ကို အရမ်းလေးစားနေပုံ ရတယ် ... ဟိုမိန်းမ တကယ်ပဲ ဝမ်ချန်းချန်းရဲ့ အဒေါ်များလား"
ပရာဒါ လက်ကိုင်အိတ်နှင့် မိန်းကလေးက မျက်မှောင်ကြုတ် လိုက်၏။
ဤပုံစံ အတိုင်း ဆိုပါက အခြေအနေများက ပြောင်းပြန် အနေအထားသို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ဝမ်ရှောက်ယွင်သာ ဝမ်သခင်ကြီး၏ သမီးဖြစ်ပါက ကျောင်းယု အနေဖြင့် လက်စားချေရန် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
ထို့အပြင် ပါးစပ် သရမ်းမိသည့် ပြစ်မှု အတွက် ကျောင်းမိသားစုကပင်လျှင် ကျောင်းယုအား တောင်းပန်ရန် ဖိအားပေးနိုင်ချေ ရှိသည်။
"ဒါပေမဲ့ ဟိုလူငယ်က ဘာလို့ သူက ဝမ်မိသားစုက မဟုတ်ဘူးလို့ ပြောတာလဲ ... သူက တစ်ခုခုကို ဖုံးကွယ်ချင် နေတာလား ... ငါ ကြားရသလောက်ဆို ဝမ်သခင်ကြီးမှာက သမီး တစ်ယောက်ပဲ ရှိတာပါ"
မိတ်ကပ် မလိမ်းသော မိန်းကလေးက ချန်းဖန်အား စိတ်ဝင်တစား ကြည့်ကာ တွေးနေမိသည်။
"အင်း ... သွားမယ်လေ"
ဝမ်ရှောက်ယွင်က ဆိုလိုက်၏။
အန်ကယ်ကျုံး၏ အမည် အရင်းမှာ လီကျုံး ဖြစ်သည်။ လီကျုံးသည် ဝမ်ရှောက်ယွင်အား ငယ်စဉ် ကတည်းက ထိန်းကြောင်းခဲ့သူ ဖြစ်သည်။ ထို့အပြင် အေးစက်စက် မိသားစုများ အကြား၌ ဝမ်ရှောက်ယွင် အပေါ် ကောင်းသည့် တစ်ဦးတည်းသော သူလည်း ဖြစ်၏။
ခဏ အတွင်းမှာပင် အန်ကယ်ကျုံးမှာ လဲကျနေသော ကျောင်းမူအား သတိထားမိလိုက်၏။
"သူက ... ဘာဖြစ်တာလဲ"
"ကျောင်းယုက အန်တီဝမ်ကို ရန်စခဲ့တာကြောင့် ဝမ်းကွဲအစ်ကိုက သူ့ကို သင်ခန်းစာ ပေးလိုက်တာပါ"
ဝမ်ချန်းချန်းက အနည်းငယ် တုန်ရီသော အသံဖြင့် ရှင်းပြလိုက်သည်။
"ဘာ ... "
အန်ကယ်ကျုံး၏ မျက်နှာက ချက်ချင်းပင် တင်းမာသွားကာ ကျောင်းယုအား သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် ကြည့်လိုက်၏။
သူကား ချန်းဖန်၏ အစစ်အမှန် အဆင့်အတန်းကို သိရှိထားသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ ချန်းဖန်၏ ရှေ့၌ သူ၏ မိခင်ကို ရန်စခြင်းက ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခြင်းနှင့် မခြားနားကြောင်း အန်ကယ်ကျုံး ကောင်းစွာ နားလည်သည်။
အန်ကယ်ကျုံး၏ အကြည့်ကို မြင်သည်နှင့် ကျန်းမူ၏ ခန္ဓာကိုယ်မှာ ကြောက်လန့်မှုဖြင့် တဆတ်ဆတ် တုန်ရီလာခဲ့သည်။
"ကျောင်းယုက မဟုတ်တာကို လုပ်ခဲ့တယ် ဆိုပေမဲ့ သူ အခု သင်ခန်းစာ ရနေပါပြီ ... သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ အန်ကယ်ကျုံး"
မိတ်ကပ် မလိမ်းသော မိန်းကလေးက ကြားဝင်ကာ ဖြန်ဖြေလိုက်သည်။
"လုံမလေးရှောင် ... ဒါက ငါကိုင်တွယ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး"
အန်ကယ်ကျုံးက အခက်တွေ့ဟန်ဖြင့် ပြောရင်း ချန်းဖန်အား တစ်ချက် လှမ်းကြည့် လိုက်သည်။
သို့သော်လည်း ချန်းဖန်ကမူ သူတို့အား ဂရုစိုက်ခြင်း မရှိချေ။ ဖန့်ချုံး၊ အန်ရာတို့နှင့်သာ စကား တွတ်ထိုး နေခဲ့သည်။ သူ၏ ပုံစံက အန်ကယ်ကျုံးကို အဖက်မလုပ်သည်မှာ အထင်အရှားပင်။
"သူက ဘယ်သူလဲ ... အန်ကယ်ကျုံးတောင် သူ့ကို ကြောက်နေရပုံ ပေါ်တယ် ... ဝမ်မိသားစုရဲ့ ဝမ်ချန်းတောင် သူလုပ်နေတဲ့ အချိုးမျိုး လုပ်ရဲမှာ မဟုတ်ဘူး"
လူငယ်များက အထိတ်တလန့် တွေးလိုက်မိကြသည်။ မိတ်ကပ် မလိမ်းသော မိန်းကလေးပင်လျှင် ချန်းဖန်အား အံ့အားတကြီး ကြည့်လိုက်မိသည်။
"ရှောင်ဖန် ... သူတို့ကို အညိုးထား မနေနဲ့တော့"
ချန်းကောရှင်းက ဝင်ရောက် ဖျောင်းဖျလိုက်သည်။
"ဟုတ် ... "
ချန်းကောရှင်း၏ စကားကို ကြားသည်နှင့် ချန်းဖန်သာ အသာတကြည်ပင် ခေါင်းညိတ်လက်ခံ လိုက်သည်။ ထို့နောက် သူက ဖန့်ချုံး၏ လက်အား ဆွဲကာ တောင်ပေါ်သို့ စတင်ကာ တက်လိုက်တော့၏။
"ချန်းချန်း ... အဲဒါက တကယ်ကြီး နင့်အန်တီလား ... လီကျုံးတောင် သူ့ကို လေးစားပုံ ရတယ်"
ချန်းဖန်တို့ ပျောက်ကွယ် သွားသည်နှင့် ပရာဒါ လက်ကိုင်အိတ် ပိုင်ရှင် မိန်းကလေးက မေးလိုက်၏။
"ဟုတ်တယ် ... သူက ငါ့အဒေါ် အရင်းဟ ... ဒါပေမဲ့ သူ့အကြောင်းကို ငါသိပ် မသိဘူး ... ငါ လိုက်ကြည့်လိုက်ဦးမယ် ... နောက်ရက်မှ ပြန်ဆုံမယ်နော်"
ဝမ်ချန်းချန်းက အခြားလူများကို နှုတ်ဆက်ပြီး ချန်းဖန်တို့ နောက်သို့ အပြေးကလေး လိုက်သွားတော့သည်။
ဆယ်ကျော်သက် လူငယ်လေးများမှာမူ ထိုနေရာတွင်သာ ရပ်ရင်း တစ်ယောက်ကို တစ်ယောက် ကြည့်နေမိကြ၏။
"ဘယ်လို လုပ်ကြမလဲ ... "
ချမ့်မိသားစု လူငယ်မျိုးဆက်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဘာလုပ်ရမှာလဲ ... သခင်ကြီးဝမ်ကတောင် သူတို့ကို စောင့်နေတယ် တဲ့ ... ဟူတုန်း ကျောင်းမိသားစုက ရန်ကျင်းရဲ့ ဝမ်မိသားစုကို ဘယ်လို ဆန့်ကျင်လို့ ရမှာလဲ"
မိတ်ကပ် မလိမ်းသော မိန်းကလေးက အေးစက်စွာ ဆိုလိုက်၏။
"ရှောင်ယု ... နင့်အဖေကို ဝမ်မိသားစုဆီ တစ်ခေါက်သွားပြီး တောင်းပန်ဖို့ ပြောလိုက် ... လက်စားချေဖို့ ကိစ္စကို လုံးဝ မတွေးနဲ့တော့ ... "
ထိုမိန်းကလေးကား လူငယ်အုပ်စုတည်း၌ အသက် အငယ်ဆုံး ဖြစ်သည်။ သို့သော်လည်း သူမက အခြားလူများကို ခေါင်းဆောင် တစ်ယောက်ကဲ့သို့ အမိန့်ပေးနိုင်ပုံ ရ၏။
"အင်းပါ ... "
ကျောင်းယုက ခေါင်းကို ငုံ့ရင်း တိုးတိတ်စွာ ဆိုလိုက်တော့၏။
ထိုအချိန်၌ ချန်းဖန်တို့ကမူ တောင်ထိပ်ရှိ အိုမင်းသော အဆောက်အဦကြီး တစ်ခု၏ အရှေ့သို့ ရောက်နေခဲ့ကြပြီ ဖြစ်သည်။ ထို အဆောက်အဦကြီးမှာ အနောက်တိုင်း စတိုင် ဆောက်လုပ်ထားပြီး အထပ် သုံးထပ် ပါရှိသည်။
ထိုအရာကား ဝမ်မိသားစု၏ စံအိမ်ကြီးပင် ဖြစ်သည်။
စံအိမ်၏ အဝတွင်မူ အသက်လတ် လူတစ်ယောက် ရပ်ကာ သူတို့အား ကြိုဆိုနေ၏။ သူ၏ ပုံစံက ဝမ်ရှောက်ယွင်နှင့် အတော်လေး တူညီမှု ရှိသည်။
ချန်းဖန်မှာ ထိုလူကြီးကို မြင်သည်နှင့် ချက်ချင်း မှတ်မိလိုက်၏။ သူကား ဝမ်မိသားစု ဒုတိယ မျိုးဆက်၏ ဦးဆောင်သူ တစ်ဖြစ်လည်း ချန်းဖန်၏ ဦးကြီး ဝမ်ကဲ့ချင်ပင် ဖြစ်သည်။
"ရှောက်ယွင် ကောရှင်း ... ရောက်လာကြပြီလား"
ချန်ကဲ့ချင်က ခေါင်းညိတ်ပြရင်း ပြုံးလိုက်သည်။
"အစ်ကို ... "
ဝမ်ရှောက်ယွင်မှာ သူ့အကိုကို မြင်သည်နှင့် မျက်ရည်များ ဝိုင်းလာမိတော့သည်။
ဝမ်ကဲ့ချင်မှာလည်း အချိန်ကြာမြင့်စွာ ကွဲကွာနေသော သူ့ညီမဖြစ်သူကို ကြည့်၍ အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်။ သူက သက်ပြင်း တစ်ချက်ချရင်း ချန်းဖန်တို့အား အထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်သည်။
"အထဲဝင်ခဲ့ ... အဖေ မင်းတို့ကို စောင့်နေတယ်"
ဝမ်ကဲ့ချင်က ပြောရင်း ချန်းကောရှင်းအား တစ်ချက် ကြည့်လိုက်၏။ ရုတ်တရက် သူ၏ မျက်နှာ၌ မနှစ်မြို့သော အမူအရာ တစ်ချို့ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်လည် ကွယ်ပျောက် သွားသည်။
ဝမ်ရှောက်ယွင်ကမူ စိတ်လှုပ်ရှားစွာဖြင့် အခန်း အတွင်းသို့ ခပ်မြန်မြန် ဝင်လာခဲ့သည်။ သူမ ဝမ်မိသားစုသို့ ပြန်မရောက်ခဲ့သည်က ဆယ်စုနှစ် တစ်ခု မကတော့ချေ။
အခန်းအတွင်းတွင်မူ ... အဘိုးအို တစ်ယောက် ထိုင်လျှက် ရှိနေ၏။ သူက လွှမ်းမိုးနိုင်စွမ်း ရှိပြီး ပြတ်သားသော အရှိန်အဝါမျိုးအား ပိုင်ဆိုင်ထားသည်။
အဘိုးအို၏ ဘေးတွင်မူ အဘွားအို တစ်ယောက် ရှိနေပြီး မျက်နှာ အမူအရာ အရ သူမသည် အသက်အရွယ် ကြီးရင့်သည့်တိုင် မောက်မာမှုကို စွန့်လွှတ်နိုင်သေးပုံ မရချေ။
"အဖေ ... "
"အမေ ... "
ဝမ်ရှောက်ယွင်က နှုတ်ဆက် လိုက်သည်။
"အင်း ... "
အဘိုးအိုက ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။
သူ၏ ဘေးရှိ အဘွားအိုကမူ မကျေနပ်ဟန်ဖြင့် တီးတိုး ရေရွတ်လိုက်၏။
"သူတို့ နှစ်ယောက်က ဘယ်လို ပါလာတာလဲ ... လာချင်ရင်လည်း ကိုယ့်ဘာသာ လာတာ မဟုတ်ဘူး"
အဘွားအို၏ စကားက မကျယ်သည့်တိုင် ချန်းဖန်တို့ အားလုံးမှာ သိုင်းပညာရှင်များ ဖြစ်ကြရာ ကောင်းစွာ ကြားလိုက်ရသည်။
ထိုအဘွားအိုကို ကြည့်ရင်း ချန်းဖန်၏ မျက်လုံး၌ အေးစက်မှု အချို့ ဖြတ်ပြေးသွား၏။
ဝမ်မိသားစု တစ်ခုလုံး၌ ချန်းဖန် အပေါ် အဆိုးဆုံးမှာ ထိုအဘွားအို ဖြစ်သည်။
သူမကား ဝမ်ရှောက်ယွင်၏ မိခင် တစ်ဖြစ်လည်း ချန်းဖန်၏ အဘွား ရွှယ်ဟုန်မေ့ ဖြစ်သည်။
ရွှယ်ဟုန်မေ့သည် ချမ်းသာသော မိသားစုကြီး တစ်ခုမှ မွေးဖွားလာသူ ဖြစ်သည်။ ထို့ကြောင့်ပင် မောက်မာမှု၊ အဆင့်အတန်း ခွဲခြားမှုတို့က သူမ၏ အရိုးထိ စွဲထင်နေခြင်း ဖြစ်၏။
ချန်းဖန် ကလေးဘဝက ... ဝမ်ရှောက်ယွင်မှာ ချန်းကောရှင်းနှင့် ချန်းဖန်တို့အား ဝမ်မိသားစုသို့ ခေါ်လာခဲ့သေးသည်။
အဘိုးကြီးဝမ်မှာ စကား တစ်ခွန်းမှ မပြောသော်လည်း ရွှယ်ဟုန်မေ့ကမူ ချန်းကောရှင်းနှင့် ချန်းဖန်တို့အား နှိမ်ချကာ ဆက်ဆံခဲ့သည်။ အခြားသော ဝမ်မိသားစုဝင် များမှာလည်း ထိုနည်း၎င်းပင်။
"ငါမှတ်မိသေးတယ် ... ဝမ်မိသားစုက ကလေးတွေက ငါ့ကို အရင်စပြီး ရန်ဖြစ်ကြတုန်းက ... အဘွားကြီးက ငါ့ကိုပဲ မာန်ပြီး အတင်းအကြပ် တောင်းပန်ခိုင်းတယ် ... အဲဒီ ကိစ္စကြောင့်ပဲ အမေက ဝမ်မိသားစုကို မသွားတော့တာ"
ထိုအရာများကား ကလေးဘဝမှ မှတ်ဉာဏ်များ ဖြစ်သည့်တိုင် ချန်းဖန် မှတ်မိနေဆဲ ဖြစ်သည်။
"ရှောင်ဖန် ... ဘာတွေ တွေးနေတာလဲ ... အဘိုးနဲ့ အဘွားကို ဂါရဝ ပြုလိုက်ဦးလေ"
ဝမ်ရှောက်ယွင်၏ အသံဖြင့် ချန်းဖန်မှာ မှတ်ဉာဏ်များ အတွင်းမှ ပြန်လည် နိုးထ လာခဲ့၏။
သူက ဝမ်ကျုံးကောအား ခေါင်းညိတ်ပြရင်း နှုတ်ဆက်လိုက်သည်။
"ဟိုင်း မစ္စတာဝမ် ... "
ရွှယ်ဟုန်မေ့ကိုမူ ချန်းဖန်က တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။
ထိုမြင်ကွင်းကြောင့် လူတိုင်း၏ မျက်နှာများ၏ ပျက်စီးသွားတော့၏။ အဘွားအိုမှာမူ ဒေါသကြောင့် တစ်ကိုယ်လုံးပင် တဆတ်ဆတ် တုန်နေခဲ့ပြီ ဖြစ်သည်။
ယခုမှ ရောက်ရှိလာသော ဝမ်ချန်းချန်းကား ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေတော့၏။
***