ပဉ္စမမြောက် သားရဲဘုရင်
Vol. 13 Ch. 178
အလွန်ကြီးမားသော ကုန်တင်သင်္ဘောကြီးတစ်စင်း လှိုင်လေငြိမ်သက်နေသည့် ပင်လယ်ပြင်တွင် ရွေ့လျားနေသည်။ ၎င်း၏ အရွယ်အစားသည် တကယ့်ကို ဧရာမဖြစ်ပြီး လေယာဉ်တင် သင်္ဘောထက်ပင် ကြီးမားလေသည်။
လေယာဉ်တင် သင်္ဘောတစ်စင်းသည် ပုံမှန်အားဖြင့် တန်ထောင်ပေါင်းများစွာသာ အလေးချိန် ရှိသော်လည်း ယင်းကုန်တင်သင်္ဘောသည် တန်ချိန် (၁၅၀၀၀၀) ကျော် အလေးချိန်ရှိ၏။
ကုန်စည်အပြည့်တင်ဆောင်ထားသော ဧရာမကုန်တင်သင်္ဘောကြီးအတွက် အန္တရာယ်သည် ကုန်တင်သင်္ဘောအငယ်များထက် ပိုအန္တရာယ်များသည်။
သမုဒ္ဒရာကြီးတွင် ထိပ်တန်းအဆင့် သန္ဓေပြောင်း သားရဲများ ရှိနေပြီး ၎င်းတို့၏ ဆုံတွေ့ခြင်းသည် ဘေးကင်းရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှု ဖြစ်သည်။ ကံဆိုးစွာဖြင့် ဘုရင်အဆင့် သားရဲများနှင့် ကြုံတွေ့ရလျှင် သေချာပေါက် သေဆုံးရမည် ဖြစ်သည်။
သို့သော် ဧရာမကုန်တင် သင်္ဘောသွားရာ လမ်းကြောင်းသည် အတော်အတန်လုံခြုံသော လမ်းကြောင်း ဖြစ်သည်။ ထိုကဲ့သို့ ဧရာမကုန်တင် သင်္ဘောကြီးတစ်စင်းနှင့် ကြုံတွေ့ရလျှင် သာမာန်သန္ဓေပြောင်း သားရဲများသည် ၎င်းအား ရှောင်ရှားတတ်ကြ၏။
ဧရာမကုန်တင် သင်္ဘောကြီးသည် ခုန်မောင်းနေပြီး ၎င်း၏ ဦးတည်ရာမှာ ဂျပန်နိုင်ငံ ဟော့ဒိုခီးသို့ ဖြစ်သည်။
ကုန်တင်သင်္ဘောကြီးတွင် ကွန်တိန်နာအပြည့် တင်ဆောင်ထားပြီး သင်္ဘောသားများစွာ ကုန်းပတ်ပေါ်တွင် အလုပ်လုပ်နေကြသည်။
သင်္ဘောသားများသည် အနည်းငယ် စိုးရိမ်ပူပန်နေပုံရသော်လည်း ကြောက်ရွံ့ခြင်း မရှိကြပေ။
သင်္ဘောသွားရာ ရေကြောင်းသည် အတော်လေး လုံခြုံသည်။ ယခုအချိန်အထိ ၎င်း၌ ကြီးကြီးမားမား ဖြစ်ရပ်တစ်ခုမှ မရှိသေးပေ။ ထို့အပြင် ပစိဖိတ်သမုဒ္ဒရာက တစ်ကောင်တည်းသော ဘုရင်အဆင့် သားရဲသည် ဤဧရိယာမှ ထွက်ခွာပြီး အာတိတ်သမုဒ္ဒရာတွင် လှည့်လည်သွားလာနေခြင်း ဖြစ်သည်။
ထို့ကြောင့် သင်္ဘောသားများသည် ပုံမှန်ထက်ပင် သက်တောင့်သက်သာ ရှိနေကြ၏။
သို့သော် နေ့လယ်သုံးနာရီခန့်တွင် သင်္ဘောသားတစ်ယောက်သည် ကုန်တင်သင်္ဘော၏ အနောက်ဘက်တွင် တစ်စုံတစ်ရာ ရှိနေမှန်း ရုတ်တရက် သတိပြုမိလိုက်သည်။ ၎င်းနှင့် အတန်ငယ် ဝေးကွာနေသောကြောင့် မည်သည့်အရာဖြစ်သည်ကို သေချာမမြင်ရသော်လည်း ၎င်းအကြောင်းကို ကပ္ပတိန်အား သတင်းပို့လိုက်သည်။
ဧရာမကုန်တင်သင်္ဘော၏ ကပ္ပတိန်သည် ကားစ်ဟု ခေါ်သော လူဖြူတစ်ယောက် ဖြစ်သည်။ သင်္ဘောသား၏ သတင်းပို့ချက်ကို ကြားပြီးနောက် သူသည် မှန်ဘီလူးတစ်စုံနှင့်အတူ သင်္ဘော၏ နောက်ဘက်ခြမ်းသို့ လျှောက်သွား၏။
သူ၏ အမြင်အာရုံသည် မှန်ဘီလူးကို အသုံးပြုပြီးနောက် ပြောင်းလဲသွားပြီး အနောက်မှ လိုက်ပါလာသော အရာကြီးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
"သောက်လခွမ်း.. အဲ့ဒါ ဘာကြီးလဲကွာ"
ကားစ်၏ မျက်နှာသည် မဲမှောင်သွားကာ ကြည့်ရဆိုးနေသည်။
၎င်းသည် ဧရာမကုန်တင်သင်္ဘောနှင့် အတော်လေး နီးကပ်လာနေပြီဖြစ်သောကြောင့် ကုန်းပတ်ပေါ်ကနေ ဧရာမအရိပ်မဲကြီးကို ရှင်းရှင်းလင်းလင်း မြင်တွေ့လာခဲ့ရသည်။
"သန္ဓေပြောင်း သားရဲ၊ သန္ဓေပြောင်းသွားတဲ့ သားရဲတစ်ကောင်။ ငါတို့နောက်ကို သန္ဓေပြောင်း သားရဲတစ်ကောင် လိုက်နေတယ်!"
"လခွမ်း! မြွေကြီးဟ! ဂျပန်နိုင်ငံက လူတွေ မကြာသေးခင်က ကြုံခဲ့ရတဲ့ မြွေကြီးနဲ့ ငါတို့ ကြုံနေရပြီ"
"သေချာပေါက်ပဲ။ ကြည့်စမ်း လုံးဝတူနေတာပဲ"
အင်တာနက်ပေါ်တွင် တင်ထားခဲ့သော ခရာကန်နှင့် မြွေကြီးတို့၏ တိုက်ပွဲဗီဒီယိုအတွင်းက ခရာကန်နှင့် တိုက်ခိုက်ခဲ့သော မြွေကြီးသည် သူတို့၏ ဧရာမကုန်တင်သင်္ဘောနောက်က လိုက်လာသော သားရဲနှင့် အလွန်ဆင်တူနေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အကြာက အင်တာနက်ပေါ်တွင် ကောလာဟလတစ်ခု ထက်မံပျံ့နှံ့လာခဲ့သေးသည်။ ၎င်းသည် ခရာကန်က မြွေကြီးကို မသတ်နိုင်ခဲ့ဘူးဆိုသော ကောလဟာလ ဖြစ်သည်။ တကယ်တမ်းတွင် ခရာကန်သည် တိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပြီး အာတိတ်သမုဒ္ဒရာသို့သာ ထွက်ပြေးခဲ့ရသည်။ ထိုကြောင့် ပစိဖိတ်သမုဒ္ဒရာ၏ ဘုရင်သစ် မြွေကြီးပင် ဖြစ်၏။
မကြာသေးမီက ဗီဒီယိုတစ်ခု ရုတ်တရက် ပျံ့နှံ့လျက်ရှိသည်။
ထိုဗီဒီယိုအတွင်း၌ တံငါသည်များ၏ သန္ဓေပြောင်း ဓားငါးကြီးကို လျို့ဝှက်ဆန်းကြယ်သော သားရဲတစ်ကောင်က လုယူခြင်း ဖြစ်သည်။
သို့သော်လည်း မြွေကြီး၏ ပုံပန်းသဏ္ဌာန်ကို လုံးဝဖမ်းယူနိုင်ခြင်း မရှိခဲ့ပေ။ ထိုကြောင့် လျို့ဝှက်ဆန်းကြယ်သော သားရဲသည် မြွေကြီး ဟုတ်၊ မဟုတ် အတည်မပြုနိုင်ပေ။
ဤအချိန်တွင် ကားစ်တစ်ယောက် မြွေကြီးသည် အသက်ရှင်နေသေးပြီး ပစိဖိတ်သမုဒ္ဒရာတွင် ရှိနေကြောင်း ဘုရားသခင်အား တိုင်တည်၍ ကျိန်ဆိုဝံ့သည်။ ကြည့်ရသည်မှာ ၎င်းသည် ခရာကန်ကို အနိုင်ယူ၍ ပစိဖိတ်သမုဒ္ဒရာ၏ အရှင်သခင် ဖြစ်လာခဲ့ပုံရသည်။
မြွေကြီးသည် ဧရာမကုန်တင်သင်္ဘော၏ အနောက်ဘက် မီတာ (၁၀၀) ခန့်အကွာအဝေးသို့ ရောက်လာခဲ့သည်။ မြွေကြီးသည် ၎င်း၏ အရှိန်ကို ကုန်တင်သင်္ဘော၏ အမြန်နှုန်းအတိုင်း လျှော့ချထားပြီး မီတာ (၁၀၀) ခန့်အကွာအဝေးကို အမြဲတမ်း ထိန်းထားသည်။
ဖန့်ရန်သည် ပင်လယ်ပြင်ဖြတ်သန်းသွားနေသော ကုန်တင်သင်္ဘောတစ်စင်းနှင့် ကြုံရလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ သူသည် ၎င်းဆီသို့ ကူးခတ်သွားပြီးနောက် သူတို့ကြား အကွာအဝေးတစ်ခုအား ထိန်းထားလိုက်သည်။
သူသည် ယခင်ကထက် များစွာ ရဲရင့်လာခဲ့ပြီ ဖြစ်သည်။
ဤအချိန်အတောအတွင်း သူသည် မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်း လှည့်လည်သွားလာနေခဲ့ခြင်း ဖြစ်သည်။ သူသည် သန္ဓေပြောင်း သားရဲများစွာနှင့် တိုက်ခိုက်ခဲ့ပြီး သူ၏ လက်ကနေ ခရာကန်မှလွဲ၍ မည်သည့်သားရဲမျှ ထွက်ပြေးနိုင်ခြင်း မရှိခဲ့ပေ။
ထိုကြောင့် သူသည် အနည်းငယ် ပျင်းရိပြီး အထီးကျန်လာခဲ့သည်။
ထို့ကြောင့် သူသည် လူသားများနှင့် ကြုံလိုက်ရချိန်တွင် မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ ၎င်းတို့ထံ ချည်းကပ်မိခဲ့ခြင်း ဖြစ်သည်။ သူသည် လူသားများကို သိပ်ကြောက်နေစရာ မလိုပေ။ သူသာ ၎င်းတို့ကို ရူးသွပ်စွာ မသတ်သရွေ့ ၎င်းတို့လည်း သူ့ကို အသည်းအသန် ဒုက္ခလိုက်ပေးမည် မဟုတ်ပေ။
သူသည် ဂုဏ်သတင်းရမှတ် အနည်းငယ် တိုးပွားလိုခြင်းနှင့်အတူ သူ၏ အလွန်အကျွံအသုံးပြုမိခဲ့သော လျှပ်စစ်ဒဏ်ကို နေရောင်ခြည်နှင့် ပြန်အားသွင်းရန် အကြံအစည်အချို့လည်း ရှိနေခဲ့ခြင်း ဖြစ်သည်။
ဤကုန်တင်သင်္ဘောပေါ်ရှိ လူများသာ သူ့ကို တိုက်ခိုက်လာမည်ဆိုလျှင် သူသည် ရေအောက်မှာ ပုန်းအောင်းပြီးတော့ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို စတင်မည် ဖြစ်သည်။
သူသည် လျှပ်စစ်သံလိုက်လှိုင်း သို့မဟုတ် မိုးကြိုးဒိုမိန် (နယ်မြေ) ကို အသုံးပြုပြီး ၎င်းကုန်တင်သင်္ဘောကို ပျက်စီးစေခြင်း သို့မဟုတ် ထိုသင်္ဘောပေါ်က လူများကို တိုက်ရိုက်သေဆုံးခြင်း ပြုလုပ်နိုင်သည်။ ယခုခေတ်သည် ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများ၏ ခေတ်ဖြစ်သည်နှင့်အညီ ၎င်းတို့သေဆုံးသွားမည်ဆိုလျှင် ၎င်းက သာမာန်ပင် ဖြစ်သည်။
သို့သော် သူ့အား ထိုလူများသည် တိုက်ခိုက်မှုပြုလာခြင်း မရှိဘဲ ကြောက်လန့်တကြား ငိုယိုလို့သာ နေကြသည်။
ပင်လယ်သားရဲများ မပေါ်ပေါက်မီက သူ့အား ဤသင်္ဘောသားများသာ မြင်တွေ့ရမည်ဆိုလျှင် စိတ်ပိုင်းဆိုင်ရာဖိအား ကြီးကြီးမားမား ရသွားလိမ့်မည် ဖြစ်သည်။ သို့သော် ယခုအချိန်သည် သားရဲခေတ်ဖြစ်သောကြောင့် ငိုယိုမှုသာ ပြုကြတော့ပြီး စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် မြင့်မားလာသောကြောင့် ဖိအားများလည်း အလွန်ပြင်းထန်ခြင်း မရှိတော့ပေ။
ဖန့်ရန်သည် ကုန်တင်သင်္ဘောနောက်သို့ ရေမိုင် (၃၀) ကျော်ခန့် ဆက်လက်လိုက်ပါခဲ့ပြီး သူ၏ အကြေးခွံများက ဘက်ထရီအား ပြည့်လုနီးပါးဖြစ်နေပြီဟု ခံစားရမှသာ ရေအောင်သို့ ငုတ်လျို့ပြီး ထိုနေရာက ထွက်ခွာသွားတော့သည်။
သူ၏ ရုတ်တရက် လုပ်ဆောင်မှုသည် ကုန်တင်သင်္ဘောပေါ်ရှိ လူများအား တုန်လှုပ်ထိတ်လန့်နေစေခဲ့သည်။ ၎င်းတို့သည် မြွေကြီးက တိုက်ခိုက်လာတော့မည်ဟု ထင်မှတ်နေကြသည်။
ထိုကြောင့် ကုန်တင်သင်္ဘောတစ်စင်းလုံးတွင် ကြောက်လန့်တကြား အော်ဟစ် ငိုကြွေးသံများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်သံများ ပြည့်နှက်သွားတော့သည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဆယ်မိနစ်ခန့်ကြာသွားသောလည်း မည်သည်မှ ဖြစ်မလာသောကြောင့် ကြေကွဲဝမ်းနည်းနေကြသော လူများသည် စိတ်မသက်မသာဖြစ်ခြင်းကို ခံစားမိလိုက်ကြသည်။ လူအချို့သည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သင်္ဘောအစွန်းသို့ လျှောက်သွားလိုက်ကြပြီး ရေမျက်နှာပြင်ကို လှမ်းကြည့်လိုက်ကြသည်။
လူအချို့သည် မြွေကြီး၏ အရိပ်အယောင်ကို ရှာဖွေရန် ဆိုနာကို အသုံးပြုလိုက်သော်လည်း သူတို့၏ သင်္ဘောအနီးတွင် ကြီးကြီးမားမား မည့်သည့် သတ္တဝါကိုမျှ မတွေ့ရပေ။
"မြွေကြီး ထွက်သွားတာလား"
သင်္ဘောပေါ်ရှိ လူများ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြပြီး အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွားသည်။ ဤအချိန်တွင် သူတို့၏ စိတ်ထဲ၌ ဆိပ်ကမ်းသို့ ချက်ချင်းရောက်ချင်နေပြီး သူတို့၏ စိတ်ထဲက စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုကို ဖြေဖျောက်လိုနေသည်။
ဆိပ်ကမ်းနှင့် ရေမိုင်များစွာ ဝေးကွာနေသေးသောကြောင့် ပင်လယ်ထဲတွင် ရက်အနည်းငယ်ကြာ ဆက်နေရဦးမည်ကတော့ အနည်းငယ် စိုးရိမ်မိသေး၏။
ဤဖြစ်ရပ်ကို သင်္ဘောသားအချို့သည် တိတ်တဆိတ် မှတ်တမ်းတင်ထားခဲ့သည်။ သူတို့သည် ဂျပန်နိုင်ငံက စစ်သင်္ဘောအချို့ကို အစောင့်အရှောက်အဖြစ် စေလွှတ်ရန် မျှော်လင့်ချက်ဖြင့် ၎င်းဗီဒီယိုအား အင်တာနက်သို့ တင်လိုက်ကြသည်။
၎င်းဗီဒီယို အင်တာနက်ပေါ် ရောက်ရှိသွားပြီးနောက် ဟီရှီတာကို မေးခွန်းထုတ် လှောင်ပြောင်ခဲ့ကြသော လူများ ပါးစပ်ပိတ်သွားကြသည်။
ဤသည်မှာ ဟီရှီတာ၏ အရည်အသွေးနိမ့် ဗီဒီယိုနှင့် မတူပေ။ ဤဗီဒီယိုထဲက မြွေကြီး၏ ပုံရိပ်သည် အတော်လေး ကြည်လင်သည်။ ၎င်းသည် ခရာကန်နှင့် တိုက်ခိုက်ခဲ့သော မြွေကြီးနှင့် အလွန်ဆင်တူ၏။
ပစိဖိတ်သမုဒ္ဒရာတွင် လုံးဝဆင်တူသော မြွေကြီးနှစ်ကောင် မရှိနိုင်ပေ။ ၎င်းက ထိုမြွေကြီးသာ ဖြစ်နိုင်သည်။
"မြွေကြီးနဲ့ ခရာကန်တို့ တိုက်ပွဲမှာ ဘယ်သူ အနိုင်ရခဲ့လဲဆိုတာ၊ ဒီဗီဒီယိုက မင်းကို အဖြေပေးနိုင်တယ်"
"ပစိဖိတ်သမုဒ္ဒရာရဲ့ အရှင်သခင်က ပြောင်းလဲသွားပြီ၊ ပဉ္စမမြောက် သားရဲဘုရင် ပေါ်လာပြီ"
"ခွန်အားအကြီးဆုံး သားရဲက ဘယ်သူလဲ။ ဒီမြွေကြီးကို ကြည့်လိုက်ပါ။ ဒါက သင့်ကို အံ့ဩသင့်စေလိမ့်မယ်"
"ခရာကန်ကို အနိုင်ယူပြီးနောက်။ မြွေကြီးက ခွန်အားအကြီးဆုံး သားရဲဖြစ်လာပြီလား"
ဤကဲ့သို့ ခေါင်းစီးများဖြင့် ပို့စ်များ သတင်းများကို အဓိကသတင်းပလက်ဖောင်းများနှင့် ပလက်ဖောင်များတွင် နေရာအနှံ့အပြား မြင်တွေ့နိုင်၏။ လူအများအပြားသည် ဖိုရမ်နှင့် မီဒီယာပလက်ဖောင်းများ၌ မြွေကြီးအကြောင်းကို ဆွေးနွေးနေကြ၏။
အခု ပဉ္စမမြောက် သားရဲဘုရင် ပေါ်ထွက်လာပြီ၊ အနာဂတ်မှာ ဆဌမမြောက် သားရဲဘုရင် ထက်ပေါ်လာအုံးမယ်ထင်လား။
သားရဲဘုရင် အရေအတွက် ဆက်တိုးလာမယ်ဆိုရင်၊ သမုဒ္ဒရာကြီးက လူသားတွေအတွက် တားမြစ်နယ်မြေ ဖြစ်လာလိမ့်မယ်။
ဒါ့အပြင် နိုင်ငံအသီးသီးက ကမ်းရိုးတန်းမြို့တွေလည်း စွန့်ပစ်ခံရနိုင်ခြေရှိတယ်၊ သားရဲဘုရင်အဆင့် သားရဲတွေက ကမ်းခြေကို လာရောက်တိုက်ခိုက်တတ်လို့ ကမ်းခြေမြို့တွေမှာနေတာက အရမ်းအန္တရာယ်များတယ်။
ဒီအခြေအနေမျိုးက လူသားတွေအတွက် လက်သင့်မခံနိုင်စရာပဲ၊ ငါတို့တွေက အမြဲတမ်း ထိပ်တန်းသက်ရှိလို့ ယူဆခဲ့တာ၊ လူသားတွေ သားရဲတွေကို ဘယ်တော့မှ အရှုံးမပေးနိုင်ဘူး။
မြွေကြီး၏ ပေါ်ထွက်လာခြင်းသည် ကမ္ဘာတစ်ဝန်းရှိ လူများကို အလွန်စိုးရိမ်ပူပန်စေခဲ့သည်။ မှုံမှိုင်းသော အငွေ့အသက်တစ်ခုသည် ကမ္ဘာပေါ်ရှိ လူအားလုံးကို လွှမ်းခြုံထားသည်။
ဤအချိန် အချို့လူများက စိတ်ဝင်စားစရာကောင်းသော အချက်တစ်ခုကို ရုတ်တရက် ပြောပြလာကြသည်။
မြွေကြီးသည် ဟီရှီတာ၏ ငါးဖမ်းလှေနှင့် ဧရာမ ကုန်တင်သင်္ဘောကြီးတို့ကို ကြုံတွေ့ခဲ့ရသော်လည်း တိုက်ခိုက်ခြင်းမရှိခဲ့ပေ။
ကြည့်ရတာ မြွေကြီးလည်း လိပ်ကြီးလို နူးညံ့သိမ်မွေ့တဲ့ သားရဲတစ်ကောင်လား။ ဒါမှမဟုတ် လိပ်ကြီးလို တိုက်ခိုက်ရတာကို မနှစ်မြို့တာလား။
၎င်းသည် ခရာကန်ကို အနိုင်ယူနိုင်ခဲ့သောကြောင့် ထိုငါးဖမ်းလှေနှင့် ကုန်တင်သင်္ဘောကို အလွယ်တကူ ဖျက်စီးနိုင်စွမ်းရှိသည်။
မြွေကြီးသည် ၎င်းနှစ်စင်းအား ဖျက်စီးပစ်နိုင်စွန်း ရှိသော်လည်း အဘယ်ကြောင့် မတိုက်ခိုက်ရပါသနည်း။
လူအများအပြားသည် ၎င်းနှင့်ပတ်သတ်၍ အငြင်းပွားခဲ့ကြသော်လည်း တိကျခိုင်မာသော ရလဒ်များ မရှိခဲ့ပေ။
မြွေကြီး၏ အကြောင်းအား လူအများ အငြင်းပွားနေကြစဉ် အမေရိကန် Okinawa (အိုကီဝါနာ) ကျွန်းတွင် တည်ဆောက်ထားသော စစ်အခြေစိုက်စခန်းတစ်ခု၌ စစ်သင်္ဘောနှစ်စင်းသည် ဆိပ်ကမ်းမှ တိတ်တဆိတ် ထွက်ခွာလာပြီး ကုန်တင်သင်္ဘောကြီး မြွေကြီးနှင့် တွေ့ဆုံခဲ့သော နေရာသို့ ဦးတည်သွားခဲ့သည်။
.....
(အိုကီဝါနာ(Okinawa) ကျွန်းကို Google မှာရှာကြည့်ရာမှာ ဂျပန်နိုင်ငံကလို့ သိရပါတယ်။ သို့သော် E၌ Bald Eagle (လင်းယုန်၊ အမေရိကန်) ကလို့ ရေးထားပါတယ်)
....