← Chapters

ကမ္ဘာမှာ သူ့ကိုမသိတာ ဘယ်သူ ရှိလို့လဲ

Vol. 7 Ch. 612

ကမ္ဘာမှာ သူ့ကိုမသိတာ ဘယ်သူ ရှိလို့လဲ

Vol. 7 Ch. 612

"ချန်းပေ့ရွှမ်း…"

ထိုနာမည်ကြောင့် ရှောင်မိသားစု အကြီးအကဲ အားလုံးသည် ရုပ်တုများ အလား အေးခဲ သွားကြ၏။

ရန်ကျင်း၏ ထိပ်ဆုံး မိသားစုဝင်များ အနေဖြင့် သူတို့သည် ချန်းပေ့ရွှမ်း ဆိုသော နာမည်အား ကြားဖူးကြသည်။ သူကား နတ်ဘုရား သတ်မှတ်ချက်၏ နံပါတ်တစ် ဖြစ်ကာ နိုင်ငံ တစ်နိုင်ငံအား ကိုယ်ပိုင် ခွန်အားဖြင့် အနိုင်ယူနိုင်သူ ဖြစ်သည်။

အဘိုးကြီးရှောင်ကား တိတ်ဆိတ်စွာပင် ထိုင်နေဆဲ ဖြစ်သည်။ သူ၏ ပုံစံက စိတ်တည်ငြိမ်မှု ရရန် ကြိုးစား နေရပုံ ပေါ်သည်။

"အဖေ… ရှောင်ရွှမ်က အဖေ့ရဲ့မြေး ရှောင် မိသားစုရဲ့ အနာဂတ်ပါ… ကျွန်ဝောာ်တို့…"

ရှောင်ချန်ဖုန်းက ဖြူရော်သော မျက်နှာဖြင့် ဆိုလိုက်၏။ သို့သော်လည်း သူ၏ စကား မဆုံးခင်မှာပင် အခြား အကြီးအကဲ တစ်ယောက်က ဖြတ်ပြောလိုက်သည်။

"ဒါပေမဲ့… သူက ချန်းပေ့ရွှမ်းလေ… ငါတို့ ဘာလုပ်နိုင်မှာလဲ"

သူ၏ စကားကား မှန်ပေသည်။ ထိုအရာက လက်မခံချင်သည့်တိုင် အမှန်တရား ဖြစ်သည်။

ချန်းဖန်သည် မဟာ အင်အားကြီး နိုင်ငံများအား ဒူးထောက် စေခဲ့သူ ဖြစ်သည်။ အကယ်၍ သူတို့ လက်စားချေလိုလျှင် ရဲ့ချင်စန်း သို့မဟုတ် နျူကလီးယား လက်နက် လိုအပ်သည်။ သို့သော်လည်း ရဲ့ချင်စန်း ပင်လျှင် ချန်းပေ့ရွှမ်းအား အနိုင်ယူရန် မသေချာပေ။

အဘိုးကြီးရှောင်ကား တိတ်ဆိတ်နေဆဲ ပင်။

"အဖေ…"

ရှောင်ချန်ဖုန်းက အဘိုးအိုအား မျှော်လင့်တကြီး ကြည့်လိုက်သည်။

"ကောင်းပြီ…"

အဘိုးကြီးရှောင်က သက်ပြင်း တစ်ချက် ချလိုက်၏။

"ရှောင်ရွှမ်က မစော်ကားသင့်တဲ့ လူကို စော်ကား ခဲ့တယ်… ဒီ အတွက် သူ့ရဲ့ ခြေတွေ လက်တွေ အချိုးခံရတာက ထိုက်တန်တယ်… ဒါပေမဲ့ သူက ရှောင်မိသားစုရဲ့ လူတစ်ယောက် ဖြစ်တယ်… ဒီတော့ ငါတို့ အနေနဲ့ ဒီကိစ္စကို ဘာမှ မလုပ်ပဲ နေလို့ မရတော့ဘူး"

ထို့နောက် အဘိုးအိုက ထိုင်ရာမှ ဖြည်းညင်းစွာ ထရပ်လိုက်၏။

"ချန်းပေ့ရွှမ်းက အမှန်တကယ် အစွမ်းထက်တယ် ဆိုပေမဲ့ ငါတို့မှာလည်း ငါတို့ရဲ့ စည်းမျဉ်းတွေ ရှိတယ်… သူ့ကို ရိုင်းစိုင်းဖို့ ခွင့်မပြုနိုင်ဘူး… ကမ္ဘာက အကျယ်ကြီးပဲ… သူ့ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်ယောက်တော့ ရှိမှာပါ"

"အဖေ… အဲဒါက ဘာကို ဆိုလိုတာလဲ"

ရှောင်ချန်ဖုန်းက မေးလိုက်သည်။

"အဆင်သင့် ပြင်ထား… ငါ ရန်တောင်ကို သွားပြီး ငါ့မိတ်ဆွေဟောင်း တစ်ယောက်နဲ့ တွေ့မလို့…"

အဘိုးအို၏ မျက်လုံးများက ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် တလက်လက် တောက်ပ နေတော့၏။

***

သုံးရက် အတောအတွင်း … ချန်းဖန်သည် မြောက်အရပ် တောင်တန်း၌ အပန်းဖြေရင်း ဖန့်ချုံးနှင့် အတူ မေပယ် သစ်ရွက်က ကလေးများကို လိုက်ကောက် နေခဲ့သည်။

အခြား တစ်ဖက်၌ ရှောင်မိသားစုမှာမူ တိတ်ဆိတ် နေဆဲပင်။ မည်သည့် အရာမျှ မဖြစ်ပျက်ခဲ့သလိုပင် သူတို့သည် တုန့်ပြန်မှု တစ်စုံ တစ်ရာမျှပင် မလုပ်ခဲ့ချေ။

"မဟုတ်ဘူး… ဒါက မူမမှန်ဘူး… ရှောင် မိသားစုက ဘာလို့ တိတ်ဆိတ် နေရတာလဲ"

လူများက တစ်စုံတစ်ခု လွဲချော်နေကြောင်း သတိထားမိလာကြသည်။

ရှောင်မိသားစု၏ အင်အားဖြင့် ဆိုလျှင် သူတို့က လက်စားချေရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။ ရှောင်မိသားစု အတွက် တရုတ်၌ ကြောက်ရမည့်သူ မရှိပေ။

"ထူးဆန်းတယ်… ရှောင်မိသားစု ဘာတွေ လုပ်နေတာလဲ"

ကျောင်းယုက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။

"ငါတို့တော့ မှားပြီး ခန့်မှန်းမိပြီ ထင်တယ်"

အိုးယန်ချုံးက သက်ပြင်းတစ်ချက် ချလိုက်သည်။

"အစတုန်းက … အဲဒီ ကောင်က ဝမ်မိသားစုရဲ့ အသုံးချစရာ သာမန် လူတစ်ယောက်ပဲ ဖြစ်မယ်လို့ ထင်ထားတာ… အခု ပုံစံ အရဆို သူက ဇာတ်လမ်းရဲ့ အဓိကလူ ဖြစ်နေပုံပဲ… ဘယ်လိုမှ သာမန် လူတစ်ယောက် မဖြစ်နိုင်ဘူး"

"ဒါဆို… သူက ဘယ်သူလဲ"

ပရာဒါ လက်ကိုင်အိတ် ပိုင်ရှင် ကောင်မလေးက မေးလိုက်သည်။

"ငါလည်း အခုထိ စဉ်းစားလို့ မရသေးဘူး"

အိုးယန်ချုံးက ခေါင်းခါလိုက်သည်။

"တရုတ်မှာ ဘယ်မိသားစုက ရှောင် မိသားစုကို ခြိမ်းခြောက်နိုင်မှာလဲ… ရဲ့မိသားစုက လွဲပြီး အခြား မိသားစု မရှိနိုင်ဘူး… နောက်ပြီး ရှောင်မိသားစုက ရဲ့မိသားစုနဲ့ မဟာမိတ်တွေ ဆိုတော့… အဲဒီကောင်က ရဲ့မိသားစုကိုပါ မကြောက်တာ ဖြစ်ရမယ်"

ကျောင်းယုက စဉ်းစားရင်း ဆိုလိုက်၏။

"ရဲ့မိသားစုကို မကြောက်ဘူး… မျိုးရိုး နာမည်က ချန်း"

အိုးယန်ချုံး၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ရီသွား၏။

"နေဦး… သူ့နာမည်က ဘာတဲ့လဲ"

"တုန်ပြောတာတော့ … သူ့ နာမည်က ချန်းဖန် တဲ့"

ကျောင်းယုက ခေါင်းကို ကုတ်ရင်း ဆိုလိုက်သည်။

"ချန်းဖန်… ကျင်းမြို့တော် ချန်းမိသားစု… ချန်းပေ့ရွှမ်း… သူက ချန်းပေ့ရွှမ်းပဲ"

အိုးယန်ချုံးက ထိတ်လန့်တကြား ထအော်ဟစ် လိုက်၏။

"ဟုတ်တယ်… အားလုံး ရှင်းသွားပြီ… ပြိုင်ဘက်ကင်း ချန်းပေ့ရွှမ်းက လွဲလို့ ဘယ်သူက ဒီလို အဆင့်အတန်းမျိုး ရှိနိုင်မှာလဲ"

"ချန်းပေ့ရွှမ်းက ဘယ်သူလဲ…"

တုန်လှုပ်နေသော အခြားလူများကို ကြည့်၍ ကျန်းယုက မေးလိုက်၏။

ချန်းဖန်၏ နာမည်သည် တရုတ်မြောက်ပိုင်း၌ လွန်ခဲ့သည့် နှစ်နှစ် သုံးနှစ်ခန့်က အလွန်ပင် ကျော်ကြားခဲ့သည်။

သူ၏ အန်မိသားစုကို သတ်ဖြတ်ပစ်ခြင်းနှင့် ဖူမိသားစုကို ဒူးထောက် စေခြင်းတို့က မြောက်ပိုင်းသားတို့ အတွက် ဒဏ္ဍာရီ တစ်ခုလိုပင် ဖြစ်သည်။ ထိုအချိန်က ကျန်းယုမှာ အလွန်ပင် ငယ်သေးရာ ထိုအကြောင်းအရာများကို မသိခဲ့ချေ။

"မင်းမသိတာ ပိုကောင်းလိမ့်မယ် ထင်တယ်"

အိုးယန်ချုံးက ခေါင်းခါလိုက်၏။

***

သိပ်မကြာခင် ဝမ်မိသားစု လူငယ် တစ်ယောက်ဆီမှ လျှို့ဝှက်ချက် တစ်ခု ပျံ့နှံ့လာ၏။

ထိုလျှို့ဝှက်ချက်ကား… ချန်းဖန် ဆိုသော ကောင်လေးသည် ဂန္ဓဝင် ချန်းပေ့ရွှမ်း ဖြစ်ပြီး သူသည် ဝမ်မိသားစုမှ ဝမ်ရှောက်ယွင်၏ သား ဟု ဆို၍ပင်။

များစွာသော လူများသည် ပထမ၌ ထိုသတင်းကို မယုံကြည်နိုင်ကြချေ။ သို့သော်လည်း ချင်မိသားစု၏ ချန်းဖမ် အပေါ် အပြုအမူများနှင့် ရှောင်မိသားစု၏ တိတ်ဆိတ်မှုများက ထိုအရာမှာ အမှန်ဖြစ်ကြောင်း မီးမောင်းထိုး ပြသနေခဲ့သည်။

"သောက်ပြဿနာပဲ… ချန်းပေ့ရွှမ်းက ရန်ကျင်းကို ရောက်နေပြီ တဲ့"

"သူက တကယ့် လက်ရဲဇက်ရဲ လူသတ်သမားပဲ… ကျင်းမြို့မှာ ဆိုရင် သူက တစ်ညတည်းနဲ့ မိသားစု ဆယ့်ခြောက်ခုကို သတ်ခဲ့တာ တဲ့…"

"သူက ရှောင်မိသားစုကို မကြောက်တာ မထူးဆန်းပဲဘူးပဲ… ရှောင်ရွှမ်က ဘာလို့ ချန်းပေ့ရွှမ်းကို ဆန့်ကျင်ရတယ် မသိဘူး… ချန်းပေ့ရွှမ်းက ဥရောပ ယူနီယံကိုတောင် အနိုင်ယူခဲ့တဲ့ သူ ဆိုတာ မသိဘူးလား"

သတင်းက ပျံ့နှံ့သွားသည်နှင့် ရန်ကျင်း၏ အထက်တန်းစား လူများသာမက စီးပွားရေး ဂိုဏ်းကြီးများ၊ သိုင်းပညာ အဖွဲ့အစည်းများ၊ မြေအောက် လောကသားများပါ တုန်လှုပ် ကုန်ကြတော့၏။

ချန်းဖန်ကား နတ်ဘုရား သတ်မှတ်ချက်၏ နံပါတ် တစ် ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်ကြီးက ရန်ကျင်း ဝမ်မိသားစု ခေါင်းဆောင် ဝမ်ကျုံးကော၏ မြေး ဖြစ်နေမည်ဟု မည်သူမျှ မထင်မိကြချေ။

"ဟုတ်တယ်… ဝမ်ကျုံးကောမှာ ဝမ်ရှောက်ယွင် လို့ ခေါ်တဲ့ သမီး တစ်ယောက် ရှိတယ် တဲ့… သူက ကျင်းရှို့ လုပ်ငန်းစုရဲ့ စီးအီးအို… အခုတော့ ကျင်းရှို့လုပ်ငန်းစုက မြောက်ပိုင်းချုံး လုပ်ငန်းစုရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်သွားပြီ"

"ဝမ်ကျုံးကောက ဘယ်လောက်တောင် ကံကောင်းလိုက် သလဲ… အခုလို မြေးတစ်ယောက် ရှိနေတာ"

"ချင်မိသားစုက ဒီအကြောင်းကို အစောကြီး ကတည်းက သိနေတာ ဖြစ်ရမယ်… ဒါကြောင့်ပဲ သူတို့က ချင်ယန်နာကို မယားငယ် အဖြစ် ကမ်းလှမ်းခဲ့တာ"

ရန်ကျင်း၏ မိသားစုကြီး များစွာမှာ မနာလိုပင် ဖြစ်နေမိကြတော့သည်။

ဝမ်မိသားစု၏ လူငယ်လေးများမှာမူ ဂုဏ်ယူမှုကို ခံစားနေကြသည်။ သူတို့သည် ဝမ်မိသားစုမှ ချန်းဖန်နှင့် ဝမ်ရှောက်ယွင် တို့အား မည်ကဲ့သို့ ဆက်ဆံခဲ့သည်ကိုပင် မေ့နေ ခဲ့ကြပြီ ဖြစ်လေ၏။

အဆင့်မြင့် အရာရှိများ၊ မိသားစု ခေါင်းဆောင်ကြီးများ၊ ရုပ်ရှင် စတားများ စသည်ဖြင့် များစွာသော လူများက ချန်းဖန်ရှိရာ မြောက်အရပ် တောင်တန်းသို့ လာရောက်ကာ မိတ်ဖွဲ့ရန် ကြိုးစားကြသည်။ သို့သော်လည်း ဝမ်မိသားစုများက ထိုလူများအား အပေါက်ဝတွင်ပင် တားဆီးကြ၏။

"စိတ်မကောင်းပါဘူး… အစ်ကိုကြီးချန်းက အနားယူ နေပါတယ်… သူ့ဆီကို ဘယ်သူမှ သွားခွင့် မရှိပါဘူး"

အခြားလူများ၏ ရိုသေ ကိုင်းညွှတ်သော အမူအရာကို ပို၍ မြင်ရလေလေ ဝမ်မိသားစုမှာ ပို၍ မောက်မာလေလေ ဖြစ်လာခဲ့၏။

ဝမ်ချန်းချန်းမှာမူ အခြေအနေများအား အဝေးမှ အကဲခတ်ရင်း သူ၏ ဝမ်းကွဲအစ်ကို အပေါ် လေးစားသထက် လေးစား လာမိတော့သည်။

"ဝမ်းကွဲအကိုက ဘယ်လောက်တောင် ကျော်ကြားလိုက်သလဲ… ငါ့သူငယ်ချင်း ကောင်မလေးတွေဆို သူ့ရဲ့ လက်မှတ်ကို လိုချင်နေတာ အရူးတစ်ပိုင်းပဲ"

ဝမ်ချန်းချန်းက စိတ်လှုပ်ရှားစွာဖြင့် ချန်းဖန်တို့ နေထိုင်ရာ အိမ်ဆီသို့ သွားရောက် လည်ပတ်သည်။

ဝမ်ရှောက်ယွင်ကလည်း တူမလေးအား ချက်ချင်းပင် ပျော်ရွှင်စွာ ဆီးကြိုသည်။

နံပါတ်(၅) စံအိမ် အတွင်း၌….

ရှောင်ချုံးသည် ကုမ္ပဏီ ကိစ္စများနှင့် စားပွဲ တစ်လုံး၌ အလုပ်များနေခဲ့၏။ ချန်းဖန်မှာမူ ဆိုဖာ တစ်ခုပေါ်တွင် ပျင်းရိစွာ လှဲရင်း စာရွက် တစ်ခုအား ဖတ်နေခဲ့၏။ ချန်းဖန်၏ ဘေးတွင်မူ အန်ရာ ရှိနေပြီး သူမက အခွံမာသီးများကို ခွဲကာ သူ့အား ခွံ့ကျွေးနေခဲ့သည်။

ဝမ်ချန်းချန်းသည် ထိုလူငယ်မှာ နာမည် အလွန် ကျော်ကြားသော ချန်းပေ့ရွှမ်း ဖြစ်လိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်ပေ။

"ဝမ်းကွဲအကို… ဘာဖတ်နေတာလဲ"

ဝမ်ချန်းချန်းက ချန်းဖန် ကိုင်ထားသော စာရွက်အား ကြည့်ရင်း မေးလိုက်၏။

ထိုစာရွက်သည် အနီရောင် နောက်ခံတွင် အနက်ရောင် မှင်ဖြင့် ရေးသားထားပြီး ဖိတ်စာနှင့်ပင် သဏ္ဌာန်တူ၏။

"ဪ… ဒါလား… စိန်ခေါ်စာလို့ပဲ ဆိုရမှာပေါ့"

ချန်းဖန်က အဖြေပေးလိုက်၏။

"စိန်ခေါ်စာ…"

ဝမ်ချန်းချန်း၏ မျက်လုံးကလေးများက အနည်းငယ် ပြူးကျယ်သွား၏။

"အင်း… တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်… ဟုတ်တယ် မလား… အစ်ကိုကလည်း သူနဲ့ တွေ့ချင်နေတာလေ"

ချန်းဖန်က စာရွက်ကို စားပွဲပေါ် တင်ရင်း ပြုံးလိုက်၏။

ဝမ်ချန်းချန်းက ထိုစာရွက်အား ကောက်ယူ၍ ကြည့်လိုက်၏။

စာရွက်၏ အောက်ဆုံးတွင်မူ "ရဲ့" ဆိုသော စကားလုံးဖြင့် စသော နာမည် တစ်ခုအား ရေးထိုးထား၏။ သူမက ဖြည်းညင်းစွာပင် ထိုနာမည်အား ဖတ်လိုက်သည်။

"ရဲ့… ချင်… စန်း"

ရုတ်တရက် ဝမ်ချန်းချန်း၏ မျက်နှာက ဖြူရော် သွားခဲ့တော့၏။

***

၂၀၁၂ ခုနစ်၊ တရုတ် နှစ်သစ်ကူး အကြိုနေ့…

ရဲ့ချင်စန်းက ချန်းပေ့ရွှမ်းအား ရန်ကျင်းမြို့ပြင်၊ ရန်တောင်ထိပ်၌ တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သည်။

ထိုသတင်းက ကမ္ဘာအား တုန်လှုပ် သွားစေတော့၏။

***

All Chapters