ဧရာမမြွေကြီး ပေါ်လာခြင်း
Vol. 14 Ch. 192
"ဒါ.. ဒါက..."
ရှောင်လျို့သည် သူမ၏ အနောက်ဘက် ရေကန်ထဲမှ ထွက်ပေါ်လာသော သားရဲကြီးကို မင်သက်စွာ ငေးကြည့်နေမိသည်။ သူမသည် ထိုရေကန်ထဲ၌ နောက်ထပ် သားရဲတစ်ကောင် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
လွန်ခဲ့သော မိနစ်အနည်းငယ်က သူမတို့သည် ရေကန်ဘေးမှပင် ဖြတ်ပြေးခဲ့ကြ၏။ ယင်းကိုတွေးမိကာ ရှောင်လျို့ တဆတ်ဆတ် တုန်ယင်သွားခဲ့၏။
ရေကန်ထဲမှ ထွက်ပေါ်လာသော သားရဲကြီးသည် ဧရာမမြွေကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင် အကြေးခွံများက ဖုံးအုပ်ထားပြီး လရောင်အောက်၌ အကြေးခွံများသည် တလက်လက် တောက်ပနေ၏။
ဧရာမမြွေကြီးသည် အလွန်ကြီးမားလှပြီး ရေပေါ်တွင် ပေါ်နေသော ခန္ဓာကိုယ် အပိုင်းသည်ပင် (၃၀) မီတာကျော်ပြီး ၎င်းသည်ပင် မီတာဆယ်ချီမြင့်သော အဆောက်အအုံတစ်လုံးနှင့် ညီမျှနေပြီ ဖြစ်သည်။
ဧရာမမြွေကြီး၏ အချင်းသည် (၂) မီတာခန့်ရှိပြီး၊ ၎င်း (၂) မီတာသည် ၎င်း၏ ကိုယ်ထည်နှင့်ယှဉ်လျှင် သေးသွယ်သည်ဟု ထင်နိုင်သော်လည်း ၎င်းက ထရပ်ကားနှင့် ဘတ်စ်ကား သို့မဟုတ် တင့်ကားတစ်စီးကိုပင် အလွယ်တကူ မြိုချနိုင်သည်အထိ ကြီးမားသော အရွယ်အစား ဖြစ်သည်။
ဧရာမမြွေကြီးသည် ရေကန်ထဲတွင် ခန့်ထည့်စွာ တည့်မတ်နေပြီး ကြောက်မက်ဖွယ်ကောင်းမှုနှင့် ကြီးစိုးသော အမူအရာကို သိမ်းပိုက်ထား၏။ ၎င်း၏ ရှည်လျားသော ကိုယ်ထည်သည် ကန်ရေပြင်နှင့် မြေပြင်ပေါ်၌ ရှည်လျားသော အရိပ်တစ်ခုကို ဖြစ်ပေါ်နေစေခဲ့သည်။
"ဧရာမ!~ ဧရာမမြွေကြီး!"
မနီးမဝေးတွင် ရှိနေခဲ့သော အရပ်ရှည်ရှည် လူငယ်လေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်ကို ရှောင်လျို့ ရုတ်တရက် ကြားလိုက်ရသည်။
ရှောင်လျို့၏ အမူအရာသည် တောင့်တင်းသွား၏။ သို့သော် သူမသည် ချက်ချင်းပင် သတိဝင်လာပြီး တုန်လှုပ်နေသော အမူအရာဖြင့် သားရဲကြီးကို ကြည့်လိုက်သည်။
ဧရာမမြွေကြီး၊ ၎င်းသည် သမုဒ္ဒရာ၏ သားရဲဘုရင် ငါးပါးထဲမှ တစ်ကောင် ဖြစ်သည်။
၎င်းပထမဆုံး ပေါ်ပေါက်လာစဉ်က ခရာကန်နှင့် တိုက်ခိုက်ခဲ့ပြီး ခရာကန်အား အန္တာတိက သမုဒ္ဒရာသို့ ထွက်ပြေးရန် တွန်းအားပေးခဲ့သည်။ ထို့နောက် ခရာကန်၏ နယ်မြေဖြစ်သည့် ပစိဖိတ်သမုဒ္ဒရာကို ဧရာမမြွေကြီးက သိမ်းပိုက်ခဲ့သည်။
ထို့နောက် အမေရိကန်နိုင်ငံသည် စူပါမိုဆာဆောရပ်စ်ကို လိုက်ဖမ်းခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာတွင် ဖမ်းမိခဲ့၏။ သို့သော် လူအချို့သည် အမေရိကန်နိုင်ငံက စူပါမိုဆာဆောရပ်စ်နှင့် ဧရာမမြွေကြီးကိုပါ ဖမ်းမိခဲ့သည်ဟု ပြောဆိုခဲ့ကြသည်။
ယင်းအချိန်ကစ၍ ဧရာမမြွေကြီးပင် ဖြစ်စေ၊ စူပါမိုဆာဆောရပ်စ်ပင် ဖြစ်စေ ပျောက်ကွယ်နေခဲ့သည်။
ရှောင်လျို့သည်လည်း ၎င်းနှင့် ပတ်သက်သော သတင်းများကို သဘာဝကျစွာ မြင်ခဲ့ရပေသည်။ သူမသည် ဧရာမမြွေကြီး၏ ဓာတ်ပုံ၊ ဗီဒီယိုများကို ဧရာမ ကုန်တင်သင်္ဘောကြီးနောက်သို့ ၎င်းလိုက်ပါနေခဲ့သည့် ဗီဒီယိုကတက်ဆင့် မြင်ခဲ့ဖူးပေသည်။
ရှောင်လျို့သည် သူမရှေ့က သားရဲကြီးကို ကြည့်လိုက်၏။ သူမသည် သူမ စိတ်ထဲက ဧရာမမြွေကြီးနှင့် ပတ်သတ်သော မြင်ကွင်းအား စိတ်ကူးကြည့်လိုက်သည်။ ၎င်းသည် ဧရာမမြွေကြီးနှင့် များစွာကွာခြားချက် မရှိဘဲ ကွာခြားချက် တစ်ခုသာ ရှိနေသည်။
၎င်းကတော့ အရွယ်အစားပင် ဖြစ်၏။
၎င်းကွာခြားချက်သည် ဧရာမမြွေကြီး ကြီးထွားလာခြင်း သို့မဟုတ် သူမ အင်တာနက်ပေါ်တွင် မြင်ခဲ့ရသော ပုံများက လက်တွေ့နှင့် အနည်းငယ် ကွာခြားခြင်းတို့ ဖြစ်နိုင်ပေသည်။
"ရွီး~"
ရုတ်တရက် ဧရာမမြွေကြီးက ၎င်း၏ လျှာကို ထုတ်ချည် သွင်းချည် လုပ်ရင်း ကျယ်လောင်သော တွန်သံပေးလိုက်ရာ ရှောင်လျို့ ခေါင်းမူးသွားခဲ့သည်။
ဧရာမမြွေကြီးသည် သူမအား ဂရုစိုက်မနေဘဲ ဧရာမသားရဲကြီး၏ အပေါ်၌သာ ရှိနေခဲ့သည်။ ၎င်းက ဧရာမသားရဲကြီးအား ကြည့်နေရင်း တွန်သံပေးနေခြင်းလည်း ဖြစ်သည်။
ရှောင်လျို့၏ ခြေထောက်များသည် ပျော့ခွေနေခဲ့ပြီး သူမက သူမ၏ အရှေ့က ဧရာမသားရဲကြီးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
ခဏတာ အကြည့်ခြင်း ဆိုင်ကြပြီးနောက် ရှောင်လျို့နှင့် မနီးမဝေးရှိ အခြားလူများသည် ဧရာမမြွေကြီး ကမ်းပေါ်သို့ စတင်တက်လာသည်ကို သတိပြုမိလိုက်ကြသည်။
"ဂလု~"
လူတစ်ယောက်က တံတွေးမျိုချလိုက်သည်။ ရှောင်လျို့သည် ၎င်းအသံအား ကြားလိုက်ရသော်လည်း မည်သူကြောင့် ဖြစ်မှန်း မသိနေပေ။
ဤအချိန်တွင် အားလုံး၏ မျက်နှာများက သူမကဲ့သို့ ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ စိတ်အားငယ်မှုတို့ဖြင့် ဖုံးလွှမ်းနေလေသည်။
ယန်ဖေ့၊ လော်ယန်နှင့် အခြားလူများသည် သေလုမတက် ကြောက်လန့်နေကြ၏။ သူတို့သည် ကျွဲနှစ်ကောင်ကြားက မြေစာပင်ကဲ့သို့ သားရဲနှစ်ကောင်ကြားတွင် ရှိနေခဲ့သည်။
ဧရာမမြွေကြီးသည် ရေကန်ထဲမှ တက်လာပြီး ဧရာမသားရဲကြီးဆီသို့ ဦးတည်နေ၏။ ဤကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်ကြားတွင် သူတို့က ၎င်းသားရဲနှစ်ကောင် တိုက်ပွဲဖြစ်ပွားတော့မည့် အလယ်၌ ရှိနေသည်။
အထူးသဖြင့် ကြောက်မက်ဖွယ်ရာ အကောင်းဆုံးအချက်မှာ ဧရာမမြွေကြီး ကမ်းပေါ်သို့ တက်လာပြီးနောက် ၎င်း၏ ဘတ်စကတ်ဘောအရွယ် မျက်လုံးအကြည့်များက သူတို့ထံ ကျရောက်လာခြင်း ဖြစ်သည်။
ဒုတ်!!
လူငယ်နှစ်ယောက်သည် နောက်ဆုံး၌ တောင့်မခံနိုင်တော့ဘဲ ပြင်းထန်သော ဖိအားများကြား မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။ လူငယ်နှစ်ယောက်သည် တုန်ယင်နေခဲ့ပြီး အချင်းချင်းဖက်ထားကြသည်။
"အိုး.. သူတို့နဲ့ ထက်ဆုံပြန်တာလား..."
ဖန့်ရန်သည် သူ့ရှေ့တွင် တုန်ယင်နေသော လူငယ်နှစ်ယောက်ကို မြင်ချိန်၌ အနည်းငယ် အံ့အားသင့်သွား၏။ သူသည် ထိုလူငယ်များနှင့် မကြာခဏဆုံတွေ့ရန် ကံပါလာခဲ့ပုံပင်။
သူသည် ထိုလူငယ်နှစ်ယောက်ကို ဝူဟိုင်၏ ရေလှောင်ကန်တွင် ပထမဆုံးအကြိမ် တွေ့ခဲ့ပြီး၊ Yerga မြစ်တွင် ဒုတိယအကြိမ် တွေ့ခဲ့ရပြန်သည်။ ယခုလည်း မမျှော်လင့်ဘဲ ၎င်းလူငယ် ခုနှစ်ယောက်ထဲက လူနှစ်ယောက်နှင့် ထပ်တွေ့ပြန်၏။
"ကျန်တဲ့လူတွေ အစားခံရတာလား.."
ဖန့်ရန် သူ့ရှေ့မလှမ်းမကမ်းက ဧရာမသားရဲကြီးကို ကြည့်လိုက်သည်။ ဤသည်က လူပုံသဏ္ဌာန်ရှိသည့် သားရဲတစ်ကောင်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်သည်။
၎င်းသားရဲသည် သူ့ထက် များစွာကြီးပြီး သူသည် ၎င်းအား အမြင့်လည်း မယှဉ်နိုင်သလို အရွယ်အစားတွင်လည်း မယှဉ်နိုင်ပေ။
"ကိုင်းဂျူး တစ်ကောင်၊ ဒီကောင်တွေ အာကာသလမ်းကြောင်းကနေ နောက်ဆုံးတော့ ထွက်လာပြီပဲ"
ဖန့်ရန် မျက်နှာ တည်ကြည်နေသည်။ သူသည် တစ်နှစ်ခွဲခန့်သာ ဆင့်ကဲဖြစ်စဉ်အတွင်း ၎င်းကြောင့် အိပ်စက်ခဲ့သော်လည်း ကမ္ဘာကြီးက ပို၍ ပြောင်းလဲလာပုံရသည်။
ပင်လယ်ထဲတွင် သန္ဓေပြောင်း သားရဲများနှင့် ရှေးဟောင်း သားရဲအမျိုးမျိုး ရှိသော်လည်း ၎င်းတို့သည် ပင်လယ်ရေကြောင်း လုပ်ငန်းများနှင့် ငါးဖမ်းလုပ်ငန်းများကိုသာ ထိခိုက်စေနိုင်ပြီး လူသားမျိုးနွယ်တစ်ခုလုံးကို သက်ရောက်စေနိုင်ခြင်း မရှိပေ။
မည်သို့ပင်ဆိုစေ သန္ဓေပြောင်း သားရဲများနှင့် ရှေးဟောင်း သားရဲအများသည် ပင်လယ်တွင်သာ နေထိုင်နိုင်ကြသည့် သားရဲများဖြစ်ပြီး အနည်းငယ်သော ပင်လယ်သားရဲများသာ ကုန်းမြေပေါ်သို့ တက်ရောက်ကာ သောင်းကျန်းနိုင်ကြသည်။
သို့သော် ကိုင်းဂျူးသားရဲများမှာမူ ကွဲပြားသည်။
၎င်းတို့သည် ကုန်းမြေပေါ်၌ လွတ်လပ်စွာ လှုပ်ရှားသွားနိုင်ပြီး ခွန်အားမှာ သန္ဓေပြောင်း သားရဲများထက် များစွာပိုမိုအားကောင်းသည်။ အားအနည်းဆုံး ကိုင်းဂျူးသည်ပင် သန္ဓေပြောင်း မီဂါလော်ဒွန် ငါးမန်နှင့် သန္ဓေပြောင်း အလင်းငါးကဲ့သို့ ထိပ်တန်းသန္ဓေပြောင်း သားရဲများနှင့် ယှဉ်ပြိုင်နိုင်သည်။
ပိုမိုအားကောင်းသည့် ကိုင်ဂျူးများဆို စူပါမိုဆာဆောရပ်စ်နှင့် အခြားသားရဲဘုရင်များကို ချေမှုန်းနိုင်စွမ်းရှိ၏။ ၎င်းတို့ထက် အရေးအကြီးဆုံးက ကိုင်ဂျူး သားရဲများ၏ အရေအတွက်သည် လုံးဝကို များပြားနေခြင်း ဖြစ်သည်။
ဖန့်ရန်သည် သူ့အရှေ့က သားရဲကို စိုက်ကြည့်နေစဉ်မှာပင် စနစ်၏ အသိပေးချက်က သူ၏ စိတ်ထဲတွင် မြည်လာသည်။
[ပစ်မှတ် - လူနှင့်တူသည့် ကိုင်းဂျူး၊ ဆီလီကွန်အခြေခံ သက်ရှိ၊ စနစ်အမှတ် ၄၀၀၀၀၀ မှတ်ကို ရရှိနိုင်သည်]
စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသော ဖန့်ရန် အနည်းငယ် အံ့အားသင့်သွားသည်။
၎င်းကိုင်းဂျူးသည် စူပါမိုဆာဆောရပ်စ်ထက်ပင် စနစ်အမှတ် ပိုမိုပေးစွမ်းနိုင်၏။ စနစ်အမှတ် ပိုမိုများပြားနေခြင်းသည် ၎င်းသားရဲ၏ ခွန်အားကို ဖော်ပြနေသည်။
ဤကိုင်းဂျူးသည် မီတာ (၁၈၀) အရှည်ရှိသည့် စူပါမိုဆာဆောရပ်စ်ထက်ပင် အားကောင်းနေသည်။
"ဂူး~"
ထိုအချိန်မှာပင် ဖန့်ရန်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော ကိုင်းဂျူးက ကျယ်လောင်စွာ ဟိန်းဟောင်းလိုက်ပြီး၊ ထူထဲသော ခြေထောက်များဖြင့် ဖန့်ရန်ဆီသို့ ပြေးလာလေသည်။
ခြေတစ်လှမ်းတိုင်း မြေပြင်က တုန်ခါနေသည်။
သစ်ပင်ကြီးတစ်ပင်ကို မှီထားသော ရှောင်လျို့သည် ၎င်းမြင်ကွင်း ကြည့်ရင်း မှင်တက်နေခဲ့သည်။ သူမသည် သွားများကို တင်းတင်းကြိတ်ကာ ဘေးဘက်သို့ အားတင်းပြေးလိုက်ပြီး ဖြစ်ပွားလာတော့မည့် သားရဲကြီးများကြားက တိုက်ပွဲကို မျှော်လင့်နေခဲ့သည်။
လော်ယန်နှင့် ယန်ဖေ့တို့သည်လည်း အလားတူပင် ဖြစ်ပြီး ဧရာမသားရဲကြီး ဧရာမမြွေကြီးဆီသို့ ချဉ်းကပ်သွားနေသည်ကို ကြည့်နေခဲ့သည်။
"သူ့ခြေလှမ်းတွေက နည်းနည်း တောင့်တင်းနေတယ်။ ကြည့်ရတာ ကုန်းမြေပေါ်တက်လာတာ သိပ်မကြာလောက်သေးဘူး"
သူ့ဆီသို့ ပြေးဝင်လာနေသည့် သားရဲကို ဖန့်ရန်က ရှောင်တိမ်းခြင်း မရှိပေ။ ထိုအစား သူသည် ၎င်းကိုင်းဂျူးကို စိတ်ဝင်တစား စိုက်ကြည့်နေပြီး ၎င်း၏ အချက်အလက်များနှင့် အလေ့အကျင့်များကို မှတ်သားနေကာ ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။
.....