ရဲ့ချင်စန်းနှင့် တိုက်ပွဲ
Vol. 7 Ch. 617
ရဲ့ချင်စန်းသည် မြေပြင်အား ညင်သာစွာ ဆောင့်နင်းလိုက်၏။
"ဘုန်း…"
ကျယ်လောင်သော တော်လဲသံနှင့် အတူ ရန်တောင် တစ်ခုလုံးက မြေငလျင်တစ်ခု အလား တုန်ဟီးလာသည်။
"ဘုန်း…"
ရန်တောင်တန်း တစ်ခုလုံးရှိ မြေကမ္ဘာ ချီများသည် အဝါရောင် အလင်းများ အသွင်ဖြင့် ရဲ့ချင်စန်း၏ လက်ဝါးထိပ်၌ လာရောက် စုစည်းသည်။ ထို အဝါရောင် အလင်းများက စုစည်း သိပ်သည်းကာ တောင်ထိပ် တစ်ခု၏ အသွင်ကို ယူ၏။
"ရဲ့ချင်စန်းက ရန်တောင်မှာ ဆယ်စုနှစ်တွေ အများကြီး နေခဲ့တာ… သူ့ရဲ့ ဝိညာဉ် စွမ်းအားက ရန်တောင် တစ်ခုလုံးနဲ့ ချိတ်ဆက် ပြီးနေပြီ… ချန်းပေ့ရွှမ်းနဲ့ တိုက်ခိုက်တဲ့ နေရာမှာ ဒါက သူ့အတွက် အားသာချက် တစ်ခုလိုပဲ…"
ဉာဏ်ပညာ ကြီးရင့်ပုံ ရသော တန်ခိုးရှင် တစ်ယောက်က ခေါင်းကို ခါလိုက်သည်။
"ဟူး… ဟူး…"
မြေကမ္ဘာချီများက ပိုမို သိပ်သည်းလာသည်နှင့် ရဲ့ချင်စန်း၏ လက်ဝါးထက်မှ တောင်ထိပ်မှာ ပိုမို ရှင်းလင်းလာကာ ရန်တောင်ထိပ်၏ အသွင် ဖြစ်ပေါ်လာသည်။
ထိုတောင်ထိပ်ကား သန့်စင်သော မြေကမ္ဘာ ချီများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကာ အလေးချိန် တန်ထောင်ချီ ရှိသည်။ ရဲ့ချင်စန်း ပင်လျှင် ထိုအရာကို မနည်း ထိန်းချုပ် နေရ၏။
"ချန်းပေ့ရွှမ်း… ကမ္ဘာမြေကြီးရဲ့ တိုက်ခိုက်မှုကို ခုခံကြည့်စမ်း…"
ရဲ့ချင်စန်းက အော်ဟစ်ရင်း လက်ထဲမှ အဝါရောင် တောင်ထိပ်ဖြင့် ချန်းဖန်အား လှမ်းပစ်လိုက်၏။
"ဘုန်း…"
အဝါရောင် တောင်ထိပ်က ကောင်းကင်သို့ ပျံတက်ရင်း လက်သီးဆုပ် အရွယ်မှ၊ ကားတစ်စီး အရွယ်၊ ထိုမှ သုံးထပ်တိုက် အဆောက်အဦကြီး အရွယ် အထိ တဖြည်းဖြည်း ကြီးမားလာ၏။
တောင်ထိပ်သည် ကောင်းကင်မှ နေ၍ ထောင်ချီသော တန်ချိန်ကို သယ်ဆောင်ကာ ချန်းဖန်၏ အပေါ်သို့ ကျဆင်းသည်။
ထိုအရာသည် ရန်တောင်၏ စွမ်းအား တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည့်တိုင် အလွန်အမင်း အစွမ်းထက်နေဆဲ ဖြစ်သည်။
"နဂါးကို ဆင့်ခေါ်ပြီး လက်တစ်ဖက်တည်းနှင့် တောင်ကို ပစ်လွှတ်ခြင်း…"
"ဒါ… ဒါက နတ်ဘုရားတွေရဲ့ စွမ်းအားပဲ"
မရေမတိုက်နိုင်သော အထွတ်အထိပ် ပညာရှင်များ၏ မျက်လုံးများကား ပြူးကျယ် နေတော့သည်။
ရဲ့ချင်စန်း ရှုံးနိမ့်လိမ့်မည်ဟု သူတို့ တွေးနေချိန်တွင်ပင် ရဲ့ချင်စန်းက ပထမ တိုက်ခိုက်မှုထက် အဆထောင်ချီ ပိုမို အစွမ်းထက်သော တိုက်ခိုက်မှုကို ထုတ်ဖော် ပြသခဲ့သည်။
ထိုသို့သော အင်အားကို ခေတ်မှီ နည်းပညာပင်လျှင် တုပနိုင်မည် မဟုတ်ချေ။
"မင်းရဲ့ တိုက်ခိုက်မှုကို ငါဘယ်လို တားသလဲ ဆိုတာ ကြည့်ထား"
ချန်းဖန်ကမူ ကြောက်ရွံ့ပုံ မပေါ်ချေ။
သူက ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ သူ၏ လက်ဝါးကို ဆုပ်ကိုင်လိုင်၏။
"ဘုန်း…"
ရုတ်တရက် ထိုလက်ဝါး၌ နှစ်ဆယ့်ငါး မီတာခန့် ရှည်သော ဓားတစ်ချောင်း ဖြစ်ပေါ်လာကာ ထက်ရှသော အဇူရာ အလင်းများကို ထုတ်လွှတ်သည်။
"ကလန့်…"
အဇူရာဓားသည် ချီဖြင့် ဖွဲ့စည်းထားသော ဓား ဖြစ်သည့်တိုင် ဓားအစစ် တစ်ချောင်း အလား ထက်ရှမှု ရှိ၏။
"ဘုန်း…"
ချန်းဖန်က လွှဲကာ ခုတ်ပိုင်းလိုက်သည်နှင့် အဇူရာဓားက တောင်ထပ်ဆီသို့ တိုးဝင်သည်။ ဓား၏ ထက်ရှမှုတွင် မီတာ ဒါဇင်ပေါင်းများစွာ မြင့်သော တောင်ထိပ်သည် ထက်ပိုင်းပြတ်၏။
တောင်ထိပ် ပျက်စီးသည်နှင့် ရဲ့ချင်စန်းက လက်သင်္ကေတများကို ပြုလုပ်ကာ အစီအရင် တစ်ခုကို ခင်းကျင်းလိုက်သည်။
"ကောင်းကင်နဲ့ မြေကြီး…"
"ပေါင်းစပ်စမ်း…"
ရဲ့ချင်စန်းက ဘယ်ဘက်လက်က သင်္ကေတ တစ်ခုဖြင့် ကောင်းကင်၏ စွမ်းအားကို စုပ်ယူကာ ညာဘက်လက်က အခြား သင်္ကေတ တစ်ခုကို ဖော်ဆောင်ကာ ကမ္ဘာမြေကြီး၏ စွမ်းအားကို စုပ်ယူသည်။
ထို့နောက် သူက လက်နှစ်ဖက်ကို ထိုက်ကျိ စက်ဝိုင်း သဏ္ဌာန် လှည့်ပတ်ရင်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ပေါင်းစပ် ရောနှောသည်။
"ဒါက အမတေ ရောနှောခြင်း ဂိုဏ်းရဲ့ လျှို့ဝှက် နည်းစနစ် တစ်ခုပဲ… ဒါကို အမတေ ရောနှောခြင်း တိုက်ခိုက်မှုလို့ ခေါ်တယ်"
ရဲ့ချင်စန်းက ထိုက်ကျိစက်ဝိုင်း သဏ္ဌာန် စွမ်းအားကို ဖြည်းညင်းစွာ မရင်း ချန်းဖန် ထံသို့ ပစ်လွှတ်လိုက်ပြန်၏။
"ဘုန်း…"
ထိုက်ကျိ စက်ဝိုင်းက ချန်းဖန်ထံသို့ တန်သောင်းချီ အလေးချိန်ကို သယ်ဆောင်ကာ ကျဆင်း၏။ ထို တိုက်ခိုက်မှုကား မြေကမ္ဘာ အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုနှင့်ပင် ခြားနားခြင်း မရှိချေ။
"အံ့ဩစရာပဲ… ကမ္ဘာပေါ်မှာ ကောင်းကင်နဲ့ မြေကြီးနဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ တစ်ယောက် ရှိနေမယ်လို့ ငါ မထင်ခဲ့မိဘူး"
ချန်းဖန်၏ မျက်လုံးများက အနည်းငယ် လင်းလက်သွား၏။
"ရဲ့ချင်စန်း… ခင်ဗျားက လင်းရှု့မင်နဲ့ အခြား သေမျိုး နတ်ဘုရားတွေထက် ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ပိုပြီး ထိန်းချုပ်နိုင်တာပဲ… ဒါပေမဲ့ ခင်ဗျားက မြေကမ္ဘာ အဆင့် ဖြစ်နေရင်တောင် ကျုပ်ကို နိုင်မှာ မဟုတ်ဘူး"
ချန်းဖန်က ပြောရင်း ခါး၌ ချိတ်ထားသော ကျောက်မျက်အား လက်ဖြင့် ထိတွေ့လိုက်၏။
"ဓား…"
"ကလန့်…"
ဓားပျံက သံစဉ် တစ်ခုကို သယ်ဆောင်ကာ ဓားအားဖြည့် ကျောက်မျက် အတွင်းမှ ကောင်းကင်သို့ ပျံတက်သည်။
ချန်းဖန်သည် တံခါးပိတ် ကျင့်ကြံသည့် အတောအတွင်း အမှောင် ဘဏ္ဍာတိုက်ထဲမှ ဝိညာဉ်လက်နက် အချို့ကို သုံးကာ "အမတေ ဖြည့်တင်းခြင်း" ဓားပျံအား ပြန်လည် ပြုပြင်ခဲ့သည်။ ထို့ကြောင့် ဓာပျံသည် အပြည့်အဝ ပြန်လည် ကောင်းမွန် နေသည့် အပြင် မူလက ထက်ပင် ပိုမို အစွမ်းထက် လာခဲ့သည်။
"ဖွဲ့စည်း…"
ချန်းဖန်က လက်ညိုး ညွှန်လိုက်ရာ "အမတေ ဖြည့်တင်းခြင်း ဓား" က သုံးမီတာ ရှည်သော ရွှေရောင် ဓားအလင်းကို ထုတ်လွှတ်၏။
ထိုရွှေရောင် ဓားအလင်းသည် ဓားတန်ခိုးရှင် လမ်းစဉ်၏ အဆင့်မြင့် နည်းစနစ်ကို သုံးထားရာ လူသား ဆံပင် တစ်ခု အလား ပါးလွှာသည်။
ချန်းဖန်သည် ယွင်ဝူတောင်ထိပ် တိုက်ပွဲ၌ ထိုဓား နည်းစနစ်ကို သုံးပြီး တန်ခိုးရှင် လေးယောက်ကို သတ်ဖြတ်ဖူးသည်။
"ကလန့်…"
ဆံချည်မျှင် အရွယ် ဓားအလင်းက မျက်စိ တစ်မှိတ် အချိန်အတွင်းမှာပင် ထိုက်ကျိ စက်ဝိုင်းထံသို့ တိုးဝင်ကာ ထက်ပိုင်း ဖြတ်၏။ ထိုခဏတွင်ပင် ထိုက်ကျိ စက်တိုင်းအတွင်းရှိ ချီစွမ်းအားများသည် ထိန်းချုပ်နိုင်ခြင်း ကင်းမဲ့စွာ ပေါက်ကွဲတော့သည်။
"ဘုန်း…"
ပေါက်ကွဲမှုက မီတာရာချီသော ပတ်ဝန်းကျင်အား ဖုံးလွှမ်းကာ ရန်တောင်စဉ်တန်း တစ်ခုလုံးကိုပါ တုန်လှုပ်သွား စေသည်။ ပေါက်ကွဲမှုကြောင့် တောင်ထိပ် မြေပြင်၌ သုံးဆယ် မီတာခန့် မြင့်မားသော ဟောင်းလောင်းပေါက်ကြီး တစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။
"ဒီတိုက်ခိုက်မှုက… နျူကလိယဗုံး အသေးစား ပေါက်ကွဲတာလောက် အစွမ်းထက်တာပဲ"
လူတိုင်းကား အသက်ပင် ရဲရဲ မရှူဝံ့ကြတော့ချေ။
"ဒါက မြေကမ္ဘာ အဆင့်တွေရဲ့ စွမ်းအားလား… သူတို့နဲ့ ယှဥ်ရင် ငါတို့က ပုရွက်ဆိတ် သာသာ ပါပဲလား… ဒါပေမဲ့ ရဲ့ချင်စန်းက ရန်တောင်ရဲ့ စွမ်းအားကို အမှီသဟဲ ပြုပြီး တိုက်ခိုက် နေရတာ… အခြားနေရာ တစ်ခုမှာဆို သူက ခုလို တိုက်ခိုက်နိုင်မယ် မထင်ဘူး"
တန်ခိုးရှင် တစ်ယောက်က ပင့်သက်ရှိုက်ရင်း ရေရွတ်သည်။
လူတိုင်း တအံ့တဩ ဖြစ်နေစဉ်မှာပင် ချန်းဖန်က အင်္ကျီလက်အား ခါယမ်းလိုက်၏။
"ကလန့်…"
လေထု၌ ရှိနေဆဲ ဖြစ်သော ဆံချည်မျှင် ဓားအလင်းက လေထု၌ အမာရွတ် တစ်ခု ချန်ရစ်ကာ ရဲ့ချင်စန်း ရှိရာသို့ တိုးဝင်သည်။
"ကလန့်…"
ဓားသည် လမ်းကြောင်း တစ်လျှောက်၌ လွင့်ပျံနေသော မေပယ် သစ်ရွက်၊ ဖုန်မှုန့် အလုံးစုံအား တုန့်နှေးခြင်း မရှိပဲ ထက်ပိုင်း ဖြတ်ပစ်၏။
"သွား…"
ရဲ့ချင်စန်းက လေးနက်သော အမူအရာဖြင့် တစ်ဒါဇင်ခန့် အရေအတွက် ရှိသော အဆောင်များကို ပစ်လွှတ်သည်။ ထိုအဆောင်များ အားလုံးသည် နှစ်ထောင်ချီ သမိုင်းကြောင်း ရှိသည့် အလား အိုမင်း နေ၏။
ထိုအရာများကား ဝိညာဉ်သားရဲ အရေခွံများ၊ နဂါးသွေး၊ အကြေးခွံ စသည်တို့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး တစ်ခုချင်းစီက အလွန်အမင်း အစွမ်းထက်ကာ အမြောက်ဆံကိုပင် တားဆီးနိုင်စွမ်း ရှိသည်။
"ဟူး… ဟူး…"
မျက်တောင် တစ်ခပ် အတွင်းမှာပင် ရဲ့ချင်စန်း၏ ပတ်လည်၌ အရောင်စုံ အကာအကွယ် အလင်းများ ဖုံးလွှမ်းသွားတော့၏။
"ကျားနဂါးတောင်ရဲ့ တိုင်ချင် အကာအကွယ် အဆောင်…"
"ဝူတန်တောင်ရဲ့ အမတေ ရောနှောခြင်း အကာအကွယ် အဆောင်…"
"မြိုတောင် ရှန်ချင်းဂိုဏ်းရဲ့ ဝိညာဉ်ရဲမက် အကာအကွယ် အဆောင်…"
"တန်ဒြာ ဘုရားကျောင်းရဲ့ ဧကရာဇ် ကောင် အကာအကွယ် အဆောင်…"
တရုတ် ကျင့်ကြံသူများသည် ထိုအဆောင်များအား မြင်သည်နှင့် မှင်သက် သွားကြတော့၏။
ထိုအဆောင်များကား တရုတ် ရှေးဟောင်း ဂိုဏ်းကြီးများမှ နှစ်ထောင်ချီ လက်ဆင့် ကမ်းလာသော အဆောင်များ ဖြစ်ကြသည်။ ဂိုဏ်းများစွာသည် သူတို့၏ သေရေး ရှင်ရေး အခိုက်အတန့်သို့ ရောက်လျှင်ပင် ထို အဆောင်များအား သုံးခဲလှသည်။
သို့သော်လည်း ယခုတွင်မူ ရဲ့ချင်စန်းက ရွှေရောင် ဓားအလင်းအား တားဆီးရန် အတွက် အဆောင် တစ်ဒါဇင်ခန့်ကို ဘာမှ မဟုတ်သလို ထုတ်သုံးခဲ့သည်။
"ခရက်…"
လူတိုင်း နှမြောနေမိချိန်မှာပင် ရွှေရောင် ဆံချည်မျှင် ဓားက အကာအကွယ် အဆောင်များ ဆီသို့ တိုးဝင်တော့၏။
***