← Chapters

ကယ်ဆယ်ရေးများ ရောက်ရှိလာခြင်း

Vol. 14 Ch. 193

ကယ်ဆယ်ရေးများ ရောက်ရှိလာခြင်း

Vol. 14 Ch. 193

ဘုန်း!~ ဘုန်း!~

ကိုင်းဂျူး သားရဲသည် ဖန့်ရန်ဆီသို့ ပြေးဝင်လာ၏။ ၎င်း၏ ခြေလှမ်းတိုင်းတွင် မြေပြင်သည် တုန်ခါနေပြီး နက်ရှိုင်းကာ ကြီးမားသော ခြေရာများက ကျန်ရစ်ခဲ့သည်။

သူတို့နှစ်ကောင်ကြား မီတာအနည်းငယ်သာ ကွာဝေးသည်။

ကိုင်းဂျူး သားရဲသည် ခြေသုံးလှမ်းတည်းဖြင့် မီတာများစွာကို ကျော်ဖြတ်ပြီး ၎င်း၏ ဓားကဲ့သို့ လက်သည်းများဖြင့် ဖန့်ရန်ကို တိုက်ခိုက်လာခဲ့သည်။ ဖန့်ရန်သည် ကိုယ်အားတွန့်၍ ကိုင်းဂျူး သားရဲ၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်ရှားလိုက်သည်။

ကိုင်းဂျူး သားရဲ၏ ကိုယ်ခန္ဓာသည် အလွန်ကြီးမားကာ ဖောင်းကားနေသော ကြွက်သားများဖြင့် ပြည့်နှက်နေ၏။ ၎င်းသည် ခွန်အားကြီးမားသော်လည်း ဖန့်ရန်နှင့် ယှဉ်လျှင် နှေးကွေးနေခဲ့ပြီး သူ့အား ခြစ်ရာမျှပင် မထင်စေနိုင်ခဲ့ပေ။

လေထုကိုသာ တိုက်ခိုက်မိလိုက်သော ကိုင်းဂျူး သားရဲသည် ရုတ်တရက် လှည့်၍ ဖန့်ရန်နှင့် ပြန်လည်ရင်ဆိုင်လိုက်သည်။ နောက်တစ်ခဏတွင် ကိုင်ဂျူး သားရဲသည် ၎င်း၏ ပါးစပ်ကိုဖွင့်ဟလာပြီး အဝါရောင်အရည်တစ်မျိုးကို ဖန့်ရန်ဆီသို့ ဖြန်းထုတ်လိုက်သည်။

"အက်ဆစ်လား"

ကိုင်းဂျူး သားရဲများတွင် အထူးစွမ်းရည်များ ရှိသည်ကို သူသိပေသည်။ ဤသားရဲသည်လည်း ကိုင်ဂျူးတစ်ကောင် ဖြစ်သောကြောင့် ၎င်းကို မြင်သည့်အချိန်မှစ၍ ဖန့်ရန် သတိထားနေခဲ့သည်။ ထို့ကြောင့် သူသည် ကိုင်းဂျူး သားရဲ အက်ဆစ်ကို ဖြန်းထုတ်လာသည်နှင့် တပြိုင်နက် ဘေးသို့ ရှောင်တိမ်းလိုက်၏။

အက်ဆစ်သည် သူရှိနေခဲ့သော နေရာသို့ ကျရောက်သွားပြီးနောက် မြေပြင်ကို တိုက်စားသွားသည်။ အဝါရောင်အရည်များသည် မြေပြင်အား လျင်မြန်စွာ တိုက်စားသွားပြီး နောက်တစ်ခဏတွင် ထိုနေရာ၌ အချင်းတစ်မီတာရှိကာ အနံ့ဆိုးများ ထွက်နေသော အနက်ရောင် တွင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ဖန့်ရန်သည် ၎င်းအနံ့က သူ့အသက် (၁၀) နှစ်သားအရွယ်တွင် ရခဲ့ဖူးသော အနံ့ပြင်းသည့် ဓာတ်မြေသြဇာနံ့နှင့် ထင်မိသည်။

သူသည် ခေါင်းယမ်းလိုက်ပြီး ကိုင်ဂျူး သားရဲအား တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ဤအချိန်မှာပင် ကိုင်းဂျူး သားရဲသည် ၎င်း၏ ဓားကဲ့သို့ ပုံစံရှိကာချွန်ထက်သော လက်သည်းများဖြင့် ထက်မံတိုက်ခိုက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် ဖန့်ရန်သည် ၎င်းအား ရှောင်တိမ်းခြင်း မရှိတော့ပေ။ သူသည် အရှေ့သို့ လျင်မြန်စွာ ပြေးသွားလိုက်ပြီး ကိုင်းဂျူး သားရဲအား လက်တုံ့ပြန်ရန် အခွင့်အရေးပင် မပေးဘဲ ရစ်ပတ်လိုက်၏။

ကိုင်းဂျူး သားရဲသည် ဖန့်ရန်၏ ခန္ဓာကိုယ်အား ၎င်း၏ ဓားကဲ့သို့ လက်သည်းများဖြင့် တိုက်ခိုက်ရန် ကြိုးစားသော်လည်း သူ၏ အကြေးခွံများနှင့် ထိမိတဲ့အခါမှာတော့ မီးပွားများသာ ထွက်ပေါ်လာခဲ့သည်။

အခြားတစ်ဖက်တွင် ရှောင်လျို့နှင့် အခြားလူများသည် ၎င်းသားရဲများနှင့် ဝေးရာသို့ ထွက်ပြေးနေကြပြီ ဖြစ်သည်။ သူတို့သည် သားရဲနှစ်ကောင်နှင့် မီတာတစ်ရာကျော် ဝေးကွာလာပြီ ဖြစ်သော်လည်း သားရဲကြီးနှစ်ကောင်က အလွန်ကြီးမားသောကြောင့် ယခုချိန်ထိ ထင်ထင်ရှားရှား မြက်ဝါးထင်ထင် မြင်တွေ့နေရသေးသည်။

သူတို့၏ အမြင်၌ ကိုင်းဂျူး သားရဲသည် ပေများစွာမြင့်သော သစ်တောထဲတွင် တောင်ကုန်းကြီးတစ်ခုကဲ့သို့ ရပ်နေပြီး ၎င်းအား ကြောက်မက်ဖွယ်ရာအလွန်ကောင်းသည့် ဧရာမမြွေကြီးတစ်ကောင်က ရစ်ပတ်နေသည်။ ဧရာမမြွေကြီးသည် ကိုင်းဂျူး သားရဲအား ရစ်ပတ်နေစဉ် ကိုင်းဂျူး သားရဲသည် ၎င်း၏ လက်သည်းများဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။

ရှောင်လျို့သည် သစ်ပင်ကြီးတစ်ပင်ကို မှီထားကာ အသက်ပြင်းပြင်း ရှူသွင်းရင်း ဧရာမမြွေကြီးနှင့် သားရဲကြီး တိုက်ပွဲဖြစ်နေသည်ကို ကြည့်ရင်း တဖြည်းဖြည်း အမောဖြေနေခဲ့သည်။

ရုတ်တရက် သူမ၏ အိတ်ကပ်အတွင်းရှိ မိုဘိုင်းဖုန်းက တုန်ခါလာခဲ့သည်။ သူမသည် ဖုန်းအား ထုတ်ပြီး ကြည့်လိုက်သည်။ ၎င်းသည် စာတိုတစ်စောင် ဖြစ်ပြီး သူမ၏ သူငယ်ချင်းကောင်း ချင်ရန်က သူမ အိမ်ပြန်ရောက်ပြီလားဟု မေးနေခြင်း ဖြစ်သည်။

သူမသည် အတိုချုပ် ပြန်ဖြေလိုက်ပြီး ပြန်ပြီ ပြေးခဲ့သည်။ သူမသည် ယခုအချိန်၌ တစ်ယောက်တည်းသာ ကျန်ရှိတော့ပြီး အခြားသူများနှင့် လူကွဲနေခဲ့ပြီ ဖြစ်သည်။

သူမသည် အဝေးပြေးလမ်းမသို့ ပြန်ပြေးရမည် ဖြစ်ပြီး ၎င်းသို့ ကယ်ဆယ်ရေး သမားများက ရောက်ရှိလာနိုင်သည်။

သစ်တောထဲ၌...။

ကိုင်းဂျူး သားရဲသည် ဖန့်ရန်၏ ရစ်ပတ်လာမှုကို ဖယ်ရှားရန် ကြိုးစားနေသည်။ ၎င်းသည် ရူးသွပ်စွာ ရုန်းကန်နေခဲ့ရာမှ ရုတ်တရက် ပါးစပ်ကိုဖွင့်ဟလာပြီး ဖန့်ရန်၏ အကြေးခွံများကို ကိုက်ချလာခဲ့သည်။

ကိုင်းဂျူးသားရဲ၏ သွားများသည် ချွန်ထက်လှသည်။ သို့သော် ဖန့်ရန်၏ အကြေးခွံများက ခုခံကာကွယ်နိုင်မှုသည် အလွန်မြင့်မားသည်။ ထိုကြောင့် ကိုင်းဂျူး သားရဲ၏ သွားများသည် ခွန်ထက်ကာ ထက်မြက်သော်လည်း ၎င်းတို့အား မချိုးဖောက်နိုင်ပေ။

ကိုင်းဂျူး သားရဲသည် ဖန့်ရန်၏ အသွေး၊ အသားများအား ကိုက်ဖဲ့နိုင်ရန် ကြိုးစားနေစဉ်တွင် ၎င်း၏ ပါးစပ်ကနေ အက်ဆစ်ရည် တစ်စက်သည် ဖန့်ရန်၏ အကြေးခွံများပေါ်သို့ ကျရောက်သွားကာ အဖြူရောင် မီးခိုးများထွက်လာပြီး ၎င်းကျရာ နေရာ၏ အကြေးခွံ၌ မီးခိုးရောင် အစက်တစ်ခု ပေါ်လာခဲ့သည်။

၎င်းမြင်ကွင်းကို မြင်လိုက်ရသော ကိုင်းဂျူး သားရဲ၏ မျက်လုံးများတွင် အလင်းတစ်ချက် လင်းလက်သွား၏။ ထိုနောက် ကိုင်ဂျူး သားရဲသည် ဖန့်ရန်၏ အကြေးခွံများပေါ်သို့ အက်ဆစ်အများအပြားကို စတင်ဖြန်းထုတ်တော့သည်။

၎င်းသည် သားရဲများ၏ အဆင့်မြင့်မားလာသည်နှင့် တပြိုင်နက် ဉာဏ်ရည်လည်း ဖွံ့ဖြိုးလာကြောင်း ဖော်ပြနေခဲ့သည်။

ဖန့်ရန်သည် သူ၏ အကြေးခွံများ တိုက်စားခံလာရသည်ကို သတိပြုမိလိုက်ပြီးနောက် နောက်ထပ် တွေဝေခြင်း မရှိတော့ပေ။ သူသည် ပါးစပ်ကို ဟ၍ ချွန်ထက်သော သွားများဖြင့် ကိုင်းဂျူး သားရဲ၏ လည်ပင်းကို ကိုက်ချလိုက်တော့သည်။

ချွန်ထက်သော သွားစွယ်များသည် ကိုင်းဂျူး သားရဲ၏ အကြေးခွံများကို အတော်လေး ထိုးဖောက်ဝင်ရောက်သွားပြီး ဒဏ်ရာရသွားသော သားရဲ၏ လည်ပင်းကနေ အပြာရောင်သွေးများ စီးကျလာခဲ့သည်။

ဖန့်ရန်သည် အပြာရောင် သွေးများကတဆင့် ကိုင်းဂျိူး သားရဲက သူစားဖူးသော သားရဲများနှင့် အလွန်ကွာခြားနေမှန်း သိလိုက်ရသည်။

"အင်း... ဒါက အံ့သြစရာတော့ သိပ်မရှိဘူးပဲ။ နောက်ဆုံးတော့ ဒါက ဆီလီကွန်အခြေခံ သက်ရှိပဲဟာ..."

ဖန့်ရန် တွေးတောမိလိုက်သည်။ သူသည် ကိုင်းဂျူး သားရဲ၏ လည်ပင်းကို ချိုးရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ လည်ပင်း ကြွက်သားများက မာကျောလွန်းလှ၏။ ၎င်းသည် သူ၏ လက်ရှိအနေအထားဖြင့် သူ့ခွန်အားအားလုံးကို မထုတ်ဖော်နိုင်သောကြောင့် ဖြစ်ပြီး ကိုင်းဂျူး သားရဲ၏ လည်ပင်းကို မချိုးနိုင်ခြင်း ဖြစ်သည်။

သို့သော် ဖန့်ရန်၏ ၎င်းလှုပ်ရှားမှုသည် ကိုင်းဂျူး သားရဲအား ကြီးမားသော နာကျင်မှုကို ခံစားရစေခဲ့သည်။

ကိုင်းဂျူး သားရဲသည် ကျယ်လောင်စွာ အော်ညည်းလိုက်ပြီး အက်ဆစ်များကို ပိုမို ဖြန်းထုတ်ကာ ဖန့်ရန်၏ အကြေးခွံများကို တိုက်စားစေကာ ဆုတ်ဖြဲရန် ကြိုးစားလာခဲ့သည်။

ဖန့်ရန်၏ အကြေးခွံများသည် အဆက်မပြတ် တိုက်စားခံနေရပြီး လျင်မြန်သော ကုသမှု စွမ်းရည်ကြောင့် အကြေးခွံများက အသစ်တဖန် ဖြစ်ပေါ်နေခဲ့သည်။ ၎င်းသည် အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ ဖြစ်နေခဲ့ပြီး တိုက်စားမှု အမြန်နှုန်းသည် လျင်မြန်သော ကုသမှု စွမ်းရည်ကြောင့် ပြန်ပေါက်လာသော အကြေးခွံများထက် မြန်နေခဲ့သည်။

ဤအတိုင်းဆိုလျှင် ဖန့်ရန်၏ အကြေးခွံများက လုံးဝ တိုက်စားခံရတော့မည် ဖြစ်ပြီး အောက်ဘက်က အသွေး၊ အသားများက ပေါ်ပေါက်လာပေတော့မည်။ ဖော်ထုတ်ပြသလိမ့်မည်။

ဤအတိုင်း ဆက်သွား၍ မရနိုင်မှန်း သိလိုက်ရသောကြောင့် ဖန့်ရန်သည် သူ၏ မိုးကြိုးဒိုမိန်ကို ချက်ချင်းပင် အသက်သွင်းလိုက်တော့၏။

ခရက်!~

သူ၏ ခန္ဓာကိုယ် မျက်နှာပြင်တွင် အပြာရောင်လျှပ်စီးကြောင်းများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ဖန့်ရန်အား အက်ဆစ်များဖြင့် ထွေးထုတ်ကာ ဆုတ်ဖြဲရန် ကြိုးစားနေသော ကိုင်းဂျူး သားရဲသည် လျှပ်စစ်ဓာတ်ကြောင့် ထိတ်လန့်သွားသည်။

ဖန့်ရန်အား တင်းတင်းဖက်ထားသော ၎င်း၏ လက်များ လျော့ရဲသွားသည်။

ခရက်~

အဝေးပြေးလမ်းမဆီသို့ ဦးတည်ပြေးနေသော ရှောင်လျို့သည် သူမ၏ အနောက်ဘက်မှ ထူးဆန်းသော အသံများအား ရုတ်တရက် ကြားလိုက်ရသည်။

သူမသည် ၎င်းအသံကြောင့် လှည့်ကြည့်မိလိုက်၏။ ထိုအခါ သူမသည် ဖန့်ရန်၏ အကြေးခွံများတွင် လျှပ်စစ်များ ကခုန်နေသည်ကို မြင်လိုက်ရသည်။

"ဧရာမမြွေကြီးက လျှပ်စီးတွေ ထုတ်လွှင့်နိုင်တာလား.."

ရှောင်လျို့ တုန်လှုပ်သွားသည်။ ဖန့်ရန်၏ လျှပ်စီးထုတ်လွှင့်နိုင်စွမ်းသည် အမေရိကန် အစိုးရအတွက် လျှို့ဝှက်ချက်မဟုတ်သော်လည်း ကမ္ဘာ့နိုင်ငံများ မသိရှိသေးပေ။

အသက်ပြင်းပြင်းရှူရင်း ရှောင်လျို့သည် သူမ၏ နှလုံးသားထဲက တုန်လှုပ်မှုကို ထိန်းချုပ်ကာ ဆက်လက်ပြေးလွှားခဲ့သည်။

သစ်တောအတွင်း..။

ဖန့်ရန်သည် ကိုင်းဂျူး သားရဲ၏ ခြေထောက်ပတ်ပတ်လည်အား သူ၏ အမြီးကို သုံးကာ ရစ်ပတ်၍ မြေပြင်ပေါ်သို့ လဲကျစေခဲ့သည်။

ဖန့်ရန်သည် မိုးကြိုးဒိုမိန်ကို ကိုင်းဂျူး သားရဲ၏ လည်ပင်းအား ကိုက်၍ အသုံးပြန်ရန် ပြင်လိုက်စဉ် ကိုင်းဂျူး သားရဲသည် ရုတ်တရက် ကုန်းရုန်းထလိုက်ပြီး ပင်လယ်ပြင်ဘက်သို့ ထွက်ပြေး၏။

၎င်းသည် ဖန့်ရန်ကို ပျော်ရွှင်သွားစေသည်။

၎င်းက သူလိုချင်သည့် အတိုင်းပင်။ သူ၏ ခွန်အားက ကုန်းပေါ်မှာထက် ရေထဲမှာ ပိုကောင်းပြီး မိုးကြိုးဒိုမိန်ကလည်း ပင်လယ်ထဲမှာ ပိုအားကောင်းသည်။

စက္ကန့်အနည်းငယ်အတွင်း ကိုင်းဂျူး သားရဲ သစ်တောအပြင်သို့ ရောက်သွားခဲ့သည်။ ကိုင်းဂျူး သားရဲသည် သူနှင့် ယှဉ်လျှင် အလွန်မြန်ခြင်း မရှိသော်လည်း သာမာန် ထိတ်တန်းအဆင့် သားရဲများထက် ပိုမြန်ပေသည်။

အဝေးပြေးလမ်းမ ဘေးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သောကြောင့် ရှောင်လျို့သည် သူမဘေးကင်းသွားပြီဟု ထင်နေခဲ့သည်။ သို့သော် နောက်တစ်ခဏ၌ မြေပြင်၏ တုန်ခါမှုကို သူမ ခံစားလိုက်ရပြီး ကြောက်လန့်သွားရပြန်သည်။

ကိုင်းဂျူး သားရဲသည် သူမဆီသို့ မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် ဦးတည်လာနေသည်။

သို့သော် သူမ ကံကောင်း၏။ ကိုင်းဂျူး သားရဲသည် သူမအား တိုက်ခိုက်လာခြင်းမရှိဘဲ ပင်လယ်ဆီသို့သာ သူမဘေးက ဦးတည်ဖြတ်ပြေးသွားခဲ့သည်။

သို့သော် ၎င်းက မပြီးသေးပေ။ ၎င်း၏ အနောက်မှာ နောက်ထပ် သားရဲကြီးတစ်ကောင် ရှိနေသည်။

ကံကောင်းထောက်မစွာဖြင့် ဧရာမမြွေကြီးသည် သူမအား ဂရုမစိုက်ခဲ့ပေ။ ၎င်း၏ မျက်လုံးများသည် ကိုင်းဂျူး သားရဲ၏ အပေါ်တွင် ရောက်ရှိနေသည်။

ရုတ်တရက် ဧရာမမြွေကြီးသည် သူမဘေးက ဖြတ်သန်းသွားစဉ် ခေါင်းတစ်ချက်စောင်း၍ သူမအား တစ်ချက်ကြည့်သွားခဲ့သည်။

"ဂလု"

ရှောင်လျို့သည် အဝေးပြေးလမ်းမ၏ နံဘေးမှာ ထိုင်ချလိုက်သည်။ သူမ၏ ခြေထောက်များသည် ထုံထိုင်းနာကျင်နေခဲ့ပြီး အလွန်ကို နီမြန်းနေခဲ့သည်။ အလွန်ပင်ပန်းနေသောကြောင့် သူမသည် နောက်တစ်ကြိမ် ပြေးနိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်မှာပင် သားရဲကြီးနှစ်ကောင်သည် ပင်လယ်ပြင်သို့ ပြန်ရောက်သွားခဲ့ပြီး အပြန်အလန် တိုက်ခိုက်နေကြတော့သည်။

ဝီး ဝီး ဝီး ဝီး

ရုတ်တရက် ရှောင်လျို့သည် ရဟတ်ယာဉ် ဒလက်လည်ပတ်သံများကို ကြားလိုက်ရသည်။ သူမသည် အလွန်စိတ်လှုပ်ရှားသွား၏။ သူမသည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ အဝေးမှလာနေသော စစ်ဘက်သုံး ရဟတ်ယာဉ် သုံးစီး တွေ့လိုက်ရသည်။

၎င်းကို မြင်လိုက်ရသော သူမသည် သွားများကို တင်းတင်းကြိတ်၍ မတ်တက်ရပ်ကာ ရဟတ်ယာဉ်များကို ကြည့်ရင်း လက်များ ဝှေ့ယမ်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကယ်ကြပါ! ကယ်ကြပါ!"

သူမသည် နှစ်ကြိမ်တိုင်တိုင် အော်ဟစ်လိုက်သော်လည်း ရဟတ်ယာဉ်အတွင်းက ကြားပုံမပေါ်ပေ။

ရဟတ်ယာဉ်သုံးစီးသည် ပျံသန်းသွားပြီး သားရဲကြီး နှစ်ကောင်၏ အထက်တွင် ဝဲပျံနေလေတော့သည်။

"..."

ရဟတ်ယာဉ်များကို ငေးကြည့်နေသော ရှောင်လျို့သည် ဤအချိန်မှာပင် အဝေးပြေးလမ်းမ တစ်နေရာမှ အချက်ပေး ဥသြသံများကို ကြားလိုက်ရသည်။

......

All Chapters