သဏ္ဍာန်မဲ့ဘုံ ပျက်သုဥ်းခြင်း
Vol. 019 Ch. 1812
လျှို့ဝှက်နယ်မြေဘုံနှင့် သဏ္ဍာန်မဲ့ဘုံတို့ အချင်းချင်းကြား နယ်မြေစည်း ခြားထားသည်။ လျှို့ဝှက်နယ်မြေဘုံကို အမှောင်ဘုံဟုလည်း သိကြပြီး သဏ္ဍာန်မဲ့ဘုံသည် အမှောင်ဆုံးဘုံတစ်ခုဖြစ်သည်။ ၎င်းတို့က သူရိန်ဘုံနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
သဏ္ဍာန်မဲ့ဘုံတစ်ခုလုံးတွင် အမှောင်ထုအပြင် အေးစက်သော လေထုနှင့် ပြည့်နှက်နေသည်။ ထိုဘုံများမှ တန်ခိုးရှင်များသည် အရိပ်မှော်ပညာတွင် ထူးချွန်ကြ၏။
ဘုံကိုးဘုံတွင် ပြောကြသည်မှာ သူရိန်ဘုံနှင့် သဏ္ဍာန်မဲ့ဘုံတို့သည် နတ်ရတနာပစ္စည်းများမှ မွေးဖွားလာသည်ဟူ၍ ဖြစ်သည်။
ယိုယွဲ့နတ်နန်းတော်သည် လက်ရှိသဏ္ဍာန်မဲ့ဘုံ၏ အရှင်သခင်ဟုဆိုနိုင်ကာ ထိုဘုံရှိ အင်အားစုများထဲတွင် အားအကောင်းဆုံးဖြစ်သည်။
ယိုယွဲ့နတ်နန်းတော်သည် အထက်ကောင်းကင်ဘုံတွင်လည်း အလွန် အစွမ်းထက်သော အင်အားစုတစ်ခု ဖြစ်သည်။ ယခု သူတို့သည် အောက်ဘုံသို့ ဆင်းလာကာ တဖြေးဖြေး လွှမ်းမိုးရန် ကြိုးစားလာသည်။ ထို့အပြင် သူတို့သည် သဏ္ဍာန်မဲ့ဘုံတစ်ခုလုံးကိုပါ လွှမ်းမိုးချင်နေသည်ဟု ထင်ရပေသည်။
ယနေ့ခေတ်၏ ယိုယွဲ့နတ်နန်းတော်သည် ကောင်းကင်ထက်၌ တည်သော လနန်းတော်ကဲ့သို့ပင် ဖြစ်သည်။ သန့်ရှင်းအေးစက်သော ခန်းမဆောင်များက နတ်တောင်ကုန်းကို ဝန်းရံထားသည်။ ထိုနေရာ၌ အမျိုးသမီးအများစု နေထိုင်ကြ၏။
အမျိုးသမီးများ၏ တည်ဆောက်ပုံမှာ နူးညံ့ပျော့ပျောင်းလှသည့်အတွက် သူတို့သည် အရိပ်မှော်ပညာကို သင်ယူရန် အလွန်သင့်တော်သည်။ ထို့ကြောင့် ယိုယွဲ့နတ်နန်းတော်၏ တန်ခိုးရှင်အများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။ ယင်းမှာ သူရိန်နန်းတော်နှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ သူရိန်နန်းတော်မှ တန်ခိုးရှင်အများစုမှာ အမျိုးသားများ ဖြစ်ကြပြီး နေမင်းပညာရပ်ကို ကျင့်ကြံပေသည်။
[Note: ပြောချင်တာက 'ယိုယွဲ့နတ်နန်းတော်' ကျင့်ကြံတာ 'ယင်' နဲ့ ပတ်သတ်တဲ့ ပညာရပ် ဖြစ်ပြီး 'သူရိန်နန်းတော်' ကျင့်ကြံတာက 'ယန်' နဲ့ ဆက်စပ်တဲ့ ပညာရပ်ပါ။]
ထိုအခိုက်အတန့်တွင် အလွန် ထူးကဲစွာ လှပသည့် အမျိုးသမီးတစ်ဦးက နန်းတော်၏ လေ့ကျင့်ရေးစင်မြင့်ထက်တွင် ထိုင်နေခဲ့သည်။ သူမ၏ အရှိန်အဝါက အေးစက်ကာ ကြည်ရှင်းလှ၏။ သူမသည် တစ်ယောက်တည်း ထိုင်ကာ ကျင်ကြံနေပြီး အလွန် အထီးကျန်ဆန်သည့် အသွင်ကို ဆောင်နေသည်။
ထိုစဥ် သူမ၏ အရှေ့ဘက်မှ တစ်စုံတစ်ယောက်က သူမအနီးသို့ ချဥ်းကပ်လာ၏။ ရုတ်တရက် ထိုအမျိုးသမီးက မျက်လုံးများကို ဖွင့်ကာ ပြောလိုက်သည်။ "ဆရာ"
ဤအမျိုးသမီးမှာ ယိုယွဲ့နတ်နန်းတော်၏ နတ်မိမယ်ချန်ရှီးပင် ဖြစ်သည်။
သူမ၏ ဆရာက အဝေးကို လှမ်းမျှော်ကြည့်နေသည်ကို မြင်ရာ ချန်ရှီးက မေးလိုက်၏။ "ဘာများဖြစ်လို့လဲ ဆရာ"
"ငါ့ နှလုံးသားထဲမှာ ရှုပ်ထွေးနေတယ်။ တစ်ခုခု ဖြစ်တော့မလို ခံစားနေရတယ်။" သူမ၏ ဆရာက ပြောလိုက်သည်။
"အခုချိန်မှာ ဘုံကိုးဘုံက တည်ငြိမ်အေးချမ်းနေတယ်။ မင်းသမီးဒွန်ဟောင်က တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ ကိုယ်တိုင် အမိန့်ပေးခဲ့တာမို့ အချိန်တစ်ခုထိတော့ ပြဿနာ ပြန်ဖြစ်ဦးမှာ မဟုတ်ဘူး။" ချန်ရှီးက ပြောလိုက်သည်။ ယိုယွဲ့နတ်နန်းတော်သည် အင်အား တောင့်တင်းခိုင်မာလာအောင် စုစည်း၍ တိတ်ဆိတ်စွာ လျှို့ဝှက် ကျင့်ကြံကြသည်။ သူတို့က သူတို့၏ ခွန်အားကို မဖော်ပြကြပေ။
ထို့ကြောင့် မမျှော်လင့်သည့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါကလည်း သူတို့အတွက် အရေးမဟုတ်ပေ။
ချန်ရှီး၏ ဆရာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "လက်ရှိ ဖရိုဖရဲဖြစ်နေပုံနဲ့ ဘာမဆိုဖြစ်သွားနိုင်တယ်။ ပြီးတော့ ကောင်းကင်ဒေသရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်တဲ့ အစွမ်းထက် အင်အားစုတွေလည်း ရှိနေသေးတယ်။"
ချန်ရှီးက သူမ၏ ဆရာ မည်သည့်အကြောင်း ပြောနေသည်ကို သိသည်။ ယခင်က ငရဲတံခါးမှ တန်ခိုးရှင်များသည် နတ္ထိအင်ပါယာနန်းတော်ထက် ဆင်းသက်လာခဲ့ပြီး မှော်နက်စစ်တပ်ပါ လိုက်ပါလာ၏။ ယခု သူတို့သည် လျှို့ဝှက်နယ်မြေဘုံကို လွှမ်းမိုးခဲ့ပြီး ဖြစ်ကာ ဘုံကိုးဘုံကို သိမ်းယူရန်လည်း အစီအစဥ်ဆွဲနေလောက်ပေသည်။
ဝှစ်...
မီးခိုးရောင်ပုံရိပ်တစ်ခုက သူတို့အနီးသို့ လျှပ်စီးလက်သွားသလို အလျင်နှင့် ရောက်ရှိလာသည်။ အသံတစ်ခုက ယိုယွဲ့နတ်နန်းတော် တစ်ခုလုံးကို လွှမ်းသွားခဲ့သည်။ "လျှို့ဝှက်နယ်မြေဘုံက သဏ္ဍာန်မဲ့ဘုံကို တိုက်ခိုက်လာပြီ။"
ထိုအသံက နန်းတော်တစ်ခုလုံးကို ပဲ့တင်ထပ်သွား၏။ နန်းတော်ရှိ လူတိုင်းသည် ထိုသတင်းစကားကြောင့် ပြင်းထန်စွာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ ပုံရိပ်အများအပြားက နန်းတော်ထက် ကောင်းကင်သို့ ထိုးတက်လာကြ၏။
ခဏချင်းအတွင်းမှာပင် ရန်ဟောင်အများအပြား ထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင် ရပ်လိုက်ကြသည်။
လျှို့ဝှက်နယ်မြေဘုံက ကျူးကျော်ဝင်ရောက်လာခဲ့ချေပြီ။
သူတို့အားလုံးသည် ဤစကား၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်ကြသည်။ လျှို့ဝှက်နယ်မြေဘုံသည် မှော်နက်စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရောက်နေသည်။ မှော်နက်စစ်တပ်က တိုက်ခိုက်မှုကို အစပျိုးလာလျှင် ထိုသည်မှာ မှော်နက်စစ်တပ်သည် ဘုံစစ်ပွဲအား စတင်လိုက်သည်ဟု ဆိုနိုင်ပေသည်။ သူတို့သည် သဏ္ဍာန်မဲ့ဘုံကို ဝါးမြိုတော့မည် ဖြစ်လေသည်။
သဏ္ဍာန်မဲ့ဘုံသည် လျှို့ဝှက်နယ်မြေဘုံနှင့် နယ်နိမိတ်စည်းခြားထားပြီး ဘုံနှစ်ခုလုံး၌ တူညီသော လေထုဝန်းကျင်အခြေအနေ ရှိသည်။ ထို့ကြောင့် မှော်နက်စစ်တပ်က သူတို့၏ စစ်တပ်ကို ဤနေရာသို့ အရင် ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။ သူတို့က ဘုံတစ်ခုလုံးကို လွှမ်းမိုးချင်နေသည်လား။
ကောင်းကင်ထက်တွင် လူတစ်ယောက် ထွက်ပေါ်လာသည်။ လရောင်က ဖြာကျလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထား၏။
"ကွမ်းဟန်၊ နတ္ထိအင်ပါယာနန်းတော်ကို အခုသွားပြီး အကူအညီတောင်းလိုက်။" ကောင်းကင်ထက်မှ ပုဂ္ဂိုလ်က အမိန့်ပေးလိုက်သည်။
"ယွဲ့ချန်၊ ရန်ဟောင်အဆင့်အောက် လူတွေကို စုလိုက်ပြီး ဒီကနေ ခေါ်ထုတ်သွား။ ပြီးတော့ တခြားအင်အားစုတွေဆီ လူနည်းနည်းပို့လိုက်ပြီး ငါတို့ကို လာကူညီဖို့ သွားမေး။"
"ဟုတ်ကဲ့ နန်းတော်သခင်" သူတို့က ပြန်ဖြေလိုက်ကြသည်။ ရုတ်တရက် လူတစ်စုက ကောင်းကင်ကို ဖြတ်ကာ ပျံသန်းသွားပြီး ဝရုန်းသုန်းကား မြင်ကွင်းကို ချန်ရစ်ခဲ့၏။ ကျင့်ကြံဆင့်နိမ့်သော လူတိုင်းက စတင်ထွက်ခွာသွားသည်။
သူတို့က ယိုယွဲ့နတ်နန်းတော်၏ စွမ်းအားကို သိရှိကြပြီး မှော်နက်စစ်တပ် ကျူးကျော်လာသည့်အခါ သူတို့ဘက်မှ ခုခံကာကွယ်ရန် မဖြစ်နိုင်ပေ။ သူတို့သည် နတ္ထိအင်ပါယာနန်းတော်သို့ အကူအညီတောင်းရန် သွားရပေမည်။ သို့သော်လည်း အကူအညီက အချိန်တိုအတွင်း ရောက်လာနိုင်မည်မဟုတ်ကြောင်း သူတို့ သိရှိထားသည်။
သို့သော် မှော်နက်စစ်တပ်သည် သဏ္ဍာန်မဲ့ဘုံကို သိမ်းပိုက်လိုလျှင် ယိုယွဲ့နတ်နန်းတော်တစ်ခုတည်းကိုသာ တိုက်ခိုက်ရမည်မဟုတ်ဘဲ သဏ္ဍာန်မဲ့ဘုံရှိ အင်အားစုအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်မှရမည် ဖြစ်သည်။
ယိုယွဲ့နတ်နန်းတော်၏ နန်းတော်သခင် ထိုအမိန့်များပေးပြီးသည့်နောက် ချက်ချင်းပင် ညအချိန်သို့ ရောက်ရှိလာသလို အဝေးမှ အမှောင်ထုက သူတို့ထံ လျင်မြန်စွာ ချဥ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းက အလွန်ပင် လျင်မြန်စွာ ရွေ့လျားနေသည်။
ထိုခဏအတွင်းမှာပင် ယိုယွဲ့နတ်နန်းတော်အတွင်းမှ လရောင်ကဲ့သို့တောက်ပနေသော အလင်းထုတ် နတ်ရတနာများက ဆက်လက်၍ လင်းလက်နိုင်စွမ်း ပျောက်ဆုံးသွားတော့သည်။ ယင်းတို့က အမှောင်ထု၏ ဖိနှိပ်လွှမ်းမိုးခြင်းကို ခံလိုက်ကြရခြင်း ဖြစ်သည်။
ယိုယွဲ့နတ်နန်းတော်အပြင်ဘက် မှောင်မည်းနေသော ကောင်းကင်တွင် ကြီးမားသော စစ်တပ်တစ်ခု ထွက်ပေါ်လာ၏။
မှော်နက်စစ်တပ်၏ ဘုရင်ခုနစ်ပါးအနက် တစ်ပါးဖြစ်သော မြေအောက်အရှင်က သူတို့အကြား၌ ရှိနေခဲ့သည်။ သူသည် သူနှင့်အတူ တန်ခိုးရှင်အများအပြား ခေါ်ဆောင်လာခဲ့၏။ သို့သော် သူတို့သာလျှင် မဟုတ်ဘဲ မှော်နက်လောက၏ တခြားသော အင်အားစုများသည်လည်း သဏ္ဍာန်မဲ့ဘုံသို့ ချီတက်လာကြပေသည်။
မှောင်မည်းနေသော ကောင်းကင်တွင် ရုတ်တရက် ကြောက်မက်ဖွယ် အနက်ရောင်အပေါက်ကြီးများ ပေါ်ပေါက်လာသည်မှာ မြေအောက်ကမ္ဘာမှ လေပွေများကဲ့သို့ပင် ဖြစ်သည်။ မြေအောက်ကမ္ဘာ၏ ဖျက်ဆီးခြင်းလှံတံများ ထွက်ပေါ်လာကာ ယိုယွဲ့နတ်နန်းတော်ဆီသို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းလာတော့သည်။ ခဏချင်းအတွင်းတွင် ကျိုးကြေပျက်စီးသံ၊ အက်ကွဲသံများ ထွက်ပေါ်လာသည့်အပြင် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ယိုယွဲ့နတ်နန်းတော်မှ လူများသည် ထိုလှံတံများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး မြေပြင်၌ အတုံးအရုံးကျဆုံးကုန်လေသည်။
"သွား" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ် ကြီးမားလှသော မှော်နက်သားရဲများသည် သူတို့ထံသို့ တဟုန်ထိုး ပြေးဝင်လာ၏။ သူတို့သည် ငရဲမှ သတ္တဝါဆိုးများနှင့် အလားသဏ္ဌာန်တူလှသည်။ ၎င်းတို့၏ ကြောက်မက်ဖွယ် ခြေသည်းများရှိပြီး မြေပြင်ရှိ တန်ခိုးရှင်များကို သေသည်ထိ ကိုက်သတ်လေသည်။ သူတို့က ယိုယွဲ့နန်းတော်အတွင်း ဟိုဟိုဒီဒီ ဖြတ်သန်းသွားလာနေပြီး သွားသမျှနေရာတိုင်း၌ သတ်ဖြတ်ပွဲကြီး ကျင်းပနေသည်။
သူတို့ ဖြတ်သန်းသွားရာနေရာတိုင်းတွင် တိတ်ဆိိတ်သော သေဆုံးခြင်းသာ ကျန်ရစ်ခဲ့သည်။ မြက်ပင်တစ်ပင်ပင် ရှင်သန်မကျန်ရစ်ခဲ့ပေ။
ထိုသတ္တဝါတို့သည် ရက်စက်ကြမ်းကြုတ်လှပြီး အဆုံးမဲ့သေခြင်းတရားတို့အား သယ်ဆောင်ထားသည်။
ဤသည်က မှော်နက်စစ်တပ်ပင် ဖြစ်သည်။
မှော်နက်လောကက စစ်ချီတက်သည့်အခါ နေရာအနှံ့တွင် သေခြင်းတရားတို့ ဖုံးလွှမ်းနေမည်ဖြစ်သည်။ နေရာတိုင်းတွင် အမှောင်ထုများ လွှမ်းခြုံနေကာ အလင်းရောင်ပျောက်ဆုံး နေပေမည်။
ထိုရက်စက်ကြမ်းကြုတ်မှုအား မြင်သည့်အခါ ယိုယွဲ့နတ်နန်းတော်မှ တန်ခိုးရှင်များက ဒေါသူပုန်ထကုန်ကြသော်လည်း လေထဲ၌ တည်ငြိမ်စွာ ရပ်နေကြဆဲပင် ဖြစ်သည်။ သူတို့၏ နှလုံးသားထဲတွင် ဒေါသများ ပြည့်နှက်နေသော်လည်း လက်ရှိအခြေအနေကို လွှမ်းမိုးသွားခွင့်ပြုလိမ့်မည် မဟုတ်ပေ။
တန်ခိုးရှင်များလောကက ထိုကဲ့သို့ပင် ဖြစ်သည်။ ထိုမျှ ရက်စက်ပြင်းထန်သော တိုက်ပွဲက ဘုံကိုးဘုံတွင် မဖြစ်ပွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်၏။
သို့သော် လွန်ခဲ့သော နှစ်ရာစုများစွာက ဤကဲ့သို့သော သတ်ဖြတ်မှုများသည် မည်သည့် အံ့သြစရာမှ မရှိသော အခြေအနေဖြစ်သည်။ ထိုကာလက လူအများသည် ဆင်းရဒုက္ခများအတွင်း၌ ရှင်သန်နေထိုင်ကြရသည်။
ဘုံကိုးဘုံ၏ ယခင် အတွင်းရေးပဋိပက္ခများအတွင်း စည်းမျဥ်းများ ချမှတ်ခဲ့သည်။ မင်းသမီးဒွန်ဟောင်သည် သူမ လက်အောက်မှ ဘုံများကို စုစည်းထိန်းသိမ်းထားနိုင်သော်လည်း မှော်နက်လောက၏ ကျူးကျော်ဝင်ရောက်လာမှုကို ဟန့်တားနိုင်မည် မဟုတ်ပေ။ ထိုသည်မှာ စစ်တပ်နှစ်ခုကြားမှ တိုက်ပွဲတစ်ခု မဟုတ်ဘဲ တစ်ဖက်သတ် သတ်ဖြတ်မှုသာ ဖြစ်သည်။
ဤကဲ့သို့သော သတ်ဖြတ်မှုမျိုး၏ ရှေ့၌ စကားများက အလကားပင်ဖြစ်၏။ ထို့ကြောင့် မည်သူကမှ သနားညှာတာမှု တောင်းခံမနေတော့ပေ။
"လူတိုင်း တိုက်ခိုက်ကြ။ ဒါပေမယ့် အလွန်အကျွံ မလုပ်ကြနဲ့။" ယိုယွဲ့နတ်နန်းတော်၏ သခင်မက အမိန့်ပေးလိုက်သည်။ တစ်ဖက်စစ်တပ်က သူတို့အား ဖျက်ဆီးပစ်ရန် လာနေသည်။ ဤအခြေအနေမျိုးတွင် စွမ်းအားရှိသမျှ အားသွန်ခွန်စိုက် တိုက်ပွဲဝင်ခြင်းက မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် မခြားနားပေ။ သူတို့ထဲက မည်သူမှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
ယနေ့တွင် သူတို့အားလုံးက ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားကြရပေမည်။
ထို့ကြောင့် သူမသည် သူတို့ကို ထွက်ပြေးဖို့ရာ လမ်းကြောင်းဖွင့်နိုင်ရန်အတွက်သာ တိုက်ခိုက်စေခိုင်းခြင်း ဖြစ်သည်။
"နတ်မိမယ်ကို ကာကွယ်ကြ။" သူမ၏ မျက်လုံးများက ချန်ရှီးထံ ကျရောက်သွားပြီး သူမထံမှ အလွန် အားကောင်းလှသော အရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်။ ရုတ်တရက် သူမ၏ အနီးတဝိုက်မှ ကျယ်ပြောသော နေရာအထိ အလွန်မှောင်မိုက် အေးစက်လာကာ ရေခဲစွမ်းအင်တို့ဖြင့် ပြည့်နှက်လာသည်။
သူမ၏ နောက်ဘက်တွင် လပြည့်ဝန်းတစ်ခု ထွက်ပေါ်လာသည်။ လရောင်က မှော်နက်စစ်တပ်ပေါ်သို့ အုပ်မိုးသွားခဲ့ကာ ရုတ်တရက် မှော်နက်စစ်တပ်ထဲမှ အများစုအပေါ် ရေခဲများ လွှမ်းသွားခဲ့သည်။ ၎င်းတို့က မဟာလမ်းစဥ်ရေခဲချိပ်စည်းစွမ်းအားကြောင့် အေးခဲသွားလေသည်။
တစ်ချိန်တည်းမှာပင် လရောင်အောက်မှ ထွက်ပေါ်လာသည့် ဖျက်ဆီးခြင်း တိုက်ခိုက်မှုများက ရေခဲလွှာများကို ပေါက်ကွဲထွက်သွားသည်။ အေးခဲနေသော ပုံရိပ်များက အက်ကွဲသွားကာ အသတ်ခံလိုက်ကြရသည်။
အချိန်တိုင်းလိုလို ပိုမိုများပြားသော လူများ သေဆုံးလာကြသည်။ ၄င်းက ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
မြေအောက်အရှင်သည် သူ့ပြိုင်ဘက်၏ အပေါ်သို့ အကြည့်များ ရွှေ့လိုက်သည်။ မြေအောက်လှံတံတစ်လက်က ကြောက်မက်ဖွယ် အနက်ရောင် လေပွေတစ်ခုထဲတွင် ပေါ်ပေါက်လာသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်လျှင် အဆုံးမဲ့ ဖျက်ဆီးခြင်း လေစီးကြောင်းနှင့် သေဆုံးခြင်းစွမ်းအားများက လှံဆီမှ ထွက်ပေါ်လာပြီး ထိုလပြည့်ဝန်းဆီသို့ တိုးဝင်သွားသည်။ ၎င်းစွမ်းအားများ ထိတွေ့သွားရာ နေရာတိုင်း၌ ရှိနေသော လူအုပ်စုသည် သေခြင်းကို ရင်ဆိုင်ခဲ့ကြရပေသည်။ လူအများစုသည် သေဆုံးခြင်းစွမ်းအားများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး ချက်ချင်း သေဆုံးသွားကြပေသည်။
သူ့အနောက်မှ အစွမ်းထက်ပုဂ္ဂိုလ် အမြောက်အမြား ထွက်လာပြီး ယိုယွဲ့နတ်နန်းတော်မှ တန်ခိုးရှင်များဆီ လျှောက်သွားကြပေသည်။
ယိုယွဲ့နတ်နန်းတော်မှ တန်ခိုးရှင်များသည် ချန်ရှီးကို အဝေးသို့ ခေါ်ဆောင်သွားကြသော်လည်း သူတို့က ရပ်တန့်ရန်ဟန့်တားခြင်းကို ခံလိုက်ရသည်။
"သူမကို ဖမ်း။ ငါ သူမကို အရှင်လိုချင်တယ်။" မြေအောက်အရှင်က ချန်ရှီးကို ကြည့်ကာ ပြောလိုက်၏။ သူမက အလှအပနှင့် အရည်အချင်းနှစ်ခုလုံးတွင် ထူးချွန်ပြောင်မြောက်ပြီး ယိုယွဲ့နတ်နန်းတော်မှ နတ်မိမယ်လည်း ဖြစ်သည်။ သူက သူမအား အသက်ရှင်လျက် ထားပေးနိုင်ပေသည်။
ချန်ရှီး၏ မျက်နှာက ဖြူဖျော့သွားသည်။ နက်မှောင်သော ကောင်းကင်အောက်တွင် ယိုယွဲ့နတ်နန်းတော်တစ်ခုလုံးကို သေဆုံးခြင်းစွမ်းအားတို့ဖြင့် ဖုံးလွှမ်းသွား၏။ ထိုသည်မှာ သေဆုံးခြင်းနတ်ဘုရား မြေပေါ်ဆင်းသက်လာခြင်းနှင့် တူပေသည်။ အားလုံးသော ရှေးဟောင်းခန်းမဆောင်များနှင့် နန်းတော်များသည် အက်ကွဲပြိုကျကာ ဖျက်ဆီးခံလိုက်ရသည်။ သူတို့သည် မှော်နက်စစ်တပ်၏ ကျူးကျော်ဝင်ရောက်ခြင်းကို ရပ်တန့်နိုင်ခြင်း မရှိပေ။
ယခု သူတို့အားလုံးသည် အသက်ရှင်ရန် မျှော်လင့်ရုံသာ တတ်နိုင်ပေသည်။
.........
ယိုယွဲ့နတ်နန်းတော် တိုက်ခိုက်ခံရစဥ်တွင် သဏ္ဍာန်မဲ့ဘုံမှ တခြားသော အင်အားစုများသည်လည်း တိုက်ခိုက်ခံနေရပေသည်။
ထိုအချိန်တွင် သဏ္ဍာန်မဲ့ဘုံအတွင်း ရပ်တည်နေသည့် နှင်းနတ်ပြည်ထောင်သည်လည်း ဖျက်ဆီးတိုက်ခိုက်ခြင်းနှင့် ရင်ဆိုင်နေရသည်။
သူတို့က အားကောင်းသော်လည်း မြို့ကို စောင့်ရှောက်ရန် အစွမ်းထက်ပုဂ္ဂိုလ် များများစားစား ရှိမနေပေ။ ထို့ကြောင့် မှော်နက်စစ်တပ်ဘက်မှ ဦးဆောင်သူ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးသာ ရှိသော်လည်း နှင်းနတ်ပြည်ထောင်သည် သူတို့အား ခုခံတိုက်ခိုက်နိုင်စွမ်း ကင်းမဲ့နေ၏။ သူတို့က ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရပေသည်။
နှင်းနတ်ပြည်ထောင်၏ နန်းတော်ရှေ့ လေထဲတွင် လူတစ်စု ရပ်နေကြပြီး အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်နှာများထက်တွင် အကူအညီမဲ့မှုများက အထင်းသား ပေါ်လွင်နေသည်။
ယဲ့မန်သည်လည်း ထိုနေရာတွင် ရှိနေပြီး သူမ၏ လှပသော မျက်လုံးများဖြင့် တိုက်ပွဲကို စောင့်ကြည့်နေသည်။ ထိုအချိန်တွင် နှင်းနတ်ပြည်ထောင် အုပ်ချုပ်သူဖြစ်သော ယဲ့မန် ဖခင်၏ နှလုံးကို မှော်နက်လှံနှင့် ထိုးစိုက်ခံလိုက်ရသည်။ မျှော်လင့်ချက်မဲ့စွာ အော်လိုက်သည့် အော်ဟစ်သံများက လေထဲ ပျံ့လွင့်လာသည်။
ယဲ့မန်၏ မျက်နှာသည်လည်း အလွန် ဖြူဖျော့သွားခဲ့သည်။ သူမတွင် နောက်ထပ် ရပ်တည်နိုင်စွမ်း မရှိတော့ပေ။
မည်သည့်အတွက် ထိုသို့ ဖြစ်လာရသနည်း။
အတိတ်ကာလက သူမ၏ ချစ်ရသူ အသတ်ခံရသည့်အခါ၌ သူမတွင် ပြန်လည်တိုက်ခိုက်ရန် ခွန်အား မရှိခဲ့သလို ယခု နှင်းနတ်ပြည်ထောင် ဖျက်ဆီးခံရသည့်အခါတွင်လည်း ရပ်ကြည့်နေရုံသာ တတ်နိုင်ပေသည်။ သူမသည် ရန်ဟောင်အဆင့်ပင် မရောက်သေးသည့်အတွက် တိုက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိချေ။ သူမသည် ဤနေရာ၌ သေဆုံးသွားရန်ပင် အဆင့်မမီပေ။
သူမ၏ ရှေ့တွင် လူတစ်စုဆင်းသက်လာပြီး မှော်နက်လောကမှ လူများသည် ရက်စက်ယုတ်မာသော မျက်လုံးများနှင့် သူမအား သားကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က သူမအား ကြည့်ကာ ပြောလိုက်၏။ "ဒီမိန်းမကို အသက်ရှင်လျက်ထားလိုက်။"
တခြားတစ်ယောက်က ခေါင်းညိတ်လိုက်သည်။ ယဲ့မန်၏ မျှော်လင့်ချက်များက ပျက်သုဥ်းကာ တုန်ယင်လာသည်။ သူမ၌ ခုခံတုန့်ပြန်ရန် မည်သည့် စွမ်းအားမှ ရှိမနေပါချေ။
***