အလှဆုံး မိန်းကလေး
Vol. 7 Ch. 606
အချိန်ကား နေဝင်ပြီးနောက် အလှပဆုံး ညနေဆည်းဆာချိန် ဖြစ်၏။ လှပသော အဇူရာ မီးရောင်များ အောက်၌ ဆောင်းဦးရေကန် နန်းတော်သည် လွန်စွာ ထည်ဝါနေသည်။
ချန်းဖန်သည် ကားအတွင်းမှ နေ၍ ပတ်ဝန်းကျင်အား တစ်ချက် အကဲခတ်လိုက်၏။
သူ ဤနေရာသို့ လိုက်လာခြင်းကား သူမိခင် စိတ်ချမ်းသာစေရန် တစ်ခုတည်း အတွက် မဟုတ်ချေ။ ဝမ်မိသားစု မည်သည့် အရာများ ကြံစည်နေသည်ကို သိလိုသောကြောင့်လည်း ဖြစ်သည်။
"မစ္စတာဝမ် ... ရောက်လာပြီလား ... ဘာလို့ ကြိုမပြောတာလဲ"
ဝမ်ချန်း၏ ကားအား မြင်သည်နှင့် တောက်ပြောင်သော အဝတ်အစားများ ဝတ်ဆင် ထားသည့် ဖက်တီး တစ်ယောက်က လာရောက်ကာ ကြိုဆိုလိုက်သည်။
"တုန် ... "
ဝမ်ချန်းက ကားပေါ်မှ တင်းရင်း ဖက်တီးအား ပြုံးပြကာ ပြန်လည် နှုတ်ဆက် လိုက်သည်။
တုန်ကျိုးလိန် ... ။
သူကား ရန်ကျင်း၏ နာမည်ကြီး လူချမ်းသာ တစ်ဦး ဖြစ်သည်။
ချန်းဖန်ပင်လျှင် အတိတ်ဘဝ၌ သူ၏ နာမည်ကို ကြားဖူးခဲ့သည်။ ထိုဖက်တီးကား ပေါ့သေးသေး မဟုတ်ချေ။ Forbes ၏ ထပ်ဆုံး ဘီလျံနာ သုံးဆယ် စာရင်းဝင် ဖြစ်သည်။ သို့သော်လည်း သူ၏ ပုံစံက ဝမ်ချန်းအား လေးစားပုံ ရနေ၏။
"မစ္စတာဝမ် ... သူက ဘယ်သူတုန်း"
တုန်ကျိုးလိန်က ချန်းဖန်အား သတိထားမိသည်နှင့် မေးလိုက်၏။
"ကျွန်တော့် ဝမ်းကွဲညီလေးပါ ... ချန်းဖန်လို့ ခေါ်တယ်"
ဝမ်ချန်းက အပြုံးဖြင့် ဆိုလိုက်သည်။
"အား မစ္စတာချန်းကိုး ... အထဲကို ကြွပါ ခင်ဗျ ... မစ္စတာချင် မစ္စတာဟိုတို့လည်း ရောက်နေပါပြီ"
တုန်ကျိုးလိန်က ဖော်ရွေစွာဖြင့် ဖိတ်ခေါ်လိုက်သည်။
ဆောင်းဦးရေကန် နန်းတော် အတွင်း၌ အစေခံ မိန်းကလေးများစွာမှာ ဟိုဒီ သွားလာရင်း အလုပ်ရှုပ် နေကြ၏။ သူတို့ တစ်ယောက်ချင်းစီက အလွန်ပင် ချောမောပြီး ယောက်ျားလေး များစွာ၏ နတ်မိမယ် ဖြစ်နိုင်သည့် သူလေးများ ဖြစ်သည်။
"တုန်က သူတို့ကို ရန်ကျင်း အထက်တန်းကျောင်းတွေက ရွေးထားတာလေ ... သူတို့ အကုန်လုံးက လှတယ် တော်တယ် အမိန့် နာခံတတ်တယ် ... ဝမ်းကွဲညီလေး သူတို့ထဲက တစ်ယောက်ကို သဘောကျရင် လက်ညိုးထိုး ရွေးလိုက် ... အကို ရအောင် ဖန်တီးပေးမယ်"
ဝမ်ချန်းက ချန်းဖန်၏ အနီးသို့ ကပ်ရင်း တီးတိုး ပြောလိုက်၏။
သို့သော်လည်း ချန်းဖန်က ခေါင်းကိုသာ ခါ၍ ငြင်းပယ်လိုက်သည်။ သူ့အနေဖြင့် ဝမ်ချန်း၏ အကြံအစည်ကို မည်ကဲ့သို့ မသိပဲ နေမည်နည်း။
"ဒီလို ကျောင်းသူမလေးတွေနဲ့ မင်းက ငါ့ကို ဆွဲဆောင်နိုင်မယ် ထင်နေတာလား ... စကြဝဠာ ထဲမှာ ရှိတဲ့ နတ်သမီးလေးတွေနဲ့ ကမ်းလှမ်းတာတောင် ငါဆိုတဲ့ ကောင်က လှည့်ကြည့်ခဲ့တာ မဟုတ်ဘူး"
ချန်းဖန်က အနည်းငယ် ပြုံးလိုက်သည်။
"ဟမ် ... သူက မိန်းမတွေကို စိတ်မဝင်စားတာလား"
ဝမ်ချန်းက အနည်းငယ် မျက်မှောက်ကြုတ် လိုက်မိ၏။
စင်္ကြံလမ်း တစ်ခုကို ဖြတ်ကျော်ပြီးနောက် ခန်းမကြီး တစ်ခုဆီသို့ ချန်းဖန်တို့ ရောက်ရှိ လာခဲ့၏။
ဆောင်းဦးရေကန် နန်းတော်သည် အပြင်ဘက်မှ ကြည့်လျှင် သေးငယ်ပုံ ပေါ်သော်လည်း အတွင်းပိုင်းတွင်မူ အတော်ပင် ကျယ်ဝန်းသည်။
ခန်းမ အတွင်းတွင်မူ ... များစွာသော လူငယ်များမှာ ဝိုင်ခွက်များကို ကိုင်ရင်း စကားစမြည် ပြောနေကြသည်။ သူတို့အထဲ၌ အသက် သုံးဆယ်ကျော်သူ တစ်ယောက်မျှပင် မပါဝင်ချေ။
ကြည့်ရသည်က ထိုလူငယ်များမှာ ရန်ကျင်း ထိပ်တန်း မိသားစုကြီးများ၏ မျိုးဆက်သစ်များ ဖြစ်ဟန်တူသည်။ အခန်း အတွင်း၌ ဝမ်ချန်းချန်းပင်လျှင် သူမ၏ သူငယ်ချင်းများနှင့် အတူ ရှိနေခဲ့သည်။
"သူ ... ရောက်လာပြီ"
ပရာဒါ လက်ကိုင်အိတ် ပိုင်ရှင် မိန်းကလေးက ချန်းဖန်အား တွေ့သည်နှင့် အနည်းငယ် ကြောက်လန့် သွား၏။
သူမ၏ ဘေး၌ ထိုင်နေသော ကျောင်းယုမှာ ကြီးမားသော ဦးထုပ်ကြီး တစ်ခုကို ဆောင်း၍ သူ၏ မျက်နှာအား ကွယ်ထား၏။ သူက ချန်းဖန် ဆိုသော အသံကြားသည်နှင့် သရဲတစ္ဆေ တွေ့သည့် အလား တစ်ကိုယ်လုံးပင် တုန်ရီ နေခဲ့တော့သည်။
"ဝမ်ချန်းတောင် သူ့ဘေးမှာ ဆိုတော့ ... သူက ဝမ်မိသားစုထဲမှာတောင် တော်တော်လေး အဆင့်မြင့်ပုံ ရတယ်"
မိတ်ကပ် မလိမ်းသော ကောင်မလေးက မျက်မှောက်ကြုတ်ရင်း ဝမ်ချန်းချန်းဘက်သို့ လှည့်လိုက်၏။
"ချန်းချန်း ... နင် သူ့ရဲ့ အကြောင်းကို စုံစမ်းထားသေးလား"
"သူက ငါ့အကိုဝမ်းကွဲ ဆိုတာတော့ သေချာတယ် ... ဒါပေမဲ့ သူ့အကြောင်း အသေးစိတ်ကိုတော့ ငါမသိဘူးဟ"
ဝမ်ချန်းချန်းက ပြန်ဖြေလိုက်သည်။
သူမသည် ဝမ်းကွဲအကို၏ အစစ်အမှန် အဆင့်အတန်းကို မသိသော်လည်း သူ၏ မောက်မာမှုများကိုမူ တွေ့ရှိခဲ့ပြီး ဖြစ်သည်။ သူကား ဝမ်ကဲ့ချင်၊ အဘွားအိုရွှယ်တို့ကို မလေးမစား ဆက်ဆံခဲ့သည့်တိုင် ဝမ်မိသားစု၏ အရေးပေးမှုအား ရရှိနေဆဲ ဖြစ်သည်။
"သူ့ကို ကြည့်ရတာ ... ငါထင်ထားတာထက်တောင် ပိုပြီး လျှို့ဝှက် ဆန်းကြယ်နေတယ် ... သူ့ရဲ့ မိသားစုကရော ဘာလဲ ... ငါသိရ သလောက်ဆို တရုတ်မှာ ချန်း ဆိုတဲ့ နာမည်နဲ့ မိသားစုကလည်း ကျင်းမြို့က တစ်ခုပဲ ရှိတာပါ"
မိတ်ကပ် မလိမ်းသော မိန်းကလေး တွေးတော နေစဉ်မှာပင် ကျောင်းယုက ရုတ်တရက် ပြောလိုက်၏။
"ဟိုတစ်ယောက်က ... မစ္စတာချင်ထျန် မလား ... သူ့က ဟိုလူဆီကို သွားနေတာပဲ ... "
ကျောင်းယု၏ စကားကြောင့် လူငယ်များမှာ အလျင်အမြန် ကြည့်လိုက်၏။
"ဝမ်ချန်း ... သူက ငါ့နှမကို လက်ထပ်ချင်တဲ့ တစ်ယောက်လား ... "
ချင်ထျန်က ချန်းဖန်အား စူးစိုက်ကြည့်ရင်း ဝမ်ချန်းအား မေးလိုက်သည်။
"မင်းနှမကို လက်ထပ်ချင်တယ် ... "
ချန်းဖန်က နားမလည်ဟန် ပြန်လည် မေးခွန်းထုတ်လိုက်၏။
"ငြင်းဖို့ ကြိုးစား မနေနဲ့ ... ငါ့နှမ ချင်ယန်နာနဲ့ အကို ရှောင်ရွှမ်တို့ ကြိုက်နေတာ ရန်ကျင်း တစ်ခုလုံး သိတယ် ... သူတို့ နှစ်ယောက်က စေ့စပ်ထားပြီးသား ... နောက်ပြီး မကြာခင် လက်ထပ်ကြတော့မှာ ... ဒါပေမဲ့ အဘိုးကြီးဝမ်က လာပြီး မင်းနဲ့ ငါ့အမကို လာစေ့စပ်တာ ငါသိတယ် ... ဒီကိစ္စမှာ မင်း မပါဘူးလို့ ငြင်းမယ် မကြံနဲ့"
ချင်ထျန်က နှာခေါင်းရှုံ့ရင်း ဆိုလိုက်၏။
"ဘယ်လို ... ဝမ်မိသားစုက ရှောင်မိသားစုရဲ့ သတို့သမီးကို ခိုးယူချင် နေတာလား ... နောက် အဲဒီလူကလည်း ချင်ယန်နာကို လက်ထပ် ချင်နေတာလား"
ထိုသတင်းက အခန်းတစ်ခုလုံးအား တိတ်ဆိတ် သွားစေ၏။
ချင်ယန်နာကား ရန်ကျင်း လူငယ်များစွာ၏ အိပ်မက် နတ်သမီး ကလေး ဖြစ်သည်။ သို့သော်လည်း သူမက ရှောင်ရွှမ်ကိုသာ အစဉ်အမြဲ ချစ်နေခဲ့သည်။ လူတိုင်းကလည်း သူမနှင့် ရှောင်ရွှမ်ကို သဘောတူကြပြီး ရှောင်ရွှမ်မှာ သူမနှင့် ထိုက်တန်သည့် တစ်ဦးတည်းသော လူအဖြစ် သတ်မှတ် ထားကြသည်။
သို့သော်လည်း ယခုတွင်မူ ဝမ်မိသားစုက မထင်မရှား မျိုးဆက် တစ်ယောက်နှင့် ချင်ယန်နာကို ကမ်းလှမ်းခဲ့ပုံ ရသည်။ မည်သူက ထိုအရာကို လက်ခံနိုင်ပါမည်နည်း။
"ဒါက တကယ့် သတင်းကြီးပဲ ... ရန်ကျင်း တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားမှာ သေချာတယ်"
"ကျွတ်ကျွတ် ... သူက ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ ... ဆရာရှောင်ရွှမ်ရဲ့ မိန်းကလေးကိုမှ ခိုးယူချင် နေတာပဲ"
"ရှောင်မိသားစုက ရန်ကျင်းရဲ့ ထိပ်ဆုံး မိသားစုလို့ ဆိုနိုင်ပြီး ဝမ်မိသားစုထက်တောင် အင်အားကြီးသေးတယ် ... ဝမ်ချန်းရဲ့ အရည်အချင်းနဲ့တောင် ဆရာရှောင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
လူငယ်များစွာက ချန်းဖန်အား စိတ်ဝင်တစား ကြည့်မိကြသည်။ ကျောင်းယုနှင့် သူငယ်ချင်းများ ပင်လျှင် လုံးဝ ဆွံ့အ နေမိ၏။
"ချန်းချန်း ... နင့် ဝမ်းကွဲ အကိုက အကိုရှောင်ရဲ့ ကောင်မလေးကို လိုချင်နေဝာာပဲ"
မိတ်ကပ်မလိမ်းသော မိန်းကလေးက ချန်းချန်းအား တင်းမာစွာ ကြည့်လိုက်၏။
သူမကား ရှောင်မိသားစု၏ သမီးပျို တစ်ယောက် ဖြစ်ကာ ရှောင်ရွှမ်၏ ညီမဖြစ်သည်။ သူမ အနေဖြင့် သူမ၏ ယောင်းမဖြစ်သူကို ခိုးယူရန် ကြိုးစားခြင်းအား မည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။
"ငါဘာမှ မသိဘူး ... "
ဝမ်ချန်းချန်းက စိတ်တိုနေဟန် ရသော မိန်းကလေး၏ လက်အား ဆုပ်ကိုင်လိုက်၏။
"ရှောင်ကျူး ... စိတ်လျှော့ဦး ... ငါ့ ဝမ်းကွဲအစ်ကိုက အင်အားကြီးပုံ ပေါ်တယ် ... အဘိုးနဲ့ ဦးလေးတွေကတောင် သူ့ကို လေးလေးစားစား ဆက်ဆံရတယ်"
သို့သော်လည်း အခြား လူငယ်များက ဝမ်ချန်းချန်း၏ စကားအား မယုံကြည်ကြချေ။ အဘိုးကြီးဝမ် ကဲ့သို့သော ပုဂ္ဂိုလ်က လူငယ်မျိုးဆက် တစ်ယောက်ကို အဘယ်ကြောင့် လေးလေးစားစား ဆက်ဆံမည်နည်း။
ထိုအချိန်၌ ချန်းဖန်တို့၏ အခြေအနေမှာလည်း တင်းမာ နေခဲ့ပြီ ဖြစ်သည်။
"မင်းပြောနေတာကို ငါနားမလည်ဘူး ကလေး ... ငါ့မှာလည်း ကောင်မလေး ရှိတယ် ... ငါတို့က မကြာခင် လက်ထပ်တော့မှာ"
ချန်းဖန်က ရယ်မောရင်း ဆိုလိုက်၏။
ချင်ထျန်းမှာ အလွန် ဒေါသထွက် နေပြီ ဖြစ်ပြီး ချန်းဖန်၏ မျက်နှာကိုပင် ဖြတ်ကာ ရိုက်ပစ်ချင်နေပြီ ဖြစ်သည်။ သူကား အရပ် အနည်းငယ် ပုရာ သူ့အား "ကလေး" ဟု ခေါ်သူများကို မုန်းတီးသည်။
"ချင်ထျန် စိတ်လျှော့ဦး ... ဒီကိစ္စက အဘိုးကြီးချင် ဆုံးဖြတ်ထားတာ ... မင်း အနေနဲ့ ဘာမှ မတတ်နိုင်ဘူး"
ဝမ်ချန်းက အခြေအနေကို ဝင်ထိန်းရန် ကြိုးစားလိုက်၏။
"ဟမ့် ... "
ချင်ထျန်က ချန်းဖန်အား ကြည့်ရင်း နှာခေါင်းရှုံ့ လိုက်၏။
"မင်းက အဘိုး ခွင့်ပြုချက်ကို ရတာနဲ့ အားလုံး အဆင်ပြေပြီလို့ တွေးနေတာလား ... ငါ့နှမက မင်းကို လက်ထပ်ဖို့ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူးကွ ... နောက်ပြီး အစ်ကိုရှောင်ရွှမ်သာ အဲဒီ အကြောင်းကို သိရင် ရှောင်မိသားစုက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး ... ငါမင်းကို ပြောပြီးပြီနော် ... ဒီ နေရာကို မကြာခင် ငါ့အမ ရောက်လာလိမ့်မယ် ... မင်းမှာ နောက်ဆုတ်ဖို့ အခွင့်အရေး ရှိသေးတယ် ဆိုတာ မှတ်ထား"
ချင်ထျန်က ပြောပြီးနောက် ထွက်ခွာသွား၏။
ထိုလူငယ်၏ စကားကို ချန်းဖန်က ငြိမ်သက်စွာ နားထောင်ရင်း စဉ်းစားနေမိ၏။ သူကား နောက်ဆုံး၌ ဝမ်မိသားစု ကြံစည်နေသည့် အရာကို နားလည် သဘောပေါက်ခဲ့ပြီ ဖြစ်သည်။
"တကယ် မလွယ်တာပဲ ... "
ချန်းဖန်က ခေါင်းကို ခါလိုက်မိသည်။
"ဝမ်မိသားစုက အရင်အတိုင်းပါပဲလေ ... ဘာမှ မပြောင်းလဲဘူး ... သူတို့သာ ငါ့မိဘတွေကို စည်းရုံးပြီး ကြိုးစားရင်တောင် ငါ့ဘက်က သူတို့ကို ကူညီဖို့ သဘောတူမိမှာ ... ဒါပေမဲ့ ခုတော့ မရတော့ဘူး"
"ဝမ်းကွဲညီလေး ... ဒါက ငါ့အမှားပါ ... မင်းကို ကြိုပြီး ပြောထားသင့်တာ"
ဝမ်ချန်းက တောင်းပန်လိုက်သည်။
"မင်းနဲ့ မင်းတို့ မိသားစုကို လျစ်လျူမိတာ အတွက် အဘိုးက အမြဲတမ်း စိတ်မကောင်း ဖြစ်နေတာ ... သူက မင်းတို့ အပေါ် သူ့ရဲ့ လစ်ဟာမှုတွေ အတွက် ပြန်ပြီး ပေးဆပ်ချင်နေတာ ... . နောက်ပြီး ဝမ်ကွဲညီလေးနဲ့ စေ့စပ်ပေးမယ့် မိန်းကလေးက ရန်ကျင်းရဲ့ အလှဆုံး မိန်းကလေးပဲ ... မကြာခင် တွေ့ရမှာပါ ... "
ချန်းဖန်က ကြိတ်ကာ နှာခေါင်းရှုံ့လိုက်၏။ အတိတ်ဘဝတွင်သာ ဝမ်မိသားစုက ရန်ကျင်း၏ အလှဆုံး မိန်းကလေးနှင့် စေ့စပ်ပေးမည် ဆိုပါက ချန်းဖန် အမှန်ပင် ပျော်ရွှင်မိပေလိမ့်မည်။
ယခုတွင်မူ သူကား ဝမ်မိသားစု၏ အေးစက်သော အကြံအစည်များကို အလွယ်တကူပင် မြင်နိုင်နေပြီ ဖြစ်သည်။ အဘယ်ကြောင့် သူတို့၏ ထောင်ချောက် အတွင်း သက်ဆင်းရမည်နည်း။
"ဟမ့် ... ဝမ်မိသားစုက ဒုက္ခ ရောက်ချင်နေတာပဲ ... "
ဝမ်ချန်းနှင့် ချန်းဖန်တို့အား ကြည့်ရင်း ချင်ထျန်မှာ နှာခေါင်းရှုံ့နေမိသည်။
ရှောင်ရှန့်ကျူး၏ မျက်လုံးများမှာမူ အလွန်ပင် အေးစက် နေခဲ့သည်။ သူက ချန်းဖန်အား မီးဝင်းဝင်း တောက်နေသော အကြည့်ဖြင့် စူးရဲစွာ ကြည့်နေခဲ့သည်။
ထိုအချိန်မှာပင် ဝင်ပေါက် ရှိရာမှ အသံတစ်ခု ထွက်ပေါ်လာ၏။
"မိန်းကလေးချင်နဲ့ ဆရာ ရှောင်ရွှမ်တို့ ရောက်လာပါပြီ"
ထိုအသံက လူတိုင်းအား လုံးဝ တိတ်ဆိတ် သွားစေ၏။ သူတို့ကား ပါတီပွဲ တစ်ခု၌ ရှောင်ရွှမ် ပေါ်လာလိမ့်မည်ဟု တွေးပင် မတွေးမိကြချေ။
ထို့နောက် တစ်ခဏအတွင်းမှာပင် ဝင်ပေါက် ရှိရာမှ လူငယ်စုံတွဲ တစ်တွဲ ဝင်လာခဲ့၏။
ယောက်ျားလေးမှာ အရပ်ရှည်ကာ ချောမောပြီး ခေါင်းဆောင် တစ်ယောက်ဖြစ်ရန် မွေးဖွားလာသော ရုပ်ရည်မျိုး ရှိသည်။ မိန်းကလေးမှာမူ အလွန်အမင်း လှပ၏။ သူမက အပြစ်ကင်းပြီး သန့်စင်သော ရုပ်ရည်ရှိကာ တစ်ချိန်တည်း၌ပင် ဆွဲဆောင်မှုလည်း အလွန် ရှိသည်။
သူတို့ကား ရှောင်ရွှမ်နှင့် ချင်ယန်နာတို့ပင်။
***