ကမ်းလှမ်းခြင်း
Vol. 7 Ch. 608
"ဘယ်လို ဖြစ်နိုင်မှာလဲ… ဒါက အမှန်ပဲလား"
"အမှန်ပဲ… ချင်မိသားစု သခင်ကြီးတဲ့ ချင် စီနီယာတွေ ကားထဲကို ဝင်နေဝာာ ငါ့သူငယ်ချင်း ကိုယ်တိုင် တွေ့လိုက်တာ… အခု သူတို့က မြောက်အရပ် တောင်တန်းမှာ ရှိတဲ့ ဝမ် မိသားစု စံအိမ်ကို သွားနေပြီ… ငါ့အထင် မကြာခင် ရောက်လိမ့်မယ် ထင်တယ်… ကြားရသလောက်ဆို သူတို့က လပ်ထပ်ပွဲ ကိစ္စ အတွက် ဆွေးနွေးမှာတဲ့"
လူများစွာသည် ထိုသတင်းအား ယုံကြည်ရန် ခက်ခဲနေကြဆဲ ဖြစ်သည်။
သူတို့သည် ထိုဒရမ်မာ ဇာတ်လမ်းမှာ ချန်းဖန်၏ နောက်ဆုတ်မှုနှင့် အတူ အဆုံးသတ် သွားပြီဟု ထင်မှတ် ခဲ့ကြသည်။ ရှောင်မိသားစု၏ လွှမ်းမိုးမှုတွင် ဝမ်မိသားစု အနေဖြင့် မည်သို့မှ ရှေ့ဆက် တိုးနိုင်မည် မဟုတ်ဟု ယူဆ ခဲ့ကြသည်။
သို့သော်လည်း ယခုတွင်မူ ထိုအရာက ထင်သလောက် ရိုးရှင်းပုံ မပေါ်ချေ။ ပိုမို နက်နဲ ရှုပ်ထွေးသည့် လျှို့ဝှက်ချက်များ ရှိနေပုံပင်။
"ဒီကိစ္စ မတိုင်ခင်ကဆို အရာအားလုံး ပုံမှန် ပြန်ဖြစ်ဖို့ အခွင့်အရေး ရှိသေးတယ်… အခု အဘိုးကြီးချင်နဲ့ အကြီးအကဲတွေ ကိုယ်တိုင် သွားတာ ဆိုတော့… နောက်ပြန်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူး"
နောက်ဆက်တွဲ ပြဿနာများကို တွေးမိသည်နှင့် ရန်ကျင်း၏ မြို့သူ၊ မြို့သား များစွာမှာ ထိတ်လန့် လာမိကြတော့သည်။ အကယ်၍ မိသားစုကြီးများ တိုက်ခိုက် ကြပါက မြေစာပင် ဖြစ်ရမည်မှာ သူတို့သာ ဖြစ်သည်။
အချို့ဆိုလျှင် မြောက်အရပ်တောင်သို့ အသော့နှင်ကာ ပြန့်နှံ့နေသော ကောလာဟလများ အမှန်တကယ် ဟုတ်၊ မဟုတ် သွားရောက် စနည်းနာ နေကြတော့၏။
***
ခုန်းမင်ရေကန် အနီး၊ စံအိမ်ကြီး တစ်ခု၌…
သတင်းအား ကြားသည်နှင့် ချင်ယန်နာသည် လက်ထဲမှ နှုတ်ခမ်းဆိုးဆေးဘူးကို လွှတ်ချ လိုက်မိသည်။ သူမ၏ မျက်နှာက ဖြူရော်ကာ အလွန်အမင်း စိတ်သောက ရောက်သွားပုံ ပေါ်၏။
ချင်ထျန်က ချက်ချင်းပင် ထိုင်ရာမှ ထကာ အပြင်သို့ ကျွဲတစ်ကောင် အလား ပြေးထွက် လိုက်သည်။
"ငါ အဘိုးကို သွားပြီး သူ့အကြောင်း မေးလိုက်မယ်…"
သို့သော်လည်း တံခါးဝသို့ ရောက်သည်နှင့် အစောင့် နှစ်ယောက်က သူ့အား တားဆီး လိုက်သည်။
"စိတ်မကောင်းပါဘူး မစ္စတာချင်… သခင်ကြီးက သူပြန် မလာခင် ခင်ဗျားတို့ မောင်နှမ နှစ်ယောက်ကို အိမ်ပြင် မထွက်ဖို့ မှာထားပါတယ်… မလိုက်နာရင် ကျွန်တော်တို့ အင်အားသုံး ထိန်းသိမ်း ရပါမယ်"
အစောင့်များ၏ ပုံစံသည် ချင်ထျန်တို့အား လုံးဝ ပေးထွက်မည့်ပုံ မရချေ။
ချင်ထန်က အစောင့်များကို တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် သူ၏ နောက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။
"ရှောင်ထျန်… ငါ အဆင်ပြေပါတယ်"
ချင်ထျန်က လှည့်ကြည့်လိုက်ရာ အေးဆေးစွာ ထိုင်နေသော ချင်ယန်နာအား တွေ့ရသည်။ သူမ၏ ပုံစံက အလွန်အမင်း တည်ငြိမ်နေဟန် ရကာ ဖြစ်ပျက်သမျှ အခြေအနေများအား လက်ခံရန် အဆင်သင့် ဖြစ်နေပုံ ပေါ်သည်။
***
ရှောင်မိသားစု ခြံဝင်း…
ဆောင်းဦးရွှေစင် ဥယျာဉ်…
ရှောင်ရွှမ်၏ မျက်လုံးများသည် ဒေါသ၊ နားမလည်နိုင်မှု၊ သံသယ၊ အံ့ဩမှုများနှင့် ပြည့်နှက်နေ၏။
သူ၏ ဘေးရှိ ရှောင်ရှန့်ကျူးက ဒေါသတကြီး စားပွဲအား ထုချလိုက်ရင်း…
"ချင်အဘိုးကြီးက ရူးသွားတာလား… သူ ဘယ်လို လုပ်လိုက်တာလဲ… အစ်ကိုနဲ့ အစ်မ ချင်ယန်နာတို့ ချစ်နေတာ သူမသိတာလား… ဘာ အားကိုးနဲ့ ချင်မိသားစုက ငါတို့ကို ဆန့်ကျင်ချင် နေရတာလဲ"
ရှောင်ရွှမ်၏ မျက်လုံးများကမူ အလွန်အမင်း အေးစက်နေ၏။ သူက ဝမ်မိသားစုရှိရာသို့ မျှော်ကြည့်ရင်း မဲ့ပြုံး တစ်ချက် ပြုံးလိုက်၏။
"မင်းက ငါ့ မိန်းကလေးကို ထိဖို့ ကြိုးစားရဲတယ်ပေါ့… ငါက မင်းကို တကယ်ပဲ မသတ်ရဲဘူးလို့ ထင်နေတာလား"
***
"လီ မိသားစု…"
"ဟန် မိသားစု…"
"အိုးယန် မိသားစု…"
" … "
များစွာသော အထက်တန်းစား မိသားစုကြီးများသည် သူတို့၏ လုပ်စရာ အလုပ်များကိုပင် ပစ်ပယ်ကာ မြောက်အရပ် တောင်တန်းဆီသို့ နားစွင့် နေကြ၏။
***
မြောက်အရပ် တောင်တန်း၊ ဝမ်မိသားစု၏ နံပါတ်(၅) စံအိမ်…
လူများသည် ခပ်လှမ်းလှမ်း တစ်နေရာမှ နေ၍ နံပါတ်(၅) စံအိမ်အား ကွက်ကြည့် ကွက်ကြည့်လုပ် နေကြသည်။
ထိုလူများထဲမှ အများစုသည် ဝမ်မိသားစုမှ ဂျူနီယာ လူငယ်လေးများ ဖြစ်ကြ၏။ သူတို့ ကြားရသလောက် ဆိုလျှင် ချန်းဖန်က ချင်မိသားစုမှ ချင်ယန်နာအား လက်ထပ်ရန် ကြိုးစား နေသည်ဟု သိရသည်။
ထို့အရာက သူတို့အား အမှန်တကယ်ပင် စိတ်ဝင်စားစေသည်။ ချင်ယန်နာသည် ရန်ကျင်း၏ အလှဆုံး မိန်းကလေး ဖြစ်ကာ များစွာသော လူငယ်လေးများက သူမအား သဘောကျကြသည်။
ချင်ယန်နာနှင့် ရှောင်ရွှမ်တို့ ချစ်နေသည်ကို သိကြသည့်တိုင် များစွာသော လူငယ်များသည် သူမ၏ နှလုံးသားအား သိမ်းပိုက်နိုင်ရန် ကြိုးစား နေကြတုန်း ဖြစ်သည်။
ထိုအထဲ၌ အိုးယန်ချုံးတို့ ကဲ့သို့သော လူငယ်များပင် ပါဝင်နေ၏။ ထို့ကြောင့် သူတို့က သတင်း ရရချင်းပင် ဝမ်မိသားစု ရှိရာသို့ အပြေး ရောက်လာခဲ့ကြသည်။
"ဟိုမှာ ချင်မိသားစု ရောက်လာပြီ…"
ရုတ်တရက် လူတစ်ယောက်က ထအော်လိုက်၏။
လူတိုင်းက ကြည့်လိုက်ရာ ရှည်လျားသော အနက်ရောင် ကားတန်းကြီး တစ်ခု ရောက်ရှိလာသည်အား တွေ့ရသည်။
ကားများ ရပ်တန့်ပြီးနောက် များစွာသော အနက်ရောင် ဝတ်စုံဝတ် အစောင့်များက ထွက်လာကာ စီတန်း ရပ်လိုက်ကြ၏။ ထို့နောက် ချင်မိသားစု၏ အကြီးအကဲများ ထွက်လာကြသည်။
"ချင်တုန်းရှန်း…"
"ချင်တုန်းဖန်း…"
"ချင်တုန်းလိုင်…"
သူတို့ တစ်ယောက်ချင်းစီကား ရန်ကျင်း၏ ထိပ်ဆုံး ရာထူး၊ အမြင့်ဆုံး အဆင့်အတန်းများ၌ ရပ်တည် နေကြသူများ ဖြစ်သည်။
သို့သော်လည်း ယခု၌ သူတို့သည် ဝမ်မိသားစုသို့ စုစည်းကာ ရောက်လာကြသည်။ ဤအတိုင်း ဆိုလျှင် ရန်ကျင်း၌ ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက် ပေတော့မည်။
နောက်ဆုံး၌ ကားတန်း၏ အလယ်ရှိ အနက်ရောင် ကား၏ တံခါးက ပွင့်လာကာ အသက်လတ် လူတစ်ဦးနှင့် ဆံပင်ဖြူ အဘိုးအို တစ်ဦး ထွက်ပေါ်လာ၏။ အသက်လတ်လူက ဆံပင်ဖြူ အဘိုးအို၏ လက်ကို တွဲကာ အနည်းငယ် ဖေးမထားသည်။
"အဲဒါက ချင်မိသားစု ခေါင်းဆောင် ချင်ယန်နာရဲ့ အဖေ ချင်တုန်းမူ မလား… ချင်တုန်းမူ တွဲထားတဲ့ အဘိုးကြီးက သခင်ကြီးချင် ဖြစ်ကြမယ်"
လူတိုင်း၏ အကြည့်များ အောက်တွင်ပင် အဘိုးအိုချင်နှင့် ချန်တုန်းမူတို့က နံပါတ်(၅) စံအိမ် တံခါးနားသို့ သွားကာ အချက်ပေး ခေါင်းလောင်းအား နှိပ်လိုက်၏။
"တင်း… တောင်…"
မကြာခင် တံခါးက ပွင့်ဟလာသည်။ တံခါးဖွင့်သူက ဝမ်ရှောက်ယွင်ပင်။ ဝမ်ရှောက်ယွင်က ချင်မိသားစုအား နွေးထွေးစွာပင် ကြိုဆိုလိုက်၏။
"ကျွန်တော် မစ္စတာချန်းကို တွေ့ဖို့ လာခဲ့တာပါ"
အဘိုးကြီးချင်က ဦးအနည်းငယ် ညွှတ်ရင်း ဆိုလိုက်သည်။
"အန်ကယ်ချင်… ကြွပါ… ရှောင်ဖန် အထဲမှာ ရှိပါတယ်… အကို တုန်းမူလည်း ဝင်ခဲ့ပါ"
ဝမ်ရှောက်ယွင်က ပြုံးရင်း ဖိတ်ခေါ်လိုက်သည်။
ထို့နောက်… ချင်တုန်းမူ၏ အကူအညီနှင့် သခင်ကြီးချင်မှာ စံအိမ် အတွင်း ဝင်လာခဲ့သည်။ အခြားသော ချင်မိသားစု၏ အကြီးအကဲများမှာမူ စံအိမ် အပြင်တွင်သာ ရပ်စောင့် နေခဲ့ကြ၏။
လူများစွာမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အ နေမိကြသည်။
"သူရဲ့ အစစ်အမှန် အဆင့်အတန်းက ဘာလဲ… အဘိုးကြီးချင်က သမ္မတကိုတောင် တကူးတက သွားပြီး တွေ့တဲ့လူ မဟုတ်ဘူး…"
အိုးယန်ချုံး၏ မျက်လုံးများက အမျိုးမျိုး အရောင်ပြောင်းကာ တွေးတော နေမိ၏။
"အလယ်အလတ် နိုင်ငံ တစ်ခုရဲ့ သမ္မတတောင် အဲဒီလို မြင့်မားတဲ့ အဆင့်အတန်း မရှိဘူး… မဟာ အင်အားကြီး နိုင်ငံ ငါးနိုင်ငံရဲ့ ခေါင်းဆောင်တွေမှာပဲ သူ့လို အဆင့်အတန်းမျိုး ရှိနိုင်တယ်"
ထိုအရာက ချင်မိသားစု အနေဖြင့် လက်ထပ်ပွဲ ကိစ္စကို မည်မျှ အလေးထားကြောင်း သက်သေပြနေ၏။
စံအိမ်၏ အပြင်ဘက်၌ ဆွေးနွေး ငြင်းခုန်သံများနှင့် ပြည့်နှက် နေသော်လည်း စံအိမ် အတွင်းတွင်မူ အရာအားလုံးက ငြိမ်းချမ်းစွာ ဆိတ်ငြိမ် နေခဲ့သည်။
ချင်တုန်းမူက အဘိုးအိုချင်၏ လက်ကို တွဲကာ ဝင်လာပြီးနောက် ချန်းဖန်အား တွေ့လိုက် ရသည်။ သူက သစ်သား ထိုင်ခုံ တစ်ခု၌ ထိုင်ကာ အဆာပြေ စားသောက် နေခဲ့သည်။
"ရှောင်ဖန်… အဘိုးချင်နဲ့ အကို တုန်းမူတို့ အလည် လာတယ်"
ဝမ်ရှောက်ယွင်က ချန်းဖန်အား သတိပေးလိုက်သည်။
ချန်းဖန်က ထိုင်ရာမှ လှည့်ကာ ကြည့်ရင်း အဘိုးအိုအား ကြည့်လိုက်သည်။
"ခင်ဗျားရဲ့ မြေးက ရုပ်ဆိုးလို့ ကျွန်တော် မကြိုက်ဘူးလို့ ပြောပြီးပြီလေ… လက်ထပ်ဖို့က ဘယ်လို ဖြစ်နိုင်မှာလဲ"
ချန်းဖန် သူတို့အား ငြင်းပယ်ရသည့် အကြောင်းရင်းက သူတို့အား မလေးစား၍ မဟုတ်ပေ။ ဝမ်မိသားစု၏ ထောင်ချောက် အတွင်း မဝင်လိုသောကြောင့်သာ ဖြစ်သည်။
ထို့အပြင် ချင်ယန်နာကိုလည်း သူ စိတ်မဝင်စားချေ။ ချင်ယန်နာမှာ အမှန်တကယ်ပင် လှပသော်လည်း သူမက ချန်းဖန် အတွက် သာမန် မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။
ထို့အပြင် ချန်းဖန်၏ ဘေးနားတွင် ရှိနေသည့် ဖန့်ချုံး၊ အန်ရာ၊ ယူကီရှီရိုဆာ တို့မှာလည်း အလွန်အမင်း လှပသော မိန်းကလေးများ ဖြစ်သည်။
သူတို့ တစ်ယောက်ချင်းစီက ကျင့်ကြံသူများ ဖြစ်သည့် အတွက် သန့်စင်သော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ကာ ချင်ယန်နာအား အဘက်ဘက်မှ ယှဉ်နိုင်ကြသည်။
ထိုမျှ လှပသော မိန်းကလေးများ ချာချာလည်နေသည့် သူက အဘယ်ကြောင့် ချင်ယန်နာအား မျက်စိ ကျရမည်နည်း။
"အဟွတ်… အဟွတ်…"
အဘိုးကြီးချင်က ချောင်းတစ်ချက် ဆိုးလိုက်ရင်း လေးနက်သော အမူအရာဖြင့် ဆိုလိုက်၏။
"မစ္စတာချန်း… တကယ်တော့ ခင်ဗျားရဲ့ အဆင့်အတန်းက ကျွန်တော့် မြေးမလေးကို လက်ထပ်ဖို့ မတန်ဘူး ဆိုတာ ကျွန်တော် သိပါတယ်… ဒါပေမဲ့ လက်ထပ်ပွဲက ခင်ဗျား မွေးမလာခင် ကတည်းက စီစဉ် ထားပြီးတဲ့ဟာပါ… တူမလေး ရှောက်ယွင် ဒီကိစ္စကို သိပါတယ်"
"ဘာကြီး…"
ချန်းဖန်က အနည်းငယ် အံ့အားသင့်မိ သွား၏။
ဖန့်ချုံးနှင့် အန်ရာတို့ပင် အဘိုးအို၏ စကားကြောင့် ဆွံ့အ သွားမိကြသည်။
"ဟုတ်တယ်…"
ဝမ်ရှောက်ယွင် တစ်ယောက်သာ ခေါင်းညိတ် လိုက်၏။ ထို့နောက် သူမက ရှက်ရွံ့သော အမူအရာဖြင့် ဆက်ပြောလိုက်သည်။
"အစ်ကိုတုန်းမူနဲ့ ငါက ငယ်ငယ် ကတည်းက အချစ်ဆုံး သူငယ်ချင်းတွေ… မွေးလာတဲ့ ကလေးတွေကို လက်ထပ် ပေးဖို့ ငါတို့ ငယ်ငယ် ကတည်းက ကတိထားခဲ့ကြတာ… ဒါပေမဲ့"
ဝမ်ရှောက်ယွင်က ရပ်လိုက်၏။ သို့သော်လည်း သူမ ဆက်ပြောမည့် စကား နောက်ဆက်တွဲကို လူတိုင်း ခန့်မှန်းလိုက်မိကြသည်။
နောက်ဆုံးတွင် ဝမ်ရှောက်ယွင်က ချန်းဖန်ကို မွေးဖွားပြီး ဝမ်မိသားစု၏ စွန့်ပယ်မှုကို ခံရသည်။ အခြား တစ်ဖက်၌ ချင်တုန်းမူက ချင်မိသားစု၏ ခေါင်းဆောင် ဖြစ်လာကာ အလွန်အမင်း လှပ အရည်အချင်း ရှိသော သမီး တစ်ယောက်ကို မွေးဖွားခဲ့သည်။
ဤသို့ဖြင့် သူတို့ နှစ်ယောက် အကြားမှ ကတိ ကိစ္စသည်လည်း အရာမထင်ကာ လွင့်ပြယ် သွားခဲ့သည် ဟု ဆိုနိုင်သည်။
သို့သော်လည်း ယခုတွင်မူ ချန်းဖန်၏ အဆင့်အတန်းသည် နိုင်ငံ ခေါင်းဆောင်များနှင့်ပင် ယှဉ်နိုင်သော နေရာသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ဝမ်မိသားစုနှင့် ချင် မိသားစုက စိတ်ပြောင်းကာ ပြယ်လွင့်နေပြီ ဖြစ်သော ကတိအား ပြန်လည် အသက်သွင်းရန် ကြိုးစား နေကြခြင်း ဖြစ်သည်။
"အဘိုးကြီးချင်… ကျွန်ဝောာ်က ကတိတွေ ဘာတွေကို ဂရုစိုက်တတ်တဲ့ လူမျိုး မဟုတ်ဘူး… နောက်ပြီး ကျွန်တော့်မှာ ကောင်မလေး ရှိပြီးသား… သူနဲ့ကလည်း မကြာခင် စေ့စပ်တော့မှာ… စေ့စပ် ပါတီပွဲကျရင် ခင်ဗျားကို ကျွန်ဝောာ် ဖိတ်လိုက်ပါ့မယ်… ဘာပဲ ဖြစ်ဖြစ် ကျွန်တော့်ကို အခုလို ဂရုစိုက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
ချန်းဖန်က ဖန့်ချုံးအား လက်ညိုး ထိုးပြလိုက်သည်။ ဖန့်ချုံးမှာ ရှက်ရွံ့မှုကြောင့် သူမ၏ ခေါင်းကလေးကိုပင် ငုံ့လိုက်မိသည်။
"သူလား…"
ချင်တုန်းမူနှင့် အဘိုးအိုချင်တို့က ဖန့်ချုံးအား ကြည့်လိုက်မိ၏။ ထိုကောင်မလေးက အမှန်ပင် ချင်ယန်နာထက် လှပသည်ဟု သူတို့ ကြိတ်ကာ မှတ်ချက် ချမိသည်။
သို့သော်လည်း အဘိုးကြီးချင်က အလျှော့ပေးလိုပုံ မရချေ။ သူက တစ်ခဏမျှ စဉ်းစားရင်း ချန်းဖန်အား ပြောလိုက်၏။
"မစ္စတာချန်းက သူတို့ နှစ်ယောက် စလုံးကို လက်ထပ်မယ် ဆိုရင်ရော… ဒါက ကျွန်တော်တို့ အတွက် အဆင်ပြေပါတယ်"
"ဘယ်လို…"
အခြားလူများ မဆိုထားနှင့်။ အဘိုးအို၏ စကားကြောင့် စိတ်တည်ငြိမ်ပါသည် ဆိုသော ချန်းဖန်ပင်လျှင် ဆွံ့အမိသွား၏။
ချင်တုန်းမူမှာမူ သူ၏ အဖေ သူငယ်ပြန်နေသည် ဟုပင် တွေးနေမိသည်။
ထိုအရာက သူ၏ မြေးမလေးကို အခြားလူ တစ်ယောက်၏ မယားငယ် အဖြစ် ကမ်းလှမ်းနေခြင်း မဟုတ်ပါလော။ ထိုစကားက တရုတ်၏ ထိပ်တန်း မိသားစု ခေါင်းဆောင်ကြီး တစ်ယောက် ပြောသင့်သည့် စကား ဟုတ်ပါ၏လော။
"နောက်နေတာလား… ရှောင်ဖန်က မိန်းမ နှစ်ယောက်ကို ဘယ်လို ယူရမှာလဲ"
ချန်းကောရှင်းက ခေါင်းကို ခါလိုက်မိသည်။
သူကား ရှေးရိုးစွဲ လူကြီးဖြစ်ရာ ထိုကဲ့သို့သော ကိစ္စမျိုးအား လက်မခံနိုင်ချေ။
"အခြားလူတွေ အတွက် မဖြစ်နိုင်ရင်တောင် မိန်းမ နှစ်ယောက် ယူတာက မစ္စတာချန်း အတွက် သာမန် ကိစ္စလေးပါ… မစ္စတာချန်းက သာမန်လူမှ မဟုတ်တာ… အင်မော်တယ် ပဲလေ"
အဘိုးကြီးချင်က တည်ငြိမ်သော အမူအရာဖြင့် ဆိုလိုက်သည်။
***
လူတိုင်းက နံပါတ်(၅) စံအိမ်ထဲမှ ထွက်လာသော အဘိုးကြီးချင်အား ခပ်လှမ်းလှမ်းမှ နေ၍ အကဲခတ် နေမိသည်။
အထဲ၌ မည်သည့် အကြောင်းအရာများ ပြောသည်ကို မသိသည့်တိုင် အဘိုးအို၏ ကျေနပ်နေသော အမူအရာကို ကြည့်၍ တစ်စုံ တစ်ခုအား လူတိုင်း ခန့်မှန်း လိုက်နိုင်၏။
ထိုအရာက ကောလာဟလ အဖြစ် ပြန့်နှံ့သွားသည်နှင့် ရန်ကျင်း တစ်ခုလုံး တုန်လှုပ် သွားကြတော့သည်။
***