ငြင်းပယ်ခြင်း
Vol. 7 Ch. 607
ရှောင်ရွှမ်ကား ရန်ကျင်း လူငယ်မျိုးဆက်၏ အထူးချွန်ဆုံးသော ပုဂ္ဂိုလ် ဖြစ်သည်။ ဟန်ကျန်းတု၊ လီမူဖန်၊ ဝမ်ချန်းတို့ ပင်လျှင် သူ၏ အောင်မြင်မှုများကို မမှီနိုင်ချေ။
"ရှောင်မိသားစု၏ နဂါး"ဟု ခေါ်ဆိုကြသော ထိုလူငယ်သည် ရန်ကျင်း လူငယ် တွေ့ဆုံပွဲများသို့ တက်ရောက်ခဲ့သည်။
သူ၏ ကျင်လည်ရာ အသိုင်းအဝိုင်းသည် နိုင်ငံ ခေါင်းဆောင်များ၊ နိုင်ငံတကာမှ ဆယ်လီများ၊ မိသားစုကြီးများ၏ ခေါင်းဆောင်များသာ ဖြစ်သည်။ အချို့ လူငယ်များ ဆိုလျှင် ရှောင်ရွှမ်ကို မြင်ပင် မမြင်ဖူးကြချေ။
"အစ်ကို ... "
ရှောင်ရှန့်ကျူးက ရှောင်ရွှမ်၏ ထံသို့ သွားကာ နားသို့ ကပ်၍ တစ်စုံတစ်ရာအား ပြောလိုက်သည်။
ရှောင်ရွှမ်က ခေါင်းညိတ်ရင်း ချန်းဖန်အား ကြည့်လိုက်၏။ သူ၏ မျက်လုံးများက အမုန်းတရား မရှိပဲ စိတ်ဝင်စားခြင်း၊ အံ့အားသင့်ခြင်းများသာ ရှိသည်။
ချင်ယန်နာကလည်း ချန်းဖန်အား သူမ၏ လှပသော မျက်လုံးများကို ပင့်၍ ကြည့်သည်။ သူမ၏ ပုံစံက သိပ်ကြည်လင်မှု မရှိသည့်တိုင် စိတ်တိုတတ်သော ကြောင်မလေး တစ်ကောင်ကဲ့သို့ လှပနေဆဲ ဖြစ်သည်။
"ဆရာရှောင် ... မင်းလာမယ် ဆိုတာ ငါ မသိရပါလား"
ဝမ်ချန်းက ရယ်မောရင်း နှုတ်ဆက်လိုက်သည်။
"မဖိတ်ခေါ်ပဲ လာမိတာ တောင်းပန်ပါတယ် ဆရာဝမ် ... "
ရှောင်ရွှမ်က ပြုံးရင်း ချန်းဖန်အား ကြည့်လိုက်သည်။
"ဒါနဲ့ ... သူက"
"သူက ချန်းမိသားစုက ငါ့ရဲ့ ဝမ်းကွဲ ညီလေးပါ ... သူက အခုမှ ရန်ကျင်းကို ပထမဆုံး ရောက်ဖူးတာလေ ... ဒါကြောင့် ရန်ကျင်းက လူငယ်မျိုးဆက်တွေနဲ့ မိတ်ဆက် ပေးနေတာ"
ဝမ်ချန်းက ချန်းဖန်အား မိတ်ဆက် ပေးလိုက်သည်။
ချန်းဖန်၏ နာမည်နှင့် ပုံရိပ်က အမှောင်ကမ္ဘာ၌ အလွန် ကျော်ကြားသော်လည်း သာမန် လူများကမူ သူ့အား သိပ်မသိကြချေ။ နိုင်ငံထိပ်တန်း အသိုင်းအဝိုင်းများနှင့် မိသားစုကြီးများက ချန်းဖန်အား သိကြသည့်တိုင် "ချန်းပေ့ရွှမ်း" ဆိုသော နာမည်နှင့်သာ သိကြခြင်း ဖြစ်သည်။
"မစ္စတာချန်း ... "
ရှောင်ရွှမ်က ပြုံးကာ နှုတ်ဆက်ရင်း သူ၏ လက်အား ဆန့်ထုတ်ကာ ချန်းဖန်နှင့် မိတ်ဆက်ရန် ပြင်လိုက်၏။
သို့သော်လည်း ချန်းဖန်က သူ့ကို လျစ်လျူကာ သူ၏ လက်များကိုပင် အင်္ကျီအိတ် အတွင်းသို့ ထည့်ထားလိုက်သည်။ ထို့နောက် သူက ချင်ယန်နာဘက်သို့ လှည့်ကြည့်ကာ ခေါင်းခါလိုက်၏။
"ဝမ်ချန်း ... ဒါက မင်းပြောတဲ့ ချင်ယန်နာ ဆိုတာလား ... သူက ငါ့တပည့်တွေ လောက်တောင် မလှပါလားကွ ... ဒါတောင် ရန်ကျင်းရဲ့ အလှဆုံး မိန်းကလေး ဟုတ်လား ... လာနောက် နေတာလား"
ချန်းဖန်၏ စကားက ခန်းမ တစ်ခုလုံးအား တိတ်ဆိတ် သွားစေ၏။
လူငယ်များစွာမှာ ချန်းဖန်အား မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ကြည့်လိုက်မိသည်။
"သူ ... သူက တကယ့်ကို မယုံကြည်နိုင် စရာပဲ ... ပထမဆုံး ရှောင်ရွှမ်ကို သောက်ဂရု မစိုက်ဘူး ... နောက်ပြီး ချင်ယန်နာကိုပါ မလှဘူးလို့ ပြောတယ် ... သူက ချင်မိသားစု ရှောင်မိသားစုတို့ကို မကြောက်ဘူးလား"
ပရာဒါ လက်ကိုင်အိတ် လွယ်ထားသော ကောင်မလေးက ရေရွတ်လိုက်မိ၏။
ထိုအချိန်၌ ကျောင်းယု တစ်ယောက်မှာမူ နောင်တရနေပြီ ဖြစ်သည်။ သူ့အနေဖြင့် ထိုကဲ့သို့သော အရူးမျိုးအား ရန်မစ သင့်ခဲ့ပေ။
"ငါက သူ့ကို အထင်ကြီးခဲ့မိတာပဲ ... သူက ဒီလောက် ဆင်ခြင်တုံ တရား မရှိတဲ့လူ ဖြစ်မယ်လို့ ငါလုံးဝ မထင်ခဲ့မိဘူး ... အဘိုးကြီး ဝမ်ကြောင့်သာ မဟုတ်ရင် သူ့ကို ရိုက်နှက်ပြီး ရန်ကျင်းက ကန်ထုတ်လိုက်ပြီ"
ရှောင်ရွှမ်မှာ ဆွံ့အ နေမိရာ သူ၏ ကမ်းထားသော လက်ကိုပင် ပြန်မရုတ်သိမ်း မိချေ။
ချန်းဖန်က ချင်ယန်နာအား ကြည့်ရင်း ပြောလိုက်၏။
"အိမ်ပြန်ပြီး နင့်အဘိုးကို ပြောလိုက် ... လက်ထပ်ဖို့ ကိစ္စကို ငါ လက်မခံနိုင်ဘူးလို့ ... နောက်ပြီး နင့်ဘာသာနင် ဘယ်သူနဲ့ ယူယူ ငါစိတ်မဝင်စားဘူး"
ထို့နောက် ချန်းဖန်က ဝမ်ချန်း၏ ပုခုံးကိုပါ ပုတ်၍ ဆိုလိုက်သည်။
"နောက်ပြီး မင်းရောပဲ ... အဘိုးကြီးကို သွားပြောလိုက် ... ငါ့လက်ထပ်ပွဲက သူ ဆုံးဖြတ်လို့ ရတာ မဟုတ်ဘူး လို့"
စကားဆုံးသည်နှင့် ချန်းဖန်က အားလုံးကို လျစ်လျူကာ လက်နှစ်ဖက်ကို နောက်ပစ်၍ အခန်း အတွင်းမှ ထွက်လာခဲ့တော့သည်။
အခန်းအတွင်းရှိ လူတိုင်းမှာမူ ချန်းဖန်၏ အပြုအများကြောင့် ဆွံ့အ နေကြဆဲ ဖြစ်၏။
"သူ့ပုံစံက အရူးလို ဆိုပေမဲ့ သူက ပါးနပ်မှုတော့ ရှိသားပဲ ... ဘယ်အချိန် နောက်ဆုတ်ရမလဲ ဆိုတာ နားလည်တယ် ... အခုလို လုပ်လိုက်တော့ သူ့အနေနဲ့ ရှောင်မိသားစုနဲ့လည်း ထိပ်တိုက် တွေ့စရာ မလိုတော့ဘူးပေါ့လေ"
လူများစွာက ချန်းဖန်၏ အပြုအမူကို နားလည်ဟန် ခေါင်းညိတ်လိုက်ကြသည်။
"ချင်ယန်နာက ရန်ကျင်းရဲ့ အလှဆုံး မိန်းကလေးလို့ လူတိုင်း သတ်မှတ်ထားတာ ... ဒါပေမဲ့ ဒီနေ့မှာ ဝမ်မိသားစုက အရူးလေးက သူ့ကို ရုပ်ဆိုးတယ်လို့ ပြောပြီး လူရှေ့မှာ ငြင်းပယ်ခဲ့တယ် ... သူတော့ ချင်ယန်နာ အငြိုးထားတာကို ခံရတော့မှာပဲ"
အချို့ကမူ ချန်းဖန်အတွက် ခေါင်းခါမိကြသည်။
ထိုအချိန်၌ ချင်ယန်နာမှာမူ တစ်ကိုယ်လုံး တုန်ရီသည် အထိ ဒေါသထွက် နေခဲ့၏။
သူမကား ဆယ်ကျော်သက် ဘဝကပင် သူမ၏ ရုပ်ရည် အတွက် ချီးမွမ်းမှုများနှင့်သာ ရှင်သန် နေခဲ့ခြင်း ဖြစ်သည်။ သူမသည် အထက်တန်းကျောင်းမှ တက္ကသိုလ် အထိ ယောက်ျားလေး များစွာ၏ ဆွေနွေးစရာ ခေါင်းစဉ် တစ်ခု ဖြစ်ခဲ့သည်။
ချင်ယန်နာသည် အခြားလူများ၏ အတွေးများကို ဂရုမစိုက်သည့်တိုင် ဂုဏ်ယူမှုကို ခံစားရသည်။ ရုပ်ရည်နှင့် ပတ်သက်၍ ချီးမွမ်းခြင်းကို မနှစ်သက်သော မိန်းကလေး ရှိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ချန်းဖန်ကမူ သူ့အား တိုက်ရိုက်ပင် ငြင်းပယ်ခဲ့သည်။ အထူးသဖြင့် ချန်းဖန်၏ အေးစက်သော အကြည့်များက သူမအား အမှန်တကယ်ပင် စိတ်မဝင်စားကြောင်း ဖော်ပြနေသည်။ ထိုအရာက သူမ၏ မာနကို ချိုးလိုက်သလို ခံစားရသည်။
"စိတ်လျှော့ စိတ်လျှော့ ... "
ချင်ယန်နာက ခပ်တိုးတိုး ရေရွတ်ရင်း တင်းတင်း ဆုပ်ထားသော လက်သီးအား ဖြေလျှော့ လိုက်၏။
ရှောင်ရွှမ်က ပြုံးရင်း ဝမ်ချန်းဘက်သို့ လှည့်လိုက်၏။
"ဆရာဝမ် ... မင်းဝမ်းကွဲညီလေးက တကယ့် ပြိုင်ဘက်ကင်းပါလား ... တစ်ကြိမ်လောက် သူနဲ့အတူ သောက်ချင်သေးတယ် ... ငါက သူ့လို လူမျိုးနဲ့ မိတ်ဆွေ ဖြစ်ရတာ သဘောကျတယ်"
ရှောင်ရွှမ်သည် ချန်းဖန်အား ပြိုင်ဘက် တစ်ယောက် အဖြစ် ဘယ်တုန်းကမှ မမြင်ခဲ့ချေ။ သူ လွယ်ကူစွာ ကိုင်တွယ်နိုင်သော လူငယ်လေး တစ်ယောက်ဟုသာ သတ်မှတ် ထားခဲ့ခြင်း ဖြစ်သည်။
"ဒါပေါ့ ... ဒါပေါ့ ... "
ဝမ်ချန်းက အားတင်းကာ ပြုံးရင်း ဆိုလိုက်၏။
ချန်းဖန်မှာ လက်ထပ်ပွဲကို ငြင်းပယ်ခဲ့ရာ သူတို့၏ အကြံအစည်သည်လည်း ကျဆုံး သွားခဲ့ပြီ ဖြစ်သည်။ ဝမ်မိသားစု၏ အကြံအစည်ကို ရိပ်မိ၍ ချန်းဖန်ဘက်မှ လှည့်စားသွားခြင်းပင် ဖြစ်နေနိုင်သည်။
ချန်းဖန် ထွက်ခွာသွားသည်နှင့် လူငယ်များမှာ တစ်ယောက် တစ်ပေါက်ဖြင့် ဆွေးနွေး ကြတော့၏။
"အဲဒီကောင်က ပါးနပ်သားပဲ ... သူသာ ချင်ယန်နာကို တကယ် လက်ထပ်ရင် ရှောင်မိသားစုက သူ့ကို ခွင့်မလွှတ်မှာ သိတယ်"
"ဟုတ်တယ် ... အဲဒါကြောင့်ပဲ သူရှောင်ထွက် သွားတာ ဖြစ်မယ်"
"ရန်ကျင်းရဲ့ ထိပ်တန်း မိသားစု ငါးခုထဲမှာ ရှောင်မိသားစုက အင်အား အကြီးဆုံးပဲ ... နောက် သူတို့ရဲ့ နောက်မှာ ရဲ့မိသားစု ရှိနေသေးတယ် ... အဘိုးကြီးရှောင်နဲ့ ရဲ့မိသားစု ခေါင်းဆောင်က မိတ်ဆွေတွေ တဲ့ ... ချင်မိသားစု ဝမ်မိသားစုတို့က ရန်ကျင်း ထိပ်တန်း မိသားစုကြီး ငါးခုထဲမှာ ပါတယ် ဆိုပေမဲ့ ရှောင်တွေကိုတော့ မမီသေးဘူး"
"အကို အိုးယန် ... အကိုရော ဘယ်လို ထင်လဲ"
ကျောင်းယုက သူ၏ ဘေးရှိ လူငယ်အား မေးလိုက်သည်။
"ရိုးရှင်းပါတယ် ... ဒီအခြေအနေမှာ အဘိုးကြီးချင်က ရှောင်မိသားစုကို ဆန့်ကျင်ရဲမှာ မဟုတ်ဘူး"
အိုးယန်ချုံးက အဖြေပေးလိုက်၏။
အိုးယန်ချုံး ...
သူကား ရန်ကျင်း၏ ကျော်ကြားသော လူငယ် မျိုးဆက် တစ်ယောက် ဖြစ်သည်။ အိုးယန် မိသားစုက မကြီးမားသည့်တိုင် အိုးယန်ချုံးသည် အလွန် အထူးချွန်သော လူငယ် တစ်ယောက် ဖြစ်ကာ ဟန်ကျန်းတုနှင့်ပင် နှိုင်းယှဉ်နိုင်သော လူငယ် တစ်ယောက် ဖြစ်သည်။
"ဒီနေ့မှာ ရှောင်ရွှမ် ကိုယ်တိုင် လာတယ် ဆိုတော့ ရှောင်မိသားစုက ဒီကိစ္စကို အလေးအနက် ထားနေတာ သေချာတယ် ... ဝမ်မိသားစု ဘာလုပ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့ ... "
အိုးယန်ချုံးက မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။
"ရှောင်မိသားစု နောက်မှာ ရဲ့မိသားစုလို မိသားစုကြီး ရှိနေတယ် ... သီအိုရီ အရဆို တရုတ်မှာ ရဲ့မိသားစုကို ယှဉ်နိုင်တဲ့ မိသားစု မရှိဘူး"
အိုယန်ချုံးက ခေါင်းကို ခါမိလိုက်သည်။ သူက ဝမ်မိသားစု ကြံစည်နေသည့် အရာကို ခန့်မှန်းသည့်တိုင် တိကျသော အဖြေ ထွက်မလာချေ။
"ရှောင်မိသားစုက အင်အား အကြီးဆုံး မိသားစုကြီးပဲ ... ဝမ်မိသားစု ဘာပဲ လုပ်လုပ် အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး ... "
အိုးယန်ချုံးက သက်ပြင်းတစ်ချက်သာ ချလိုက်မိတော့သည်။
***
နောက်တစ်နေ့ နံနက်သို့ အရောက်၌ ကမ္ဘာ ပျက်မတတ် သတင်းတစ်ခု ရန်ကျင်းမြို့ အတွင်း ပျံ့နှံ့လာ၏။
ထိုသတင်းကား ... "အဘိုးကြီးချင်က ချင်မိသားစု အကြီးအကဲများနှင့် အတူ ဝမ်မိသားစုသို့ သွားရောက် လည်ပတ်ကာ လက်ထက်ပွဲ အတွက် တောင်းဆိုခဲ့သည်" ဆိုသော သတင်းပင်။
***