မင်းကိုမင်း ဘာထင်နေတာလဲ
Vol. 7 Ch. 604
နှစ်ငါးရာ ကျင့်ကြံခြင်း ခရီးလမ်းကို ဖြတ်ကျော်ပြီးနောက် ချန်းဖန် အတွက် ဆွေမျိုး သံယောဇဉ်က အရေးမပါတော့ချေ။ မိမိအပေါ် မကောင်းပါက မိဘပင် ဖြစ်ပါစေ စွန့်ပယ်မည် ဖြစ်သည်။
ချန်းဖန် အနေဖြင့် ချန်းကောရှင်း၊ အန်ရာ၊ ဝမ်ရှောက်ယွင်၊ ဖန့်ချုံးတို့ အပေါ် သံယောဇဉ် ရှိခြင်းမှာ ထိုသူများကလည်း သူ့အား အမြဲတမ်း ချစ်ခင် ကြင်နာသောကြောင့် ဖြစ်သည်။
အတိတ်ဘဝ၌ ဝမ်မိသားက သူ့အပေါ် အေးစက်မှု၊ အထင်သေးမှု တို့ဖြင့်သာ ဆက်ဆံခဲ့သည်။ ထိုအရာများအား ယနေ့အထိ ချန်းဖန် မမေ့သေးချေ။ သူ၏ မိခင် ဝမ်ရှောက်ယွင်ကြောင့် မဟုတ်လျှင် ဝမ်ကျုံးကောအား "မစ္စတာဝမ်" ဟုပင် ချန်းဖန် ခေါ်မည် မဟုတ်ချေ။
"ရှောင်ဖန် ... မင်းရဲ့ အပြုအမူတွေက ဘယ်လိုကြီးလဲ ... သူတို့က မင်းရဲ့ အဘိုးနဲ့ အဘွားနော်"
ဝမ်ကဲ့ချင်က မျက်မှောက်ကြုတ်ရင်း ဆိုလိုက်၏။
"ခင်ဗျားက ... ဘယ်သူလဲ"
ချန်းဖန်က သူ့အား စူးစိုက် ကြည့်လိုက်သည်။
ချန်းဖန်၏ မေးခွန်းကြောင့် ဝမ်ကဲ့ချင်၏ မျက်နှာက အနည်းငယ် ဒေါသရိပ် သန်းသွားခဲ့သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က သူတို့ နှစ်ဦး ဆယ်ကြိမ် မက ဆုံခဲ့ဖူး၏။ ချန်းဖန် အနေဖြင့် သူ့အား မမှတ်မိခြင်းက ဖြစ်နိုင်ဖွယ်ရာ မရှိချေ။
"ငါက မင်းရဲ့ ဦးကြီး ... ဝမ်ကဲ့ချင်ပါ"
ဝမ်ကဲ့ချင်က ဒေါသများကို ကြိတ်မှိတ်မျိုချရင်း ဆိုလိုက်၏။
"ဦးကြီး ဟုတ်လား ... ခင်ဗျားက ကိုယ့်ကိုယ်ကို ဘာထင်နေတာလဲ"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း ဆိုဖာပေါ်၌ ထိုင်နေသည့် ဝမ်ကျုံးကောဘက်သို့ ပြန်လှည့် လိုက်၏။
ချန်းဖန်၏ အပြုအမူက အလွန် ရိုင်းစိုင်းနေသည့်တိုင် ဝမ်ကျုံးကောမှာ စကား တစ်ခွန်းမှ ဝင်မပြောခဲ့ချေ။ ထိုအဘိုးအိုက ဘာမှ မဖြစ်ခဲ့သလိုပင် တည်ငြိမ်နေ၏။
ထိုအဘိုးအို မည်သည့် အစီအစဉ်များ ဆွဲနေကြောင်း ချန်းဖန်ပင်လျှင် မခန့်မှန်းနိုင်ချေ။
"ညီမလေး ... ဒါက နင့်သားကို နင်သင်ထားတဲ့ ပုံစံလား"
ဝမ်ကဲ့ချင်က ဝမ်ရှောက်ယွင်ကို လှမ်းကာ မေးလိုက်သည်။
ဝမ်ရှောက်ယွင်၏ မျက်နှာက အနည်းငယ် နီရဲသွား၏။ သို့သော်လည်း သူမ အနေဖြင့် မိခင်ဖြစ်သူ၏ သဘောထားကို ကျေနပ်ခြင်း မရှိရာ ချန်းဖန်အား မတားတော့ချေ။
"အားလုံး တော်လောက်ပြီ ... "
ဝမ်ကျုံးကောက သူ့လက်ထဲရှိ တောင်ဝှေးနှင့် ကြမ်းပြင်အား ဆောင့်ချရင်း အော်လိုက်၏။
"ရှောက်ယွင် ပြန်ရောက်လာပြီ ဆိုတော့ ခုည အိမ်မှာ မိသားစု ဒင်နာပွဲ လုပ်ကြမယ် ... ကဲ့ချင် ... မင်းညီအစ်ကိုတွေကို ခုည လာခဲ့ဖို့ ပြောလိုက် ... ငါတို့ မိသားစု မဆုံရတာ အရမ်းကို ကြာပြီ"
"ဟုတ်ကဲ့ ... အဖေ"
ဝမ်ကဲ့ချင်က ခေါင်းညိတ်လိုက်၏။ သူက ချန်းဖန်ကို မကျေနပ်သော်လည်း ဝမ်ကျုံးကော၏ အမိန့်ကိုမူ မလွန်ဆန်ရဲချေ။
ဝမ်ချန်းချန်း တစ်ယောက်မှာမူ အခန်းထောင့် တစ်နေရာမှ နေ၍ ထိုမြင်ကွင်းအား မျက်လုံး အဝိုင်းသားဖြင့် ကြည့်နေမိသည်။ သူမ အနေဖြင့် ချန်းဖန်က ထိုမျှ မောက်မာလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။
ထိုဝမ်းကွဲ အကိုက ဝမ်ကဲ့ချင်ကို နှိမ့်ချပြီး ဝမ်ကျုံးကောကို မလေးမစား လုပ်ခဲ့သည့်တိုင် မည်သူမျှ အပြစ် မဆိုရဲကြချေ။ ထိုကဲ့သို့ အဖြစ်အပျက် တစ်ခု ဝမ်မိသားစု အတွင်း ဖြစ်ပျက်ခဲ့သည် ဟု ဆိုပါက မည်သူမျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။
"သူက ... ဘယ်လို အဆင့်အတန်းမျိုး ရှိနေတာလဲ"
ဝမ်ချန်းချန်းမှာ ချန်းဖန်အား စိတ်ဝင်တစား ကြည့်နေမိတော့သည်။
***
ဝမ်ကျုံးကော၌ သားလေးယောက်နှင့် သမီး နှစ်ယောက် ရှိ၏။
အကြီးဆုံးက ဝမ်ကဲ့ချင် ဖြစ်ပြီး သူ၏ အောက်၌ ဝမ်ကဲ့ရှန်း၊ ဝမ်ရှောက်လိန်၊ ဝမ်ကဲ့ဖန်း၊ ဝမ်ရှောက်ယွင်နှင့် ဝမ်ကဲ့တုန်းတို့ ရှိသည်။ ဝမ်ရှောက်ယွင်သည် မောင်နှမများထဲ၌ ဒုတိယမြောက် အသက် အငယ်ဆုံးဖြစ်ပြီး ဝမ်ကဲ့တုန်းထက် အနည်းငယ်သာ ကြီး၏။
ညနေခင်း အချိန်သို့ ရောက်သည်နှင့် ဝမ်ကျုံးကော၏ မျိုးဆက်များမှာ ဝမ်မိသားစု စံအိမ်သို့ စုစည်း ရောက်ရှိ လာကြ၏။
ဝမ်မျိုးဆက်များသည် စားပွဲ တစ်ခု၌ ထိုင်နေသော ဝမ်ရှောက်ယွင်နှင့် ချန်းဖန်တို့အား မြင်သော်လည်း အံ့အားသင့်ပုံ မရချေ။ သူတို့သည် ချန်းဖန်တို့ ရောက်နေကြောင်းအား ကြိုတင် သိရှိထားပုံ ပေါ်သည်။ သို့သော်လည်း ချန်းဖန်အား ကြည့်သည့် သူတို့၏ အကြည့်များက ကြောက်လန့်မှုများ ယှက်သန်း နေခဲ့သည်။
ဝမ်မိသားစု၌ တင်းကြပ်သော မိသားစု စည်းကမ်းများ ရှိ၏။ ထို့ကြောင့် အဆင့်နိမ့် မျိုးဆက်များမှာ သူတို့၏ နာမည်ကို မခေါ်မချင်း အဓိက ခန်းမ အတွင်း ဝင်ခွင့် မရှိချေ။ ပြတင်းပေါက်များမှ တစ်ဆင့်သာ လှမ်းကြည့်နိုင်၏။
"အဲဒါက ... အန်တီ ဝမ်ရှောက်ယွင်လား"
"ဒါဆို သူ့ဘေးက လူငယ်လေးက ချန်းဖန် ပေါ့ ... သူက ချောသားပဲ ... နောက်ပြီး သူ့ဘေးနားမှာ ရှိနေတဲ့ ကောင်မလေး နှစ်ယောက်ကလည်း တော်တော်ကို လှတာပဲ ... သူတို့က ငါ့ရည်းစားထက် အပုံကြီး သာတယ်"
"တိုးတိုးပြောကွ ... အန်တီဝမ်ရဲ့ မိသားစုက အရမ်း အင်အားကြီးတယ်တဲ့ ... အစ်ကို ဝမ်ချန်းတောင် သူတို့ကို ကြောက်ရတယ်"
အပြင်ဘက်၌ ရှိနေသည့် မိသားစုခွဲများက လူများနှင့် တတိယမျိုးဆက် လူငယ်များမှာ အသည်းအသန် ဆွေးနွေး နေခဲ့ကြသည်။ သို့သော်လည်း သူတို့သည် ဝမ်ရှောက်ယွင်၏ အကြောင်းအား သိပ်မသိကြချေ။ ဝမ်မိသားစု၏ စီနီယာများနှင့် ဝမ်ချန်း ကဲ့သို့သော အဓိက လူများသာလျှင် ချန်းဖန်နှင့် ဝမ်ရှောက်ယွင်၏ အဆင့်အတန်း အမှန်ကို သိရှိထားကြသည်။
"သူက ချန်းဖန်ပေါ့ ... "
ဝမ်ဟောင်က မျက်မှောင်ကြုတ်လိုက်၏။
သူကား ဝမ်ရှောက်ယွင်၏ ဒုတိယ အကိုကြီး ဝမ်ကဲ့ရှန်း၏ သားဖြစ်သည်။
"ဟဟ ... ဟုတ်တာပေါ့ ... သူက ရန်ကျင်းကို စရောက်ရောက်ချင်း ကျောင်းယုကို ရိုက်နှက်ခဲ့တယ် ... နောက်ပြီး အဘိုးနဲ့ အဘွားကို မလေးမစား ဆက်ဆံတယ်တဲ့ ... နောက်ဆုံး ဦးလေး ဝမ်ကဲ့ချင်ကိုတောင် သူ့ ဦးလေးဖြစ်ထို့ မထိုက်တန်ဘူးလို့ ပြောခဲ့တာတဲ့လေ"
ဝမ်ဟောင်၏ အစ်ကို ဝမ်ဖန်က ဆိုလိုက်၏။
တတိယ ဦးလေး၏ သား ဝမ်ဟူက သက်ပြင်းချရင်း စကားဝိုင်း အတွင်း ဝင်ရောက်လိုက်၏။
"ဘာပဲဖြစ်ဖြစ် ... သူက မဟာ အင်အားကြီးချန်း ဆိုတာ မမေ့နဲ့ဦး ... ငါ ကြားရသလောက်ဆို ဥရောပက အကြီးအကဲတွေတောင် သူ့ကို မလေးမစား မလုပ်ရဲဘူး တဲ့ကွ"
"အင်းပေါ့လေ ... "
လူငယ်များက ခေါင်းညိတ်ရင်း သူတို့၏ ဘေးစားပွဲဝိုင်း၌ ထိုင်နေသော စုံတွဲအား ကြည့်လိုက်သည်။
ဝမ်ချန်း...။
သူကား ဝမ်ကဲ့ချင်၏ သားတစ်ဖြစ်လည်း ဝမ်မိသားစု၏ အထူးချွန်ဆုံး လူငယ် ဖြစ်သည်။ ရန်ကျင်းမြို့ အသိုင်းအဝိုင်းတွင်ပင် သူ့အား အထူးချွန်ဆုံး လူငယ်များထဲမှ တစ်ယောက်ဟု သတ်မှတ် ထားကြ၏။
သူ၏ ဘေးရှိ ဆံပင်တို မိန်းကလေးမှာမူ သူ၏ သတို့သမီးလောင်း ဟန်ကျန်းလီ ဖြစ်သည်။ သူမက ရန်ကျင်း ဟန်မိသားစုမှ ဖြစ်ကာ ဟန်ကျန်းတု၊ ဟန်ဟုန်ကုံတို့၏ အမလည်း ဖြစ်သည်။
"ဥရောပနဲ့ သူ စစ်ဖြစ်ခဲ့တယ် ဆိုတာက တကယ်ရော ဟုတ်ရဲ့လား ... ကောလာဟလလည်း ဖြစ်နိုင်တာပဲလေ"
ဟန်ကျန်းလီ၏ မျက်လုံးများက မုန်းတီးမှုဖြင့် ပြည့်နှက်နေ၏။ ဟန်ဟုန်ကုံ၏ အစ်မ တစ်ယောက် အနေဖြင့် ချန်းဖန်၏ ရက်စက်မှု အပေါ် သူမ မမေ့နိုင်သေးချေ။
"အဲဒါ တကယ်ဟုတ် မဟုတ်က အရေး မကြီးပါဘူး ... ဒါပေမဲ့ သူက ရန်ကျင်းရဲ့ အဓိက မိသားစု ခေါင်းဆောင်တွေ ထက်တောင် ပိုလွှမ်းမိုးနိုင်တာကတော့ အမှန် တရားပဲ ... ငါတို့ အဘိုးတွေတောင် သူနဲ့ စကားပြောရင် လေးစားမှုကို ပြရတယ်"
ဝမ်ချန်းက တည်ငြိမ်စွာ ဆိုလိုက်၏။
ချန်းဖန်၏ အသေးစိတ် အချက်အလက်များကို နိုင်ငံတကာ လျှို့ဝှက် ထောက်လှမ်းရေး ဌာနများနှင့် မြေအောက် အဖွဲ့အစည်းများသာ သိရှိကြသည်။
အမေရိကန်က သတင်းရင်းမြစ်ကို ပိတ်ဆို့ထားရာ အမေရိကန်နှင့် ချန်းဖန်တို့ အကြားမှ တင်းမာမှုများက သတင်းအဖြစ် ပျံ့နှံ့ခဲ့ခြင်း မရှိပေ။
ဝမ်မိသားစု ကဲ့သို့သော မိသားစုကြီးများ ပင်လျှင် ချန်းဖန်၏ တရုတ်၊ ဂျပန်၊ ရုရှားတို့၌ ပြုလုပ်ခဲ့သော လုပ်ရပ်များကိုသာ သိရှိထားသည်။ သို့သော်လည်း ထိုအရာကပင်လျှင် သူတို့အား တုန်လှုပ်ရန် လုံလောက် နေပြီ ဖြစ်သည်။
မကြာခင်မှာပင် ဝမ်ကဲ့ဖန်က ဝမ်ချန်းနှင့် လူငယ် အချို့ကို အဓိက ခန်းမအတွင်း ဝင်ရောက်ရန် ခေါ်လိုက်သည်။
ဝမ်ချန်းသည် ခန်းမ အတွင်းဝင်သည်နှင့် မြင်တွေ့ရသော မြင်ကွင်းကြောင့် မျက်မှောင်ကြုတ် လိုက်မိ၏။
ချန်းဖန်၊ ဖန့်ချုံးနှင့် အန်ရာတို့သည် အခြားလူများကို ကျောပေးကာ ပြတင်းပေါက် နံဘေး၌ ရပ်၍ အပြင် ရှုခင်းများကိုသာ ကြည့်ရှုနေ၏။ သူတို့၏ ပုံစံက ဝမ်မိသားစုကို လုံးဝ လျစ်လျူထားပုံပင်။
သူတို့ ကဲ့သို့ပင် ဝမ်ရှောက်ယွင်နှင့် ချန်းကောရှင်းတို့မှာလည်း စားပွဲဝိုင်း တစ်ခု၌ သီးခြားစွာ ထိုင်နေခဲ့သည်။ အခြား မိသားစုဝင်များနှင့် ဖက်လှဲတကင်း နေခြင်းမျိုး မရှိချေ။
"ရှောင်ချန်း ... မင်း အဒေါ်မိသားစုက အဝေးက လာရတာ ... သူတို့ကို ခြံဝင်း နံပါတ် (၅) မှာ အနားယူဖို့ စီစဉ်ပေးလိုက်ပါဦး"
ဝမ်ကဲ့ချင်က ဆိုလိုက်သည်။
"ဟုတ်ကဲ့ ... အဖေ"
ဝမ်ချန်းက ခေါင်းညိတ်သည်။
ဒင်နာပွဲ ပြီးသည်နှင့် ဝမ်ချန်းက ချန်းဖန်တို့အား အနားယူရမည့် နေရာသို့ လိုက်လံ ပို့ဆောင်၏။
ချန်းဖန်တို့ ပျောက်ကွယ်သွားသည်နှင့် ဝမ်ကဲ့ဖန်က စားပွဲကို ဒေါသတကြီး ရိုက်လိုက်သည်။
"သူက သူ့ကိုယ်သူ ဘာထင်နေတာလဲ ... သူက ငါတို့လို ဦးလေးတွေ မပြောနဲ့ ... အဖေနဲ့ အမေကိုတောင် လုံးဝ နှုတ်ဆက် မသွားဘူး ... တကယ့်ကို ရိုင်းစိုင်းတဲ့ ကောင်ပဲ ... ဝမ်ရှောက်ယွင်က သူ့ကို ဘယ်လိုများ သွန်သင် ထားတာလဲ"
"ဟုတ်တယ် ... သူက သူ့ကိုယ်သူ နိုင်ငံတော် သမ္မတများ ထင်နေတာလား"
ဝမ်ကဲ့ရှန်ကလည်း ဒေါသတကြီး ဆိုသည်။
ဝမ်ကျုံးကော၏ မျက်နှာမှာလည်း ပြိုတော့မည့် မိုးကဲ့သို့ မည်းမှောင် နေ၏။ သို့သော်လည်း သူက စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ချေ။
"အဘိုးကြီး ... ဒီကိစ္စကို ရှင်ရအောင် ရှင်း ... သူက အရမ်း မောက်မာလွန်းတယ် ... ကဲ့ချင်ကိုတောင် သူ့ဦးလေး ဖြစ်ဖို့ အဆင့် မမှီဘူး ဆိုပဲ"
ရွှယ်ဟုန်မေ့မှာ ဒေါသကြောင့် နှုတ်ခမ်းများပင် တုန်တုန်ရီရီ ဖြစ်လာခဲ့သည်။
"ဝမ်ချန်း ... မင်း ဘယ်လို ထင်လဲ"
အတန်ကြာပြီးနောက် ဝမ်ကျုံးကောက သက်ပြင်း တစ်ချက်ချ၍ ဖြည်းညင်းစွာ မေးလိုက်သည်။
"အဘိုး ... အဘိုးရဲ့ သဘောထားကို ကျွန်တော် နားလည်ပါတယ် ... ဒါပေမဲ့ အန်တီဝမ်တို့ မိသားစုက အရှက်မဲ့လွန်းတယ် ... သူတို့က ကျွန်တော်တို့ မိသားစု ပြဿနာတွေ ဖြေရှင်းဖို့ အရေးပါတယ် ဆိုပေမဲ့လည်း ... ကျွန်ဝောာ်တို့ ဘာသာ ကြိုးစား ဖြေရှင်းမယ် ဆိုလည်း ဖြစ်နိုင်ပါတယ် ... နောက်ပြီး ဝမ်မိသားစုက ရန်ကျင်းရဲ့ ထိပ်တန်း မိသားစုကြီး ဖြစ်နေတုန်းပဲလေ ... ဘာလို့ သူတို့ အပေါ်မှာ မှီခိုရမှာလဲ"
ဝမ်ချန်း၏ စကားကို အခြားလူများကလည်း သဘောတူညီဟန် ခေါင်းညိတ်လိုက်၏။
"ဒါပေမဲ့ ... မင်းတို့ မသိသေးတဲ့ သူ့အကြောင်း သတင်းအချို့ ရှိနေသေးတယ် ... "
ဝမ်ကျုံးကောက မျက်လုံးများကို ခဏမျှ မှိတ်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ စကား ဆက်လိုက်၏။
"လွန်ခဲ့တဲ့ နှစ်ပတ်က ... သူက အမေရိကန်ကို နောက်ဆုတ်ဖို့ ဖိအားပေးနိုင်ခဲ့တယ် တဲ့"
ထိုစကားက လူတိုင်းအား တိတ်ဆိတ် သွားစေ၏။ ဝမ်ချန်းပင်လျှင် မယုံကြည် နိုင်မှုကြောင့် ပါးစပ် အဟောင်းသား ဖြစ်နေမိတော့သည်။
***