နိုင်ငံများ
Vol. 13 Ch. 172
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဟွာရှသည် ဧရာမမြွေကြီး၏ ခြေရာကို လိုက်ရှာနေခဲ့သည်။ ဤတွင် ၎င်းတို့နိုင်ငံ တစ်ခုတည်းသာမကဘဲ ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံများစွာလည်း ၎င်းအား အသည်းအသန် ရှာဖွေနေခဲ့၏။
၎င်းနိုင်ငံများသည် မြွေကြီးအား ရှာဖွေနေကြသော်လည်း ၎င်းအားစိုးရိမ်နေသောကြောင့် မဟုတ်ပေ။ ထိုအစား ၎င်းသားရဲ နှစ်ကောင်တိုက်ခိုက်ရင်း နှစ်ကောင်စလုံး သေဆုံးသွားရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။ အထူးသဖြင့် ခရာကန်ကို ပို၍ သေစေလို၏။
ဟွာရှအနီးရှိ သေးငယ်သော နိုင်ငံများသည်၊ ၎င်းတို့၏ နိမ့်ပါးသော ကမ်းရိုးတန်း အကာအကွယ်များကြောင့် ခရာကန်၏ နှောင့်ယှက်မှုဒဏ်ကို အများဆုံးခံခဲ့ရပြီး ငါးဖမ်းလှေများနှင့် သင်္ဘောများစွာ ဖျက်ဆီးခံခဲ့ရသည်။
ထို့ကြောင့် ၎င်းတို့သည် ခရာကန်ကို အလွန်မုန်းတီးကြသည်။ ဧရာမမြွေကြီးကမူ ၎င်းသည် ပထမဆုံးအကြိမ် ပေါ်လာခြင်းသာ ဖြစ်ရပေမည်။ သို့သော် ၎င်းသည် သားရဲတစ်ကောင်ပင် ဖြစ်သောကြောင့် ၎င်း၏ ကြင်နာမှုကို သူတို့ မျှော်လင့်မထားကြပေ။ ၎င်းသည် အလွန်ရန်လိုသော သားရဲတစ်ကောင် ဖြစ်နိုင်ပြီး ခရာကန်ကို တိုက်ခိုက်ရန် စတင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်၏။
နိုင်ငံများစွာသည် စုဝေးခဲ့ကြပြီး ထိုစုဝေးရသည့် အကြောင်းရင်းကလည်း ဧရာမမြွေကြီးနှင့် ခရာကန်တို့၏ သတင်းအချက်အလက်များကို ရယူရန်အတွက် ဖြစ်သည်။ ၎င်းသားရဲနှစ်ကောင်သည် မည်သည့်နေရာတွင် ရှိနေပြီး မည်သည့်အရာများ လုပ်ဆောင်နေသည်ကို သူတို့ သိလိုကြသည်။
ယခုတလော သူတို့၏ အဓိကပစ်မှတ် အသစ်သည် ဧရာမမြွေကြီးပင် ဖြစ်၏။ ခရာကန်နှင့် ပတ်သက်၍ သူတို့တွင် နားလည်မှု အချို့ရှိနေပြီ ဖြစ်သော်လည်း ၎င်းဧရာမမြွေကြီးနှင့် ပတ်သက်၍မူ မည်သည့်အချက်အလက်မျှ မရှိသေးပေ။
၎င်းသားရဲနှစ်ကောင်အား ရှာဖွေရာတွင် ဟွာရှက အများဆုံး အားစိုက်ထား၏။ နိုင်ငံကြီးတစ်ခုဖြစ်သည်နှင့်အညီ ၎င်း၏ ငွေကြေးခွန်အားနှင့် စစ်ရေးအင်အားသည် သာလွန်ပြီး သေးငယ်သော နိုင်ငံများက ငွေကြေးနှင့် စစ်ရေးအင်အား ချို့တဲ့ခြင်းကြောင့် ၎င်းတို့၏ ရှာဖွေရေးအင်အားက အားနည်းလေသည်။
ကံမကောင်းစွာဖြင့် နိုင်ငံများစွာသည် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသော်လည်း ခရာကန်နှင့် မြွေကြီးတို့၏ ခြေရာကို ရှာဖွေနိုင်ခြင်း မရှိသေးပေ။
"ဒီသားရဲကြီးနှစ်ကောင်လုံး သေသွားတာများလား.."
လူပေါင်းများစွာက ၎င်းတို့အား ရှာမတွေ့ခဲ့ချိန်တွင် တစ်မျိုးတွေးလာကြ၏။ လူပေါင်းများစွာသည် ၎င်းသားရဲနှစ်ကောင် သေဆုံးသွားရန် မျှော်လင့်နေသည်။ အထူးသဖြင့် ငါးဖမ်းသမားများက ရှေ့ဆုံးကပါသည်။
ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများသည် ကြောက်စရာကောင်းသော်လည်း ၎င်းတို့သည် ကြီးမားသော သင်္ဘောများအား ဖျက်ဆီးနိုင်ခြင်း မရှိသေးပေ။ ခရာကန်ကဲ့သို့ ထိပ်တန်း သန္ဓေပြောင်း သားရဲများသာ ၎င်းတို့ကို ဖျက်ဆီးနိုင်သည်။
သင်္ဘောကြီးတစ်စီးတည်း ရှိနေသည်ဖြစ်စေ၊ သင်္ဘောများစွာ စုဝေကာ ရှိနေသည်ဖြစ်စေ ခရာကန်သည် ၎င်းတို့အား ကြီးမားသော ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ဘုရင်အဆင့် ဤသားရဲကြီးနှစ်ကောင် သေဆုံးခြင်းသည် လူသားများအတွက် အကောင်းဆုံးပင် ဖြစ်သည်။
...
ပစိဖိတ်သမုဒ္ဒရာအတွင်း၌ ဘင်နီယန် ကျွန်းများရှိပြီး ၎င်းကျွန်းများအနီးတွင် လူသူကင်းမဲ့သော သဲကန္တာရကျွန်းတစ်ကျွန်း ရှိသည်။ ၎င်းသဲကန္တာရကျွန်းသည် အကျယ်အားဖြင့် ခုနစ်စတုရန်းကီလိုမီတာသာ ရှိသော်လည်း ၎င်းတွင် အသင့်အတင့်ရှိသော သစ်တောကြီးတစ်ခု ရှိသည်။
ထိုအချိန် ဤကမ်းခြေ၌ ဧရာမသားရဲကြီးတစ်ကောင် နေပူဆာလှုံနေသည်။ ၎င်းမြွေကြီးသည် လွန်ခဲ့သော သုံးရက်အကြာ ခရာကန်နှင့် တိုက်ခိုက်ပြီးကတည်းက ဤနေရာတွင် နေပူဆာလှုံနေခြင်း ဖြစ်၏။ ၎င်းသည် ဤကမ်းခြေတွင် အနားယူနေခြင်း မဟုတ်ဘဲ သူ့ကိုယ်သူ အားပြန်ဖြည့်နေခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ် ပင်လယ်ရေအောက်ကြမ်းပြင်တွင် ခရာကန်နှင့် တိုက်ခိုက်စဉ်က သူသည် မိုးကြိုးဒိုမိန် (နယ်မြေ) စွမ်းရည်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ခရာကန်ကို များစွာ ထိခိုက်စေခဲ့၏။ သို့သော် ၎င်းရေဘဝဲ သားရဲသည် သူ၏ လက်က ထွက်ပြေးနေနိုင်ဆဲ ဖြစ်သည်။
ဤသည်က ဖန့်ရန်အား သက်ပြင်းချမိစေသည်။
ထိုရေဘဝဲ သားရဲသည် အာကာသလမ်းကြောင်းဘေးတွင် သူနှင့် တိုက်ခိုက်ခဲ့ဖူးသော သားရဲ ဖြစ်သည်မှာ သေချာပေသည်။
သို့သော် ထိုအချိန်က ရေဘဝဲ သားရဲသည် စနစ်အမှတ် (၂၀၀၀၀၀) သာ တန်ဖိုးရှိခဲ့ပြီး ယခုအခါ စနစ်အမှတ် (၃၀၀၀၀၀) တန်ဖိုးရှိနေ၏။ ယခုလည်း ရေဘဝဲ သားရဲသည် ၎င်း၏ မှင်ကို အသုံးပြု၍ ထက်ပြီးထွက်ပြေးသွားနိုင်ခဲ့သောကြောင့် သူ၏ ကံတရားသည် ဆိုးရွားနေပုံပေါ်သည်။
"ငါ ဆင့်ကဲပြောင်းလဲမှု လုပ်နေချိန် သူတို့လည်း ကြီးထွားလာကြတယ်..."
၎င်းသားရဲများ၏ ကြီးထွားမှုသည် ဖန့်ရန်ကို ဖိအားများစွာ ခံစားရစေသည်။ ကံကောင်းထောက်မစွာဖြင့် သန္ဓေပြောင်း သားရဲအားလုံးသည် (သဘာဝအတိုင်း) ဆင့်ကဲပြောင်းလဲနိုင်ခြင်း မရှိဘဲ အချို့သော အထူးသန္ဓေပြောင်း သားရဲများသာလျှင် ၎င်းအား လုပ်ဆောင်နိုင်ပေသည်။
ထို့အပြင် ၎င်းသားရဲများ၏ ဆင့်ကဲပြောင်းလဲမှုသည်လည်း သူကဲ့သို့ ဆက်တိုက် အကန့်အသတ်မဲ့ ဆင့်ကဲပြောင်းလဲနိုင်ခြင်း မရှိဘဲ ကန့်သတ်ချက်များ ရှိနေမှန်း သူခံစားမိနေသည်။
ဖန့်ရန်သည် တစ်လကြာ လှည့်လည်သွားလာပြီးနောက် သမုဒ္ဒရာများနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ကို စုဆောင်းနိုင်ခဲ့သည်။
ဤခေတ်သစ်တွင် သမုဒ္ဒရာ၏ အရှင်သခင်များသည် ငါးမန်း၊ ဝေလငါးနှင့် ၎င်းတို့ကဲ့သို့ သားရဲများ မဟုတ်တော့ဘဲ အစွမ်းထက် သန္ဓေပြောင်း သားရဲများ၊ ရှေးဟောင်း သားရဲများ ဖြစ်ကြသည်။
သန္ဓေပြောင်း မီဂါလိုဒွန် သို့မဟုတ် သန္ဓေပြောင်း ဝေလငါးကဲ့သို့ သားရဲများသာလျှင် ဤခေတ်သစ်တွင် သမုဒ္ဒရာ၏ အရှင်သခင်အဖြစ် လုပ်ဆောင်ရန် အရည်အချင်းပြည့်မီကြသည်။ သို့သော် ၎င်းတို့သည် ယခင်ကကဲ့သို့ ထိပ်ဆုံးအဆင့် သားရဲများ မဟုတ်တော့ဘဲ ရေဘဝဲ သားရဲကဲ့သို့ ထိတ်တန်းသားရဲများသာ စစ်မှန်သော အရှင်သခင်များ ဖြစ်ကြသည်။
သူ၏ ဆင့်ကဲပြောင်းလဲခြင်း ပြီးစီးပြီးနောက် ပင်လယ်ထဲသို့ ဝင်ရောက်ခဲ့ချိန်ကစ၍ သန္ဓေပြောင်း သားရဲများစွာနှင့် ဆုံတွေ့ခဲ့ပြီး ၎င်းသားရဲအားလုံးသည် သူ၏ ဗိုက်ထဲသို့ ရောက်ရှိသွားခဲ့ကြသည်။ ထိုရေဘဝဲ သားရဲတစ်ကောင်သာ သူ၏ လက်က လွတ်မြောက်နိုင်ခဲ့၏။
"ပင်လယ်ထဲမှာ ရေဘဝဲ သားရဲလောက် အစွမ်းထက်တဲ့ သန္ဓေပြောင်း သားရဲတွေ ရှိသေးလား မသိဘူး"
ဖန့်ရန်က ကမ်းခြေတွင် ပျင်းရိစွာ လှဲလျောင်းရင်း တွေးတောနေခဲ့သည်။
ရုတ်တရက် သူသည် ပြဿနာတစ်ခုအား စဉ်းစားမိလိုက်သည်။ ဧရာမရေဘဝဲသည် သူ့လောက် အစွမ်းမထက်သော်လည်း သူ့ထံမှ နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်နိုင်ခဲ့၏။ ထို့ပြင် ၎င်းသားရဲ၏ ကြီးထွားနှုန်းသည် သူ့ကို ဖိအား အနည်းငယ် ပေးနိုင်နေသည်။
ယခုနောက်ပိုင်း သူ၏ ဆင့်ကဲပြောင်းလဲမှုသည် အချိန်ပိုမိုယူလာရသည်။
တစ်နေ့... သူ၏ ဆင့်ကဲပြောင်းလဲမှု ပြီးစီးလို့ နိုးထလာပြီးချိန်တွင် ထိုသားရဲများ သူ့ထက် ပိုကြီးနေမည်ကို သူ ကြောက်ရွံ့မိသည်။ ထိုထက် သူ့အား အများဆုံး စိုးရိမ်စေသည့်အရာမှာ အာကာသလမ်းကြောင်းအတွင် သူမြင်ခဲ့ရသော ကိုင်ဂျူ သားရဲများ ဖြစ်သည်။
ဖန့်ရန် သက်ပြင်းရှည်ကြီးတစ်ချက်အား ပထမဆုံးအကြိမ်ချလိုက်မိသည်။
သူပိုပြီး ကြီးထွားလာရမည်။
ဖန့်ရန်သည် အကြေးခွံများအတွင်းရှိ လျှပ်စစ်ဓာတ်များ ပြည့်ဝသွားပြီဖြစ်ကြောင်း ခံစားမိလိုက်၏။ သူကမ်းခြေမှ ထရပ်လိုက်သည်။
သူ၏ နောက်ထပ် ဆင့်ကဲပြောင်းလဲမှုအတွက် စနစ်အမှတ် (၂.၅) သန်း လိုအပ်သည်။ ထိုကြောင့် သူကြိုးစားရမည်။
...
ဧရာမမြွေကြီးနှင့် ခရာကန်တို့သည် တစ်လကြာသွားသော်လည်း ပြန်ပေါ်လာခြင်း မရှိသေးပေ။ လူအများအပြားက ထိုသားရဲကြီးနှစ်ကောင် သမုဒ္ဒရာထဲတွင် တိုက်ခိုက်ရင်း ဒဏ်ရာများဖြင့် သေဆုံးသွားခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းနေကြသည်။ မကြာခင်က ဧရာမမြွေကြီးကို ဘုရင်အဆင့် သားရဲများထဲ ထည့်သွင်းရန် သူတို့စဉ်းစားခဲ့ကြသည်။ သို့သော် ၎င်းသည် သေဆုံးသွားပြီ ဖြစ်ပုံရသည်။
ဧရာမမြွေကြီးနှင့် ခရာကန်တို့၏ တိုက်ပွဲ ဗီဒီယိုသည် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွားသည်။ ၎င်းသည် သန္ဓေပြောင်း သားရဲများ ပေါ်ပေါက်လာပြီးနောက်ပိုင်း ဘုရင်အဆင့် သန္ဓေပြောင်း သားရဲနှစ်ကောင် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် ဘုရင်အဆင့် သားရဲများ အလွန်နည်းပါးသည်။ ဧရာမမြွေကြီး ပေါ်မလာသေးခင်က ဘုရင်အဆင့် သားရဲ လေးကောင်သာ ရှိခဲ့ပြီး တစ်ကောင်စီသည် သမုဒ္ဒရာတစ်ခုစီကို သိမ်းပိုက်ထားသောကြောင့် အချင်းချင်း ဆုံတွေ့ရန် အလွန်ခက်ခဲသည်။ ထို့ကြောင့် ဘုရင်အဆင့် သားရဲနှစ်ကောင်၏ တိုက်ပွဲကို မှတ်တမ်းတင်ထားသော ဗီဒီယိုသည် အလွန်ရှားပါး၏။
ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ နိုင်ငံများမှ ငါးဖမ်းသမားများ စိတ်လှုပ်ရှားနေကြသည်။ ဧရာမမြွေကြီးနှင့် ခရာကန်တို့ သေဆုံးသွားပြီဟူသော သတင်းသည် တိုက်ရိုက်သက်သေ မရှိသော်လည်း မည်သည့်သတင်းမှ မရှိခြင်းကပင် အကောင်းဆုံး ဖြစ်နေသည်။
ငါးဖမ်းသမားများအတွက် ယခင်ကဲ့သို့ သမုဒ္ဒရာအပေါ် ထိတ်လန့်စရာ မလိုတော့ပေ။ သူတို့သည် ယခုအခါ ပင်လယ်ထဲသို့ နက်ရှိုင်းစွာ ပိုမိုသွားရောက်လာနိုင်ပြီး အရွယ်အား သေးငယ်သော ရှေးဟောင်း သားရဲများကို ဖမ်းဆီးခြင်းက ပိုမိုလွယ်ကူလာတော့မည်။
ရှေးဟောင်း သားရဲများ၏ အသားဈေးနှုန်းသည် အလွန်မြင့်မားသောကြောင့် တစ်ကောင် ဖမ်းဆီးနိုင်ရုံဖြင့် သာမာန်ရိုးကျ ငါးဖမ်းသမားတစ်ယောက်ကို နေချင်းညချင်း ချမ်းသာသွားစေနိုင်သည်။ အလွန်ကြီးမားသော ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများအတွက်မူ အစိုးရနှင့် ငါးဖမ်းကုမ္ပဏီကြီးများသာ ၎င်းတို့အား ဖမ်းဆီးနိုင်သည်။
ကုမ္ပဏီကြီးများသည် လက်နက်ကိရိယာနှင့် ဝေလငါးဖမ်းမှိတ်သေနတ် အများအပြား တပ်ဆင်ထားသော သင်္ဘောကြီးများအား အသုံးပြုကြသည်။ ၎င်းသင်္ဘောများသည် ဘုရင်အဆင့် သန္ဓေပြောင်း သားရဲများ သို့မဟုတ် သာမန်သန္ဓေပြောင်း သားရဲများကို အုပ်စုလိုက် မတွေ့ရသရွေ့ အခြေခံအားဖြင့် လုံခြုံသည်။
ဟွာရှနှင့် ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ နိုင်ငံများ ပျော်ရွင်နေကြချိန် အတ္တလန္တိတ်သမုဒ္ဒရာကမ်းရိုးတန်းရှိ အမေရိကန်နိုင်ငံ၏ အစိုးရသည် စူပါမိုဆာဆောရပ်စ်ကြောင့် စိတ်ညစ်နေခဲ့သည်။
စူပါမိုဆာဆောရပ်စ်သည် ၎င်းတို့အတွက် ဆိုးရွားသော ဖြစ်ရပ်တစ်ခုအား ဖြစ်ပေါ်စေပြန်သည်။ ဤတစ်ကြိမ်တွင် ၎င်းသည် ဗာဂျီးနီးယားကမ်းခြေကို တိုက်ခိုက်လာခဲ့ပြီး လူအများအပြား သေဆုံးမှု ဖြစ်ပေါ်စေခဲ့သည်။
.....