လူများ စုစည်း ရောက်ရှိလာမှု
Vol. 7 Ch. 615
"အဖေ… အဖေ တိုက်ပွဲကို ကြည့်ချင်တာ သေချာရဲ့လား"
ဝမ်ကဲ့ချင်က သခင်ကြီးဝမ်အား ကားထဲမှ တွဲကာ ခေါ်ထုတ်လိုက်သည်။
အသက် ရှစ်ဆယ် အရွယ် အဘိုးအိုသည် မြေပြင်သို့ ခြေချရင်း တည်ငြိမ်သော မျက်လုံးများဖြင့် ရန်တောင်ထိပ်သို့ မျှော်ကြည့်လိုက်၏။
"ဒီတိုက်ပွဲကို ငါ့မျက်လုံးတွေနဲ့သာ မမြင်ခဲ့ရရင် ငါ အသေဖြောင့်မှာ မဟုတ်ဘူး…"
ဝမ်ချန်းနှင့် အခြား ဝမ်မိသားစု အကြီးအကဲများက အဘိုးအို၏ နောက်မှ တန်းစီ၍ လိုက်ပါကြသည်။
ဝမ်ချန်းတို့သည် ရန်တောင် သစ်တော အတွင်းသို့ ရောက်သည်နှင့် များစွာသော လူများကို တွေ့လိုက်ရသည်။
ပိန်လှီသော ယောဂ ဂုရုကြီး နှစ်ပါး၊ နှစ်မီတာခန့် အရပ်မြင့်သော တိုက်ခိုက်ရေး သမားများ၊ လူဖြူ အရှင်သခင်များ၊ အထွတ်အထိပ် သိုင်းပညာရှင်များ…
သူတို့ အားလုံး၏ ပုံစံများသည် တစ်ယောက်နှင့် တစ်ယောက် လုံးလုံး ကွဲပြားနေပြီး ကမ္ဘာ့ဒေသ နေရာ အသီးသီးမှ လာရောက်သော လူများ ဖြစ်ကြောင်း ဖော်ပြနေ၏။
"သူတို့က အမှောင် ကမ္ဘာသားတွေ… သူတို့တွေ အားလုံးပေါင်း အင်အားက နိုင်ငံ တစ်နိုင်ငံကိုတောင် လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်တယ်…"
အဘိုးကြီးဝမ်က တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဟုတ်ကဲ့…"
ဝမ်ကဲ့ချင်နှင့် အခြားလူက ကြောက်ကြောက် လန့်လန့်နှင့် ခေါင်းညိတ် လိုက်ကြသည်။
ရန်တောင်တန်းသည် ဆယ်မိုင်ကျော် ရှည်လျားကာ တောင်ထိပ် ကိုးလုံး ရှိသည်။
သခင်ကြီးဝမ်နှင့် ဝမ်မိသားစုများသည် ဒုတိယ တောင်ထိပ်သို့ ဦးတည်ကာ သွားလိုက်ကြ၏။
ထိုနေရာ၌ သူတို့ အပြင် ရန်ကျင်းမြို့၏ အဓိက မိသားစုကြီးများ ဖြစ်ကြသော ရှောင်မိသားစု၊ လီမိသားစု၊ မူမိသားစု၊ ဟန်မိသားစုတို့ ရောက်ရှိနှင့်နေပြီး ဖြစ်သည်။
သိပ်မကြာခင်မှာပင် အဘိုးကြီးချင်၊ ချင်ယန်နာနှင့် အခြား ချင်မိသားစုဝင်များ ရောက်ရှိ လာသည်။
ချင်ယန်နာသည် အဖြူရောင် ဝတ်စုံကို ရိုးရှင်းစွာ ဝတ်ဆင်ထားသည့်တိုင် သူမ၏ တင့်တယ်မှုက လျော့ကျသွားခြင်း မရှိချေ။ သူမ ဖြတ်သွားသည်နှင့် လူများစွာသည် သူမအား လည်ပြန်ကာ ကြည့်လိုက်မိကြသည်။
"ချင်ယန်နာက ရန်ကျင်းရဲ့ အလှဆုံး မိန်းကလေး ဆိုတဲ့ အတိုင်း အရမ်းကို လှလွန်းတယ်… ဒါပေမဲ့ သူက ချန်းဖန်နဲ့ပဲ လက်ထပ်ရမှာ… နှမြောစရာပဲ"
ဝမ်ချန်းမှာ ချန်းဖန်အား မနာလိုပင် ဖြစ်နေမိသည်။
ချင်ယန်နာနှင့် နှိုင်းယှဉ်ပါက သူ၏ သတို့သမီး ဟန်ကျန်းလီ၏ ရုပ်ရည်မှာ သာမန်သာ ဖြစ်သည်။
"အမချင်… ရောက်လာပြီလား"
ရှောင်ရှန့်ကျူးက ချင်ယန်နာကို နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း သူမ၏ မိခင်က တားလိုက်သည်။
"သူက အရင်လို နင့်ယောင်းမလောင်း မဟုတ်တော့ဘူး… ရှောင်ရွှမ် ခြေတွေ လက်တွေ အချိုးခံရတာလည်း သူ့ကြောင့်ပဲ… ဘာလို့ သူ့ကို အမလို့ ခေါ်နေသေးတာလဲ"
ရှောင်ရှန့်ကျူးက အားနာသော မျက်နှာဖြင့် ချင်ယန်နာအား လှမ်းကြည့်လိုက်သည်။
ချင်ယန်နာက သူမအား အားတင်းကာ ပြန်လည် ပြုံးပြရင်း နှစ်သိမ့်လိုက်၏။
"ရှောင်ကျူး… အဆင်ပြေပါတယ်… ဒီနေ့က တိုက်ပွဲနေ့ ဆိုတော့ နောက်နေ့မှ အစ်မတို့ စကားပြောကြမယ်"
ထို့နောက် ချင်ယန်နာက အခြား တစ်ဖက်သို့ လှည့်လိုက်သည်။ သူမ၏ မျက်လုံးတွင်မူ စိတ်မကောင်းမှုက နေရာယူနေ၏။
"အကိုအိုးယန်… ဘယ်သူက ပိုပြီး အစွမ်းထက်မယ်လို့ ရှင်ထင်လဲ"
ပရာဒါ လက်ကိုင်အိတ် ပိုင်ရှင် မိန်းကလေးက မေးသည်။
အိုးယန်ချုံးက ချက်ချင်း ပြန်မဖြေပဲ မျက်မှောင်ကြုတ်လိုက်၏။
သူသည် စီးပွားရေး ကမ္ဘာ၌ ကျွမ်းကျင်ပြီး လူရည်လည်သော လူငယ် တစ်ယောက် ဖြစ်သည့်တိုင် ယခုလို ကိစ္စမျိုး၌ အတွေ့အကြုံ မရှိချေ။
"စစ်နတ်ဘုရား ရဲ့ နိုင်မှာ သေချာတယ်… သူက အသက် တစ်ရာကျော်လောက် ရှိတဲ့ ပညာရှင်ကြီးလို့ ငါကြားဖူးတယ်… ချန်းပေ့ရွှမ်းက အခုမှ အသက် နှစ်ဆယ်ပဲ ရှိသေးတာ တဲ့… သူက ဘယ်လိုလုပ် စစ်နတ်ဘုရားရဲ့ကို ယှဉ်နိုင်မှာလဲ"
ကျောင်းယုက ဝင်ပြောလိုက်သည်။
အိုးယန်ချုံးကမူ မျက်မှောင်ကိုသာ ကြုတ်ကာ နှုတ်ဆိတ်နေခဲ့၏။
အခြားသော မိသားစုကြီးများမှ လူများကလည်း စုဝေးကာ တိုက်ပွဲ အကြောင်းကို ဆွေးနွေး ပြောဆို နေကြသည်။
သို့သော်လည်း သူတို့သည် အမှောင်ကမ္ဘာမှ မဟုတ်ကြရာ သူတို့ ပြောဆိုသော စကားများသည်လည်း တောင်စဉ် ရေမရများသာ ဖြစ်ကြသည်။
အလေးအနက်ထားဟန် မရသော လူကြီး တစ်ဦးက ခေါင်းကို ခါယမ်းလိုက်ရင်း…
"ဒါတွေ အားလုံးက အလိမ်အညာ တွေချည်းပဲ… ငါတို့ နေနေတာက နှစ်ဆယ့် တစ်ရာစုမှာ… ဘယ်လိုလုပ်ပြီး တန်ခိုးရှင်တွေ ရှိမှာလဲ… လာနောက်နေတာလား"
အိုးယန်ချုံးက ထိုလူကြီးကို ကြည့်၍ ချက်ချင်းပင် မှတ်မိလိုက်၏။
သူကား ရန်ကျင်း၏ အလယ်အလတ် မိသားစု တစ်ခုဖြစ်သော ဝူမိသားစုမှ ဝူကျိချန်း ဖြစ်သည်။ ဝူမိသားစုသည် သာမန် စီးပွားရေး မိသားစု ဖြစ်ရာ အမှောင်ကမ္ဘာနှင့် ထိတွေ့မှု မရှိချေ။
"အကိုဝူ မှန်တယ်… ကမ္ဘာပေါ်မှာ ခေတ်မီ နည်းပညာတွေ အရမ်း တိုးတက်နေပြီ… အခုဆို လူသားမျိုးနွယ်တွေက စကြဝဠာထဲကို သွားနိုင်တဲ့ အပြင် သမုဒ္ဒတွေကိုလည်း ထက်ပိုင်း ပိုင်းနိုင်နေပြီ… လူသားတွေ ကိုယ်တိုင်က တန်ခိုးရှင်တွေပဲ"
အခြားလူငယ် တစ်ယောက်က ဆိုလိုက်၏။
ထိုလူငယ်သည် ရန်ကျင်း ရီမိသားစုမှ ဖြစ်သည်။ ရီမိသားစုသည် ရန်ကျင်း၏ အဆင့်နိမ့် မိသားစု တစ်ခု ဖြစ်ကာ ဝူမိသားစု ထက်ပင် အဆင့်နိမ့်သည်။
"ဒီမိသားစုတွေက… ဘယ်တော့မှ လူရာဝင်မှ မဟုတ်ဘူး"
ထိုလေးစားမှု မရှိသော ဆွေးနွေးမှုများအား အိုးယန်ချုံးက ခေါင်းခါမိသည်။
"ငါတော့ ရဲ့ချင်စန်းက ဒီကိစ္စကို ဦးဆောင်ပြီး လုပ်တာ ဖြစ်ရမယ်… သူက ပေါ်မလာတာ ကြာနေပြီ ဆိုတော့ လူတွေက သူ့ကို မေ့နေကြပြီ… ရဲ့ချင်စန်းက သူနာမည် ပြန်ကြီးလာဖို့…"
ဝူကျိချန်း အသည်းအသန် ဆွေးနွေး နေစဉ်မှာပင်…
"ဘုန်း…"
ကျယ်လောင်သော မိုးပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာ၏။
ထိုအသံနှင့် အတူ ရွှေရောင် အလင်းတန်း တစ်ခုက ကောင်းကင်ကို ဖြတ်သန်း၍ တောင်ထိပ် တစ်ခုဆီသို့ ပျံသန်းလာ၏။
အလင်းတန်း၏ အလယ်တွင်မူ တစ်ကိုယ်လုံး ရွှေရောင်ဖြင့် ဖုံးလွှမ်းနေသော လူကြီးတစ်ဦး ရှိ၏။ ထိုလူကြီးက နတ်ဘုရား တစ်ပါး အလား အထက် ကောင်းကင်တွင် ရပ်ကာ တောင်တန်းအား ရွှေရောင်အလင်းဖြင့် လွှမ်းခြုံသည်။
"ဒါကြီးက… ဒါကြီးက…"
ဝူကျိချန်းသာ မက လူများအားလုံး ဆွံ့အ ကုန်ကြတော့သည်။
သူတို့ကား သာမန်လူများ ဖြစ်ကြသည်။ သူတို့ အနေဖြင့် အစီအရင် ပညာရှင်များ၊ အတွင်းအား ပညာရှင်များကို မြင်ဖူးကောင်း မြင်ဖူးနိုင်သည့်တိုင် ကောင်းကင်၌ ပျံသန်းသော ရွှေရောင် လူသားကိုမူ မမြင်တွေ့ခဲ့ဖူးချေ။
"ဒါကြီးက… တန်ခိုးရှင် အဆင့်ရဲ့ စွမ်းအား ဆိုတာများလား"
ဝမ်မိသားစု၊ ရှောင်မိသားစု စသည့် မိသားစုကြီးများမှ လူများပင်လျှင် ဖြူရော် ကုန်ကြတော့သည်။
"ဒီတန်ခိုးရှင်တောင် နတ်ဘုရားတွေထက် ပိုပြီး အစွမ်းထက်နေပြီ… ချန်းပေ့ရွှမ်း ရဲ့ချင်စန်း တို့ဆို ဘယ်လောက်တောင် အစွမ်းထက် နေမလဲ"
ဝမ်ချန်း၏ မျက်လုံးများက မနာလိုမှုများဖြင့် ပြည့်နှက်၍ နေသည်။
ထိုအချိန်၌ ချင်ယန်နာ၏ မျက်လုံးများကမူ တလက်လက် တောက်ပနေ၏။
"ဒါက ကမ္ဘာရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့ တန်ခိုးရှင်တွေရဲ့ စွမ်းအား ဆိုတာလား… ငါသာ သူ့လို လူတွေကို ကောင်းကင်ကနေ ငုံ့ကြည့်ခွင့် ရရင် ဘယ်လောက် ကောင်းလိုက်မလဲ"
တစ်ချိန်တည်းတွင်ပင် အမှောင်ကမ္ဘာ၏ လူများမှာမူ ဆွံ့အ နေခဲ့ကြ၏။
ရွှေရောင် ဘုန်းတော်ကြီးသည် လွန်ခဲ့သည့် ရာစုနှစ် များစွာကပင် ကျော်ကြားခဲ့သည့် တန်ခိုးရှင် တစ်ယောက် ဖြစ်သည်။
ဒဏ္ဍာရီများ အရဆိုလျှင် သူသည် တောင် အမေရိက၌ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်းကပင် သူ့အား တားဆီးခဲ့ရသည်ဟု ဆိုသည်။
ရာစုနှစ် တစ်ခု ကြာပြီးနောက် ယခုကဲ့သို့ ရွှေရောင် ဘုန်းတော်ကြီး ပြန်လည် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့် မထားကြချေ။
"ဟူး… ဟူး… ဟူး…"
တစ်ခဏမျှ အကြာ၌ မြွေကြီး တစ်ကောင်နှင့် အဘိုးအိုတစ်ဦး ကောင်းကင်၌ ထွက်ပေါ် လာပြန်၏။ ထိုမြွေကြီးတွင် တစ်ဆယ် မီတာခန့် ရှည်လျားသော အတောင်ပံများ ရှိကာ နဂါး တစ်ကောင်အလား တိမ်များကို ခွဲ၍ ပျံသန်းလာသည်။
"ဂုရုကြီး ဂုဂျာ… မြင့်မြတ်နယ်မြေ ဂုရုကြီး သုံးယောက်ထဲက တစ်ယောက်… သူက ချန်းပေ့ရွှမ်းကြောင့် သေသွားတဲ့ ဂုရုကြီး ရာမရဲ့ စီနီယာပဲ… သူက ချန်းပေ့ရွှမ်းကို လာပြီး လက်စားချေတာလား"
လူများစွာက အံ့ဩတကြီး ရေရွတ်ကြ၏။
သို့သော်လည်း ထိုအရာကား အစသာ ဖြစ်သည်။
မကြာခင်မှာပင် အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာ မျိုးစုံမှ အနက်ရောင်၊ သွေးရောင်၊ အဇူရာရောင်များ ထပ်မံ ထွက်ပေါ်လာပြန်၏။
များစွာသော တန်ခိုးရှင်များကား ကမ္ဘာ အရပ်ရပ်မှ ထွက်ပေါ် လာကြခြင်း ဖြစ်၏။ သူတို့ အထဲ၌ ကမ္ဘာမှ သိရှိထားခြင်း မရှိသော တန်ခိုးရှင်များပင် ပါဝင်နေသည်။
တန်ခိုးရှင် တစ်ဒါဇင်ခန့် စုဝေး ရောက်ရှိ ပြီးသည့်နောက် ရွှေရောင် ဘုန်းတော်ကြီးက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
"ဘာလို့ ရဲ့ချင်စန်းနဲ့ ချန်းပေ့ရွှမ်းတို့ မလာသေးတာလဲ…"
"ဘုန်း…"
ရုတ်တရက် ကောင်းကင်က ပေါက်ကွဲကာ သွေးရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာ၏။ ထိုအလင်းတန်း၏ အလယ်တွင်မူ အဝတ်အစား အဟောင်းများ ဝတ်ဆင်ထားသော ရုရှား လူအိုကြီး တစ်ယောက် ရှိနေသည်။
"စစ်နတ်ဘုရား ရဲ့… မင်း မိတ်ဆွေကြီးတွေ စုံနေပြီ… ဘာလို့ ထွက်မလာသေးတာလဲ"
အဘိုးအို၏ အသံက မိုးကြိုးများ အလား အထပ်ထပ် ပျံ့နှံ့ကာ တောင်စဉ်တန်း တစ်ခုလုံးအား ဖုံးလွှမ်းသွား၏။
လူတိုင်း ထိတ်လန့်နေစဉ်မှာပင် ရယ်မောသံ တစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"အိုလက် မိတ်ဆွေကြီး… မင်းက တကယ် စိတ်မရှည်ဘူးပဲ"
ထိုအသံအား ကြားသည်နှင့် လူတိုင်း၏ မျက်လုံးများ ပြူးကျယ် သွားကြတော့၏။
ရဲ့ချင်စန်းကား ထွက်ပေါ်လာခဲ့ချေပြီ။
***