ရန်ကျင်းက ထွက်မလား သေမလား
Vol. 7 Ch. 610
မြောက်အရပ်တောင်တန်း…
ဝမ်မိသားစု နံပါတ်(၅) စံအိမ်…
ချင်မိသားစုနှင့် အဘိုးကြီးချင်တို့ ပြန်သွားပြီးနောက် ချန်းဖန်က မေးလိုက်သည်။
"အမေ… ဘာလို့ သဘောတူလိုက်ရတာလဲ… ကျွန်တော် ချင်ယန်နာကို တွေ့ဖူးတယ်… သူက အမအန်နဲ့ ဖန့်ချုံးတို့လောက်တောင် မလှဘူး… နောက်ပြီးတော့ ချင်မိသားစု ဘာကြံနေလဲ ဆိုတာ အမေသိသင့်တယ်"
ထိုကိစ္စတွင် ဝမ်ရှောက်ယွင်က ချန်းဖန်၏ အမြင်ကို မမေးပဲ သဘောတူလိုက်ခြင်း ဖြစ်သည်။
အဘိုးကြီးချင်သည်လည်း ဝမ်ရှောက်ယွင်၏ သဘောတူညီမှုကို ရသည်နှင့် ချက်ချင်းပင် နှုတ်ဆက်ကာ ပြန်သွာခဲ့သည်။ သူက ချန်းဖန်အား ထပ်မံ ငြင်းဆိုရန် အခွင့်အရေးပင် မပေးခဲ့ချေ။
လက်ရှိ အဆင့်အတန်းကြောင့် ချန်းဖန်အား ချဥ်းကပ်ရန် ကြိုးစားနေသူများမှာ မနည်းလှချေ။ အကယ်၍ ကမ်းလှမ်း လာသူတိုင်းအား လက်ခံမည် ဆိုပါက ချန်းဖန်တွင် ဇနီးမယား ရာချီ သွားပေလိမ့်မည်။
"ဒါပေါ့… အမေသိတာပေါ့… ဒါပေမဲ့ ချင်မိသားစုက သူတို့ရဲ့ သမီးကို အမေ့ရဲ့ ချွေးမ အဖြစ် လက်ဆောင် ပေးချင်နေတာလေ"
ဝမ်ရှောက်ယွင် ရင်ကို အနည်းငယ် ကော့၍ မေးစေ့အား မော့လိုက်သည်။
"သားနဲ့ ရှောင်ချုံးက အတူရှိနေတာ ကြာလှပြီ… ဒါပေမဲ့ အခုထိတောင် လက်မထပ် ရသေးဘူး… အမေက မြေးချီချင်နေပြီ… တကယ်လို့ သားတို့ နှစ်ယောက်သာ ဆက်ပြီး နှောင့်နှေးနေမယ် ဆိုရင် သားအတွက် နောက်ထပ် ချွေးမ ဆယ်ယောက်လောက် အမေ ထပ်ပြီး ရှာလိုက်မယ်"
ဝမ်ရှောက်ယွင်၏ စကားကြောင့် ဖန့်ချုံး၏ မျက်နှာက ရှက်သွေးဖြာကာ နီရဲသွားသည်။ ချန်းဖန်နှင့် အခြားလူများမှာမူ ရယ်မော လိုက်မိကြသည်။
တစ်ခဏမျှ အကြာ၌ ချန်းဖန်က မျက်မှောင်ကြုတ်လိုက်ရင်း…
"ချင်ယန်နာနဲ့ ကမ်းလှမ်းရတဲ့ ချင်မိသားစုရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော်ရဲ့ ထောက်ခံမှုကို လိုချင်လို့ပဲ… ဒါမှ သူတို့ မိသားစုက ရန်ကျင်းရဲ့ ထိပ်ဆုံး မိသားစုကြီး ဖြစ်လာနိုင်မှာလေ… တစ်ချိန်တည်းမှာပဲ ဝမ်မိသားစုက သူတို့ လိုချင်တဲ့ အခြေအနေရောက်ဖို့ လောင်စာ ထိုးပေးနေတယ်… မိသားစုကြီးတွေ အကုန်လုံးက သူ့အစီအစဉ်နဲ့ သူတို့ ကြံနေကြတာ ချည်းပဲ"
"ဆယ်နှစ်ကြာပြီးတာတောင်… သူတို့က အရင် အတိုင်းပါပဲလား"
ဝမ်ရှောက်ယွင်က သက်ပြင်းချရင်း ခေါင်းကို ခါလိုက်မိသည်။ သူမကား ကျင်းရှို့ လုပ်ငန်းစုကြီး၏ ဘုရင်မ ဖြစ်ရာ ဝမ်မိသားစု ကြံစည်နေသော အရာများအား ရှင်းလင်းစွာ သိမြင်သည်။ သူမနေဖြင့် ထိုအရာများကို မယုံကြည်ချင်ခြင်းသာ ဖြစ်သည်။
"အမေ… အမေ့ရဲ့ ခံစားချက်ကို သား နားလည်ပါတယ်… ဒါပေမဲ့ ဝမ်မိသားစုသာ ရှေ့ဆက်တိုးနေမယ် ဆိုရင်တော့ ကျွန်တော် သူတို့ကို ညှာတာမှာ မဟုတ်ဘူး"
ချန်းဖန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
"အင်းပါ… သားဘာပဲ လုပ်လုပ် သားဘက်မှာ အမေ ရှိနေမယ်"
ဝမ်ရှောက်ယွင်က သက်ပြင်းတစ်ချက်ချရင်း ခေါင်းညိတ်လိုက်သည်။
***
ရန်ကျင်းမြို့ အတွင်း၌ ကောလာဟလများက အမျိုးမျိုး ပျံ့နှံ့နေခဲ့သည်။
"ချင်ယန်နာနဲ့ ချန်းဖန်က သူတို့ မမွေးခင် ကတည်းက စေ့စပ်ထားတာတဲ့… အဲဒါကို သိရဲ့နဲ့ ရှောင်ရွှမ်က ကြားဝင်ဖြတ်ခုတ်တာ တဲ့"
"ချင်ယန်နာက ဝမ်မိသားစုက ချန်းဖန်ကို ချစ်သွားပြီ ဆိုပဲ"
"ချင်မိသားစုက ရှောင်မိသားစုကို ပုန်ကန်ရတဲ့ အကြောင်းရင်းက ရှောင်မိသားစုရဲ့ ကျဆင်းလာတဲ့ အခြေအနေကြောင့် လို့ သိရတယ်"
ရန်ကျင်း၏ အကြီးအကဲပိုင်း အချို့သာလျှင် ထိုကိစ္စမှာ ချန်းဖန်နှင့် တိုက်ရိုက် ပတ်သက် နေကြောင်း သတိထားမိကြသည်။
"ထူးဆန်းတယ်… ဒီသတင်းတွေ အားလုံးက ဝမ်မိသားစုက ပျံ့နှံ့လာတာ… သူတို့ ဘာတွေ ကြံစည်နေတာလဲ"
အိုးယန်ချုံးက မျက်မှောင်ကြုတ်လိုက်၏။
ဝမ်မိသားစုက အဘယ်ကြောင့် ထိုကောဟာလများကို ဖြန့်နေရ သနည်း။ ဝမ်မိသားစုက အဘယ်ကြောင့် ရှောင်မိသားစု၏ ဒေါသကို ဆွနေရ သနည်း။
အိုးယန်ချုံးသည် အမျိုးမျိုး စဉ်းစားသော်လည်း တိကျသော အကြောင်းပြချက်အား ရှာမတွေ့ခဲ့ချေ။
***
ဆောင်းဦးရွှေစင် စံအိမ်…
"အစ်ကို… အမချင်ယန်နာက တကယ်ပဲ အဲဒီကောင်ကို ကြိုက်သွားတာလား"
ရှောင်ရှန့်ကျူးက တိတ်ဆိတ်စွာဖြင့် ရှောင်ရွှမ်အား မေးလိုက်၏။
ရှောင်ရွှမ်က ထိုမေးခွန်းအား ပြန်မဖြေခဲ့ချေ။ သူက လက်သီးကို တင်းတင်းဆုပ်ကာ မျက်လုံးကို ပိတ်ရင်း စိတ်တည်ငြိမ်ရန် ကြိုးစားနေ၏။
အတန်ကြာသို့ ရောက်မှ သူက မျက်လုံးကို ပြန်ဖွင့်လိုက်ရင်း…
"ငါ့အတွက် ကားတစ်စီး အဆင်သင့် ပြင်ပေးထား… နောက်ပြီး ဦးလေးဝူကိုပါ ငါ့ဆီ လာဖို့ ပြောလိုက်… ငါ မြောက်အရပ် တောင်တန်းကို သွားပြီး အဲဒီကောင်နဲ့ တွေ့ရမယ်"
"ဒါပေမဲ့ အကို… အဲဒီကောင် အကြောင်း စုံစမ်း ခိုင်းထားတဲ့ အချက်အလက်တွေ မရသေးဘူးလေ… အစ်ကို နည်းနည်းလောက် စောင့်လိုက်ပါလား"
ရှောင်ရှန့်ကျူးက အကိုဖြစ်သူအား တားဆီးရန် ကြိုးစားလိုက်သည်။
"မလိုတော့ဘူး… ငါ့မှာ ဦးလေးဝူ ရှိတယ်… သူနဲ့ ဆိုရင် ငါ့ကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး"
ရှောင်ရွှမ်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ထိုင်ရာမှ ထကာ ထွက်ခွာသွားတော့၏။
***
ချင်ယန်နာသည် အိပ်ရာထက်၌ ရုပ်တု တစ်ခုအလား ငေးငိုင် နေမိသည်။
သူမနှင့် ရှောင်ရွှမ်သည် ငယ်စဉ် ကတည်းက အတူကြီးပြင်းလာသော သူငယ်ချင်းများ ဖြစ်ကြပြီး နက်ရှိုင်းသော ဆက်ဆံရေးလည်း ရှိသည်။ လူတိုင်းက သူတို့ နှစ်ယောက်အား လိုက်ဖက်သော စုံတွဲ အဖြစ် သတ်မှတ် ထားကြကာ ချင်ယန်နာကလည်း ထိုသို့ပင် ယူဆခဲ့သည်။
သို့သော်လည်း ယခုတွင်မူ ချန်းဖန်က ရုတ်တရက် ပေါ်လာခဲ့သည်။ သူက သူမအား မတူညီသော နေရာ၊ မတူညီသော အဆင့်အတန်း၊ မတူညီသော ကမ္ဘာသို့ ဆောင်ယူ ပေးမည့်သူ ဖြစ်သည်။
"မြေးလေး အနေနဲ့ ချန်းပေ့ရွှမ်းကို လက်ထပ်ပြီး ကမ္ဘာရဲ့ အထွတ်အထိပ်ကို သွားမလား… ဒါမှမဟုတ် ရှောင်ရွှမ်နဲ့ပဲ သာမန် ဘဝမှာ အတူနေမလား… သေချာ စဉ်းစားပေါ့"
အဘိုးကြီးချင်၏ စကားက ချင်ယန်နာ၏ နှလုံးသား၌ အထပ်ထပ် ကြားယောင် နေခဲ့သည်။
သူမ အနေဖြင့် မည်ကဲ့သို့ ရွေးချယ်ရမှန်း မသိသော်လည်း တကယ်တမ်း ရွေးချယ်လျှင်မူ … ချန်းဖန်သည်သာ ပိုမို ကောင်းမွန်သော ရွေးချယ်မှု ဖြစ်ကြောင်း နားလည်ထားသည်။
"ငါ ဘယ်လို လုပ်ရမလဲ…"
ချင်ယန်နာ တွေးနေစဉ်မှာပင် သူမ၏ ဖုန်းက ရုတ်တရက် မြည်လာ၏။ ဖုန်းခေါ်ဆိုသူက သူမ၏ အချစ်ဆုံး သူငယ်ချင်း ရဲ့ရီရန်ပင်။
"ယန်နာ… နင် လူတစ်ယောက်ရဲ့ မယားငယ် လုပ်ရတော့မယ်ဆို… အဲဒါ အမှန်ပဲလား"
ရဲ့ရီရန်က မေးသည်။
"အင်း… ဟုတ်တယ်"
ချင်ယန်နာက အဖြေပေးလိုက်သည်။
"ဘုရားရေ တကယ်ကြီးလား… အဘိုးကြီးချင်က ရူးသွားတာလား… နင် လက်ထပ်ရမယ့် သူက ဘယ်သူ မလို့လဲ"
ရဲ့ရီရန်က မကျေမနပ် မေးလိုက်၏။
"သူတို့က ပြောတာကတော့ ချန်းပေ့ရွှမ်းတဲ့… ရီရန်… နင်က အထွတ်အထိပ် တစ်ယောက် ဆိုတော့ အဲဒီလို ကိစ္စတွေနဲ့ ရင်းနှီးမှာပေါ့… အဲဒီ ချန်းပေ့ရွှမ်းက သူတို့ ပြောသလိုပဲ အစွမ်းထက်တာလား…"
ချင်ယန်နာက ဝေခွဲ မရသော လေသံဖြင့် မေးလိုက်သည်။
ချင်ယန်နာသည် သူမ၏ ဦးနှောက်ဖြင့် လိုက် မမှီသော ကိစ္စအား ချက်ချင်းကြီး လက်မခံနိုင်သေးချေ။ ရုရှား၊ အမေရိကန် တို့အား တစ်ကိုယ်တည်း အနိုင်ယူခဲ့သော ကိစ္စမျိုးက အမှန်ပင် ယုံကြည်ရန် ခက်ခဲလွန်း၏။
"ချန်းပေ့ရွှမ်း…"
ထိုနာမည်အား ကြားသည်နှင့် ရဲ့ရီရန်မှာ တိတ်ဆိတ် သွားတော့၏။
"ရီရန်… တစ်ခုခု ပြောပါဦး…"
ချင်ယန်နာက မေးလိုက်သည်။
ရဲ့ရီရန်က ချင်ယန်နာ၏ စကားကြောင့် သတိဝင်လာပြီး ဖြူရော်စွာ ပြုံးလိုက်၏။
"သူက… ချန်းပေ့ရွှမ်းကိုး… အဘိုးကြီးချင်က ခုလို ဆုံးဖြတ်လိုက်တာ အံ့ဩစရာ မရှိတော့ဘူး… ငါ့အဖေဆိုလည်း သူ့လိုပဲ လုပ်မှာ သေချာတယ်"
"မဖြစ်နိုင်ဘူး… နင်က ရဲ့မိသားစုရဲ့ မင်းသမီးလေးလေ… နောက်ပြီး နင့်ရဲ့ အဘိုးက ဗိုလ်ချုပ်ကြီး ရဲ့ချင်စန်းလေ"
ချင်ယန်နာမှာ ရဲ့ရီရန်၏ စကားကို မယုံကြည်နိုင်ချေ။
ရဲ့ချင်စန်းသည် တရုတ်၏ ကာကွယ်သူ ဖြစ်ကာ သူ၏ အဆင့်အတန်းက မိသားစုကြီး ငါးခု၏ အထက်တွင် ရှိသည်။ သူတို့က သူတို့၏ မျိုးဆက် မိန်းကလေးကို တစ်စုံတစ်ယောက်၏ မယားငယ် ဖြစ်ရန် အဘယ်ကြောင့် ခွင့်ပြုရမည်နည်း။
"နင်က… သိုင်းလောက အကြောင်း မသိလို့ ချန်းပေ့ရွှမ်းရဲ့ အဆင့်အတန်းကို နားမလည်တာ… သူက ငါတို့ အတွက် နတ်ဘုရား တစ်ပါးလိုပဲ… ကမ္ဘာပေါ်မှာ ဆိုရင် မဟာအင်အားကြီး နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကပဲ သူ့ရဲ့ အဆင့်အတန်းနဲ့ တူညီနိုင်တယ်"
ရဲ့ရီရန်က အသက်ပြင်းပြင်း ရှူရင်း ဆက်ပြောလိုက်သည်။
"အဘိုးကဆို… သူတောင် ချန်းပေ့ရွှမ်းကို လေးစားရတယ်လို့ ငါ့ကို ပြောဖူးတယ်"
"ဘာကြီး…"
ချင်ယန်နာမှာ သူမ၏ နားကိုပင် မယုံကြည် နိုင်တော့ချေ။
"ရှင်းရှင်းပဲ ပြောမယ်… သူနဲ့ ဆိုရင်တော့ ငါ သဘောတူတယ်ဟာ… လူတွေက သူ့ကို မြေကမ္ဘာ အဆင့်လို့တောင် ထင်ကြေးပေးနေကြတာ… သူ့ကို လက်ထပ်ရရင် နင်ပါ အင်မော်တယ် တစ်ယောက် ဖြစ်လာမှာ…"
ရဲ့ရီရန်က အားကျသော လေသံဖြင့် ဆိုလိုက်သည်။
"အင်မော်တယ်…"
"အေးပါ… သိပြီ"
ချင်ယန်နာက ဆုံးဖြတ်ချက် ချပြီးဟန်ဖြင့် ခေါင်းကို ညိတ်လိုက်၏။
ရဲ့ရီရန်နှင့် စကားပြောပြီး၍ ဖုန်းချ ပြီးပြီးချင်မှာပင် ချင်ယန်နာ၏ ဖုန်းက နောက်တစ်ကြိမ် မြည်လာခဲ့ပြန်၏။
"အင်း ရှောင်ကျူးပြော…"
"ဘာ… အစ်ကိုရှောင်က ချန်းဖန်ကို တွေ့ဖို့ သွားပြီ ဟုတ်လား"
ရုတ်တရက် ချင်ယန်နာ၏ မျက်နှာက ဖြူရော်သွားကာ လက်ထဲမှ ဖုန်းကိုပင် လွှတ်ချ လိုက်မိတော့သည်။
***
ထိုအချိန် မြောက်အရပ် တောင်တန်း၌…
ရှောင်ရွှမ်နှင့် ချန်းဖန်သည် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ရှောင်ရွှမ်၏ ဘေးတွင် အသက်လတ် လူကြီး တစ်ဦး ရှိနေကာ သူက လက်ကို နောက်ပစ်၍ အဝေးသို့ ငေးမော နေခဲ့၏။
"ငါ မင်းနဲ့ ဝမ်မိသားစုကိုရော ချင်မိသားစုကိုပါ လျှော့တွက် ခဲ့မိတယ် ဆိုတာ ဝန်ခံတယ်… မင်းတို့က ငါ့ကို တကယ် အခက်တွေ့အောင် လုပ်နိုင်ခဲ့တာပဲ"
ရှောင်ရွှမ်က သက်ပြင်းချလိုက်၏။
ထို့နောက် သူက သူ၏ ဘေးရှိ အသက်လတ် လူကြီးအား ညွှန်ပြရင်း စကားဆက် လိုက်သည်။
"သူက အထွတ်အထိပ် လို့ ခေါ်တဲ့ အဆင့်မှာ ရှိနေတဲ့ သိုင်းပညာရှင် တစ်ယောက်ပဲ… မင်း အနေနဲ့ အထွတ်အထိပ် ဆိုတာကို နားလည်ချင်မှ နားလည်လိမ့်မယ်… ဒါပေမဲ့ အရေးအကြီးဆုံးက သူက မင်းကို လက်တစ်ချောင်းတည်းနဲ့ သတ်ပစ်နိုင်တယ် ဆိုတာ နားလည်ဖို့ပဲ"
"ဟုတ်လား… တကယ်ကြီးပေါ့"
ချန်းဖန်က တည်ငြိမ်နေဆဲပင်။
"မင်းအတွက် ရွေးချယ်စရာ နှစ်ခု ရှိတယ်… သေမလား ရန်ကျင်းက ထွက်သွားမလား… မင်းအနေနဲ့ ဉာဏ်ပညာရှိရှိ ရွေးချယ် နိုင်လိမ့်မယ် လို့ ငါထင်ပါတယ်"
ရှောင်ရွှမ်က အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။
"ငါက… မရွေးဘူး ဆိုရင်ရော…"
ချန်းဖန်က ပြန်လည် မေးခွန်းထုတ်သည်။
"ဒါဆိုလည်း သေလိုက်ပေါ့ကွာ"
***