သူက ချန်းပေ့ရွှမ်း
Vol. 7 Ch. 609
မကြာခင်တွင် ဝမ်မိသားစုနှင့် ချင်မိသားစု လူငယ်မျိုးဆက် နှစ်ယောက်၏ လက်ထပ်ပွဲ ဖြစ်ပေါ်လိမ့်မည်။
အဘိုးကြီးချင်သည် သူ၏ အဖိုးတန် ရတနာ မြေးမလေးကို ဝမ်မိသားစု၏ နာမည် မကျော်ကြားသော လူငယ် တစ်ယောက်နှင့် လက်ထပ်ရန် ခွင့်ပြုခဲ့သည်။ ထိုအရာက ဟာသ ဆန်သော်လည်း မည်သူမျှ မရယ်မောနိုင်ကြချေ။
"သောက်ပြဿနာပဲကွာ… ချင်မိသားစုက ရှောင်မိသားစုကို တကယ်ပဲ ဆန့်ကျင်ရဲတယ်ပေါ့"
"ရှောင်မိသားစုက ချင်ယန်နာကို သူတို့ရဲ့ ချွေးမ အဖြစ် ငယ်ငယ် ကတည်းက သတ်မှတ် ထားခဲ့တာ… ရှောင်တွေက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်မှာ မဟုတ်ဘူး… ကြည့်ရတာ ချင်မိသားစုက ဝမ်မိသားစုနဲ့ ပူးပေါင်းပြီး ရှောင်မိသားစုရဲ့လွှမ်းမိုးမှုကို လျှော့ချချင်တာ ထင်တယ်"
"ရှောင်မိသားစုရဲ့ အင်အားက ခန့်မှန်းလို့ မရနိုင်ဘူး… ချင်မိသားစုနဲ့ ဝမ်မိသားစု ပူးပေါင်းမယ် ဆိုရင်တောင် ရှောင်တွေကို ယှဉ်ဖို့ မလွယ်ဘူး"
ရန်ကျင်း တစ်ခုလုံးသည် ထိုသတင်းဖြင့် ဆူပွက် နေခဲ့၏။
လူငယ်မျိုးဆက်များက ချန်းဖန်အား မနာလို ဝန်တို ဖြစ်နေကြပြီး တစ်ချိန်တည်းတွင်ပင် လူကြီးမျိုးဆက်များက မိသားစုကြီးများ တိုက်ပွဲ ဖြစ်မည်ကို စိတ်ပူ နေကြသည်။
ထိုအချိန်မှာပင် ဝမ်မိသားစု လူငယ် တစ်ဦးထံမှ သတင်းတစ်ခု ပေါက်ကြားလာ၏။ ထိုသတင်းကား ချင်ယန်နာ လက်ထပ်ရမည့် ကောင်လေး၌ ဇနီးမယား တစ်ယောက် ရှိနှင့်ပြီး ချင်ယန်နာက ထိုကောင်လေး၏ မယားငယ် ဖြစ်လိမ့်မည် ဆိုသော သတင်းပင်။
"ဘာကြီး…"
ထိုသတင်းအား ကြားသည်နှင့် လူတိုင်းသည် မူးမေ့တော့မလိုပင် ဖြစ်ကုန်မိကြသည်။
"ဝမ်မိသားစုရဲ့ ကောင်လေးက လက်ထပ်ပွဲကို ငြင်းပယ်ခဲ့တယ်တဲ့… ဒါပေမဲ့ ချင်မိသားစုက ချင်ယန်နာကို မယားငယ် အဖြစ် ကမ်းလှမ်းတော့မှ သူက လက်ခံခဲ့တာတဲ့… ဒါက ဘယ်လိုမှ လက်မခံနိုင်တာကြီးပဲ"
ရန်ကျင်းမြို့တော်၏ အကြီးအကဲများပင် သက်ပြင်းချ မိကြသည်။
"အရူးကြီးချင်… သူက ချင်မိသားစုရဲ့ ရာစုနှစ်ချီ သမိုင်းကြောင်းကို ဖျက်ဆီးပစ်ချင် နေတာပဲ"
"အဘိုးကြီးချင်က ရူးသွားတာ ဖြစ်မယ် ထင်တယ်… သူ့ မြေးမလေးက ရန်ကျင်းရဲ့ အလှဆုံး အတော်ဆုံး ကောင်မလေး… သူက တစ်စုံတစ်ယောက်ရဲ့ မယားငယ် ဘဝကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ…"
ချင်မိသားစု၏ ပြိုင်ဘက်များပင် ထိုကိစ္စ အပေါ် ခေါင်းခါ မိကြသည်။
များစွာသော ရန်ကျင်း လူငယ်မျိုးဆက်များ အတွင်းတွင်မူ မနာလိုမှုမီးက တဟုန်းဟုန်း တောက်လောင် နေခဲ့၏။
ချင်ယန်နာသည် ရန်ကျင်း၏ အလှဆုံး မိန်းကလေး ဖြစ်ကာ ရာစုနှစ် တစ်ခု၌ တစ်ယောက်သာ ပေါ်ထွက်သည့် အလှပိုင်ရှင်လေး ဖြစ်သည်။ သို့သော်လည်း ထိုသို့သော ကောင်မလေးက တစ်စုံတစ်ယောက်၏ မယားငယ် ဖြစ်ရတော့မည်။
ကျောင်းယုနှင့် လူငယ်များသည် ဆွံ့အ နေမိကြ၏။
"ချင်မိသားစု အတွင်းရေးမှာ ဘာတွေ မှားနေဝာာလဲ"
ကျောင်းယုက မေးခွန်းထုတ်သည်။
"ချင်မိသားစုမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာတော့ ငါမသိဘူး… ဒါပေမဲ့ ရှောင်ရွှမ် ရူးတော့မယ် ဆိုတာတော့ သေချာတယ်"
အိုးယန်ချုံးက သက်ပြင်းချရင်း ဆိုလိုက်သည်။
အမှန်တကယ်ပင် ရှောင်ရွှမ်ကား ရူးသွပ် နေခဲ့ချေပြီ ဖြစ်သည်။
ချင်မိသားစုက ချင်ယန်နာဖြင့် ဝမ်မိသားစုထံ ကမ်းလှမ်းသည်ဟု သတင်း ကြားရစဉ် အခါက … သူသည် ရန်ကျင်း လူငယ်မျိုးဆက်၏ ခေါင်းဆောင် အနေဖြင့် တည်ငြိမ်မှု ရှိနေခဲ့သေးသည်။
သို့သော်လည်း ချင်မိသားစုက ချင်ယန်နာအား မယားငယ် အဖြစ် ကမ်းလှမ်းခြင်းသာ ဖြစ်ကြောင်း ကြားသိရချိန်တွင်မူ သူ့ အနေဖြင့် သည်းခံနိုင်စွမ်း မရှိတော့ချေ။
"ခွမ်…"
ရှောင်ရွှမ်က ယွမ် တစ်ဆယ် မီလျံတန် ရှေးဟောင်း ကြွေအိုး တစ်လုံးကို ကြမ်းပြင်သို့ ဒေါသတကြီး ပစ်ပေါက်လိုက်၏။
သို့သော်လည်း ထိုအရာက သူ့အား စိတ်ပြေပုံ မရချေ။ သူက အခန်းတွင် ရှိသော အရာရာကို ဒေါသတကြီး ဆက်လက်၍ ဖျက်ဆီးသည်။
သူ့အား မည်သူကမျှ မတားဆီးကြရဲချေ။
"ချင်မိသားစုက ဘာအချိုးချိုးတာလဲ… အမချင်ယန်နာရဲ့ အနာဂတ်က အစ်ကို့ မိန်းကလေး ဖြစ်တာထက် ဟိုကောင်ရဲ့ မယားငယ် ဖြစ်တာက ပိုကောင်းတယ်လို့ သူတို့က ထင်နေတာလား"
ရှောင်ရှန့်ကျူးက လက်သီးကို တင်းတင်းဆုပ် လိုက်မိသည်။ သူ၏ သေးငယ်သော ခန္ဓာကိုယ် တစ်ခုလုံးမှာမူ ဒေါသကြောင့် တဆတ်ဆတ် တုန်းရီ နေခဲ့၏။
ထိုအချိန်မှာပင် ရှောင်ရွှမ်က မြင်သမျှကို ဖျက်ဆီးနေရာမှ ရပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်၏။
"ငါ အဘိုးကို ခုချက်ချင်း သွာတွေ့ရမယ်… နောက်ပြီး ဝမ်မိသားစုက ကောင်ရဲ့ အစစ်အမှန် အဆင့်အတန်းကို သိအောင် လုပ်ရမယ် … နောက် အဲဒီကောင်ကို သတ်ဖို့ အစီအစဉ် သေချာဆွဲရမယ်"
***
ခုန်းမင် ရေကန်အနီး စံအိမ်ကြီး တစ်ခု၌…
"အဘိုး… အဘိုး ပြုစားခံထားရတာလား… ဘယ်လိုလုပ်ပြီး အမကို အဲဒီကောင်နဲ့ သဘောတူလိုက်ရတာလဲ… သူ့မှာက ကောင်မလေးလည်း ရှိတယ်ဆို… ဒါတောင် အဘိုးက အစ်မကို အဲဒီကောင်ရဲ့ မယားငယ် ဖြစ်စေချင် နေသေးတယ်… ကျွန်တော်တို့ ချင်မိသားစုကို သူများတွေ ဝိုင်းရယ်မှာ မကြောက်ဘူးလား"
ချင်ထျန်က ဒေါသတကြီး မေးလိုက်သည်။
ချင်ယန်နာမှာမူ သူမ၏ ခေါင်းကလေးကို အောက်သို့ ငုံ့ရင်း ငိုနေခဲ့၏။
သူမ အနေဖြင့် ချန်းဖန်အား လက်ထပ်ရန် ဟူသော မိသားစု၏ ဆုံးဖြတ်ချက်အား လက်ခံနိုင်ပေသည်။ ထိုအရာက မိသားစုကြီးများ၌ ရှိသော သဘော သဘာဝ တစ်ခုသာ ဖြစ်သည်။
သို့သော်လည်း ယခုအရာက မယားငယ် ဘဝသို့ ရောက်မည့် အဖြစ်မျိုး ဖြစ်သည်။ အတန်းဖော်ဟောင်းများ၊ မိတ်ဆွေများ အကြား၌ ခေါင်းမဖော်ရဲသည့် ဘဝသို့ ရောက်မည့် ကိစ္စမျိုး ဖြစ်သည်။
ရန်ကျင်း၏ အလှပဆုံး၊ အထူးချွန်ဆုံး မိန်းကလေး တစ်ယောက် အနေဖြင့် ထိုအရာအား သူမ လုံးဝ လက်မခံနိုင်ချေ။
"မင်းတို့အားလုံးက သူ့လိုပဲ တွေးနေကြတာလား"
အဘိုးအိုချင်က ချင်မိသားစု အကြီးအကဲများအား တစ်ချက် ဝှေ့ကြည့်ရင်း မေးလိုက်သည်။
ချင်တုန်းရှန်း၊ ချင်တုန်းလိုင်၊ ချင်တုန်းဖန်းတို့သည် အဘိုးအိုအား ဘာမှ ပြန်မပြောသည့်တိုင် သူတို့၏ မျက်နှာက မကျေနပ်ခြင်းများနှင့် ပြည့်နှက်နေ၏။
အဘိုးချင်၏ လုပ်ရပ်အား သူတို့ အမှန်တကယ်ပင် နားမလည်နိုင်ချေ။ ချင်တုန်းမူပင်လျှင် တိတ်ဆိတ် နေခဲ့သည်။
"ဪ… ငါက မင်းတို့ နားလည် လိမ့်မယ်လို့ ထင်ထားခဲ့တာ… တကယ့်ကို စိတ်ပျက် စရာပဲ"
အဘိုးကြီးချင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ချင်တုန်းမူက အဘိုးအို၏ လက်အား ကိုင်ရင်း အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားလိုက်၏။
"အဖေ… စိတ်လျှော့ပါဦး… ချင်ယန်နာကို လက်ထပ်ဖို့လူ ရှာပေးတဲ့ အဖေ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားပါတယ်… ဒါပေမဲ့ ချင်ယန်နာကို ဝမ်မိသားစုက မထင်မရှား ကောင်လေး တစ်ယောက်ရဲ့ မယားငယ် ဖြစ်ဖို့တော့ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး… နောက်ပြီး အဲဒီ အတွက်နဲ့ ရှောင်မိသားစုကို ဆန့်ကျင်ဖို့က တန်လို့လား"
"ဟုတ်တယ် အဖေ… အဲဒါက ထိုက်တန်တယ် လို့ ထင်လား… ကျွန်တော်တို့ ပြောနေတာက ရှောင်မိသားစုနော်"
ချင်မိသားစု၏ အခြား အကြီးအကဲများသည်လည်း တူညီသော အတွေး ရှိကြသည်။
"မင်းတို့ နားမလည်သေးဘူးပဲ…"
အဘိုးကြီးချင်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။
"တုန်းမူ… အခု ငါပိုင်ဆိုင်ထားတဲ့ အဆင့်အတန်းနဲ့ ဆိုရင်… ငါကိုယ်တိုင် သွားရောက်ပြီး ဦးညွှတ်ရတဲ့သူ ကမ္ဘာပေါ်မှာ ဘယ်လောက်များများ ရှိမယ်လို့ မင်းထင်လဲ"
"အဲဒါက…"
ချင် အကြီးအကဲများသည် ဆွံ့အ သွားမိကြ၏။ သူတို့သည် အဘိုးအို၏ ဆုံးဖြတ်ချက်ကို အလွန် ဒေါသထွက်နေရာ ထိုအရာအား ထည့်မတွေးလိုက်မိကြချေ။
အဘိုးကြီးချင်သည် တရုတ်၏ အင်အား အကြီးဆုံး မိသားစုကြီး ငါးခု အနက်မှ တစ်ခု၏ ခေါင်းဆောင် ဖြစ်သည်။ တရုတ်၏ ပုံရိပ် အမြင့်ဆုံးသော လူများတွင်ပင် ထိုအဘိုးအို ပါဝင်သည်။
တရုတ်တစ်နိုင်ငံလုံး၌ပင် ဂန္တဝင် ရဲ့မိသားစုမှ လွဲ၍ အဘိုးကြီးချင် ဦးညွှတ်ရန် ထိုက်တန်သူ မရှိပေ။
"ဒါဆို… ဝမ်ရှောက်ယွင် သားရဲ့ အစစ်အမှန် အဆင့်အတန်းက ဘာလဲ"
ချင်တုန်းမူက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
သူသည် အမျိုးမျိုး တွေးကြည့်သည့်တိုင် ထိုလူငယ်လေး၏ အစစ်အမှန် ပုံရိပ်အား မခန့်မှန်းနိုင်ချေ။ အကယ်၍ ထိုလူငယ်မှာ ကမ္ဘာ့ အချမ်းသာဆုံး ဖြစ်လျှင်ပင် အဘိုးအို ချင်က ထိုမျှ လေးစားမည် မဟုတ်ချေ။
"သူက ချန်းမိသားစုက…"
အဘိုးကြီးချင်က အသက်ကို ပြင်းပြင်းရှူကာ ဆိုလိုက်၏။
"ချန်းမိသားစု…"
ချင်ယန်နာက ခေါင်းကို မော့ရင်း အဘိုးအိုချင်အား ကြည့်လိုက်သည်။
"ချန်းမိသားစု…"
ချင်တုန်းမူ၏ မျက်နှာတွင် မယုံကြည်နိုင်သော အရိပ်များ ဖြတ်ပြေးသွား၏။ သူက အလောတကြီးဖြင့် မေးလိုက်သည်။
"အဖေ ပြောချင်တာက သူလား…"
"ဟုတ်တယ်… သူ… ချန်းပေ့ရွှမ်း"
"ဘယ်လို… ချန်းပေ့ရွှမ်း"
ထိုနာမည်က အခန်းအတွင်းရှိ သက်ရှိ အားလုံးအား ဆိတ်ငြိမ် သွားစေသည်။
"ချန်းပေ့ရွှမ်း…"
သူကား နေထက် ပိုမို တောက်ပပြီး နိုင်ငံကြီးများအား ခြေဖဝါးအောက်၌ ချနင်းခဲ့သူ ဖြစ်သည်။ ချင်မိသားစုသည် မိသားစုကြီး တစ်ခုဖြစ်ရာ ထိုနာမည်အား ကြားဖူးနားဝ ရှိ၏။
ဂျပန်၊ ရုရှား၊ ဥရောပ ယူနီယံ… စသည့် နိုင်ငံများအား အနိုင်ယူခဲ့သော ချန်းပေ့ရွှမ်းက သူတို့ အတွက် ဒဏ္ဍာရီ တစ်ခုလိုပင်။
"အသက်နှစ်ဆယ် ချန်းမိသားစု… ဟုတ်တာပေါ့ မဟာအင်အားကြီး ချန်းကလွဲလို့ ဘယ်သူက ဒီလို အဆင့်အတန်းမျိုး ရှိနိုင်မှာလဲ…"
ချင်တုန်းမူ၏ လက်များက တုန်းရီ၍ပင် နေခဲ့သည်။
"ဝမ်ရှောက်ယွင်ရဲ့သားက ချန်းပေ့ရွှမ်း ဖြစ်နေမယ်လို့ ငါလုံးဝ မထင်မိဘူး… ငါသာ စောစောက သိခဲ့ရင် ချင်ယန်နာကို အစောကြီးတည်းက သူနဲ့ လက်ထပ် ပေးမိမှာ… ခုတော့ ငါ့သမီးလေးက မယားငယ်ပဲ ဖြစ်ရတော့မယ်"
ချင်မိသားစု၏ အခြားသော အကြီးအကဲများသည်လည်း စိတ်လှုပ်ရှား နေမိသည်။
သူကား မဟာ အင်အားကြီးချန်း ဖြစ်သည်။
သူကား ကမ္ဘာ၏ မဟာအင်အားကြီး နိုင်ငံ ငါးနိုင်ငံကို တစ်ကိုယ်တည်း ယှဉ်နိုင်သည့် ခြောက်ခုမြောက် မဟာအင်အားကြီး ပုဂ္ဂိုလ် ဖြစ်သည်။
ဥရောပ ယူနီယံ၊ ရုရှား၊ တရုတ်တို့နှင့် ယှဉ်ပါက ချင်မိသားစု၏ ဖြစ်တည်မှုက သေးငယ် လွန်းသည်။ ရန်ကျင်း ထိပ်တန်း မိသားစု ငါးခု ပေါင်းလျှင်ပင် မဟာအင်အားကြီးချန်း၏ ခြေဖျားကို မမှီချေ။
"သူက ချန်းပေ့ရွှမ်းလား… ဘုရားကြီးရေ သူက ငါ့အိုင်ဒေါပဲ"
ချင်ထျန်က ထိုင်ရာမှ ထကာ တအံ့တဩ အော်ဟစ်လိုက်သည်။
ချင်ယန်နာမှာမူ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း နားမလည် နိုင်တော့ချေ။ သူမက ချင်ထျန်၏ အနားသို့ သွားကာ မေးလိုက်သည်။
"မောင်လေး… ချန်းပေ့ရွှမ်း ဆိုတာက ဘယ်သူလဲ… နင်တို့ အားလုံးကို ကြည့်ရတာ သူ့ကို သိနေပုံ ပေါ်တယ်"
ချင်ယန်နာသည် မိန်းကလေး တစ်ယောက် ဖြစ်ရာ ထိုသို့သော ကိစ္စများအား စိတ်မဝင်စားချေ။ ထို့အပြင် ချင်မိသားစု၏ အကြီးအကဲများကလည်း အမှောင်ကမ္ဘာ၏ အကြောင်းအရာများကို သူမအား ပေးမသိချေ။
"သူက ကမ္ဘာရဲ့ အင်အား အကြီးဆုံး ပုဂ္ဂိုလ်ကြီးပဲ… ငါကြားရ သလောက်ဆို သူ့ကို ကြောက်လို့ ဂျပန် ဝန်ကြီးချုပ်က အိမ်ထဲမှာ သုံးရက် ပုန်းနေခဲ့ရတယ် တဲ့… လွန်ခဲ့တဲ့ သုံးနှစ်လောက်ကလည်း ရုရှား ဗိုလ်ချုပ် တစ်ယောက်ကို သူ သတ်ခဲ့သေးတယ်… နောက် မော်စကိုကို သွားပြီး ရုရှား သမ္မတကို သူ့ဆီမှာ အညံ့ခံဖို့ အထိ ဖိအားပေးခဲ့တယ်… သိပ်မကြာခင်ကပဲ သူက ဥရောပကို သွားပြီး ဥရောပ ယူနီယံရဲ့ ရေတပ်ကို ဖျက်ဆီးပစ်ခဲ့သေးတယ်တဲ့… ကဲ ဆိုစမ်းပါဦး… သူက အင်အားကြီးလား မကြီးဘူးလား"
ချင်ထျန်က စိတ်လှုပ်ရှားစွာ ရှင်းပြလိုက်သည်။
"ဒါတင် မကသေးဘူး… ချန်းပေ့ရွှမ်းက ကျွန်းတစ်ကျွန်းကို ဖျက်ဆီးပစ်ပြီး အမေရိကန် ဗိုလ်ချုပ်တွေကို ခြိမ်းခြောက်ခဲ့တယ်တဲ့… အခုဆိုရင် သူက နတ်ဘုရား သတ်မှတ်ချက်မှာ နံပါတ်တစ် နေရာကိုတောင် ရောက်သွားခဲ့ပြီ"
ချင်တုန်းမူက ချင်ထျန်၏ စကားကို ဖြည့်စွက်လိုက်သည်။
"ဟုတ်လား…"
ချင်ယန်နာ၏ လှပသော မျက်လုံးကလေးများကား ဝိုင်းစက် နေခဲ့ပြီ ဖြစ်သည်။
"အဖေ… အခု ကျွန်တော် အဖေ့ကို နားလည်ပါပြီ"
ချင်တုန်းမူက အဘိုးကြီးချင် ဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ချင်ယန်နာအား နူးညံ့စွာ ကြည့်လိုက်၏။
"ယန်နာ… အဘိုးကို အပြစ် မတင်နဲ့တော့… ရှောင်ရွှမ်ကို လက်ထပ်တာက သမီး အတွက်ရော မိသားစု အတွက်ပါ သိပ်ပြီး အကျိုးအမြတ် မရှိဘူး…"
"ရှောင်ရွှမ်က နောင် အနှစ်လေးဆယ် အတွင်း ရှောင်မိသားစုရဲ့ ခေါင်းဆောင် နေရာကို ရနိုင်တဲ့ အရည်အချင်း ရှိပါတယ်… ဒါပေမဲ့ ချန်းပေ့ရွှမ်းကတော့ အခုတည်းက တရုတ် ရုရှား နိုင်ငံခေါင်းဆောင်ကြီးတွေနဲ့ တူညီတဲ့ အဆင့်အတန်း ရှိနေပြီ… သူ့ရဲ့ မယားငယ် ဖြစ်ရတာကတင် သမ္မတရဲ့ ဇနီးမယား ဖြစ်ရတာထက် ပိုပြီး ဂုဏ်ယူစရာ ကောင်းနေပြီ… ဒါတောင် ချန်းပေ့ရွှမ်းက သိပ်လက်ခံချင်တာ မဟုတ်ဘူးနော်"
ချင်ယန်နာက သူမ၏ ဖခင်အား တစ်ခွန်းမှ ပြန်မပြောခဲ့ချေ။ သို့သော်လည်း သူမ၏ စိတ်များမှာမူ အလွန်တရာ လှုပ်ရှား နေခဲ့၏။
"ကမ္ဘာ၏ ထိပ်ဆုံး…"
ထိုအရာက သူမ၏ ရင်အစုံကို တဒိတ်ဒိတ် ခုန်စေသည်။
***