ချီရှိမားကျွန်းစု
Vol. 13 Ch. 175
ချီရှိမားကျွန်းစုသည် ဂျပန်နိုင်ငံ၏ တောင်ဘက်တွင် တည်ရှိသော ကျွန်းစုတစ်ခု ဖြစ်သည်။ ဤကျွန်းစုတွင် ကျွန်းပေါင်းဆယ်နှင့်ချီကာ ပါဝင်ပြီး ကျွန်းအများစုသည် သေးငယ်ကြ၏။
၎င်းကျွန်းများတွင် ဧရိယာအကျယ်ဆုံးနှင့် လူဦးရေ (၁၀၀၀၀) ခန့် ရှိသော Qinghuan ကျွန်း တည်ရှိသည်။ Qinghuan ကျွန်းတွင် နေထိုင်ကြသော လူအများစုသည် ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။
လူအချို့သည် ဟိုတယ်နှင့် စားသောက်ဆိုင်ကဲ့သို့ လုပ်ငန်းများကို လာရောက်လည်ပတ်သော ခရီးသွားများအား အဓိကအားထား လုပ်ကိုင်ကြသည်။
သို့သော် ဤနေရာ၏ ရှုခင်းသည် ထူးထူးခြားခြင်း လှပခြင်း မရှိသောကြောင့် လာရောက်လည်ပတ်သော လူများမှာ သိပ်မရှိပေ။
ကန်ဇာကီ မိသားစုသည် ဟိုတယ်အသေးစား တစ်ခုအား ဖွင့်လှစ်ထားသည်။ သို့သော်လည်း ၎င်းတို့၏ ဝင်ငွေအများစုသည် ငါးဖမ်းခြင်းမှ ရရှိ၏။
ကန်ဇာကီ မိသားစုတွင် မိသားစုဝင် (၅) ယောက် ရှိသည်။ ၎င်းတို့က ဟီရှိတာ ကန်ဇာဘ၊ သူ၏ ဇနီး၊ သူ၏ မိဘနှစ်ပါးနှင့် (၇) နှစ်အရွယ် သူ၏ သားငယ်တို့ ဖြစ်သည်။
ယခင်နှစ်များက ငါးဖမ်းခြင်းနှင့် ဟိုတယ်က ရရှိသော ငွေကြေးသည် ၎င်းတို့၏ ဘဝအား အတော်အတန်ပြည့်စုံသည့် လူမှုဘဝတွင် နေထိုင်နိုင်စေခဲ့သည်။
သို့သော် အရာအားလုံးသည် လွန်ခဲ့သော တစ်နှစ်အကြာက စတင်ကာ အဆုံးသတ်သွားခဲ့သည်။
သမုဒ္ဒရာထဲတွင် ဧရာမသားရဲများနှင့် ရန်လိုစိတ်အားကြီးသည့် ရှေးဟောင်း သားရဲ အမျိုးမျိုး ရှိနေသည်။ ၎င်းတို့သည် သေးငယ်သော ငါးဖမ်းလှေများကို အထူးပစ်မှတ်ထား တိုက်ခိုက်ခိုက်တတ်ပြီး ၎င်းတို့တွင် သားရဲများအား ရှောင်ကျဉ်နိုင်စွမ်း မရှိပေ။
၎င်းသားရဲများတွင် သန္ဓေပြောင်း သားရဲများသည် အထူးပင် ရန်လိုတတ်ပြီး ပုံမှန်ရှေးဟောင်းသားရဲများထက် ကြမ်းတမ်းကြသည်။
၎င်းသားရဲများကို ရှောင်ကျဥ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းသည် ရေတိမ်ကမ်းရိုးတန်းတွင် ငါးဖမ်းခြင်းသာ ဖြစ်သည်။ ထိုကြောင့် ၎င်းတို့သည် လှေငယ်များကို စွန့်လွှတ်ပြီး ငါးဖမ်းသမား အများအပြား စုဝေးကာ သင်္ဘောများကို ဝယ်ယူကြရသည်။
ဤခေတ်တွင် လှေငယ်ဖြင့် ပင်လယ်ထဲသို့ ငါးဖမ်းခရီးထွက်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင် ဖြစ်သည်။
ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲအများစုသည် သင်္ဘောများကို အလွန်ကြီးမားသော သားရဲအဖြစ် အထင်မှားတတ်ကြပြီး ၎င်းတို့အများစုက ရှောင်ကွင်သွားတတ်ကြသည်။ ထိုကြောင့် သင်္ဘောများ၏ အန္တရာယ်ကြုံရမှုသည် နည်းပါးသွားခဲ့သည်။
သို့သော် ၎င်းက ထိပ်တန်းအဆင့် သန္ဓေပြောင်း သားရဲများနှင့် ဘုရင်အဆင့် သန္ဓေပြောင်း သားရဲများနှင့် မတွေ့ဆုံခဲ့မှသာ ဖြစ်သည်။ ၎င်းသားရဲများနှင့် ဆုံတွေ့မည်ဆိုလျှင် သေဆုံးမည့် ရာခိုင်နှုန်းသည် အလွန်မြင့်မားသည်။
ဟီရှီတာ ကံတရားသည် အလွန်ကောင်းမွန်၏။ သူသည် ဤတစ်နှစ်တာအတွင်း ပစိဖိတ်သမုဒ္ဒရာအတွင်း ငါးဖမ်းရာတွင် အန္တရာယ်များစွာ ရင်ဆိုင်ခဲ့ရသော်လည်း ခရာကန်နှင့် ဆုံတွေ့ဖူးခြင်း မရှိခဲ့ပေ။
ပို၍ ကံကောင်းသည်မှာ မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်း ဘုရင်အဆင့် သန္ဓေပြောင်း သားရဲ မရှိတော့ခြင်း ဖြစ်သည်။ ဘယ်လိုသွားခဲ့သည် မသိသော်လည်း ခရာကန်သည် ယခုအခါ အန္တာတိတ်သမုဒ္ဒရာတွင် ရှိနေခဲ့၏။
ယခုအချိန်တွင် စိုးရိမ်စရာ တစ်ခုတည်းကျန်ရှိတော့ပြီး ၎င်းက မြွေကြီးပင် ဖြစ်သည်။ သို့သော် မြွေကြီးသည် သေဆုံးသွားပြီ ဖြစ်နိုင်၏။
၎င်းဘုရင် သားရဲများနှင့် ထိပ်တန်းအဆင့် သန္ဓေပြောင်း သားရဲများတွင် အလေ့အကျင့်တစ်ခုရှိပြီး ၎င်းက သင်္ဘောများကို တိုက်ခိုက်ခြင်း သို့မဟုတ် ကုန်မြေပေါ်သို့ တက်လာကာ တိုက်ခိုက်ခြင်းတို့ပင် ဖြစ်သည်။
ခရာကန်၏ အန္တရာယ် မရှိတော့ခြင်းကြောင့် ဟီရှိတာ တို့သည် ပင်လယ်ပြင်ထဲ ပိုမိုနက်ရှိုင်းစွာ သွားရောက်ရန် ပြင်ဆင်ထားကြသည်။
သူတို့သည် Qinghuan ကျွန်းက ထွက်ခွာလာခဲ့သည်မှာ သုံးရက်ပင် ကြာသွားပြီဖြစ်ကာ ၎င်းနှင့် အတော်လေး ဝေးကွာနေခဲ့ပြီ ဖြစ်သည်။
ပင်လယ်ထဲမှ နေ့ရက်များသည် ပျင်းရိဖွယ်ကောင်းလှ၏။ သို့သော် ၎င်းသည် မသိစိတ်၏ ကြောက်ရွံမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုနှင့် တင်းမာမှုကို မယှဥ်နိုင်ပေ။
ဟီရှီတာသည် သူပြန်လှည့်သင့်သလားဟု အကြိမ်များစွာ စဉ်းစားခဲ့၏။
သို့သော် ငွေကြေး၏ ပြင်းပြသော ဆွဲဆောင်အားအောက်တွင် ၎င်းတို့ ဆက်လက် ရွေ့လျားလာခဲ့သည်။
"သန္ဓေပြောင်း သားရဲ အသေးစားတစ်ကောင်ကို ဖမ်းမိရင်တောင် ချမ်းသာသွားမှာ"
ဤအတွေးများ သူတို့ခေါင်းထဲ ပြည့်နှက်နေသည်။
ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများ ပေါ်ပေါက်လာပြီးနောက် ငါးဈေးနှုန်းသည် အလွန်အမင်း ထိုးတက်လာခဲ့၏။ သို့သော် သမုဒ္ဒရာထဲရှိ သားရဲများသည် ကြီးမားလာခဲ့ပြီး ခွန်အားလည်း ကြီးမားလာသောကြောင့် ငါးဖမ်းဆီးပြီး အသက်ရှင်လျက် ပြန်လာရန် မယုံနိုင်လောက်အောင် ခက်ခဲလာခဲ့သည်။
သင်္ဘောတစ်စင်း၏ အနောက်ဘက်တွင် ဧရာမ ငါးဖမ်းပိုက်ကြီး တစ်ခုကို ချိတ်ဆွဲထားသည်။
ထိုအချိန် ဟီရှီတာနှင့် ၎င်း၏ အဖော်များသည် သင်္ဘော၏ လက်ရံများကို မှီပြီး ငါးမျှားတံများဖြင့် ငါးဖမ်းနေကြ၏။
၎င်းငါးမျှားတံများက အတော်လေး ထူးခြားသည်။ ငါးဖမ်းရာတွင် အသုံးပြုထားသော ကြိုးသည် သံချိတ်ကြီးတစ်ခုနှင့် ချိတ်ဆက်ထားသော သံကြိုးတစ်ခု ဖြစ်သည်။
ငါးမျှားတံများကို သံကြိုးနှင့် ချိတ်ဆက်ထားပြီး ငါးတစ်ကောင် ချိတ်ကို လာဆွဲသည်နှင့် သံကြိုးက ၎င်းအား ဆွဲတင်ပေလိမ့်မည်။
ဤနည်းဖြင့် အသေးစား သန္ဓေပြောင်း သားရဲများကို ဖမ်းဆီးခြင်း ဖြစ်သည်။
ဤနည်းကို လူတစ်ယောက် အသုံးပြုဖူး၏။
၎င်းနည်းလမ်းဖြင့် လူတစ်ယောက်သည် ထူးဆန်းသော သန္ဓေပြောင်း ပုဇွန်တစ်ကောင်ကို ဖမ်းမိခဲ့သည်။ ၎င်းသန္ဓေပြောင်း ပုဇွန်သည် (၇) မီတာ ရှည်လျားပြီး ၎င်း၏ ဧရာမလက်မများသည် လူတစ်ယောက်ကိုပင် နှစ်ပိုင်း ဖြတ်နိုင်လောက်အောင် ကြီးမားသည်။
ထူးဆန်းသော သန္ဓေပြောင်း ပုဇွန်ကို မြင်ပြီးနောက် ငါးဖမ်းသမားသည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် ပျော်ရွင်သွားခဲ့ပြီး ၎င်း၏ အဖော်နှင့် ပူးပေါင်းကာ ထူးဆန်းသော သန္ဓေပြောင်း ပုဇွန်ကို သတ်ပစ်ခဲ့သည်။
ထိုနောက် ၎င်းငါးဖမ်းသမားသည် ထူးဆန်းသော သန္ဓေပြောင်း ပုဇွန်ကို ယန်းသန်းရာချီနှင့် ရောင်းချနိုင်ခဲ့ပြီး ညတွင်ခြင်း ချမ်းသာသွားခဲ့၏။
ထိုဖြစ်ရပ်သည် ဟီရှီတာ ကဲ့သို့ ငါးဖမ်းသမားများကြား လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ၎င်းတို့အား သန္ဓေပြောင်း သားရဲတစ်ကောင်ကို ဖမ်းမိသွားကာ ချမ်းသာသွားပြီဟု စိတ်ကူးယဉ်မိစေသည်။
ရှေးဟောင်း သားရဲ သို့မဟုတ် သန္ဓေပြောင်း သားရဲတစ်ကောင်ကို ဖမ်းဆီးနိုင်လျှင် ကံကောင်းသည်ဟု ဆိုနိုင်သော်လည်း သေချာကိုင်တွယ်တတ်ဖို့တော့ လိုအပ်သည်။ သို့မဟုတ်လျှင် ကောင်းမွန်သော ကံတရားသည် ပျောက်ဆုံးသွားနိုင်ပြီ ဘေးဥပဒ်များသာ ဖြစ်လာနိုင်၏။
အသေးစား သန္ဓေပြောင်း သားရဲများကို ဖမ်းဆီးသည့် သင်္ဘောအချို့သည် အကြီးစား ရှေးဟောင်း သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရတတ်သည်။ ထိုကြောင့် အစဥ်မပြက် သတိထားရန် လိုအပ်၏။
ထိုသားရဲကြီးများသည် အများအားဖြင့် မီတာ (၄၀) မှ (၅၀) ကျော် အထိရှည်လျားတတ်သည်။ ၎င်းသည် မီတာ (၁၀၀) ကျော် ရှည်လျားသော သင်္ဘောကြီးများကို မှောက်လှန်ပစ်နိုင်သည်အထိ ခွန်အားကြီးသည်။
သို့သော် သန္ဓေပြောင်း သားရဲများကို ဖမ်းဆီးခြင်းသည် အမြတ်အစွန်းများစွာ ရရှိစေပြီး အန္တရာယ်ကြားမှပင် လူအများကို စွန့်စားစေနိုင်ဖို့ လုံလောက်သည်။
ဟီရှီတာနှင့် ၎င်း၏ အဖော်များသည် ငါးမျှားတံ သုံးချောင်း၏ အနောက်တွင် ရှိနေသည်။ ၎င်းတို့သည် ရေပြင်၏ လှုပ်ရှားမှုကို လေ့လာရင်း တင်းမာမှုများ ဖြေလျှော့ရန် စကားပြောဆိုနေကြသည်။
ရုတ်တရက် ဟီရှီတာ၏ ငါးမျှားတံ လှုပ်ရှားသွားသည်။
"ဒါက..."
ဟီရှီတာသည် ရုတ်တရက်မို့ အံ့သြသွားသော်လည်း ၎င်းနေရာတွင် စိတ်လှုပ်ရှားမှုများက အစားထိုးဝင်ရောက်လာခဲ့သည်။
နောက်ဆုံးတွင် ငါးတစ်ကောင်သည် ငါးစာကို ကိုက်လာခဲ့သည်။ သို့သော် ၎င်းက သန္ဓေပြောင်း သားရဲလား၊ ရှေးဟောင်း သားရဲလား။ ၎င်းအား ဖမ်းဆီးနိုင်မည်လား ၎င်းက ထွက်ပြေးသွားလေမလား သူမသိပေ။
ဟီရှီတာ သူ့ဘေးရှိ အဖွဲ့သားကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ဟီရှီတာသည် ချွန်ထက်သော သတ္တုလှံတစ်ခုကို ကိုင်ဆောင်လိုက်ပြီး ပေါ်လာတော့မည့် သားရဲကို ထိုးဖောက်ရန် အသင့်ပြင်လိုက်၏။
အခြားသူများသည်လည်း လက်နက်များကို ကိုင်ဆောင်လိုက်ကြပြီး အများစုက ဟီရှီတာ ကဲ့သို့ သတ္တုလှံများ ဖြစ်သည်။
အချို့လူများကမူ သေနတ် ကဲ့သို့ အပူလက်နက်များကို ကိုင်ဆောင်လိုက်ကြသည်။
ဗွမ်း~
ရေအောက်ရှိ သားရဲသည် အဆက်မပြက် ရုန်းကန်နေပြီး ဆူညံသံများ ဖြစ်ပေါ်စေသည်။
"မိနေပြီ လိမ်မ္မာလိုက်တဲ့ ကောင်ငယ်လေးပဲ.."
ဟီရှီတာသည် ဆုံးဖြတ်ချက်တစ်ခုအား လျင်မြန်စွာ ချလိုက်ပြီး သူ၏ အဖွဲ့သားများကို စတင်အမိန့်ပေးတော့သည်။
"မြန်မြန်လုပ်ရမယ်။ သံကြိုးကို ဆွဲလိုက်တော့၊ ဒီငါးကို ဖိအားနည်းနည်း အရင်ပေးရမယ်.."
သူ၏ စကားကို ကြားပြီးနောက် အဖွဲ့သားနှစ်ယောက်သည် သံကြိုးလိပ်စက်ကို အသုံးပြုပြီး သံကြိုးကို ချက်ချင်း ဆွဲတင်တော့သည်။ သံကြိုးသည် လျင်မြန်စွာ တိုတောက်လာပြီး ငါးကို ပိုမိုကာ အပြင်းအကန် ရုန်းကန်စေသည်။
"သံကြိုးကို နည်းနည်း လွှတ်မယ်..."
သံကြိုးသည် မီတာ (၁၀၀) ရှည်လျား၏။ သံကြိုးကို မီတာ အနည်းငယ် လွှတ်ပေးပြီးနောက် ဟီရှီတာသည် သံကြိုးကို ပြန်ဆွဲတင်ဖို့ အမိန့်ပေးသည်။
အချိန်ကြာလာသည်နှင့်အမျှ ရေအောက်ရှိ ငါးသည် ပင်ပန်းလာခဲ့သည်။ ငါးစာအဖြစ် အသုံးပြုသော အမဲသားထဲတွင် စိတ်ကြွဆေး အနည်းငယ် ထည့်ထားခြင်းကြောင့် ငါးသည် ပြင်းထန်စွာ လှုပ်ရှားရုန်းကန်ခဲ့၏။ သို့သော် စိတ်လှုပ်ရှားမှု လှိုင်းအပြီးတွင် ၎င်းပင်ပန်းလာခဲ့သည်။
ဟီရှီတာ၏ သင်္ဘောအဖွဲ့သားများ သံကြိုးကို စတင်ဆွဲတင်လိုက်သည်။
သိပ်မကြာမှီ သူတို့သင်္ဘောဘေးဘက်တွင် ကြီးမားသော အမည်းရောင်အရိပ်တစ်ခု ပေါ်လာခဲ့သည်။ ၎င်း၏ အရိပ်သည် ကြီးမားလှ၏။
"ငါးအကြီးကြီးပဲ..!"
ဟီရှီတာ ဘေးမှ လူတစ်ဦးက အော်ဟစ်လိုက်သည်။
"ဒီငါးကြီးက ဓားငါးနဲ့ တူတယ်။ ဒါပေမယ့် အများကြီး ပိုကြီးတယ်။ အရှည်က (၁၅) မီတာ (၁၆) မီတာလောက် ရှိတယ်။ ဒီလောက်ကြီးတာ သန္ဓေပြောင်း သားရဲပဲ ဖြစ်ရမယ်..."
"ဒီသမိုင်းဝင်အခိုက်အတန့်ကို မှတ်တမ်းတင်ရမယ်!"
ဟီရှီတာ စိတ်လှုပ်ရှားစွာ တွေးတောလိုက်သည်။ သူသည် သူ၏ ဖုန်းကို ထုတ်ယူလိုက်ပြီး ကင်မရာကို သင်္ဘောဘေးရှိ အရိပ်ဆီသို့ ချိန်ရွယ်ကာ ဗီဒီယိုရိုက်ကူးခြင်းကို စတင်လိုက်သည်။
ဤအချိန် ဟီရှီတာသည် သူ၏ မျက်လုံးထောင့်ကနေ အခြားအရိပ်တစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူသည် ထိုနေရာသို့ ချက်ချင်းလှည့်ကြည့်လိုက်သော်လည်း ၎င်းနေရာတွင် မည်သည့်အရာမျှ ရှိမနေပေ။
'နေရောင်ပြန်တာကိုများ ငါမှားမြင်တာလား...'
.....