← Chapters

အဲဒါ သူပဲ

Vol. 7 Ch. 611

အဲဒါ သူပဲ

Vol. 7 Ch. 611

ရှောင်ရွှမ်သည် ပါးနပ် လိမ္မာသော လူငယ် တစ်ယောက် ဖြစ်သည်။ သူသည် မိသားစုကြီး သုံးခု အကြား၌ တိုက်ပွဲ ဖြစ်ရန်ထက် အဓိက လူကို သတ်ရန်သာ ရွေးချယ်ခဲ့၏။

ရှောင်ရွှမ် သိရသလောက် ဆိုလျှင်  ဝမ်မိသားစုနှင့် ချင်မိသားစုတို့ လက်ထပ်ပွဲ စီစဉ်ရသည့် အကြောင်းရင်းမှာ "ချန်းဖန်" ကြောင့်သာ ဖြစ်သည်။ ချန်းဖန်အား သတ်လိုက်ခြင်းဖြင့် ဝမ်မိသားစုနှင့် ချင်မိသားစုတို့၏ ပတ်သက်မှုသည်လည်း အဆုံးသတ် သွားပေလိမ့်မည်။

"အဘိုးကြီးဝမ်နဲ့ အဘိုးကြီးချင်တို့က ထောက်ခံတဲ့ အထိ မင်းမှာ ဘယ်လို အရည်အချင်းမျိုး ရှိနေလဲ ဆိုတာတော့ ငါမသိဘူး… မင်းက အဓိက မိသားစုရဲ့ တစ်ခုရဲ့ ဆက်ခံသူ ဖြစ်ချင်ဖြစ်… မဖြစ်ရင် လင်းမိသားစုလို လျှို့ဝှက် မိသားစုရဲ့ လူတစ်ယောက်လည်း ဖြစ်ချင် ဖြစ်မယ်… ဘာပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး…  ရှောင်မိသားစု  ဘယ်လောက်အထိ အင်အား ကြီးသလဲ ဆိုတာ မင်း နားလည်မှာ မဟုတ်ဘူး"

ရှောင်ရွှမ်၏ မျက်လုံး၌ မောက်မာမှု တစ်ခု ရှိနေ၏။

ရှောင်မိသားစုသည် ရန်ကျင်း၏ နံပါတ်တစ် မိသားစု ဖြစ်ကာ တရုတ်၏ အင်အား အကြီးဆုံး မိသားစုကြီး သုံးခု၌ပင် ပါဝင်သည်။ ချန်းဖန် ကဲ့သို့သော ဝမ်မိသားစု၏ သာမန် လူငယ်လေး မဆိုထားနှင့် လင်းမိသားစုပင် ရှောင်မိသားစုနှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။

"ငါမင်းကို နောက်ဆုံး အခွင့်အရေး တစ်ခုပေးမယ်… ရန်ကျင်းမြို့ကနေ ထွက်သွားပါ… ဘယ်တော့မှ ပြန်မလာခဲ့နဲ့… ဒီလိုမှ မဟုတ်ရင်တော့… ဦးလေးဝူက မင်းရဲ့ ခြေတွေ လက်တွေကို ချိုးပြီး တောင်ထိပ်ကနေ ပစ်ချရလိမ့်မယ်"

ရှောင်ရွှမ်က ဆိုလိုက်၏။

"အနောက်မြောက်ဒေသ ဝူမိသားစုက ဝူရှန့်ဟယ်…"

ချန်းဖန်က လက်နှစ်ဖက် နောက်ပစ်ထားသော လူကြီးအား တစ်ချက် လှမ်းကြည့်လိုက်၏။

"ဟုတ်တယ်… ငါပဲ"

လူကြီးက ချန်းဖန်ဘက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်ရင်း အဖြေပေးလိုက်သည်။

"လွန်ခဲ့တဲ့ သုံးနှစ် ကတည်းက … မင်းက ကောင်းကင်စာအုပ် သတ်မှတ်ချက်မှာ နံပါတ်(၈) နေရာကို ယူနိုင်ခဲ့တယ်လို့ ငါကြားတယ်… နောက်ပြီး မင်းက နဂါးဒေါသ လက်သီးသိုင်းကို လေ့ကျင့်တဲ့ အထွတ်အထိပ် အလယ် အဆင့် တစ်ယောက်… ငါပြောတာ မှန်ရဲ့လား"

"မှန်တယ်…"

ဝူရှန့်ဟယ်က ခေါင်းညိတ်လိုက်သည်။

"ဒါဆို… မင်း အနေနဲ့ ငါ့ကို သိသင့်တယ်… နောက်ပြီး ငါ့ကို ခြိမ်းခြောက်ဖို့ ဒီကောင်လေးကို ခွင့်မပြုသင့်ဘူး ဆိုတာလည်း မင်းသိသင့်တယ်… ငါက ခြိမ်းခြောက်ခံရတာကို မုန်းတယ်"

ချန်းဖန်က စိတ်ပျက်လက်ပျက် ခေါင်းကို ခါလိုက်သည်။

"သူ့ရဲ့ ခြေတွေ လက်တွေကို ချိုးပြီး တောင်ထိပ်ကနေ ပစ်ချလိုက်…"

ရှောင်ရွှမ်က အမိန့်ပေးပြီးနောက် ထိုနေရာအား ကျောခိုင်းကာ ပြန်လည် ထွက်ခွာ လိုက်တော့၏။

သူသည် ဝူရှန့်ဟယ်အား အလုံးစုံ ယုံကြည်သည်။

ရှောင်မိသားစု၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာချိန်မှ စ၍ ဝူရှန့်ဟယ်သည် ရန်ကျင်း၏ ပညာရှင်များစွာကို အနိုင်ယူခဲ့သူ ဖြစ်သည်။ သူ၏ လက်၌ ကျဆုံးခဲ့ရသော လူများကား ရေတွက်၍ မရနိုင်ပေ။

"မင်းက တန်ခိုးရှင် တစ်ယောက်ရဲ့ မျိုးဆက် ဖြစ်မယ် ဆိုရင်တောင်… အသက် နှစ်ဆယ်နဲ့ ဘယ်လောက် အထိ အစွမ်းထက် နိုင်မှာလဲ… ရဲ့ရီရန်လို ပါရမီရှင်မျိုးတောင် ဦးလေးဝူကို နိုင်မှာ မဟုတ်ဘူး… နောက်ပြီး ဦးလေးဝူကြောင့် မင်းသေသွားမယ် ဆိုရင်တောင် ဖြစ်လာမယ့် အကျိုးဆက်ကို ရှောင်မိသားစုက ကိုင်တွယ်နိုင်တယ်"

ရှောင်ရွှမ်၏ မျက်လုံးများက အလွန်အမင်း အေးစက် နေ၏။

မိန်းမတစ်ယောက် အတွက် တန်ခိုးရှင် တစ်ယောက်၏ မျိုးဆက်ကို သတ်ဖြတ်ခြင်းအား ရှောင်မိသားစု အကြီးအကဲများ အနေဖြင့် သဘောတူမည် မဟုတ်သည့်တိုင်… ကျူးလွန်ပြီးသည့် အချိန်တွင်မူ သူတို့က သူ့အား ကျိန်းသေ ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ… သူသည် ရှောင်မိသားစု၏ အထူးချွန်ဆုံး လူငယ်၊ ရှောင်မိသားစု၏ အနာဂတ် ခေါင်းဆောင် ဖြစ်နေသည် မဟုတ်ပါလား။

"တစ်လှမ်း…"

"နှစ်လှမ်း…"

"သုံးလှမ်း…"

ရှောင်ရွှမ်သည် နောက်သို့ လှည့်မကြည့်ပဲ သူ၏ ခြေလှမ်းများကိုသာ ရေတွက် နေခဲ့၏။ ခြေလှမ်း ဆယ်လှမ်းအတွင်း ဝူရှန့်ဟယ်က ထိုကောင်လေးကို အနိုင်ယူနိုင်မည်မှာ သေချာသည်။

"ရှစ်လှမ်း…"

"ကိုးလှမ်း…"

"ဆယ်လှမ်း…"

ရှောင်ရွှမ် ဆယ်လှမ်း လှမ်းပြီးသည့် အချိန်မှာပင် နောက်ကျောမှ လူတစ်ယောက် လဲကျသွားသံ တစ်ခုအား ကြားလိုက်ရ၏။

"ပြီးသွားပြီပဲ…"

သူက ယုံကြည်ချက် ရှိစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော်လည်း မြင်ရသည့် မြင်ကွင်းက သူ့အား ရေခဲရုပ်တု တစ်ခုကဲ့သို့ အေးခဲသွားစေ၏။

လဲကျသွားသည့် ပုဂ္ဂိုလ်ကား သူမျှော်လင့် ထားသလို ချန်းဖန် မဟုတ်ချေ။ ဝူရှန့်ဟယ်သာ ဖြစ်နေခဲ့သည်။

ဝူရှန့်ဟယ်၏ ခေါင်း၌ အပေါက်ကြီး တစ်ခု ဖြစ်နေကာ ထိုအပေါက်မှ တစ်ဆင့် ဦးနှောက် အပိုင်းအစများ၊ သွေးများက တသွင်သွင် စီးကျ နေ၏။

အထွတ်အထိပ် … ဝူရှန့်ဟယ်ကား အထွတ်အထိပ် အဆင့် ဖြစ်သည်။ သို့သော်လည်း သူသည် ခြေလှမ်း ဆယ်လှမ်း အတွင်း အသတ်ခံလိုက်ရသည်။

ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

ရှောင်ရွှမ်၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရီလာကာ ချန်းဖန်အား ကြည့်လိုက်မိ၏။ သူ၏ စိတ်တွင်မူ တစ်စုံတစ်ခုကို သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။

"ချန်းပေ့ရွှမ်း…"

***

ချင်ယန်နာ ရှောင်ရွှမ်ကို တားရန် မြောက်အရပ် တောင်တန်းသို့ ရောက်လာချိန်၌ လူနာတင်ကား တစ်စီး မောင်းထွက် သွားသည်ကိုသာ တွေ့လိုက်ရသည်။

ချန်းဖန်သည် ရှောင်ရွှမ်၏ ခြေများ၊ လက်များကို ချိုးကာ တောင်ထိပ်မှ ပစ်ချ ပစ်ခဲ့သည်။ အကယ်၍ အစောင့်များကသာ ရှောင်ရွှမ်အား အချိန်မီ မတွေ့ပါက ရှောင်ရွှမ် တစ်ယောက် သေဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့တိုင်အောင် ခေတ်မှီ ကုသနည်းများနှင့်ပင် ရှောင်ရွှမ် အနေဖြင့် အိပ်ယာပေါ်၌ သုံးနှစ်မှ ငါးနှစ်အထိ လှဲနေရတော့မည် ဖြစ်သည်။

"ချန်းပေ့ရွှမ်းက ကမ္ဘာရဲ့ ထိပ်ဆုံး နေရာမှာ ရှိနေတဲ့ လူတစ်ယောက်… သူ့ကို ဘယ်သူကမှ မစော်ကားဝံ့ကြဘူး… ဒီကိစ္စမှာ ရှောင်ရွှမ် မှားတာ… သူက ရှောင်မိသားစုက သူ့ကို ကာကွယ် ပေးနိုင်လိမ့်မယ် လို့ ထင်နေတာ ဖြစ်မယ်… အဘိုးကြီးရှောင်တောင် ချန်းပေ့ရွှမ်းကို ကြောက်ရတယ် ဆိုတာတော့ သူမသိဘူး"

ရဲ့ရီရန်က ခေါင်းကို ခါရင်း ဆိုလိုက်သည်။ သူမ၏ မျက်နှာတွင်မူ မည်သည့် သနား ကြင်နာမှုမျှ ရှိမနေခဲ့ချေ။

"တကယ်လို့ တောင်ပေါ်မှာ ရှိနေတဲ့သူကသာ ချန်းပေ့ရွှမ်း မဟုတ်ပဲ အခြား သာမန်လူ တစ်ယောက် ဖြစ်နေခဲ့ရင်… ခံရမယ့် လူက ရှောင်ရွှမ် မဟုတ်ပဲ အဲဒီလူပဲ ဖြစ်သွားလိမ့်မယ်… အဲဒါက အင်အား ဆိုတဲ့ အရာရဲ့ ခြားနားချက်ပဲ… ချန်းပေ့ရွှမ်းက ရှောင်မိသားစု အားလုံးပေါင်းထက်တောင် ပိုပြီး အင်အား ကြီးမားတယ်"

ချင်ယန်နာက စကားတစ်ခွန်းပင် ဝင် မပြောခဲ့ချေ။ သူမက အောက်သို့သာ ငုံ့ရင်း အလေးအနက် တွေးတော နေခဲ့၏။

သူမ၏ မျက်လုံးများကမူ တစ်ခုခုကို နားလည်ဟန်ဖြင့် တလက်လက် တောက်ပ နေခဲ့တော့သည်။

***

"တစ်စုံတစ်ယောက်က ရှောင်ရွှမ်ရဲ့ လက်တွေ ခြေတွေကို ချိုးပြီး တောင်ထိပ်ကနေ ပစ်ချခဲ့တယ် တဲ့…"

မကြာခင် ထိုသတင်းက ရန်ကျင်း အထက်တန်းလွှာ လူတန်းစားများ အကြား၌ ပွက်လောရိုက် သွားတော့၏။

ရှောင်ရွှမ်က မည်သူနည်း။

သူကား ရှောင်မိသားစု တတိယ မျိုးဆက်၏ အထူးချွန်ဆုံး လူငယ် ဖြစ်သည်။ အဘိုးကြီးရှောင်၏ အချစ်ဆုံးမြေး ဖြစ်သည်။ ရှောင်မိသားစု၏ အနာဂတ် ခေါင်းဆောင် ဖြစ်သည်။

သို့သော်လည်း တစ်စုံတစ်ယောက်က သူ၏ ခြေလက်များကို ချိုးကာ တောင်ထိပ်မှ ပစ်ချခဲ့သည်ဟု ဆိုသည်။

ထိုတစ်စုံတစ်ယောက်က မည်သူနည်း။ သူက ရှောင်မိသားစုကို မကြောက်သည်လော။

သတင်းအား ကြားသည်နှင့် အိုးယန်ချုံး၊ ကျောင်းယုတို့ အားလုံး တုန်လှုပ် သွားမိကြ၏။

"မဖြစ်နိုင်ဘူး… ဘယ်သူက အဲဒီလို လုပ်ရဲမှာလဲ"

ပရာဒါ လက်ကိုင်အိတ် ပိုင်ရှင် မိန်းကလေးက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

"ဝမ်မိသားစုက ဟိုတစ်ယောက်တဲ့… ကြားရ သလောက်ဆို ရှောင်ရွှမ်က ကိုယ်ရံတော် တစ်ယောက်နဲ့ သူ့ကို သွားတွေ့တာ တဲ့… ဒါပေမဲ့ နောက်ဆုံးမှာ အဲဒီ ကိုယ်ရံတော် အသတ်ခံလိုက် ရပြီး ရှောင်ရွှမ်ရဲ့ ခြေတွေ လက်တွေလည်း အချိုးခံလိုက်ရတယ်တဲ့…"

အိုးယန်ချုံးက ခြောက်ကပ်နေသော အသံဖြင့် ရှင်းပြလိုက်သည်။

သူသည် ရန်ကျင်း မိသားစုကြီးများ၏ တိုက်ပွဲများကို မြင်ဖူးသည့်တိုင် ချန်းဖန် ကဲ့သို့ ရဲတင်းသူကိုမူ မတွေ့ခဲ့ဖူးချေ။ ရှောင်ရွှမ်၏ ခြေလက်များကို ချိုးခြင်းက ရှောင်မိသားစုကို စိန်ခေါ်လိုက်ခြင်းနှင့် အတူတူပင်။

"သူက… သူ့ကိုယ်သူ ပြန်သတ် နေတာပဲ"

အိုးယန်ချုံးက သက်ပြင်းချရင်း ခေါင်းကို ခါလိုက်မိသည်။

အခြားတစ်ဖက်၌… ကျောင်းယုမှာမူ အူမြူး နေခဲ့၏။

"ဟဟ… ခွေးကောင် မင်းကို ငါ ဘာမှတောင် လုပ်စရာ မလိုတော့ဘူး… ရှောင်မိသားစုက ငါ့ကိုယ်စား မင်းကို သတ်ပေးလိမ့်မယ်"

***

ရန်ကျင်း၏ အခြားသော မိသားစုများ ဖြစ်ကြသည့် လီမိသားစု၊ မူမိသားစု၊ ဟန်မိသားစု စသည့် မိသားစုကြီးများကား ထိုအဖြစ်အပျက်အား ကြားသည်နှင့် ကြောက်လန့် ကုန်ကြတော့သည်။

"သူက ရှောင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိပါးခဲ့တာပဲ… ဘယ်လောက်တောင် ရဲရင့်လိုက်သလဲ"

ဟန်ကျန်းတုမှာ မျက်မှောင်ကြုတ် နေမိသည်။ သူ၏ အတွေးတွင်မူ ထိုလူငယ်မှာ သူသိသော လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ယုံကြည် နေမိသည်။

"သူသာ တကယ်ပဲ ရန်ကျင်းကို ရောက်နေတာ ဆိုရင်တော့… တစ်မြို့လုံးတော့ ဒုက္ခ ရောက်ပြီပဲ"

ဟန်ကျန်းတုက သက်ပြင်း ချလိုက်မိတော့၏။

ထိုအချိန်၌ ဝမ်သားစုအတွင်းရှိ လူများမှာမူ ကျေနပ်ဝမ်းသာ နေကြ၏။

"အရမ်းကောင်းတယ်… ငါတို့ အစီအစဉ်က အောင်မြင်ပြီ… ရှောင်မိသားစု အတွက် ချန်းဖန်နဲ့ တိုက်ခိုက်ဖို့က လွဲလို့ အခြား နည်းလမ်း မရှိတော့ဘူး…"

ဝမ်ချန်းက စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။

ဝမ်ကဲ့ချင်နှင့် အခြား ဝမ်မိသားစု အကြီးအကဲများကလည်း ထောက်ခံဟန် ခေါင်းညိတ် ကြသည်။

အမြဲတမ်း မှုန်ကုပ် နေတတ်သော ရွှယ်ဟုန်မေ့၏ မျက်နှာပင်လျှင် ပြုံးရွှင် နေခဲ့သည်။

"ကောင်းကောင်း လုပ်ခဲ့တာပဲ… ရှောင်ဖန်"

သူတို့ အားလုံးထဲ၌ ဝမ်ကျုံးကော တစ်ယောက်သာ မျက်မှောင်ကြုတ် နေခဲ့၏။

သူ၏ အစီအစဉ်က အလုပ်ဖြစ်သည်ဟု ထင်ရသည့်တိုင် ထိုနည်းလမ်းက တစ်ကြိမ် တစ်ခါသာ အသုံးပြုနိုင်သည်။ ချန်းဖန်သာ သူတို့၏ အကြံအစည်ကို ရိပ်မိသွားပါက ဝမ်မိသားစုနှင့် သူ၏ ဆက်ဆံရေးမှာ ပိုမို ဝေးကွာ သွားပေလိမ့်မည်။

"ငါသာ ရှောက်ယွင်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့မယ် ဆိုရင် ခုအချိန်ဆို ဝမ်မိသားစုက ရန်ကျင်းရဲ့ ထိပ်ဆုံးကို ရောက်နေလောက်ပြီ… နှမြောစရာပဲ"

ဝမ်ကျုံးကောက သက်ပြင်း တစ်ချက် ချလိုက်မိသည်။

ဝမ်မိသားစု၏ ခေါင်းဆောင် အနေဖြင့် သူသည် သူလုပ်ခဲ့သော ကိစ္စအား နောင်တ ရမည် မဟုတ်သလို ချန်းဖန် ပြန်လည် လက်စားချေမည်ကိုလည်း စိတ်မပူချေ။

မည်သို့ပင် ဆိုစေကာမူ ဝမ်ရှောက်ယွင်သည် သူ၏ သမီးအရင်း ခေါက်ခေါက် ဖြစ်သည်။ ချန်းဖန်သည် သူ၏မြေး ဖြစ်သည်။

ချန်းဖန်၏ အလွန်ဆုံး တုန့်ပြန်မှုက ဝမ်မိသားစုကို ဆွေခန်း၊ မျိုးခန်း ဖြတ်လိုက်ရုံသာ ရှိမည် ဖြစ်သည်။

***

ထိုအချိန်၌ … ရှောင်မိသားစုဝင်များသည် အစည်းအဝေး ခန်းမ အတွင်း စုစည်း ရောက်ရှိ နေကြ၏။

"ဘုန်း…"

ရှောင်ချန်ဖုန်းက စားပွဲအား ဒေါသတကြီး ရိုက်လိုက်၏။

"သူက ရှောင်မိသားစုနဲ့ ရှောင်မိသားစုရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်နေတာ… ကိုယ်ရံတော်တွေ အားလုံးကို လွှတ်ပြီး သူ့ကို သတ်ပစ်ရမယ်"

အခြားသော ရှောင်မိသားစု အကြီးအကဲများသည်လည်း သုန်မှုန် နေကြ၏။

ရှောင်မိသားစုသည် ရန်ကျင်းကို ဆယ်စုနှစ် များစွာ လွှမ်းမိုးခဲ့ပြီး ထိုသို့ အရှက်ရမှုမျိုး မကြုံခဲ့ရချေ။ အထူးချွန်ဆုံး လူငယ်၏ ခြေလက်များအား ချိုးပစ်ခြင်းက… ရှောင်မိသားစုအား ကြီးမားစွာ အရှက်ရစေသည်။

အဘိုးကြီး ရှောင်ကမူ တိတ်ဆိတ်စွာပင် မျက်လုံးကို ပိတ်ထား၏။ သူက ချန်းဖန် အကြောင်း စုံစမ်းခိုင်းထားသည့်လူ ရောက်အလာကို စောင့်ဆိုင်း နေခြင်း ဖြစ်သည်။

"သူ ဘယ်သူပဲ ဖြစ်ဖြစ် ငါတို့ လုံးဝ လွှတ်မပေးနိုင်ဘူး… တကယ်လို့ သူ့ရဲ့ အဆင့်အတန်းက မြင့်မယ် ဆိုရင်ဝောာင် ရဲ့မိသားစုကို အကူအညီတောင်းလို့ ရတယ်… တရုတ်မှာ ရဲ့မိသားစုနဲ့ ယှဉ်နိုင်တဲ့ မိသားစု မရှိဘူး"

ရှောင်ချန်ဖုန်းက ဆိုလိုက်၏။

"ဟုတ်တယ်…"

အခြား ရှောင်မိသားစုဝင်များ ကလည်း ခေါင်းညိတ်ကြသည်။

ထိုအချိန်မှာပင် လူတစ်ယောက် အခန်း အတွင်သို့ ဝင်လာခဲ့၏။ သူကား ချန်းဖန် အကြောင်း စုံစမ်းရန် အဘိုးအိုရှောင် စေခိုင်းထားသည့် လူပင်။

"သခင်ကြီး… ကျွန်ဝောာ် စုံစမ်းလို့ ရလာပါပြီ… ဝမ်မိသားစုရဲ့ ကောင်လေး နာမည်က ချန်းဖန် တဲ့… သူက ကျင်းမြို့က လာတာ… နောက်ပြီး သူ့ကို ချန်းပေ့ရွှမ်း လို့လည်း သိကြတယ် တဲ့"

သူ၏ စကားက အခန်းတစ်ခုလုံးအား တိတ်ဆိတ် ငြိမ်သက် သွားစေ၏။

"ချန်းပေ့ရွှမ်း…"

ရှောင်ချန်ဖုန်း၏ ဒေါသဖြင့် နီရဲနေသော မျက်နှာပင်လျှင် ရုတ်တရက် ဖြူရော် ကျသွား၏။

"အဲဒါ သူကိုး…"

အဘိုးကြီးရှောင်၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာခဲ့၏။ ထိုမျက်လုံးများတွင်မူ အံ့အားသင့်ခြင်း၊ မယုံကြည် နိုင်ခြင်း၊ ကြောက်ရွံ့ခြင်းများက စိုးမိုးလျှက်။

***

All Chapters