ရုတ်တရက်ဆန်သော အရိပ်
Vol. 14 Ch. 191
ဘုန်း!~
ဧရာမသားရဲကြီး၏ ခြေထောက်တစ်ဖက်သည် ရှောင်လျို့၏ အရှေ့ဘက် မီတာ (၅၀) အကွာသို့ ကျဆင်းလာပြီး ဒုံးကျည်တစ်ခု ပေါက်ကွဲသွားသကဲ့သို့ အသံ ဖြစ်ပေါ်လာခဲ့သည်။ သစ်တောအတွင်းရှိ သစ်ပင်အများအပြားသည် ၎င်းက ထွက်ပေါ်လာသည့် လေထု၏ စက်ကွင်းကဲ့သို့ ပြင်းထန်သော အဟုန်လှိုင်းအောက်တွင် ကျိုးပဲ့ပျက်စီးကာ လေထဲသို့ ပျံတက်ကုန်၏။
"အားးး"
ထိတ်လန့်ဖွယ် မြင်ကွင်းကြောင့် ရှောင်လျို့နှင့် အခြားလူများ အလန့်တကြား အော်ဟစ်လိုက်ကြသည်။ သူမတို့သည် ၎င်းက ထွက်ပေါ်လာသည့် ပြင်းထန်သော လေလှိုင်းကို ခံနိုင်ရည်ရှိအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ကန်ဘက်သို့ အမြန်ပြန်ပြေးလာခဲ့ကြသည်။
"ငါတို့တော့ သေပြီပဲ"
ယန်ဖေ့၏ ကျယ်လောင်သော အော်ဟစ်သံကို ရှောင်လျ်ို့ ကြားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်က အခြေအနေသိပ်မကောင်းဘဲ တုန်ယင်နေသည်။
သူမသည် ဧရာမသားရဲကြီးကို စိုက်ကြည့်ရင်း အတတ်နိုင်ဆုံး နောက်ပြန် ဆုတ်နေခဲ့၏။ ရှောင်လျို့ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
သူမသည် လူအုပ်၏ အလယ်တွင် ရှိနေခြင်းဖြစ်ပြီး သစ်ပင်တစ်ပင်ကို ခေတ္တမှီထားကာ အသက်ပြင်းပြင်းရှူ၍ အတတ်နိုင်ဆုံး အမောပြေအောင် ကြိုးစားနေသည်။ တစ်ချိန်တည်းမှာပင် သူမသည် သူမ၏ ပျော့ခွေနေသော ခြေထောက်များကို ပြန်ထိန်းချုပ်နိုင်အောင် ကြိုးစားနေခဲ့သည်။
ဧရာမသားရဲကြီးသည် သူမတို့ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာခဲ့ပြီး ၎င်း၏ ပါးစပ်ဟကာ ဟိန်းဟောင်းလိုက်သည်။
"ကျီး~~"
နိမ့်ပါးသော်လည်း ထိုးဖောက်နိုင်စွမ်း ပြင်းသည့် အသံက ၎င်းထံက ထွက်ပေါ်လာသည်။ သားရဲကြီး၏ ခန္ဓာကိုယ် ကြွက်သားများသည် ဟိန်းဟောင်းနေစဉ်အတွင်း အဆက်မပြတ် တုန်ခါနေပြီး ၎င်း၏ စိမ်းပြာရောင် လည်ပင်းသွေးကြောများက လိမ်ယှက်နေသော မြွေများနှင့် တူနေသည်။
"အားးး"
ရှောင်လျို့နှင့် အခြားလူအားလုံးသည် သားရဲကြီး ဟိန်းဟောင်းလိုက်သည်နှင့် တပြိုင်နက် မြေပြင်ပေါ်သို့ လဲကျသွားကာ နားများကို အသည်းအသန် ပိတ်လိုက်ကြသည်။
အချို့သော လူများသည် တုံ့ပြန်မှုနှေးကွေးခဲ့သောကြောင့် ၎င်းတို့၏ နှာခေါင်းနှင့် ပါးစပ်ကနေ သွေးများ စိမ့်ထွက်လာခဲ့သည်။
ထိုအချိန်မှာပင် ဧရာမသားရဲကြီးသည် ဟိန်းဟောင်းခြင်းအား ရပ်တန့်လိုက်ပြီး ရုတ်တရက် ငုံ့ကြည့်လာခဲ့ကာ မြေပြင်ပေါ်မှာ နာကျင်မှုကြောင့် နားပိတ်ကာ လှဲလျောင်း၍ တုန်ယင်နေခဲ့သော လူအချို့ထံသို့ အိမ်မက်ဆိုးများ မက်စေနိုင်သည့် ၎င်း၏ လက်များဖြင့် ဖမ်းဆုပ်လိုက်လေသည်။
ထိုနောက် သားရဲကြီးသည် ထိုလူများအား ၎င်း၏ ပါးစပ်ထဲသို့ ပစ်ထည့်ကာ ဝါးစားလိုက်လေသည်။
"အားးး"
ယင်းကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရသော ကျန်ရှိသည့် လူအနည်းငယ်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်တော့သည်။
"ကယ်ဆယ်ရေးတွေ ဘာလို့ မလာသေးတာလဲ...! ငါသေရတော့မယ်။ ငါမသေချင်သေးဘူး... ဟီး... ဟီး.. ငါ့ ငါ့ကို ကယ်ကြပါ"
"ငါ မသေချင်ဘူး။ ငါ မသေချင်ဘူး။ ငါ့ကို ကျေးဇူးပြုပြီး လွှတ်ပေးပါ။ ငါ့ကို လွှတ်ပေးပါ"
"ပြေး! ပြေး! အသက်ရှင်ချင်သေးရင် ပြေးကျ!"
ဤအချိန်တွင် လူခုနစ်ယောက် ရှစ်ယောက်သာ ကျန်တော့သည်။ လူတိုင်းက ပုံစံမျိုးစုံ ဖြစ်နေကြသည်။
ရှောင်လျို့သည် ကြောက်လန့်တကြား အော်ဟစ်ချင်သော်လည်း သူမ၏ ကျန်ရှိနေသော အသိစိတ်အနည်းငယ်သည် သူမ၏ အော်ဟစ်လိုစိတ်ကို တားဆီးထားခဲ့သည်။
အခြားလူများ ထွက်ပြေးစပြုလာချိန်တွင် ရှောင်လျို့လည်း ရေကန်ဘက်သို့ ပြန်ပြေးလာခဲ့၏။
ယခင်က သားရဲကြီးသည် လူအများအပြားကို လိုက်ဖမ်းနေသောကြောင့် သူမတို့ ၎င်းထံက ထွက်ပြေးနိုင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် လူအနည်းငယ်သာ ကျန်ရှိတော့ပြီး ထိုလူများကလည်း အတူတကွ ရှိနေခဲ့၏။ ထိုကြောင့် မည်သူမှ လွတ်မြောက်ရန် လမ်းမမြင်ပေ။
သားရဲကြီးသည် လူနှစ်ယောက်ကို ဖမ်းဆုပ်ပြီးနောက် ၎င်း၏ ပါးစပ်ထဲသို့ ပစ်ထည့်ကာ ဝါးစားလိုက်သည်။ ထို့နောက် ၎င်းသည် ဦးခေါင်းကို လှည့်၍ အခြားလူတစ်ယောက်ကို ကြည့်လိုက်သည်။
ရှောင်လျို့သည် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။ သူမသည် ပြေးနေစဥ် နောက်လှည့်၍ နောက်သို့ ကြည့်လိုက်၏။ သူမသည် သူမဆီသို့ ချဉ်းကပ်လာနေသော ဧရာမလက်ကြီးတစ်ဖက်ကို မြင်လိုက်ရသည်။
"အားးး"
ရှောင်လျို့သည် ကြောက်လန့်တကြား အော်ဟစ်ခြင်းမှ မထိန်းနိုင်တော့ပေ။ သူမသည် သစ်ပင်ကြီးတစ်ပင်ကို ချက်ချင်း မှီချလိုက်ပြီး သူမ၏ မျက်လုံးများကို တင်းတင်းမှတ်ထားလိုက်သည်။ သူမ၏ မျက်နှာတစ်ခုလုံးသည် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။ သူမသည် မျက်လုံးများဖွင့်၍ ဧရာမသားရဲကြီးကို မကြည့်ဝံ့ပေ။
အခြားတစ်ဖက်တွင် လူလေးယောက် ပြေးနေကြပြီး ၎င်းတို့ထဲတွင် အရပ်ပုပု ယန်ဖေ့နှင့် အရပ်ရှည်ရှည် လော်ယန်တို့ ပါဝင်သည်။
သူတို့သည် ရှောင်လျို့၏ ကြောက်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသောကြောင့် သူမဘက်သို့ ကြည့်လိုက်ကြသည်။
သူတို့သည် ထိုကြောက်မက်ဖွယ်ရာ မြင်ကွင်းကို ချက်ချင်းပင် မြင်တွေ့လိုက်ရပြီး သူတို့၏ နှလုံးသားများက ပေါက်ကွဲလုနီးပါး ဖြစ်သွားကြသည်။
သူတို့သည် သူမနှင့် သူတို့၏ အဆုံးသတ်ကို ကြိုမြင်နေရသလို စိတ်ထဲ၌ ဝမ်းနည်းမှု၊ စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်လာသည်။
ရှောင်လျို့ သစ်ပင်ကြီးကို မှီနေပြီး ပြင်းပြင်းထန်ထန် တုန်ယင်နေသည်။
သူမသည် သူမ၏ အဆုံးသတ်ကို စိတ်ကူးမိနေခဲ့သည်။ သားရဲကြီး၏ စားသောက်ခံရတော့မည်ဟူသော အတွေးသည် သူမကို မျက်ရည်များပင် ကျလာစေ၏။
သူမသည် သားရဲကြီး၏ ဧရာမလက်ကြီးဖြင့် ဖမ်းဆုပ်ခံရလိမ့်မည်။ ထို့နောက် သားရဲကြီးသည် ၎င်း၏ လက်ကို မြှောက်ကာ အရုပ်ဆိုးသော ၎င်း၏ ပါးစပ်ကို ဖွင့်၍ သူမကို လွှတ်ချကာ စားသောက်ခံရပေမည်။
၎င်းကို ကြိုတွေးမိလိုက်သော ရှောင်လျို့သည် ကြောက်ရွံ့မှုကြောင့် မူးမေ့တော့မလို ဖြစ်နေသည်။
ရှောင်လျို့ သူမ၏ ကံကြမ္မာကို လက်ခံလိုက်သည်။ သူမသည် မျက်လုံးများကို မှိတ်ပြီး ဖြစ်လာတော့မည့် အရာကို စောင့်ဆိုင်းနေခဲ့သည်။ ဤသို့ဖြင့် စက္ကန့်အနည်းငယ် ကြာသွားသော်လည်း သူမသည် ဘာမျှ မခံစားရသေးပေ။
"ဘာဖြစ်နေတာလဲ.."
သူမ မျက်လုံးများကို မှိတ်လိုက်စဥ် သားရဲကြီး၏ လက်သည်းများက သူမနှင့် မီတာအနည်းငယ်သာ ကွာဝေးတော့သည်။
ယခု (၁၀) စက္ကန့်ခန့် ကြာသွားပြီ ဖြစ်သောကြောင့် သူမသည် လက်ကြီး၏ ဖမ်းဆုပ်ခံရခြင်းကို ခံရသင့်ပြီ ဖြစ်သော်လည်း မည်သည်မှ မခံစားရသေးပေ။
သူမသည် သံသယများဖြင့် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ထိုအခါ သူမ မြင်လိုက်ရသော မြင်ကွင်းက သူမကို မူးမေ့လုနီးပါး ဖြစ်စေသည်ဟု ဆိုရမည်။
ဧရာမသားရဲကြီးက သူမနှင့် မီတာအနည်းငယ်အကွာတွင် ရှိနေသည်။
ဧရာမသားရဲကြီး၏ ကြွက်သားများသည် ဖောင်းကားနေပြီး ကျောက်တုံးများနှင့်တူကာ ၎င်း၏ အကြေးခွံများသည် ကြောက်စရာကောင်းလှ၏။ ၎င်း၏ ခန္ဓာကိုယ်အောက်ဖက်ရှိ လက်ကြီးနှစ်ဖက်သည်တော့ ဧရာမတိုင်ကြီးနှစ်တိုင်နှင့် ဆင်တူသည်။
၎င်း၏ မျက်နှာသွင်အပြင်သည် ဒိုင်နိုဆောတစ်ကောင်နှင့် ဆင်တူပြီး သွားများကာ ချွန်ထက်ကာ ကြမ်းတမ်းသည်။ ပါးစပ်အတွင်းမှလည်း တံတွေးများက အဆက်မပြက် စီးကျနေပြီး နှုတ်ခမ်း၌ သွေးများစွန်းထင်းနေကာ ငရဲမှ တက်လာသော နတ်ဆိုးတစ်ကောင်နှင့် ဆင်တူနေသည်။
၎င်းကြောက်မက်ဖွယ်ရာ ပုံရိပ်ကို မြင်လိုက်ရသော ရှောင်လျို့သည် ၎င်းက သူမ၏ တစ်သက်တာ၌ ခံစားခဲ့ရသော ကြောက်ရွံ့မှုများသည်ပင် ဤညတွင် သူမ ခံစားခဲ့ရသော ကြောက်ရွံ့မှုများနှင့် မနှိုင်းယှဉ်နိုင်ဟု ထင်မိသည်။
သူမသည် မူးဝေနေပြီး အားအင်ချိနဲ့နေကာ မူးမေ့တော့မလို ဖြစ်နေသည်။ ဤအချိန် သူမ၏ ခန္ဓာကိုယ်က ဂျယ်လီနှင့် ဖန်တီးထားသလို ဖြစ်နေသည်။
သို့သော် သူမသည် နိုးကြားနေစေရန် သူမ၏ လျှာဖျားကို ကိုက်ပြီး ခြေထောက်ကြွက်သားများကို တင်းထားသည်။
သူမသည် သစ်ပင်ကို မှီထားပြီး သားရဲကြီးက အဘယ့်ကြောင့် မတိုက်ခိုက်တော့သည်ကို သိလိုနေသည်။
မရက်မနားပြေးနေသော ယန်ဖေ့၊ လော်ယန်နှင့် အခြားလူနှစ်ယောက်သည် အနောက်ဘက်မှလာသော ပုံမှန်မဟုတ်သည့် အခြေအနေကို သတိပြုမိလိုက်သည်။ သူတို့သည် ဦးခေါင်းများကို လှည့်၍ ကြည့်လိုက်ချိန်တွင် မလှုပ်မယှက် ရပ်နေသော သားရဲကြီးကို မြင်လိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။
ရက်စက်ကြမ်းကြုတ်သော သားရဲကြီးသည် မိန်းကလေးတစ်ယောက်၏ အရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူမကို တိုက်ခိုက်ခြင်း မရှိပေ။
"ဂလု..."
သစ်ပင်ကြီးအောက်က ရှောင်လျို့ တံတွေးမျိုချလိုက်ပြီး သူမ ဧရာမသားရဲကြီးကို စူးစိုက်ကြည့်လိုက်သည်။
ယင်းအချိန် သူမသည် ဧရာမသားရဲကြီးက သူမကို ကြည့်မနေဘဲ သူမ၏ အနောက်ဘက်သို့ ကြည့်နေတာမှန်း ရုတ်တရက် သတိပြုမိလိုက်သည်။
သူမ၏ အနောက်ဘက်ကို ကြည့်နေခြင်းပင်။
ရှောင်လျို့ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားသည်။ သူမသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အနောက်သို့ အားတင်းကာ ကြည့်လိုက်သည်။
ထိုအခါ သူမသည် သားရဲကြီး၏ အာရုံစိုက်မှုကို ခံရလောက်အောင် ထူးခြားသည့် မည်သည့်အရာ မတွေ့ရပေ။ ထူးခြားသည့် တစ်ခုတည်းသော အရာသည် ရေကန်တစ်ခုသာ ရှိ၏။
သူမ စိတ်ရှုပ်ထွေးနေစဉ်မှာပင် သူမ အနောက်ဘက်ရှိ ရေကန်မျက်နှာပြင် စတင်ပြောင်းလဲလာသည်။ ရှောင်လျို့သည် အသက်ပြင်းပြင်းရှူ၍ ၎င်းရေကန်ကို စိုက်ကြည့်လိုက်သည်။
ရေပြင်သည် တဖြည်းဖြည်း မို့မောက်လာပြီး ၎င်းအောက်တွင် ဧရာမအနက်ရောင် အရိပ်ကြီးတစ်ခု ရှိနေသည်ကို သူမ မြင်လိုက်ရသည်။
ဗုံး!!~
ရေကန်မျက်နှာပြင်သည် နောက်ဆုံး၌ ကွဲထွက်သွားပြီး ဧရာမအရိပ်ကြီးက ရေထဲမှ မတ်တပ်ရပ်လာခဲ့သည်။
ရှောင်လျို့နှင့် အသက်ရှင်ကျန်ရစ်သော လူများသည် တစ်စုံတစ်ယောက်က သူတို့၏ နှလုံးသားအား ဆုတ်ကိုင်ထားသကဲ့ ခံစားလိုက်ရပြီး နေရာ၌ပင် တောင့်ခဲကာ ပါးစပ်များ ဟလျက်ရှိသည်။
.....