← Chapters

ဝမ်မိသားစု၏ အံ့အားသင့်မှု

Vol. 7 Ch. 605

ဝမ်မိသားစု၏ အံ့အားသင့်မှု

Vol. 7 Ch. 605

"အမေရိကန် ... "

ထိုနာမည်က အခန်းတစ်ခုလုံးကို တိတ်ဆိတ်ခြင်း အစီအရင် တစ်ခု ခင်းလိုက်သည့် အလား ငြိမ်ကျ သွားစေ၏။

ဝမ်မိသားစုသည် အမှောင်ကမ္ဘာမှ မဟုတ်ရာ လင်းရှု့မင်၊ ဒမွန်၊ အမှောင်ခုံရုံး စသည်တို့အား အထင်ကြီးချင်မှ ကြီးပေလိမ့်မည်။ သို့သော်လည်း အမေရိကန်မှာမူ ခြားနားသော အရာ ဖြစ်သည်။

အမေရိကန်သည် ကမ္ဘာ၏ အင်အား အကြီးဆုံး နိုင်ငံ ဖြစ်သည်။ ကမ္ဘာ၏ အုပ်စိုးသူ ဖြစ်သည်။ ကမ္ဘာ၏ အရှင်သခင် ဖြစ်သည်။

ထို့ကြောင့်ပင် ချန်းဖန် အမေရိကန်ကို နောက်ဆုတ် စေခဲ့သည် ဆိုသော သတင်းအား မည်သူမျှ မယုံကြည်နိုင်ကြချေ။

"မဖြစ်နိုင်ဘူး ထင်တယ်နော် အဘိုး ...  အမေရိကန်က လူတစ်ဦး တစ်ယောက်ကို ဘာကြောင့် ဦးညွတ်ရမှာလဲ"

ဝမ်ချန်းက ခေါင်းကို ခါရင်း ဆိုလိုက်သည်။

အခြားသော သူများမှာမူ မယုံကြည် နိုင်မှုကြောင့် တည်ငြိမ်မှု မရပဲ ဆွံ့အ နေကြဆဲ ဖြစ်၏။ အဘွားကြီးပင်လျှင် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့သည်။

သူမကား အသက် ရှစ်ဆယ်ကျော် နေထိုင်ခဲ့ပြီး များစွာသော အဖြစ်အပျက်များကို ကြားမြင်ခဲ့ဖူးသူ ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့ အဖြစ်မျိုးကိုမူ မကြားဖူးချေ။ ထိုအရာက လုံးဝ အဓိပ္ပာယ် မရှိပေ။

"အဘိုး ...  အဲဒီ ကိစ္စကို အဘိုး ဘယ်လို သိတာလဲ"

ဝမ်ချန်းက လေးနက်စွာ မေးလိုက်သည်။

"တရုတ် အထူးဌာနက ဒါရိုက်တာရှောင် ကိုယ်တိုင် ငါ့ကို ပြောပြတာ ... "

ဝမ်ကျိုးကောက ဖြည်းညင်းစွာ အဖြေပေးလိုက်သည်။

"ဒါရိုက်တာရှောင် ... "

ထိုနာမည်ကို ကြားသည်နှင့် ဝမ်ကဲ့ချင်၏ မျက်နှာက လေးနက်သွားသည်။

အထူးဌာနသည် တရုတ် အုပ်ချုပ်ရေး ယန္တရား၌ အထူးနေရာမှ ပါဝင်နေသော ဌာန တစ်ခု ဖြစ်ပြီး ထိုဌာန၏ ဒါရိုက်တာ ရှောင်သည်လည်း ရန်ကျင်း၌ အာဏာ အရှိဆုံး ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။ ဒါရိုက်တာရှောင် ပြောသော စကားကို မည်သူမျှ မေးခွန်းထုတ်ဝံ့မည် မဟုတ်ပေ။

"ဒါဆို အမေရိကန်ဝောာင် ...  သူ့ကို တိုက်ခိုက်ဖို့ လက်လျှော့ လိုက်ရတယ် ဆိုတာ တကယ်ပဲပေါ့"

ဝမ်ကဲ့ချင်နှင့် အခြားလူများက တစ်ယောက်ကို တစ်ယောက် ကြောက်ရွံ့စွာ ကြည့်လိုက်မိကြသည်။

ဤသို့ဆိုလျှင် ချန်းဖန်၏ လွှမ်းမိုးမှုက မဟာ အင်အားကြီး နိုင်ငံ ခေါင်းဆောင်များနှင့်ပင် နှိုင်းယှဉ်နေနိုင်ပြီ ဖြစ်သည်။ ထိုကဲ့သို့သော ဖြစ်တည်မှုနှင့် နှိုင်းယှဉ်ပါက ဝမ်မိသားစု ပင်လျှင် သေးငယ် သွားပေလိမ့်မည်။

"ဒါကြောင့်မလို့ ...  ခု အခြေအနေမှာ ချန်းဖန်ကို ဘယ်သူမှ သွားစလို့ မရဘူး ...  မင်းတို့ သူ့ကို ကောင်းကောင်း ဆက်ဆံရမယ်"

အဘိုးကြီးဝမ်က လေးနက်စွာ မှာကြားလိုက်၏။

"ဟုတ်ကဲ့ပါ ... "

ဝမ်ကဲ့ချင်နှင့် အခြားလူများက ခေါင်းညိတ် လိုက်ကြသည်။ သို့သော်လည်း သူတို့၏ ရှုံ့မဲ့နေသော မျက်နှာများက ထိုကိစ္စကို သဘော မတူကြောင်း သစ္စာဖောက်နေခဲ့၏။

သူတို့ကား တရုတ်၏ အချမ်းသာဆုံး ဝမ်မိသားစု၌ မွေးဖွားလာကြသူများ ဖြစ်ရာ မောက်မာမှုက သူတို့၏ ပင်ကိုယ် စရိုက် ဖြစ်သည်။ ချန်းဖန်အား မျက်နှာချို သွေးကာ ဆက်ဆံရမည် ဆိုခြင်းက သူတို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

"ဟမ့် ...  ငါကရော ချန်းဖန်ကို အောက်ကျ ခံချင်မယ်လို့ မင်းတို့ ထင်နေကြတယ် မလား ...  မင်းတို့ အထဲက တစ်ယောက်လောက်သာ သူ့ရဲ့ တစ်ဝက်လောက် အစွမ်းရှိရင် ငါ ဒါတွေကို လုပ်နေရမှာတောင် မဟုတ်ဘူး"

အဘိုးအိုက ရှုံ့မဲ့နေသော မျက်နှာများကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။

"ငါတို့ ဝမ်မိသားစုက ကျဆင်းနေပြီ ...  ငါသေတာနဲ့ ရှောင်မိသားစု လီမိသားစု ချင်မိသားစုတွေက မင်းတို့ကို တပြေးညီ ဆက်ဆံဦးမယ်လို့ ထင်နေတာလား ...  ငါ တစ်သက်လုံး ကြိုးစား တည်ဆောက်ထား သမျှ အရာအားလုံးက မင်းတို့ လက်ထဲ ရောက်တာနဲ့ တဖြည်းဖြည်း ပြိုကျ နေပြီ ...  မင်းတို့ အသုံးကျတာ ဘာရှိသလဲ"

အဘိုးအိုက ဒေါသတကြီး ဆိုပြီးနောက် စိတ်လျှော့ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

ဝမ်ဒုတိယ မျိုးဆက်၌ ဝမ်ကျုံးကော၏ ခြေရာကို နင်းကာ မိသားစုအား ဦးဆောင်နိုင်သူ တစ်ယောက်မှ မရှိခဲ့ချေ။ တတိယ မျိုးဆက်မှ ဝမ်ချန်းမှာ အလွန် ထူးချွန်သူ ဟု ဆိုနိုင်သည့်တိုင် သူ၏ အဘိုး ဝမ်ကျုံးကော၏ အတွေ့အကြုံ၊ တာဝန်ယူနိုင်မှုကို ယှဉ်နိုင်ရန် အတွက် နှစ်နှစ်ဆယ်ခန့် ကြိုးစား ရဦးမည် ဖြစ်သည်။

အဘိုးအို၏ ဆူပူမှုကြောင့် ဝမ်ကဲ့ချင်နှင့် ဝမ်ကဲ့ဖန်တို့မှာ ခေါင်းကို ငုံ့နေမိတော့သည်။ ဖခင် ဖြစ်သူ၏ အထင်သေးခြင်းက သူတို့အား အလွန်ပင် ရှက်ရွံ့စေသည်။

ဆိုးရွားသော အခြေအနေကို မြင်သည်နှင့် အဘွားအို ရွှယ်ဟုန်မေ့က ဝင်ရောက် ထိန်းသိမ်းရန် ကြိုစားလိုက်၏။

"ကဲ့ချင်နဲ့ ကဲ့ဖန် တို့က တကယ် တော်တဲ့ ကောင်လေးတွေပါ ...  နောက်ပြီး အခုလည်း ရှင့်ကျန်းမာရေးက ကောင်းသေးတာပဲ ...  ဘာလို့ အဲဒီ ခွေးကောင်ကို အားကိုး ချင်နေရတာလဲ ...  သူ့အချိုးကို ကျွန်မ လုံးဝ ကြည့်မရဘူး"

"ဟုတ်တယ် ...  အဘိုး"

ဝမ်ဟိုနှင့် ဝမ်ဖန်တို့က ခေါင်းညိတ် ထောက်ခံ လိုက်ကြ၏။ ဝမ်ချန်းမှာ တိတ်ဆိတ် နေသည့်တိုင် သူ၏ မျက်လုံး၌ အလင်းရောင် တစ်ချို့ ဖြတ်ပြေးနေခဲ့သည်။

"ကောင်းပြီ ကောင်းပြီ ...  ငါ အတွေး လွန်နေတာလည်း ဖြစ်နိုင်ပါတယ်လေ"

ဝမ်ကျုံးကောက သူ၏ ခေါင်းအား ခါယမ်းလိုက်၏။

သူကား ပါးနပ်ပြီး ရှေ့ရေးကို ကြိုတွေးတတ်သည့် လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သေချာသည့် အရာ တစ်ခုကို ကြိုတင် ပြင်ဆင်လို နေခြင်းပင်။

အကယ်၍ ချန်းဖန်၏ ထောက်ခံမှုကိုသာ ရယူ နိုင်ပါက ဝမ်မိသားစု၏ နာမည်မှာ နှစ်ရာချီ တိုင်အောင် အထွတ်အထိပ်၌ ရပ်တည် နိုင်လိမ့်မည် ဖြစ်သည်။ ထိုအရာက ဝမ်ကျုံးကော မျှော်လင့်နေသော တွက်ချက်မှုလည်း ဖြစ်သည်။

"ရှောင်ချန်း ...  ချင်မိသားစုနဲ့ ပြောထားတဲ့ ကိစ္စ ဘယ်လိုလဲ"

ဝမ်ကျုံးကောက မေးလိုက်သည်။

ဝမ်ချန်းက တစ်ခဏမျှ စဉ်းစားပြီးနောက် အဖြေပေးလိုက်၏။

"အဘိုးကြီးချင်က ကျွန်ဝောာ်တို့ ပြောတာကို လက်ခံပါတယ် ...  ဒါပေမဲ့ ချင်မိသားစုထဲမှာ သဘောမတူတဲ့ လူတွေ ရှိနေတယ် ...  အထူး သဖြင့် ချင်ယန်နာပေါ့"

"ချင်ယန်နာလား ...  ကိစ္စ မရှိဘူး ...  သူ့မှာ ဘာမှ ပြောပိုင်ခွင့် မရှိဘူး"

အဘိုးအိုဝမ်က ခေါင်းခါလိုက်၏။

ချင်ယန်နာမှာ လှပပြီး အောင်မြင်သည့် ကောင်မလေး ဖြစ်သည့်တိုင် ချင်မိသားစု၏ တန်ဖိုး အထားရဆုံး ရတနာလေး ဖြစ်သည်။ ထို့ကြောင့် သူမ၏ ပုဂ္ဂိုလ်ရေး ခံစားမှုများက ဤလက်ထပ်ပွဲကို တစ်စုံတစ်ရာ ထိခိုက်စေမည် မဟုတ်ချေ။

"ဒါနဲ့ အဘိုး ...  ဒီလို ဆုံးဖြတ်လိုက်တာက ရှောင်မိသားစုနဲ့ ကျွန်တော်တို့ ထိပ်တိုက် မတွေးနိုင်ဘူးလား ...  ရှောင်မိသားစုရဲ့ ဆက်ခံသူက အဲဒီ ကောင်မလေးကို ချစ်နေတာ အဘိုးလည်း သိတာပဲ"

ဝမ်ချန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

"အဲဒီတော့ ဘာဖြစ်လဲ ...  ငါတို့မှာ ချန်းဖန် ရှိတာပဲ ...  သူ့လို လူမျိုးက သူ့ရဲ့ ဂုဏ်သိက္ခာ အတွက်ဆို နောက်ဆုတ်မယ် ထင်လား ... "

ဝမ်ကျုံးကောက အနည်းငယ် ပြုံးရင်း ဆိုလိုက်၏။

လူတိုင်းက အဘိုးအို၏ စကားအား ငြိမ်သက်ကာ တွေးတော လိုက်ကြ၏။

ဝမ်ကျုံးကောမှာ အလွန် ပါးနပ်သူ ဖြစ်သည်။ သူကား တွက်ချက်မှု မရှိပဲ တစ်ခုခုကို လုပ်ကိုင်မည် မဟုတ်ပေ။

ဝမ်ကျုံးကောသည် ချန်းဖန်အား ဖိတ်ခေါ်ရန် စဉ်းစားသည့် အချိန်က ပင်လျှင် ဖြစ်နိုင်ချေ ရှိသည်များကို စဉ်းစားပြီး ဖြစ်သည်။

ချန်းဖန်က ဝမ်ရှောက်ယွင်၏ မျက်နှာဖြင့် ဝမ်မိသားစုကို ထောက်ခံမည် ဆိုလျှင် ပြဿနာ မရှိချေ။ အကယ်၍ ထိုသို့ မဖြစ်လာပါက လက်ထပ်ပွဲ ကိစ္စက အလှည့် အပြောင်း တစ်ခုခု ဖြစ်လာမည် ဖြစ်သည်။

ဝမ်ကျုံးကောက ပြိုင်ဘက်များကို ဖြုတ်ချရန် အတွက် ချန်းဖန်အား  လက်နက် တစ်ခု သဖွယ် အသုံးပြု နေလိုခြင်း ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ ...  နောက်ဆုံး အကျိုးအမြတ် ရသည်က ဝမ်မိသားစုသာ ဖြစ်လိမ့်မည် ဖြစ်သည်။ အကယ်၍ ချန်းဖန်က သူ၏ အစီအစဉ်ကို ရိပ်မိသည် ဆိုလျှင်ပင် ဝမ်ရှောက်ယွင်၏ မျက်နှာကြောင့် ဆိုးရွားစွာ တုန့်ပြန်မည် မဟုတ်ချေ။

"ငါတို့ အနေနဲ့ အစွန်း နှစ်ဖက် စလုံးကို ပြင်ဆင်ထားဖို့ လိုတယ် ...  ချန်းဖန်က ငါတို့ အပေါ် သိပ်ကြည်လင်မှု မရှိဘူး ဆိုပေမဲ့လည်း ...  ငါတို့ ဘက်ကတော့ သူ့ကို လိုက်လျောပြီး ဆက်ဆံရမယ်"

ချန်းဖန်အား လက်နက် တစ်ခု အဖြစ် အသုံးချခြင်းနှင့် နှိုင်းယှဉ်ပါက အဘိုးအိုဝမ်သည် ချန်းဖန် အလိုအလျောက် ဝမ်မိသားစုဘက်မှ ရပ်တည်ပေးသည်ကိုပင် လိုလား၏။ အကယ်၍ ဝမ်မိသားစုကသာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါက ချန်းဖန်၏ ဝမ်မိသားစု အပေါ် စိတ်နေ သဘောထားမှာလည်း ပြောင်းလဲ သွားနိုင်သည်။

"နားလည်ပါပြီ ... "

ဝမ်ချန်းနှင့် အခြားလူများက ခေါင်းညိတ် လိုက်ကြသည်။

"ဟီးဟီး ...  ဒီအတိုင်းဆို သူ ရှောင်မိသားစုနဲ့ ထိပ်တိုက် တွေ့တော့မှာပဲ ...  ရှောင်မိသားစုက လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး ...  နောက်ပြီး ရှောင်မိသားစုရဲ့ မိတ်ဖက် မိသားစုက ရန်တောင်က ရဲ့မိသားစု ဆိုတော့ ...  ပွဲကတော့ ကြည့်ကောင်းပြီပဲ"

ဝမ်ချန်း၏ မျက်နှာ၌ ကျေနပ်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။

သို့သော်လည်း ရှောင်မိသားစု အနေဖြင့် ချန်းဖန်ကို ကျရှုံးအောင် လုပ်နိုင်မည် မဟုတ်မှန်း ဝမ်ချန်း ကောင်းစွာ သိသည်။ ချန်းဖန်အား ဆန့်ကျင်ရန် ကြိုးစားပါက ရှောင် မိသားစု၏ ကံတရားက ဆိုးရွားသော အရာများနှင့် ကြုံတွေ့ရမည်မှာ သေချာသည်။

***

နောက်တစ်နေ့ နံနက်၌ ချန်းဖန်တို့ တစ်သိုက်သည် မြို့တော်ဟောင်း၊ မဟာတံတိုင်း စသည့် ရန်ကျင်း၏ နာမည် ကျော်ကြားသော နေရာများအား လျှောက်လည်ခဲ့ကြသည်။

မွန်းတည့်ချိန်သို့ ရောက်မှသာ ဝမ်စံအိမ်သို့ သူတို့ ပြန်ရောက်တော့သည်။ ထို့နောက် သိပ်မကြာခင်မှာပင် သူတို့ ထံသို့ ဝမ်ချန်း ရောက်ချလာ၏။

"ဦးလေး အဒေါ် ...  ဒီည ကျွန်ဝောာ် ခုံးမင် ရေကန်မှာ ပါတီပွဲ တစ်ခု လုပ်ဖို့ ရှိတယ် ...  အဲဒါ ဝမ်းကွဲညီလေးကို အတူ ခေါ်သွားလို့ ရမလား"

"ရတာပေါ့ ... "

ဝမ်ရှောက်ယွင်က ချက်ချင်းပင် သဘောတူလိုက်သည်။

သူမကား မိဘများ၏ သဘောထားများကို သဘော မကျသည့်တိုင် မိသားစုနှင့် အမြဲတမ်း အဆင်ပြေချင်သူ ဖြစ်သည်။ သူမ ကျင်းရှို့ လုပ်ငန်းစုကို တည်ထောင်ရသည့် အကြောင်းရင်း မှာလည်း မိသားစုမှ သူမကို ပြန်လည် လက်ခံလာအောင် ကြိုးစားခြင်း ဖြစ်သည်။

မိခင်ဖြစ်သူ သဘောတူသည်ကို တွေ့သည်နှင့် ချန်းဖန်ကလည်း ခေါင်းကိုသာ ညိတ်လိုက်၏။

"ကောင်းပြီ ...  ဒါဆို ညကျ အကို လာခေါ်မယ်"

ထို့နောက် ဝမ်ချန်းက နွေးထွေးစွာ ပြုံး၍ နှုတ်ဆက်ကာ ချန်းဖန်တို့ ထံမှ ပြန်လည် ထွက်ခွာလာခဲ့သည်။

အခန်းသို့ ပြန်ရောက်ပြီးနောက် ...  သူက ဖုန်းကို ထုတ်ကာ နံပါတ် တစ်ခုအား နှိပ်လိုက်၏။

"ဟေး ချင်ထျန် ...  မင်းနှမရဲ့ သတို့သားလောင်း ဒီည လာလိမ့်မယ် ...  အဲဒါ ဝမ်မိသားစု တစ်ခုလုံးက သူတို့ နှစ်ယောက်ကို ဆုံစေချင် နေတယ်"

***

ညနေစောင်း အချိန်သို့ ရောက်သည်နှင့် ဝမ်ချန်းက အနက်ရောင် အော်ဒီ ကားလေးကို မောင်းရင်း ချန်းဖန်အား လာရောက် ခေါ်ယူသည်။ သူ၏ ကားက သာမန်ဟု ထင်ရသည့်တိုင် လိုင်စင် ကပ်ပြားကမူ အရေးကြီး ပုဂ္ဂိုလ်များသာ တပ်ဆင်ခွင့် ရသည့် Vip လိုင်စင်ပြား ဖြစ်သည်။

"ဆောင်းဦးရေကန် နန်းတော်က ခုန်းမင် ရေကန်ရဲ့ အရှေ့ဘက် အခြမ်းမှာ ရှိတယ် ...  ပါတီပွဲက အဲဒီမှာ ရှိတဲ့ ကိုယ်ပိုင် ကလပ် တစ်ခုမှာ လုပ်မှာလေ ... "

ဝမ်ချန်းက ကားမောင်းရင်း ချန်းဖန်အား စကား အဆက်မပြတ် ပြောနေခဲ့သည်။ ချန်းဖန်ကမူ သူ၏ မေးခွန်းများကို ပြန်ဖြေသည်မှ လွဲ၍ အထွေအထူး မပြောခဲ့ချေ။

နာရီဝက်ခန့် ကြာပြီးနောက် ...  သူတို့ စီးနင်းလာသည့် အော်ဒီ ကားလေးမှာ တရုတ် ရှေ့ဟောင်းစတိုင် ဆောက်လုပ်ထားသော စားသောက်ဆိုင်ကြီး တစ်ခု၏ ရှေ့သို့ ဆိုက်ရောက်လာ၏။

ထိုစားသောက်ဆိုင်ကား "ဆောင်းဦးရေကန် နန်းတော်" ပင် ဖြစ်သည်။

***

All Chapters