ဗီဒီယို
Vol. 13 Ch. 177
ည ရှစ်နာရီခန့် ဖြစ်သည်။ လီဇီသည် ကော်ဖီတစ်ခွက်အား သောက်သုံးရင်း ကွန်ပျူတာဖြင့် အင်တာနက်အသုံးပြုနေသည်။
သူသည် လူငယ်တစ်ယောက်၏ မရင့်ကျက်မှုများကို ကျော်လွန်ပြီး များစွာ ရင့်ကျက်လာခဲ့၏။
သူ၏ ပညာရေးပြီးဆုံးသွားခဲ့ချိန်ကစပြီး လူမှုရေးဘဝတွင် တစ်နှစ်ကျော်ခန့် ရုန်းကန်ပြီးသွားပြီ ဖြစ်သည်။
လီဇီတွင် ဝါသနာဟူ၍ သီသန့် မရှိပေ။ သူသည် အဖွဲ့လိုက် လှုပ်ရှားမှုများကို စိတ်မဝင်စားသောကြောင့် များသောအားဖြင့် တစ်ကိုယ်တည်း ဖြစ်နေခဲ့သည်။ သူ၏ ပုံမှန်ဘဝသည် အလုပ်ဆင်းခြင်းဖြင့် စတင်ပြီး ၎င်းနောက် အားလပ်ချိန်၌ ဗီဒီယိုအချို့ ကြည့်ရှုခြင်း သို့မဟုတ် အင်တာနက် အသုံးပြုခြင်း ဖြစ်သည်။
သူသည် ပင်လယ်ထဲရှိ သားရဲများ၏ သတင်းများကို အတော်ပင် စိတ်ဝင်စားခဲ့သည်။
သို့သော် တစ်နှစ်ကျော်ကြာလာပြီးနောက် သူသည် သားရဲများ၏ သတင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လေ့မရှိတော့ပေ။ အထူးသဖြင့် သားရဲများ၏ ခေတ်တွင် ဖြစ်သည်။
သမုဒ္ဒရာအတွင်းရှိ သားရဲများ၏ အရေအတွက်သည် မယုံနိုင်စရာကောင်းလောက်အောင် များပြားလှပြီး လမ်းဘေးတွင် ပေါက်ရောက်လေ့ရှိသော မြက်ပင်များကဲ့သို့ ဖြစ်သည်။
သူသည် ခွန်အားအကြီးဆုံး သားရဲဘုရင်အတွက် မဲပေးခြင်းကို လွန်ခဲ့သော ရက်အနည်းငယ်အကြာက မြင်တွေ့ခဲ့ရသည်။ ဤဖြစ်ရပ်နှင့် ပတ်သက်၍ သူ၏ ပထမဆုံးသော ထင်မြင်ချက်သည် ထိုသူများ အတော်လေး အားလပ်နေလား ဟူ၍ပင် ဖြစ်သည်။
သို့သော်လည်း သူသည် ၎င်းပို့များအား စိတ်ဝင်တစား နေ့စဉ် စောင့်ကြည့်နေဆဲ ဖြစ်သည်။
"ခရာကန်ပဲ တကယ်အနိုင်ရသွားတာလား..."
ခွန်အားအကြီးဆုံး သားရဲဘုရင်ဘွဲ့ကို မည်သူရရှိသင့်ကြောင်း ရှင်းပြချက်အား လီဇီသည် မကျေမနပ်ဖြစ်မိသည်။ ဤစစ်တမ်း၏ ရှင်းပြချက်ကို သူသဘောမတူပေ။
သူသည် ခွန်အားအကြီးဆုံး သားရဲဘုရင်ဘွဲ့က ဧရာမလိပ်ကြီးနှင့် သက်ဆိုင်သည်ဟု ထင်မိသည်။
ဧရာမလိပ်ကြီးသည် သားရဲဘုရင်လေးပါးထဲတွင် အရွယ်အစား အကြီးဆုံးဖြစ်ပြီး ၎င်း၏ ကာကွယ်ရေးစွမ်းအားသည် အလွန်မြင့်မား၏ ၎င်းသည် စူပါမိုဆာဆောရပ်စ်နှင့် သန္ဓေပြောင်း ညံ့တို့၏ ကာကွယ်ရေးစွမ်းအားထက် သာလွန်သည်။
၎င်းသည် ၎င်း၏ ဦးခေါင်းကို အခွံအတွင်းသို့ ကျုံ့သွင်းထားမည်ဆိုလျှင် ကျန်သားရဲဘုရင်သုံးကောင် ပေါင်းစည်း၍ တိုက်ခိုက်မည်ဆိုလျှင်ပင် ၎င်းအား ထိခိုက်စေရန် စွမ်းဆောင်းနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ပင်လယ်လိပ်ကြီးသည် အလွန်ပင် နူးညံ့သိမ်မွေ့၏။ အာတိတ်သမုဒ္ဒရာတွင် ၎င်းစတင်နေထိုင်သည့် အချိန်မှစတင်၍ ယခုအချိန်အထိ မည်သည့် ဖြစ်ရပ်ဆိုးကိုမျှ ဖြစ်စေခဲ့ခြင်း မရှိပေ။
အနှစ်ချုပ်၍ ဆိုရသော် ၎င်းသည် ခွန်အားသိပ်မကြီးလှဘဲ ခွန်အားအကြီးဆုံး သားရဲဘုရင်ဘွဲ့အတွက် လိုအပ်သော လွှမ်းမိုးမှုနှင့် ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝလည်း မရှိပေ။
ထိုသည်အား ၎င်း၏ အချက်အလက်များကို ကြည့်ခြင်းအားဖြင့် ခွန်အားအကြီးဆုံး သားရဲဘုရင်ဘွဲ့သည် ၎င်းနှင့် မသင့်တော်ကြောင်း ရှုမြင်ကြည့်နိုင်၏။
လီဇီသည် သူ၏ ခေါင်းကို ခါယမ်းလိုက်ပြီး ၎င်းစစ်တမ်း ရလဒ်များကို ဆက်လက်ဂရုမစိုက်တော့ပေ။ သူသည် အင်တာနက်ပေါ်တွင် မြွေကြီးနှင့် ပတ်သက်သော သတင်းများကို ရှာဖွေခြင်းကို စတင်လိုက်တော့သည်။
ခရာကန်နှင့် တိုက်ခိုက်ခဲ့သော မြွေကြီးသည် လွန်ခဲ့သော နှစ်နှစ်ခန့်က အစိမ်းရောင်ပင်လယ်ပြင်တွင် ဧရာမ မက်ဂါလိုဒွန် ငါးမန်းကြီးနှင့် တိုက်ခိုက်ခဲ့သော ဧရာမပင်လယ်မြွေကြီးနှင့် ဖြစ်လိမ့်မည်ဟု သူယုံကြည်သည်။
ထိုစဉ်က သူသည် ကောလိပ်ကျောင်းသားဘဝတွင်သာ ရှိနေသေးပြီး သူ၏ သူငယ်ချင်းကောင်း လွိုင်ဟွမ်နှင့် အတူ ဂျွန်နီ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုခဲ့ကြသည်။
သူတို့သည် ရေအောက်သို့ နစ်မြုပ်သွားသော ဝေလကျွန်းအကြောင်း တိုက်ရိုက်လိုက်ကို ကြည့်ရှုနေစဉ် ဧရာမပင်လယ်မြွေကြီးနှင့် သန္ဓေပြောင်း မက်ဂါလိုဒွန် ငါးမန်းကြီးတို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ကြသည်။
ဧရာမပင်လယ်မြွေကြီးသည် တစ်နှစ်ကျော်ကြာ ပျောက်ဆုံးသွားသောကြောင့် ၎င်းသည် သေဆုံးသွားလောက်ပြီဟု လီဇီ ထင်မိခဲ့သည်။
သို့သော်လည်း သူ့အတွက် အံ့သြစရာကောင်းသော ကိစ္စသည် ၎င်းထပ်မံပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။
ဧရာမပင်လယ်မြွေကြီးနှင့် ခရာကန်တို့၏ တိုက်ပွဲဗီဒီယိုကို ကြည်ရှုပြီးနောက် လီဇီသည် ကာလအတန်ကြာ ပျောက်ဆုံးနေခဲ့သော သွေးဆူခြင်းနှင့် စိတ်လှုပ်ရှားမှုတို့ကို ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် ဤရက်များအတွင်း ဧရာမပင်လယ်မြွေကြီးနှင့် ပတ်သတ်သော သတင်းမှန်သမျှကို ရှာဖွေနေခဲ့ပြီး ၎င်းနှင့် သက်ဆိုင်လောက်သည့် သတင်းများကို စောင့်ကြည့်နေခဲ့သည်။
"အိုး.."
ရုတ်တရက် လီဇီသည် တံငါသည်တစ်ယောက် ပင်လယ်ထဲတွင် ငါးဖမ်းနေစဉ် မြွေကြီးနှင့် ကြုံတွေ့ခဲ့ရကြောင်း တင်လာသော သတင်းတစ်ပုဒ်ကို တွေ့လိုက်ရသည်။
၎င်းသည် သန္ဓေပြောင်း ဓားငါးကြီးကို မြွေကြီးက စားသုံးခဲ့သော သတင်းဖြစ်သည်။
"ဒီသတင်းက.. အစစ်လား.. အတုလား.."
လီဇီ မျက်ခုံးပင့်လိုက်သည်။ သူသည် ၎င်းအား သံသယ အနည်းငယ် ဝင်မိသော်လည်း သတင်းဝက်ဘ်ဆိုဒ် စာမျက်နှာပေါ်ရှိ ဗီဒီယိုကို ဖွင့်ကြည့်လိုက်သည်။
ဗီဒီယို၏ အစသည် လူအများ၏ ပျော်ရွင်နေသော အသံများ ဖြစ်သည်။ ကင်မရာသည် တစ်ချက်တုန်ခါသွားပြီး ကရိန်းတစ်ခုနှင့် သံမဏိကြိုးတစ်ခုကို ပြသလာသည်။
လူအချို့သည် ကရိန်းကို အသုံးပြု၍ သံကြိုးကို ဆွဲတင်နေကြသည်။ သံကြိုး၏ အခြားတစ်ဖက်သည် ရေထဲသို့ မြုတ်နေခဲ့ပြီး ၎င်းသံကြိုးသည် တစ်စုံတစ်ခုက ဆွဲနေသကဲ့သို့ အလွန်တင်းရင်းနေသည်။
အချိန်သည် ကုန်ဆုံးလာပြီး သံကြိုးကို ကရိန်းက ပို၍ ဆွဲယူသိမ်းဆည်းပြီးလာခဲ့သည်။ ဧရာမ အနက်ရောင် အရိပ်မဲကြီးတစ်ခုသည် ရေမျက်နှာပြင်ပေါ်သို့ ပိုပေါ်လာခဲ့ပြီး သင်္ဘောဘက်ခြမ်းသို့ နီးကပ်လာခဲ့၏။
"အဲ့တာက ဓားငါးကြီးပါလား..."
လီဇီသည် ပုံမှန်အားဖြင့် ပင်လယ်သားရဲအမျိုးမျိုး၏ သတင်းကို ရှာဖွေနားထောင်တတ်သည်။ ထို့ကြောင့် သူသည် သားရဲအချို့၏ အကြောင်းများအား မှတ်မိနေသည်။
ထို့ကြောင့် သူသည် ၎င်းက ဓားငါးဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားခြင်း ဖြစ်သည်။
သူသိရှိထားသလောက် ပုံမှန်ဓားငါးသည် မီတာ အနည်းငယ်သာရှိသည်။ သို့သော် ဤဓားငါးသည်က (၁၀) မီတာကျော်၏။ ထိုကြောင့် ၎င်းသည် သန္ဓေပြောင်း ဓားငါးကြီးသာ ဖြစ်ရမည်။
"ဒါက အတော်လေး ရှားပါးတယ်..."
လီဇီသည် ၎င်းဓားငါးကြီးက ဒေါ်လာ (၁၀) သန်းကျော်လောက် တန်ဖိုးရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ ၎င်းကို ရောင်းချလိုက်မည်ဆိုလျှင် ထိုတံငါသည်များ ဆယ်နှစ်ခန့်လောက် စိတ်အေးလက်အေးချမ်း နေထိုင်နိုင်လောက်ပေသည်။ ၎င်းက လီဇီကို အနည်းငယ် မနာလို ဖြစ်မိစေသည်။
သို့သော်လည်း ၎င်းဓားငါးကြီးကို ရေထဲမှ ဆွဲထုတ်ပြီးသည် အထိသာ ဖြစ်သည်။
ဧရာမအရိပ်မဲကြီးတစ်ခုသည် ၎င်း၏ ဘေး၌ ရုတ်တရက် ပေါ်လာခဲ့သည်။
မူလက ၎င်းသည် လူစိတ်ဝင်စားမှုကို ဆွဲဆောင်ရုံမျှသာ ဖြစ်လိမ့်မည်ဟု သူထင်ခဲ့ပြီး သူသည်လည်း ပျင်းနေခဲ့သောကြောင့် ၎င်းဗီဒီယိုကို ကြည့်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူသည် ရေမျက်နှာပြင်ပေါ်ရှိ ဧရာမအရိပ်မဲကြီးကို မြင်လိုက်ချိန်မှာ သူချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး ဗီဒီယိုကို အလေးအနက်ထားကာ ကြည့်ရှုနေလိုက်တော့သည်။
ဧရာမအရိပ်မဲကြီးပေါ်လာပြီးနောက် ကြောက်လန့်တကြား အော်သံများ ထွက်ပေါ်လာကာ ကင်မရာသည် ယိမ်းယိုင်သွားပြီး နောက်ဆုံးတွင် ကုန်းပတ်ပေါ်သို့ ပြုတ်ကျသွား၏။
"တောက်! ဒါက.."
လီဇီသည် ကီးဘုတ်ကို တစစီရိုက်ခွဲလိုက်ချင်စိတ်အား မနည်းထိန်းချုပ်လိုက်သည်။ သူသည် မှတ်ချက်ကဏ္ဍန်ကို ဖွင့်ကြည့်လိုက်ချိန်၌ ထင်ထားသည့်အတိုင်းပင် ကင်မရာသည် ကုန်းပတ်အား ချိန်ရွယ်သွားခြင်းကြောင့် ၎င်းနှင့် ပတ်သက်၍ မကျေမနပ်ဝေဖန်သံများဖြင့် ပြည့်နှက်နေသည်။
လူတိုင်းတွင် မတူညီသော ထင်မြင်ချက်များ ရှိနေကြသည်။
ဧရာမအရိပ်မဲကြီးသည် မြွေကြီးအစစ်ပေလား သို့မဟုတ် အတုပေလား။ ၎င်းဗီဒီယို၏ အရည်အသွေးသည် အလွန်နိမ့်ကျပြီး ဧရာမအရိပ်ကြီး၏ အစစ်အမှန်ပုံစံကို မြင်ရတော့မည့် အချိန်တွင် ပုံရိပ်ပြောင်းလဲသွားသည်က အတန်ငယ် မပြောပလောက်ပေ။
ထိုဗီဒီယိုသည် အင်တာနက်ပေါ်တွင် လျင်မြန်စွာ ရေပန်းစားလာခဲ့သည်။ လူတချို့၏ စုံစမ်းစစ်ဆေးမှုများအရ ၎င်းသည် ဂျပန်နိုင်ငံက ဖြစ်သည်။
၎င်းဗီဒီယိုသည် ဂျပန်နိုင်ငံအား ရူးသွပ်မှုများဖြင့် ပြည့်သွားစေခဲ့သည်။
မြွေကြီးက မသေသေးဘဲ မြောက်ပစိဖိတ်သမုဒ္ဒရာက သူတို့နိုင်ငံအနားမှာ ရှိနေတယ်!
တရုတ်ပြည်ခေါ် ဟွာရှ ဘက်မှ လူများလည်း စိုးရိမ်ပူပန်နေကြသည်။ သူတို့၏ နိုင်ငံသည် ဂျပန်နိုင်ငံနှင့် မလှမ်းမကမ်းတွင် တည်ရှိခြင်းဖြစ်သည်။
အကယ်၍ မြွေကြီးသာ ဂျပန်နိုင်ငံ အနားမှာ ရှိနေတယ်ဆိုရင် သူတို့အနားကို အချိန်မရွေးရောက်လာနိုင်သည်။
ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ ထိုအနက်ရောင် အရိပ်မဲကြီးသည် မြွေကြီး ဟုတ်၊ မဟုတ် အတည်ပြုရန် ဖြစ်သည်။
"တကယ်ကြီးမှန်နေတယ်"
လီဇီသည် ၎င်းဗီဒီယိုကို ရိုက်ကူးခဲ့သူနှင့် တွေ့ဆုံမေးမြန်းခန်းကို မြင်တွေ့ခဲ့ပြီ ဖြစ်သည်။ ထိုလူသည် အလွန်စိုးရိမ်ပူပန်နေပုံရပြီး ၎င်းသည် မြွေကြီးဖြစ်ကြောင်း မှန်ကန်ပါတယ်ဟု ပြောဆိုခဲ့သည်။
"ဘာလို့ ကျွန်တော်တို့ ငါးဖမ်းသင်္ဘောကို တိုက်ခိုက်မလာတာလဲဆိုတာတော့ ကျွန်တော် မသိဘူး..."
သတင်းထောက်များ၏ မေးခွန်းများကို ဟီရှီတာက ကင်မရာအရှေ့၌ တည်ကြည်စွာ ပြောကြားခဲ့သည်။
"သန္ဓေပြောင်း ဓားငါးကြီးက အဲ့ဒီသားရဲအတွက် လုံလောက်သွားလို့ ကျုပ်တို့ သင်္ဘောကို မတိုက်ခိုက်တာလည်း ဖြစ်နေနိုင်တယ်"
ဟီရှီတာ၏ ရှင်းပြချက်သည် လိုအပ်ချက်များစွာရှိပြီး လူအများအပြားက ထိုရှင်းပြချက်ကို သံသယဝင်ကြနေသည်။
စူပါမိုဆာဆောရပ်စ်၊ သန္ဓေပြောင်း ညံ့၊ ခရာကန် ၎င်းတို့သည် ဆာလောင်လာသောအချိန်တွင် သင်္ဘောများကို တိုက်ခိုက်ကြသည်။ ၎င်းတို့သည် လူများကို သတ်ပြီးနောက် စားသုံးခြင်း ပြုကြသည်။
ဆာလောင်နေခြင်း မရှိလျှင်ပင် ၎င်းတို့သည် လူသားများ၏ သင်္ဘောများကို တိုက်ခိုက်တတ်ကြသည်။ ၎င်းတို့တွင် သင်္ဘောများကို မြင်သည်နှင့် တိုက်ခိုက်တတ်သော ပြင်းထန်ပြီး ရက်စက်သော ဂုဏ်သတင်းများ ရှိကြသည်။
ထိုကြောင့် လူတိုင်းသည် မြွေကြီး၏ သဘာဝသည် ခရာကန်နှင့် ဆင်တူပြီး ဧရာမလိပ်ကြီးနှင့်မတူဟု ယူဆကြသည်။
လူတိုင်းသည် ဟီရှီတာ၏ ရှင်းပြချက်ကို မေးခွန်းထုတ်နေကြစဉ်တွင် မြောက်ပစိဖိတ်သမုဒ္ဒရာ၌ နောက်ထပ် သားရဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားသွားခဲ့ပြီး လူအများ၏ အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
၎င်းဖြစ်ရပ်သည် မြွေကြီး အသက်ရှင်နေသေးကြောင်း သက်သေပြခဲ့သည်။
သို့သော်လည်း ၎င်းဖြစ်ရပ်သည် လူတိုင်း၏ စိတ်ထဲ၌ မေးခွန်းတစ်ခု မေးချင်စိတ်အား ဖြစ်ပေါ်စေခဲ့သည်။
.....