← Chapters

ပင်လယ်မြွေကြီး ထွက်ပေါ်လာခြင်း

Vol. 13 Ch. 171

ပင်လယ်မြွေကြီး ထွက်ပေါ်လာခြင်း

Vol. 13 Ch. 171

ကျောက်နန်သည် ရဟတ်ယာဉ်အား စစ်သင်္ဘောပေါ်တွင် ပျံဝဲခိုင်းထားသည်။ သူမသည် ရဟတ်ယာဥ်၏ ပြတင်းပေါက်မှတဆင့် ပင်လယ်ထဲမှ ဧရာမသားရဲကြီးကို လှမ်းကြည့်နေခဲ့သည်။

သူမ၏ အမြင်အာရုံအောက်တွင် ပင်လယ်သားရဲကြီးသည် တဖြည်းဖြည်း ပေါ်လာခဲ့၏။ ယခု ၎င်းသားရဲကြီးသည် ရေမျက်နှာပြင်အောက် (၂) မီတာခန့်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်းသည် အနီရောင်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားပြီး အလွန်ကြီးမား၏။ ကွန်ပျူတာ၏ တွက်ချက်မှုအရ ၎င်း၏ ဦးခေါင်းတစ်ခုတည်းကပင် အချင်း (၃၅) မီတာခန့် ရှိ၍ ၎င်း၏ လက်တံတစ်ခုစီက မီတာ (၁၀၀) ကျော် ရှည်လျားသည်။

ရေဘဝဲကြီးသည် ရှေ့သို့ ကူးခတ်လာနေပြီး ၎င်း၏ ပစ်မှတ်မှာ ဒုန်းချန်မြို့၏ ဆိပ်ကမ်းပင် ဖြစ်သည်။

"ဒီသားရဲကြီးကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဖောက်ခွဲပစ်ချင်တယ်.."

ကျောက်နန် အောက်ဘက်မှ ခရာကန် (ရေဘဝဲကြီး-ဒဏ္ဍာရီလာအရ ခရာကန်ဟုလည်း ခေါ်နိုင်သည်) ကို ကြည့်ပြီး မကျေမနပ် ရေရွတ်လိုက်သည်။ လွန်ခဲ့သော လဝက်အကြာက ဤသားရဲကြီးသည် ရှေးဟောင်း သားရဲများစွာကို ဦးဆောင်လာပြီး ဒုန်းချန်မြို့ ဆိပ်ကမ်းကို တိုက်ခိုက်လာခဲ့သောကြောင့် လူအများအပြား သေဆုံးခဲ့ရ၏။

သူမ၏ စကားသံသည် ဆက်သွယ်ရေးကိရိယာမှတဆင့် သီသန့်ဆက်သွယ်ရေး အဖွဲ့လိုင်းတစ်ခုမှာ ထွက်ပေါ်လာခဲ့သည်။ ထိုအခါ ချက်ချင်းဆိုသလိုပင် သူမ၏ နားကြပ်က အခြားတစ်ဖက်က ပြောလိုက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"ကျောက်နန် မင်းအနေနဲ့ ဆင်ခြင်တုံတရားရှိပြီး တည်ငြိမ်နေဖို့ လိုတယ်။ ငါတို့ရဲ့ ရည်မှန်းချက်က ဒီသားရဲကြီးကို မောင်းထုတ်နိုင်ဖို့ပဲ.. သတ်ဖို့ မဟုတ်ဘူး ငါပြောတာ ကြားလား..."

အကယ်၍ ဤရေဘဝဲကြီးကိုသာ သတ်ဖို့ လွယ်ကူနေမည်ဆိုလျှင် ၎င်းသည် လွန်ခဲ့သော လများကပင် သေဆုံးခဲ့ပေမည်။

ဤရေဘဝဲကြီးသည် အလွန် သတိကြီးပြီး ဆဋ္ဌမအာရုံ ပိုင်ဆိုင်ထားပုံရ၏။ သူတို့သည် ၎င်းကို ဒုံးကျည် အပါအဝင် အခြားသော နည်းလမ်းများစွာဖြင့် သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း ၎င်းက အချိန်တိုင်းလိုလို လွတ်မြောက်နိုင်ခဲ့သည်။

ပို၍ ဆိုးသည်မှာ ၎င်းသည် ဒဏ်ရာရသွားတိုင်း ပိုမိုအားကောင်းလာခြင်းပင် ဖြစ်သည်။ ကြည့်ရသည်မှာ ၎င်းက သန္ဓေပြောင်း သားရဲများ ပိုင်ဆိုင်သည့် စွမ်းရည်တစ်ခု ဖြစ်ပုံရ၏။

ထိုကြောင့် သူတို့သည် ၎င်းအား မောင်းထုတ်ဖို့သာ တတ်နိုင်တော့၏။ ၎င်းကို ဒဏ်ရာရစေဝံ့ခြင်း မရှိတော့ပေ။

ပညာရှင်များ၏ တွေ့ရှိချက်အရ ဤသားရဲသည် (၂၂၀၀၀ - ၃၅၀၀၀) ဟတ်ဇ်ကြား ကြိမ်နှုန်းရှိ အသံလှိုင်းများကို အလွန်အမင်း ထိလွယ်ရှလွယ် ဖြစ်၏။ ၎င်းအတွင်းက ကြိမ်နှုန်းဟာ မြင့်လေလေ ၎င်း၏ တုံ့ပြန်မှုက ပိုကြီးလေလေ ဖြစ်သည်။ ထိုကြောင့် သူတို့သည် ၎င်း ကြိမ်နှုန်းများကို အသုံးပြု၍ ၎င်းကို အကြိမ်ပေါင်းများစွာ မောင်းထုတ်နိုင်ခဲ့ကြသည်။

"ရှောင်ယွီ အသံထုတ်လွှတ်စက်ကို အသက်သွင်းပြီး သက်ဆိုင်ရာ ကြိမ်နှုန်းကို ချိန်ညှိပါ..."

ကျောက်နန်သည် သက်ပြင်းတစ်ချက်အား ချလိုက်ပြီး သူမဘေးမှ တွဲဖက်လေယာဉ်မှူးကို ပြောလိုက်သည်။

"အားလုံး အဆင်သင့်ပြင်ထားပါ။ ဒီသားရဲကြီးကို အမြန် မောင်းထုတ်မှရမယ်။ ဒါမှသာ မြို့ဆိပ်ကမ်းက ပုံမှန်အခြေအနေအတိုင်း လည်ပတ်နိုင်လိမ့်မယ်"

သူတို့အနေဖြင့် ခရာကန်ကို မောင်းထုတ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ၎င်းထွက်ပေါ်လာတိုင်း မတော်တဆမှုများအား ရှောင်ရှားရန်အတွက် မြို့ဆိပ်ကမ်းနှင့် အနီးအနားရှိ လမ်းများကို ပိတ်ပစ်ခဲ့ရသည်။ ၎င်းကဲ့သို့ လုပ်ရခြင်းသည် ကြိုတင်စီမံမှုတစ်ခုလည်း ဖြစ်၏။ ၎င်းတွင် လွန်ခဲ့သော လဝက်ခန့်က ကရာကန် ဦးဆောင်လာခဲ့သော ရှေးဟောင်း သားရဲများ ပါလာမည်ကို စိုးရိမ်သောကြောင့်လည်း ပါဝင်သည်။

"ငါ နားလည်ပြီ၊ ညီမလေး နန်.."

ကျောက်နန်ဘေးရှိ လူငယ်သည် ပေါ့ပါးသော အမူအရာဖြင့် သူမအား ပြန်ပြောလိုက်သည်။ သူသည် ၎င်းကြိမ်နှုန်းအား ထုတ်လွှင့်မှုစတင်တော့မည့်အချိန်တွင် ကျောက်နန်က သူ့ကို ရုတ်တရက် တားလိုက်သည်။

"ခဏနေအုံး..!"

"ဘာဖြစ်လို့လဲ ညီမလေး နန်"

လူငယ်က သူ၏ လုပ်ဆောင်မှုကို ရပ်တန့်လိုက်ပြီး သံသယအကြည့်ဖြင့် ကျောက်နန်ကို လှည့်ကြည့်လိုက်သည်။

ကျောက်နန်သည် လူငယ်အား ဂရုမစိုက်ဘဲ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေသည်။

လူငယ်က သူမ၏ အကြည့်အတိုင်း လိုက်၍ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ ထိုအခါ သူမ ကြည့်နေသည့် အရာကိုမြင်ပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"အဲ့ဒါက..."

သူတို့အောက်ဘက် ခရာကန်နှင့် သိပ်မဝေးသော နေရာတစ်ခုတွင် ဧရာမအမည်းရောင် အရိပ်ကြီးတစ်ခုသည် ရုတ်တရက် ပေါ်လာပြီး ခရာကန် ဆီသို့ လျင်မြန်စွာ ချည်းကပ်သွားသည်ကို သူတွေ့လိုက်သည်။

၎င်း၏ ဦးတည်ရာကို ကြည့်ခြင်းအားဖြင့် ခရာကန် ကို တိုက်ခိုက်တော့မည့် ပုံပေါ်သည်။

ရှောင်ယွီ နှုမ်းခမ်းများ တွန့်သွားသည်။ ၎င်းသားရဲ၏ လှုပ်ရှားမှုသည် အဓိပ္ပာယ်မဲ့သည်ဟု သူထင်သည်။

သူတို့အောက်ဘက်ရှိ ရေဘဝဲကြီးသည် ပင်လယ်ဘုရင် လေးပါးထဲမှ တစ်ကောင် ဖြစ်၏။ ဤပစိဖိတ်သမုဒ္ဒရာရှိ အစွမ်းအထက်ဆုံးသော ပင်လယ်သားရဲကြီး ဖြစ်သည်။ ၎င်းက ကမ္ဘာတစ်ဝန်းရှိ အစွမ်းအထက်ဆုံးသော သန္ဓေပြောင်း သားရဲများထဲမှ တစ်ကောင် ဖြစ်သည်။ ထိုကဲ့သို့ သားရဲကို တိုက်ခိုက်ခြင်းသည် သူ့အမြင်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် မခြားနားသော လုပ်ရပ်ဖြစ်၏။

မြေအောက်စခန်းရှိ လူအုပ်ကြီးလည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီး အံ့သြသင့်သွားကြသည်။ သူတို့၏ အမြင်တွင် ခရာကန်ကို တိုက်ခိုက်သော သားရဲသည် သေလမ်းရှာခြင်းသာ ဖြစ်သည်။

သန္ဓေပြောင်း သားရဲများ ပေါ်ပေါက်လာပြီးနောက် ပညာရှင်များသည် ၎င်းတို့ရန်က ကာကွယ်နိုင်ရန်အလိုငြား သန္ဓေပြောင်း သားရဲများ၏ စွမ်းအင်ကို တိုင်းတာနိုင်သော ကိရိယာတစ်ခုအား ဖန်တီးခဲ့ကြသည်။

သို့သော် ၎င်းကိရိယာသည် သန္ဓေပြောင်း သားရဲများအတွက်သာ အလုပ်လုပ်၏။ အဘယ်ကြောင့်ဆိုသော် သန္ဓေပြောင်း သားရဲများသည် အထူးစွမ်းအင်တစ်ခုအား ထုတ်လွှတ်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းအား စွမ်းအင်ယူနစ်ဟု ခေါ်ဆိုနိုင်ပြီး ၎င်း၏ စွမ်းအင်အား တိုင်းတာနိုင်သော ကိရိယာက ၎င်းသားရဲများ၏ ခွန်အားနှင့် စွမ်းရည်ကို ၎င်းတို့ထုတ်လွှင့်နေသော အထူးစွမ်းအင်ပေါ် မူတည်ပြီး တိုင်းတာပေးခြင်း ဖြစ်သည်။

သန္ဓေပြောင်း သားရဲများသည်လည်း အခြားသန္ဓေပြောင်း သားရဲများ၏ စွမ်းအင်ယူနစ်ကို ခံစားနိုင်သည်။ ထို့ကြောင့် ၎င်းသားရဲအများစုသည် ၎င်းတို့ထက် စွမ်းအင်ယူနစ် ပိုမြင့်မားသော သားရဲတစ်ကောင်ကို မြင်သည်နှင့် ချက်ချင်း ထွက်ပြေးတတ်၏။

ခရာကန်သည် ကမ္ဘာတစ်ဝန်းက စွမ်းအင်ယူနစ် အမြင့်ဆုံးသော သားရဲများထဲမှ တစ်ကောင်ဖြစ်သည်။ ထို့ကြောင့် ထိုလျှို့ဝှက်ဆန်းကြယ်သော သားရဲသည် ခရာကန် ကို မြင်သည်နှင့် ချက်ချင်းပင် ထွက်ပြေးသင့်၏။ (စွမ်းအင်ယူနစ်က စက်ကိရိယာနဲ့ တိုင်းတာပြီးနောက် လူသားများ၏ အမြင်ပါ)

"အဲ့တာ ဘယ်လို သားရဲမျိုးလဲ..."

ကျောက်နန်သည် ခရာကန်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသော အရိပ်မည်းအား ပြင်းထန်သော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့၏။ တဖြည်းဖြည်း သူမ၏ အမြင်အာရုံတွင် အမည်းရောင်အကြေးခွံအချို့ မြင်လာရသည်။ ထိုအရိပ်သည် အတော်လေး ရှည်လျားသောကြောင့် သူမ၏ စိတ်ထဲတွင် သားရဲတစ်ကောင်၏ အသွင်ဟာ ပုံပေါ်လာခဲ့သည်။

"ဒီဟာက မြွေလား... မြွေတစ်ကောင်လား.."

ကျောက်နန် အတော်လေး အံ့သြသင့်သွားသည်။ ဤကဲ့သို့ ရှေးဟောင်း သားရဲသည် အတော်လေး ရှားပါး၏။ သို့သော် ၎င်း၏ အရွယ်အစားအရ သန္ဓေပြောင်း သားရဲသာ ဖြစ်နိုင်ပေသည်။

"အဲ့ဒီသားရဲက လွန်ခဲ့တဲ့ တစ်နှစ်တုန်းက အစိမ်းရောင်ပင်လယ်ပြင်မှာ ပေါ်လာခဲ့တဲ့ ဧရာမပင်လယ်မြွေကြီးနဲ့ မတူဖူးလား.."

မြေအောက်စခန်းအတွင်းက လူအုပ်ကြီးသည် အပြင်ဘက်အခြေအနေကို ကြည့်ရှုနေကြပြီး ခရာကန်၏ အနောက်မှ ရှည်လျားသော အရိပ်မည်းကြီးအား မြင်ပြီးနောက် ၎င်းတို့ထဲမှ တစ်ယောက်က ကျယ်လောင်စွာ ထအော်လိုက်သည်။

လူအုပ်ကြီးထဲက ရှောင်လန်ရဲ့ မျက်လုံးများသည် ထိုအော်သံအား ကြားပြီးနောက် တောက်ပလာခဲ့၏။ ဧရာမပင်လယ်မြွေကြီး ပေါ်လာခဲ့စဉ်က သူမ ထိုကမ်းခြေတွင် ရှိနေခဲ့သောကြောင့် ၎င်းအား မြင်တွေ့ခဲ့ဖူးသည်။

ဧရာမပင်လယ်မြွေကြီးသည် တစ်နှစ်ကျော်ကြာ ပေါ်မလာခဲ့သောကြောင့် လူအများစုသည် ၎င်းက သေဆုံးသွားလောက်ပြီဟု ယူဆခဲ့သည်။ ထို့အပြင် ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများစွာ ပေါ်လာခဲ့ခြင်းကြောင့် လူများစွာသည် ၎င်းအားမေ့လျော့သွားခဲ့ကြသည်။

ဧရာမပင်လယ်မြွေကြီးနှင့် ပတ်သက်၍ မည်သူမျှကလည်း ပြောဆိုကြခြင်း မရှိတော့ပေ။ ဤတွင် ၎င်းအရွယ်အစား၏ မီတာ (၃၀) သာ ရှည်လျားသောကြောင့်လည်း ဖြစ်သည်။ ယခင်က ထိုအရွယ်အစားသည် အလွန်ထိတ်လန့်စရာကောင်းခဲ့သော်လည်း ယခုအခါတွင် ၎င်းထက် များစွာပိုကြီးမားသော သားရဲများစွာ ရှိနေခဲ့သည်။

ထိုကြောင့် ၎င်း၏ ထိုစဥ်က အရွယ်အစားသည် ယခုတော့ အခြားသူများအတွက် သာမာန်ဟုသာ ထင်နေတော့သည်။

"မဟုတ်ဘူး.. အဲ့ဒီမြွေက ဧရာမပင်လယ်မြွေကြီးထက် အများကြီး ပိုကြီးနေတယ်.."

ရှောင်လန် ဖန်သားပြင်အား စိုက်ကြည့်နေခဲ့သည်။ သူမသည် ထိုမြွေကြီးကို တိုက်ရိုက်မြင်နေရခြင်း မဟုတ်သော်လည်း ဖန်သားပြင်မှနေ၍ ၎င်းသည် အစိမ်းရောင်ပင်လယ်ပြင်တွင် သူမ မြင်ခဲ့ရသော ဧရာမပင်လယ်မြွေကြီးထက် များစွာပိုကြီးကြောင်းကို ခန့်မှန်းနိုင်သည်။

"အဲ့တာက ဧရာမပင်လယ်မြွေကြီး မဟုတ်လောက်ဘူး..."

ထိုသို့ တွေးနေသော်လည်း သူမသည် ဖန်သားပြင်အား စူးရှစွာဖြင့် ဆက်ကြည့်နေဆဲ ဖြစ်သည်။ လူအုပ်ကြီး၏ မျက်စိအောက်တွင် မြွေကြီးသည် ခရာကန် အနီးသို့ လျင်မြန်စွာ ချဉ်းကပ်သွားပြီး ၎င်း၏ လက်တံတစ်ခုကို ကိုက်လိုက်သည်။

နာကျင်မှုအား ရုတ်တရက်ကြီး ခံစားလိုက်ရသော ခရာကန်သည် ချက်ချင်းပင် ၎င်း၏ လက်တံသုံးချောင်းကို အသုံးပြုပြီး တိုက်ခိုက်လာသူကို ရစ်ပတ်လိုက်သည်။

"ပြီးသွားပြီ..."

ကျောက်နန် ခေါင်းခါလိုက်သည်။ ခရာကန်၏ လက်တံများ အကြောင်းကို သူမသိသည်။ တစ်ချိန်က ၎င်းသည် လက်တံတစ်ချောင်းကို အသုံးပြုပြီး သင်္ဘောတစ်စီးကို နှစ်ပိုင်း ပိုင်းဖြတ်ခဲ့ဖူး၏။

သို့သော် မြင်လိုက်ရသော မြင်ကွင်းက သူမကို အံ့သြသင့်သွားစေသည်။ မြွေကြီးသည် ၎င်း၏ လက်တံများကြောင့် ကြေမွသွားခြင်း မရှိပေ။ ထို့အပြင် ၎င်းက ထိခိုက်ဒဏ်ရာပင် ရသည့်ပုံမပေါ်ပေ။

မြွေကြီးသည် ခရာကန်၏ ရစ်ပတ်ခြင်းကို ခံရပြီးနောက် ရူးသွပ်စွာ ရုန်းကန်၏။ ရုန်းကန်နေရင်းဖြင့်လည်း ခရာကန်၏ လက်တံများအား ကိုက်ဖြတ်ရန် ကြိုးစားနေခဲ့သည်။

ဝုန်း.. ဝုန်း.. ဝေါ... ဝေါ... ဗွက်..

၎င်းတို့၏ ကြီးမားသော လှုပ်ရှားမှုများသည် လှိုင်းလုံးကြီးများအား ဖြစ်ပေါ်လာစေသည်။ မြွေကြီးသည် ရူးသွပ်စွာ ရုန်းကန်တိုက်ခိုက်နေစဥ် ခရာကန်သည် လက်တံနှစ်ချောင်းကို အသုံးပြုကာ မြွေကြီးအား ထက်မံ ရစ်ပတ်လိုက်လေသည်။

ခရာကန်၏ လက်တံများတွင် သွားစွယ်များဖြင့် ပြည့်နေသော စုပ်ခွက်များ ရှိနေသည်။ ၎င်းသွားစွယ်များသည် သံမဏိကိုပင် အလွယ်တကူ ထိုးဖောက်နိုင်သည်။ ကျောက်နန်သည် ၎င်းသွားစွယ်များ၏ အစွမ်းကို မြင်ဖူးသောကြောင့် ဤအချက်ကို သက်သေခံနိုင်သည်။

စုပ်ခွက်အပြည့် ရှိနေသော သွားစွယ်များသည် အဆက်မပြက်လှုပ်ရှားလာခဲ့ပြီး မြွေကြီး၏ အကြေးခွံများကို ဖြတ်တောက်ရန် ကြိုးစားလာခဲ့သည်။ မျက်စီတမှတ်အတွင်း သတ္တုခြစ်သံ ကဲ့သို့ အသံများ ပေါ်လာခဲ့ပြီး သွားစွယ်များသည် မြွေကြီးအား အပိုင်းပိုင်းဖြတ်တောင်ရန် ကြိုးစားခဲ့သော်လည်း ၎င်းက ကံမကောင်းစွာဖြင့် မအောင်မြင်ခဲ့ပေ။

သားရဲကြီးနှစ်ကောင်၏ တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေသည်။ မြွေကြီးက ခရာကန်၏ လက်တံများကို ဖျက်ဆီးရန် ကြိုးစားနေသည် ဖြစ်စေ။ ခရာကန်က မြွေကြီး၏ အကြေးခွံများကို ဖြတ်တောက်ရန် ကြိုးစားနေသည် ဖြစ်စေ မည်သူမျှ အောင်မြင်ခြင်း မရှိသေး။

တိုက်ပွဲသည် ဤအတိုင်း ဆက်ဖြစ်နေခဲ့ပြီး ဆယ်မိနစ်ကြာသွားပြီးနောက် သားရဲကြီးနှစ်ကောင်သည် ရေအောက်ထဲသို့ တဖြည်းဖြည်း ရောက်သွားခဲ့သည်။

ရေမျက်နှာပြင်သည် ပြန်ငြမ်လာခဲ့သော်လည်း ရေမျက်နှာပြင်တွင် ကျန်ရှိနေသော အနီရောင်အကွက်များသည် ဧရာမသားရဲကြီးနှစ်ကောင် ဤနေရာတွင် မကြာသေးခင်က တိုက်ခိုက်ခဲ့ကြောင်း သက်သေခံနေ၏။

အနီရောင်အကွက်များသည် ခရာကန်၏ သွေးများသာ ဖြစ်သည်။ မြွေကြီးသည် ခရာကန်၏ လက်တံများကို ကိုက်ဖြတ်နိုင်ခြင်း မရှိခဲ့သော်လည်း ဒဏ်ရာရစေခဲ့၏။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် မြွေကြီးသည် အသာစီးရခဲ့ခြင်း ဖြစ်ပေမည်။ သို့သော် နောက်ဆုံးတွင် ၎င်းအနိုင်ရမည်လား မသေချာပေ။ ခရာကန်သည် ဒဏ်ရာရခဲ့သော်လည်း ထိုဒဏ်ရာသည် ၎င်း၏ ဧရာမခန္ဓာကိုယ်နှင့်ဆို အလွန်ပင် သေးငယ်နေ၏။

ကျောက်နန်နှင့် အခြားလူများသည် အနိုင်ရရှိသူအား သိနိုင်မည် မဟုတ်ပေ။

၎င်းတို့ နစ်မြုပ်သွားပြီးနောက် ခရာကန်နှင့် မြွေကြီးတို့သည် ပြန်ပေါ်မလာတော့ပေ။ သူမတို့သည် ပတ်ဝန်းကျင်ဒေသများအား ရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမျှ မတွေ့ခဲ့ပေ။

...

မြွေကြီးနှင့် ခရာကန်တို့၏ တိုက်ပွဲဗီဒီယိုသည် ဟွာရှတစ်ခုလုံး လျင်မြန်စွာ ပျံ့နှံ့သွား၏။ ထိုဗီဒီယိုကြောင့် လူတိုင်း အံ့သြသွားကြသည်။

ပင်လယ်ဘုရင် လေးပါးထဲမှ တစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သော သန္ဓေပြောင်း သားရဲတစ်ကောင် ပေါ်လာပြန်ပြီးလား။ အရေးကြီးဆုံးအချက်က ဒီသားရဲက အခြားဘုရင်သုံးပါးထဲက တစ်ပါး မဟုတ်တာပဲ..

ဒါက ပင်လယ်ဘုရင်အသစ်လား။ ဒီမြွေကြီး အရင်က ဘာလို့ ပေါ်မလာဖူးတာလဲ..

လူတိုင်း၏ ခေါင်းထဲတွင် မေးခွန်းများ ပလုံစီနေသည်။

လူအများအပြားသည် လွန်ခဲ့သော တစ်နှစ်ကျော်က အစိမ်းရောင်ပင်လယ်ပြင်တွင် ပေါ်လာခဲ့ဖူးသော ဧရာမပင်လယ်မြွေကြီးကို ယခုပေါ်လာသည့် မြွေကြီးနှင့် ယှဥ်တွေးမိ၏။ အချို့သူများကဆို ၎င်းတို့က တစ်ကောင်းတည်းလားဟုပင် စဥ်းစားမိကြသည်။

သို့သော် လူအများဆုံး စိုးရိမ်ပူပန်နေသည့်အချက်က မည်သူ အနိုင်ရခဲ့သနည်းဟုပင် ဖြစ်သည်။

အနိုင်ရသူက မည်သူနည်း။ ခရာကန်လား။ မြွေကြီးလား။

.....

All Chapters