အပြာရောင် အလင်းတန်း
Vol. 15 Ch. 198
ကျယ်လောင်သော အသံများနှင့်အတူ ညကောင်းကင်အောက်၌ အရိပ်မည်းသုံးခု ပျံသန်းလာနေခဲ့သည်။
ခဏအကြာတွင် စစ်ဘက်သုံးရဟတ်ယာဉ်သုံးစီး ဖန့်ရန်၏ အမြင်အာရုံထဲတွင် ပေါ်လာခဲ့၏။
"ခေတ်ရှေ့ပြေးနေတဲ့ ရဟတ်ယာဉ်တွေပါလား"
ဖန့်ရန်က မှတ်ချက်ပေးလိုက်သည်။ သူသည် စစ်ရေးများတွင် ဝါသနာမပါသော်လည်း ဤရဟတ်ယာဉ်သုံးစီးက အလွန်ခေတ်မှီကာ နှစ်လိုဖွယ်ကောင်းသည်ဟု ထင်မိသည်။
"ဒီကိုင်းဂျူး သားရဲရဲ့ စွမ်းအားကို သူတို့နဲ့ စမ်းသပ်ကြည့်ရမယ်"
ဖန့်ရန်က တွေးနေသည်။ သူသည် ဂေါ်ဇီလာနှင့် ဆင်တူသော ကိုင်းဂျူး သားရဲကို ပထမဦးစွာ တိုက်ခိုက်လိုခြင်း မရှိပေ။
သူသည် ထိုရဟတ်ယာဉ်များနှင့် ကိုင်းဂျူး သားရဲ၏ တိုက်ခိုက်မှုကို စောင့်ကြည့်ခြင်းဖြင့် ပြိုင်ဘက်၏ ခွန်အားကို သိနိုင်ပေမည်။
သူ၏ ယခင်ကမ္ဘာတွင် ကိုင်းဂျူး သားရဲ ကျူးကျော်မှုက ရုပ်ရှင်တစ်ခုသာ ဖြစ်သည်။ ၎င်းရုပ်ရှင်တွင် အရေးကြီးသော အချက်တစ်ခုရှိခဲ့ပြီး ၎င်းက ကိုင်းဂျူး သားရဲများက အဆင့်များရှိပြီး အဆင့်မြင့်လေလေ ခွန်အားပိုကောင်းလေလေ ဆိုတာပင် ဖြစ်သည်။
သူသည် ဟွာလျန်မြို့တွင် ကိုင်းဂျူး သားရဲတစ်ကောင်ကို သတ်နိုင်ခဲ့သည် ဆိုသော်လည်း ၎င်းက ကိုင်းဂျူး သားရဲတိုင်းကို သတ်နိုင်မည်ဟု မဆိုလိုပေ။
သူ၏ ခန့်မှန်းချက်အရ ထိုကိုင်းဂျူးသည် အားနည်းသော ကိုင်းဂျူး သားရဲများထဲတွင် ပါဝင်ပေမည်။ သို့သော် ထိုကိုင်းဂျူး သားရဲနှင့် တိုက်ပွဲတွင်ပင် ၎င်းအား သတ်ဖြတ်နိုင်ရန် သူသည် အလွန်ပင် ရုန်းကန်ခဲ့ရကာ ဒဏ်ရာပင် ရရှိခဲ့လေသည်။
ကောင်းကင်တွင် ပေါ်လာသော ရဟတ်ယာဉ် အသံများက ကိုင်းဂျူး သားရဲ၏ အာရုံကို ဖမ်းစားလိုက်သည်။ ကိုင်းဂျူးသည် ၎င်း၏ ဒိုင်နိုဆောနှင့် ဆင်တူသော ဦးခေါင်းကို မြှောက်ကာ ရဟတ်ယာဉ်ကို ကြည့်လိုက်သည်။
ချက်ချင်းပင် ကိုင်းဂျူး သားရဲက ရဟတ်ယာဉ်ကို စိတ်ဝင်စားသွားကာ ၎င်းအရှေ့က ထွက်ပြေးနေသော တံငါသည်များကိုပင် မေ့လျော့သွားသည်။
ရဟတ်ယာဉ် သုံးစီးသည် ကိုင်းဂျူး သားရဲ၏ အထက် မီတာ (၃၀) ခန့်တွင် ပျံဝဲနေပြီး ၎င်းအား စောင့်ကြည့်နေသည်။
ရဟတ်ယာဉ် သုံးစီးအတွင်းက လေယာဉ်မှူးများသည် အောက်ဘက်ရှိ ကိုင်းဂျူး သားရဲကို အံ့ဩသင့်မှု အပြည့်ဖြင့် စိုက်ကြည့်နေကြသည်။
ဤသားရဲအသစ်သည် သားရဲဘုရင်ငါးပါးနှင့် ကွဲပြားနေသည်။ သားရဲဘုရင်ငါးပါး၏ မူလပုံစံကို လူတိုင်းသိကြသည်။
ခရာကန်၏ မူလပုံစံသည် ရေဘဝဲ ဖြစ်ပြီး၊ ဧရာမလိပ်ကြီး၏ မူလပုံစံသည် လိပ်ပင် ဖြစ်သည်။ သန္ဓေပြောင်း ညံ့၏ မူလပုံစံသည် ညံ့ ဖြစ်ကာ၊ စူပါမိုဆာဆောရပ်စ်၏ မူလပုံစံသည် မိုဆာဆောရပ်စ်ပင် ဖြစ်သည်။ ဧရာမမြွေကြီး၏ မူလပုံစံမှာလည်း ထိုနည်းတူစွာ မြွေပင် ဖြစ်သည်။
သို့သော် ဤသားရဲက အပြာရောင်ဂြိုလ်ပေါ်တွင် တစ်ခါမျှ ထွက်ပေါ်လာဖူးခြင်း မရှိပေ။
သူတို့သည် သားရဲကြီးအား အလျင်စလို တိုက်ခိုက်ခြင်း မပြုဘဲ ခေါင်းဆောင်၏ အမိန့်အတိုင်း လိုက်နာကာ ၎င်း၏ အာရုံကို ဆွဲဆောင်ရန် ကြိုးစားနေခဲ့သည်။
သို့သော် ကိုင်းဂျူး သားရဲက တိုက်ခိုက်လာခဲ့ပေသည်။
ရဟတ်ယာဉ်သုံးစီး ကိုင်းဂျူး သားရဲ အထက်တွင် ပျံဝဲနေသည်။ သူတို့သည် ၎င်းသားရဲကြီးက ပင်လယ်ထဲတွင် ခုန်ပေါက်ကာ တိုက်ခိုက်လာနိုင်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
သို့သော် မျှော်လင့်မထားတာက သူတို့မထင်ထားတဲ့ တိုက်ကွက်တစ်ခုနဲ့ ကိုင်းဂျူး သားရဲ တိုက်ခိုက်လာမှာကို ဖြစ်သည်။
ဖန့်ရန်သည် စုတ်သတ်ကာ အံ့သြတကြီးဖြင့် ကိုင်းဂျူး သားရဲက ရဟတ်ယာဉ်တွေကို တိုက်ခိုက်လိုက်တာကို ကြည့်နေသည်။
ဂေါ်ဇီလာနှင့် ဆင်တူသော ကိုင်းဂျူး သားရဲသည် ၎င်း၏ ပါးစပ်ကို ရုတ်တရက် ဖွင့်လိုက်ကာ အပြာရောင် အလင်းတန်းအား ရဟတ်ယာဉ် သုံးစီးဆီသို့ ထွေးထုတ်လိုက်သည်။
"အဲ့တာက ဘာကြီးလဲ။ စွမ်းအင်အလင်းတန်းလား။ လေဆာရောင်ခြည်လား"
ကိုင်းဂျူး သားရဲ၏ ပါးစပ်အတွင်းက ပြေးထွက်သွားသော အပြာရောင် အလင်းတန်းသည် ကောင်းကင်တွင် ပျံဝဲနေသော ရဟတ်ယာဉ် တစ်စီးကို ထိမှန်ကာ တစ်စက္ကန့်အတွင်း ထိုရဟတ်ယာဉ် ရုတ်တရက် ပေါက်ကွဲသွားသည်။
မီးလောင်နေသော အပျက်အစီးများ ရေပြင်ပေါ် ပြုတ်ကျသွားပြီး အလယ်လတ်စား ရေလှိုင်းကြီးများ ဖြစ်ပေါ်လာသည်။ ၎င်းမြင်ကွင်း မြင်လိုက်ရသော အခြားရဟတ်ယာဉ် နှစ်စီးသည် ကိုင်းဂျူး သားရဲကို တိုက်ခိုက်ခြင်းအား စတင်ခဲ့သည်။
ဒတ်! ဒတ်! ဒတ်!
စက်သေနတ်မှ ပစ်ခတ်လိုက်သော ကျည်ဆံများသည် ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်နှင့် ထိသွားသော်လည်း မည်သည့်အကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။
ဂေါ်ဇီလာနှင့် ဆင်တူသော ကိုင်းဂျူး သားရဲသည် ၎င်း၏ ပါးစပ်ကို ထပ်မံဖွင့်လိုက်ကာ အပြာရောင် အလင်းတန်းကို ရဟတ်ယာဉ် တစ်စီးဆီသို့ ထွေးထုတ်လိုက်လေသည်။
ခဏအကြာတွင် နောက်ထက်အပျက်အစီးတစ်ခု ပင်လယ်ထဲသို့ ကျဆင်းသွားသည်။
နောက်ဆုံးကျန်ရှိသော ရဟတ်ယာဉ်သည် ချက်ချင်းပင် အဝေးသို့ ပျံဝဲကာ ကိုင်းဂျူး သားရဲနှင့် မီတာ (၄၀၀) ကျော်အကွာအဝေးကို ထိန်းထားလိုက်သည်။ လေယာဉ်မှူးသည် အနည်းငယ် တုန်ယင်နေပြီး ကိုင်းဂျူး သားရဲနှင့် အနီးကပ်နေရန် အလွန်ကြောက်ရွံ့နေသည်။
"ဒီကိုင်းဂျူး သားရဲက ငါနဲ့အရင် တိုက်ခိုက်တဲ့ တစ်ကောင်ထက် အများကြီး အားကောင်းတယ်"
မကြာခင်က တိုက်ခိုက်ခဲ့သော ကိုင်းဂျူး သားရဲသည် အက်ဆစ်သာ ထွေးထုတ်နိုင်သော်လည်း ထိုအက်ဆစ်သည် တိုက်စားနိုင်စွမ်းပြင်းထန်ကာ သူ့အကြေးခွံများကို အနည်းငယ် ပြဿနာတတ်စေခဲ့သည်။
သို့သော် ဤသားရဲက လေဆာရောင်ခြည်ကို ထွေးထုတ်နိုင်နေသည်။
ဖန့်ရန်သည် သူ၏ အကြေးခွံများက ၎င်းကို ကာကွယ်နိုင်မည်ဟု မသေချာပေ။ သူ့ခန့်မှန်းချက်အရ အကောင်းဆုံးအခြေအနေသည် ဒဏ်ရာအနည်းငယ် ရခြင်းပင် ဖြစ်နိုင်ပြီး အဆိုးဆုံးအခြေအနေက သူ၏ ခန္ဓာကိုယ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားခြင်းပင် ဖြစ်သည်။
"ဒီကိုင်းဂျူး သားရဲ.. ရေအောက်မှာလည်း လေဆာရောင်ခြည် ထုတ်နိုင်သေးလား မသိဘူး"
ဖန့်ရန်က စဉ်းစားနေသည်။
"ဒီလေဆာရောင်ခြည်က ကန့်သတ်ချက်မရှိဘဲ ဆက်တိုက်ရေရှည် ထုတ်လွှတ်နိုင်မလား။ ဒါပေမဲ့ ကန့်သတ်ချက်တစ်ချို့တော့ သေချာပေါက် ရှိနိုင်တယ်"
ကိုင်းဂျူး သားရဲများတွင် စွမ်းအင်တိုင်းက အကန့်အသတ်ရှိကာ သားရဲအများစုက ဂြိုလ်သား သက်ရှိဖြစ်ကြသော်လည်း စကြဝဠာ၏ အခြေခံနိယာမများကို လိုက်နာသင့်ပေသည်။
အဝေးက ကောင်းကင်ယံတွင် ရဟတ်ယာဉ်များ ပိုမိုပျံသန်းလာသည်။ ဖန့်ရန်သည် ရေအောက်သို့ အနည်းငယ် ပိုငုတ်သွားလိုက်ပြီး ပုန်းနေလိုက်သည်။
ဖန့်ရန်သည် ရေအောက်တွင် ပုန်းနေသော်လည်း အပေါ်ဘက်မြင်ကွင်းကို သိနိုင်ရန် သူ၏ ပဲ့တင်ခြင်းကို အသုံးပြုထားသည်။
ရဟတ်ယာဉ် သုံးစီးသည် ထက်မံရောက်လာကာ ကိုင်းဂျူး သားရဲ၏ အဝေးတွင် စောင့်ကြည့်ရင်း ပျံဝဲနေသော ရဟတ်ယာဉ်နှင့် ပူးပေါင်းခဲ့သည်။
ဤအချိန်တွင် ဖန့်ရန်သည် အဝေးကလာနေသော စစ်သင်္ဘောအချို့ သတိပြုမိလိုက်သည်။
"ဒီကိုင်းဂျူး သားရဲ၊ ဒုံးကျည်တွေကို ခုခံနိုင်မှာလား.."
ဖန့်ရန် တွေးနေစဉ်မှာပင်။ အသစ်ရောက်လာသော ရဟတ်ယာဉ် သုံးစီးထဲက တစ်စီးသည် ကိုင်းဂျူး သားရဲကို ဦးတည်ကာ ဒုံးကျည်တစ်စင်း ရုတ်တရက် ပစ်လွှတ်လိုက်သည်။
ဒုံးကျည်နှစ်စင်းသည် ဖန့်ရန်၏ အကြည့်အောက်က ကိုင်းဂျူး သားရဲ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်ကို ကြည့်နေစဉ် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
"ဂါးး!"
ကိုင်းဂျူး သားရဲ ကျယ်လောင်စွာ ဟိန်းဟောင်လိုက်သည်။ သူ၏ ဟိန်းဟောင်းသံသည် ရဟတ်ယာဉ်နှင့် လေယာဉ်မှူးများအပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်များ ရှိခဲ့သည်။
လေယာဉ်မှူးတစ်ယောက်သည် စိတ်နဲ့လူမကပ်သလို ဖြစ်သွားကာ မသိစိတ်နဲ့ ဂျွိုင်းစတစ်ကို ဆွဲချမိလိုက်သောကြောင့် ၎င်း၏ ရဟတ်ယာဉ်သည် ပင်လယ်ထဲသို့ ထိုးသွားကာ လေယဉ်မှူး ပြန်ဆွဲမတင်နိုင်ခင် ပင်လယ်ထဲသို့ ကျဆင်းသွားသည်။
အခြားရဟတ်ယာဉ်များသည်လည်း အလားတူ ဖြစ်ခဲ့သော်လည်း လေယာဉ်မှူးများက ရဟတ်ယာဉ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။
"ဒါက ကိုင်းဂျူး သားရဲတွေရဲ့ ဘုံစွမ်းရည်တစ်ခုလား"
ဟွာလျန်မြို့တွင် သူအမဲလိုက်ခဲ့သော ကိုင်းဂျူး သားရဲတွင်လည်း အလားတူ စွမ်းရည်ရှိသည်။ ၎င်းသည် လူသားများ၏ အကြားအာရုံကို ထိခိုက်စေနိုင်သော အသံတိုက်ခိုက်မှုတစ်မျိုး ဖြစ်ကာ သူ၏ အိုဗာကလော့ တုန်ခါမှုနှင့် အနည်းငယ်ဆင်တူသည်။
ဂေါ်ဇီလာနဲ့ ဆင်တူသော ကိုင်းဂျူး သားရဲ၏ အခြေအနေက သိပ်မကောင်းပေ။ လက်ရှိအချိန်၌ ကိုင်းဂျူး သားရဲ၏ ဝမ်းဗိုက်တွင် ဧရာမဒဏ်ရာကြီးတစ်ခု ရှိနေပြီး အပြာရောင်သွေးများက ပင်လယ်ထဲသို့ စီးဝင်နေသည်။
"ဒီကိုင်းဂျူး သားရဲဆီမှာလည်း အာကာသလမ်းကြောင်းက သားရဲတွေရဲ့ လက္ခဏာတွေ ရှိမနေဘူး။ ပြီးတော့ သူ့သွေးမှာ အဆိပ်လည်း မပါဘူး"
ဖန့်ရန်က ရေထဲတွင် သူ့လျှာကို လှည့်ပတ်လိုက်သည်။ သူသည် ပင်လယ်ရေ၏ အနံ့အရသာကလွဲ၍ မည်သည့် ထူးခြားမှုမှ မခံစားရပေ။
ရုတ်တရက် ဂေါ်ဇီလာနှင့် ဆင်တူသော ကိုင်းဂျူး သားရဲသည် ရေအောက်သို့ ပြန်ငုတ်စပြုလာလေသည်။
၎င်းသည် ရဟတ်ယာဉ်များ၏ တိုက်ခိုက်မှုကြောင့် အမှန်တကယ်ပင် ကြောက်လန့်ခဲ့ရသည်။
"ဒီကောင် ထွက်ပြေးဖို့ ကြိုးစားနေတာလား"
ဖန့်ရန်သည် ကိုင်းဂျူး သားရဲ၏ လှုပ်ရှားမှုအား အမြဲတမ်း အာရုံစိုက်ထားခဲ့သည်။ ယခုအချိန်သည် ကိုင်းဂျူး သားရဲ ဒဏ်ရာရသွားသောကြောင့် အမဲလိုက်ရန် အခွင့်ကောင်းတစ်ခု ဖြစ်သည်။
စနစ်၏ အသိပေးချက်အရ ယင်းကိုင်းဂျူး သားရဲသည် သူ့အား စနစ်အမှတ် (၄၅၀၀၀၀) ပေးနိုင်သည်။
သူလှုပ်ရှားတော့မည့်အချိန်တွင် ရုတ်တရက် ခံစားမိလိုက်သော ရေအောက်လှိုင်းများကြောင့် ရပ်တန့်လိုက်သည်။ သူ၏ ပင်ကိုယ်အသိစိတ်က အရှေ့မှာ အန္တရာယ်ရှိနေကြောင်း ပြောနေသည်။
"တော်ပီဒို၊ တော်ပီဒို နှစ်စင်းလား.."
ဖန့်ရန်သည် ရေအောက်က လာနေသော တော်ပီဒို၏ အမြန်နှုန်းနှင့် ပဲ့တင်နှုန်းများကို မှတ်မိနေသည်။ သူသည် ယခင်က ၎င်းနှင့် တိုက်ခိုက်ခံရချိန်တွင်"အရိပ်လေ" စွမ်းရည်ကို အသုံးပြုကာ ထွက်ပြေးခဲ့ရခြင်းကြောင့် အတော်လေးရင်းနှီးနေသည်။
ဗုန်း!
ရေအောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ တော်ပီဒိုသည် ကိုင်းဂျူး သားရဲ၏ ရင်ဘတ်ရှေ့တည့်တည့်တွင် ပေါက်ကွဲသွားခဲ့၏။
တော်ပီဒို၏ စွမ်းအားက ရဟတ်ယာဉ်နှင့် စစ်သင်္ဘောတင် ဒုံးကျည်များထက် ပြင်းထန်သည်။ တော်ပီဒိုသည် ကိုင်းဂျူး သားရဲ၏ ရင်ဘတ်တွင် ရရှိထားသော ဒဏ်ရာကို အပေါက်ကြီး ဖြစ်သွားစေပြီး အရိုးများနှင့် အတွင်းအင်္ဂါအစိတ်အပိုင်းများကို မြင်လာရစေသည်။
အပြာရောင်သွေးများ ပန်းထွက်လာသည်။
"ဘင်ဂို" (ပစ်မှတ်ကို ထိသွားလို့ မြည်တမ်းတာပါ)
တော်ပီဒိုက ကိုင်းဂျူး သားရဲကို ထိမှန်သွားတဲ့အခါမှာပဲ စစ်သင်္ဘော တစ်စီးက စစ်ဆင်ရေးဌာနချုပ်ကလူတွေ ဝမ်းသာ သွားကြသည်။
"လုပ်ရမှာတစ်ခုရှိတယ်။ ဒါကတော့ ဆယ်ယူတာပဲ"
စစ်သင်္ဘော သုံးစီးသည် ကိုင်းဂျူး သားရဲဆီသို့ ချည်းကပ်သွားခဲ့၏။ သူတို့သည် ဂေါ်ဇီလာနှင့် ဆင်တူသော ကိုင်းဂျူး သားရဲ၏ အခြေအနေကို အနီးကပ်စောင့်ကြည့်ကြရာတွင် ကိုင်းဂျူး သားရဲက ရေအောက်သို့ နစ်မြုတ်လာသော်လည်း ၎င်းနှင့် ပတ်သက်၍ စိတ်ပူပန်ခြင်း မရှိခဲ့ပေ။
လက်ရှိနေရာသည် ဆိပ်ကမ်းနှင့် သိပ်မဝေးသောကြောင့် အလွန်နက်ရှိုင်းခြင်း မရှိပေ။ ထို့အပြင် သူ့တို့အနောက်တွင် ရေငုပ်သင်္ဘောတစ်စီး ရှိသည်။ ၎င်းသည် သားရဲကြီး၏ ခန္ဓာကိုယ်ကို ဆွဲယူရန် တာဝန်ရှိသူများ ဖြစ်သည်။
ဂေါ်ဇီလာနှင့် ဆင်တူသော ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်နှင့် နီးကပ်လာသည်နှင့် အမျှ လူတိုင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပို၍ ပြည့်နှက်လာသည်။
၎င်းကိုင်းဂျူး သားရဲသည် လေဆာရောင်ခြည်အား ထုတ်လွှတ်နိုင်သည်။
သူတို့သည် ၎င်းသားရဲကြီး၏ ခန္ဓာကိုယ်ကို ရရှိပြီးနောက် မကြာမီ အနာဂတ်တွင် လေဆာလက်နက်များ တီထွင်နိုင်တော့မည် ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် စစ်သင်္ဘောများပေါ်ရှိ လူတိုင်း၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
......