အစီအရင် အလုံးစုံကို ဖျက်ဆီးနိုင်သော လက်သီး
Vol. 7 Ch. 618
"ခရက်…"
အကာအကွယ် အဆောင် တစ်ခုချင်းစီသည် မြေကမ္ဘာ အဆင့် နတ်ဘုရားများ ပြုလုပ်ထားသည့် အရာများ ဖြစ်ပြီး အမြောက် ပေါက်ကွဲမှုကိုပင် တားဆီးနိုင်စွမ်း ရှိသည်။
သာမန် တန်ခိုးရှင်များ ဆိုလျှင် အကာအကွယ် အဆောင်တစ်ခုကို ဖျက်ဆီးရန် အတွက်ပင် သုံးရက်မျှ အထိ ပူးပေါင်း တိုက်ခိုက် ရလိမ့်မည် ဖြစ်သည်။
အခြား တစ်ဖက်၌ ဆံချည်မျှင် ဓားသည် ကျင့်ကြံခြင်း လောကတွင်ပင် အဆင့်မြင့် ဟု သတ်မှတ်နိုင်သည့် ဓား ဖြစ်သည်။
ထို့အပြင် ဓားသည် ချန်းဖန်၏ အင်အားအပြည့်ကို သယ်ဆောင်ထားရာ သာမန် သေမျိုး နတ်ဘုရား တစ်ယောက်ကိုပင် အလွယ်ကလေး ပိုင်းဖြတ် ပစ်နိုင်သည်။
"ခရက်…"
ဆံချည်မျှင် ဓားက ပထမ အကာအကွယ်ကို ဖျက်ဆီးပြီးနောက် မျက်စိတ်တစ်မှိတ် အတွင်းမှာပင် အခြား အကာအကွယ် ခုနစ်ခုကိုပါ ဖျက်ဆီး ပစ်လိုက်သည်။
"သွား…"
ချန်းဖန်က အခြား ဆံချည်မျှင် ဓားတစ်ချက်အား ထပ်မံ ဖော်ထုတ်လိုက်၏။
"ကလန့်…"
ရဲ့ချင်စန်း၏ အကာအကွယ် အဆောင်များကား အမှန်တကယ်ပင် အစွမ်းထက်ပါပေသည်။ သူတို့သည် ချန်းဖန်၏ ပထမ ဓားချက်ကိုပင် တားဆီးနိုင်စွမ်း ရှိခဲ့သည်။
သို့သော်လည်း သူတို့ကား နှစ်ထောင်ချီ ကြာမြင့် ခဲ့ပြီ ဖြစ်ရာ သိုလှောင်ထားသော ကောင်းကင်နှင့် မြေကြီး စွမ်းအားများသည်လည်း တစ်ဝက်ခန့် ခမ်းခြောက် နေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ချန်းဖန်၏ ဒုတိယ ဓားချက်၌ပင် သူတို့သည် အလုံးစုံ ထက်ဝင်ပြတ်ကာ ပျက်စီးရတော့၏။
"ဒါက…"
လူတိုင်းကား ထိုမြင်ကွင်းကို ကြည့်ရင်း ပိုမို၍ ထိတ်လန့် လာကြတော့သည်။
"ရဲ့ချင်စန်းက မြေကမ္ဘာ အဆောင်တွေကို ထုတ်သုံးတာတောင် ချန်းပေ့ရွှမ်းကို အသာစီး မယူနိုင်ခဲ့ဘူး… ချန်းပေ့ရွှမ်းရဲ့ အစစ်အမှန် အဆင့်က ဘာလဲ… မြေကမ္ဘာ နတ်ဘုရား အဆင့်များလား"
အိုလက်က ခေါင်းခါ ခါလိုက်မိသည်။
ရွှေရောင် ဘုန်းတော်ကြီးနှင့် အခြားလူများကမူ ချန်းဖန်၏ လှုပ်ရှားမှုတိုင်းအား မျက်တောင်ပင် မခတ်ပဲ စူးစိုက် ကြည့်နေခဲ့မိကြသည်။
"ဒီဆယ်စုနှစ်တွေ အတွင်းမှာ ရဲ့ချင်စန်းနဲ့ ချန်းပေ့ရွှမ်းတို့လို လူမျိုးတွေ ပေါ်လာလိမ့်မယ် လို့ ငါ မထင်ခဲ့မိဘူး… ရဲ့ချင်စန်းက မြေကမ္ဘာ အဆင့် အောက်မှာ အစွမ်း အထက်ဆုံး ဖြစ်နေပြီ လို့ ဆိုနိုင်တယ်… ချန်းပေ့ရွှမ်း ကတော့… သူက မြေကမ္ဘာ အဆင့် မဟုတ်တာ သေချာရဲ့လား"
ရွှေရောင် ဘုန်းတော်ကြီးက အံ့ဩတကြီး ရေရွတ်မိသည်။
ချန်းဖန်၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို သုံးစွဲထားခြင်း မရှိသည့်တိုင် တန်ခိုးရှင် အဆင့်ကိုမူ ကျော်လွန်၍ နေသည်။
အကယ်၍ ရဲ့ချင်စန်းသာ အဆောင်များ၊ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ စသည်ဖြင့် ပြင်ပခွန်အားများကို ငှားယမ်း၍ တိုက်ခိုက်ခြင်း မရှိပါက ချန်းဖန်၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ချေ။
"ရဲ့ချင်စန်းက ဆက်ပြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး… သူသာ တစ်ခုခုကို မထုတ်ပြနိုင်ရင် ရှုံးမှာ သေချာနေပြီ"
ဂုရုကြီး ဂုဂျာက ပင့်သက် တစ်ချက် ရှိုက်လိုက်သည်။
ရဲ့မိသားစု၏ လူများ၏ မျက်နှာများသည်လည်း ဖြူရော် နေကြ၏။ ယခုတိုင် ချန်းဖန်သည် မြေကမ္ဘာ အဆင့် ခန္ဓာကိုယ်၊ ရွှေရောင် အကာအကွယ်၊ အထီးကျန် ကိုးယောက်၏ ဓား အစီအရင်၊ ကျွန်း တစ်ကျွန်းလုံးကို ဖျက်ဆီးပြခဲ့သည့် မိုးကြိုး ချိပ်တံဆိပ် စသည့် သူ၏ အဓိက ဝှက်ဖဲများကို ထုတ်သုံးခြင်း မရှိသေးချေ။
သို့တိုင်အောင် သူသည် ရဲ့ချင်စန်းကို အထက်စီးမှ နေ၍ ဖိအား ပေးထားနိုင်ဆဲ ဖြစ်သည်။ ရဲ့ချင်စန်းပင်လျှင် သူ့အား အနိုင်မယူနိုင်ရာ ဤကမ္ဘာ၌ မည်သူက သူ့အား အနိုင်ယူ နိုင်ပါတော့မည်နည်း။
တိုက်ပွဲအား ကြည့်ရင်း လူတိုင်း၏ စိတ်နှလုံးကား တဒိတ်ဒိတ် ခုန်နေခဲ့တော့၏။
"ပျက်စီးစမ်း…"
ရဲ့ချင်စန်းက ခန္ဓာကိုယ်အား တစ်ပတ် လှည့်ရင်း သွေးရောင် အလင်းများကို ဖြန့်ကြက်လိုက်၏။ ထိုအလင်းများက သွေးနဂါး တစ်ကောင် အလား သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ကာကွယ်သည်။
"ကလန့်…"
တစ်ချိန်တည်းတွင်ပင် သူ၏ လက်၌ သွေး သင်္ကေတများ ပြည့်နှက်နေသည့် ထူးဆန်းသော ဓားမြှောင် တစ်ချောင်း ပေါ်လာကာ ဆံချည်မျှင် ဓားကို ကာကွယ်သည်။
"ဂျစ်… ဂျစ်…"
သတ္တုချင်း ရိုက်ခတ်သံ ကဲ့သို့ စူးရှသော အသံများ ထွက်ပေါ်လာက ချန်းဖန်၏ ဆံချည်မျှင် ဓားသည် ပြိုကွဲ ပျက်စီး၏။
"သာမန် ဝိညာဉ်လက်နက် မပြောနဲ့ အလယ်ဆင့် ဝိညာဉ် လက်နက်တောင် ငါ့ ဓားကို မဖျက်ဆီးနိုင်ဘူး… ရဲ့ချင်စန်းရဲ့ ရတနာက ဘယ်က ရလာတာလဲ… အဲဒါက အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုများလား"
ချန်းဖန်က အနည်းငယ် အံ့အားသင့်မိ သွား၏။
သူ သေချာ အကဲမခတ်နိုင်စဉ်မှာပင် ရဲ့ချင်စန်း၏ ဓားမြှောင်က "အမတေ ဖြည့်တင်းခြင်း ဓား" ထံသို့ ဆက်လက်၍ တိုးဝင်သည်။
သို့သော်လည်း အမတေ ဖြည့်တင်းခြင်း ဓားက ချန်းဖန်၏ ကြောက်မက်ဖွယ် အစစ်အမှန် ချီကို သယ်ဆောင်ထားရာ ၎င်းသာလျှင် နောက်သို့ လွင့်စဉ်ရသည်။
"သွား…"
ရဲ့ချင်စန်းက ဓားမြှောင်အား ပြန်လည် ဖမ်းယူ ဆုပ်ကိုင်ကာ ဝှေ့ယမ်းလိုက်၏။
"ကလန့်…"
သွေးရောင် ဓားအလင်းက ဓားမြှောင်မှ ထွက်ပေါ်လာကာ ပေနှစ်ဆယ် ရှည်သော သွေးချီ ဓား အဖြစ် ပြောင်းလဲသွား၏။
ထိုဓားချီက ထက်ရှသော အရှိန်အဝါများကို ထုတ်လွှတ်နေကာ လင်းရှု့မင်၏ နောက်ဆုံး တိုက်ခိုက်မှုနှင့်ပင် ယှဉ်နိုင်စွမ်း ရှိပုံရသည်။
"ဒါက… အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုပါလား… ကြည့်ရတာ မင်းက အတော်လေး ကံကောင်းတာပဲ"
ချန်းဖန်က အံ့ဩစွာ ရေရွတ်လိုက်မိသည်။
အဆင့်မြင့် ဝိညာဉ် လက်နက်များသည် သာမန် ဝိညာဉ် လက်နက်များနှင့် ခြားနားကာ အလယ်အလတ် အဆင့် ဝိညာဉ်များထက် အဆများစွာ ပိုမို၍ အစွမ်းထက်၏။
ရဲ့ချင်စန်း၏ ဓားမြှောင်ဆိုလျှင် ဘက်စုံ အသုံးမပြုနိုင်သည်က လွဲ၍ ချန်းဖန်၏ မိုးကြိုးငါးခု ချိပ်တံဆိပ်နှင့်ပင် ယှဉ်နိုင်စွမ်း ရှိပုံရသည်။
အဆင့်မြင့် ဝိညာဉ် လက်နက်များသည် မြေကမ္ဘာ နတ်ဘုရား၏ ခန္ဓာကိုယ်ကိုပင် ပိုင်းဖြတ်နိုင်စွမ်း ရှိသည်။ ချန်းဖန်ပင်လျှင် ထိုအရာများအား တိုက်ရိုက် မတိုက်ခိုက်ရဲပေ။
"ငါက ဝိညာဉ်ရတနာများ ဖြစ်နေမလား လို့ စိုးရိမ်နေတာ… အဆင့်မြင့် ဝိညာဉ်လက်နက် လောက်က ငါ့ကို ဘာလုပ်နိုင်မှာလဲ"
ချန်းဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
ဝိညာဉ် ရတနာများကား အစစ်အမှန် ဓမ္မ ရတနာများ ဖြစ်သည်။ သာမန် ချီသန့်စင်ခြင်း အဆင့် တစ်ယောက်ပင်လျှင် ဝိညာဉ် ရတနာကို သုံး၍ မူလဝိညာဉ် အဆင့်ကို သတ်ဖြတ် ပစ်နိုင်စွမ်း ရှိသည်။
ချန်းဖန်ပင်လျှင် ဝိညာဉ်ရတနာ ကိုင်ထားသော ကျင့်ကြံသူအား မတိုက်ခိုက်ဝံ့ချေ။ သို့သော်လည်း အဆင့်မြင့် ဝိညာဉ် လက်နက်၏ တိုက်ခိုက်မှုကိုမူ ချန်းဖန်က ကြောက်လန့်နေမည် မဟုတ်ပေ။
"သွား…"
ချန်းဖန်က လေထဲသို့ ပျံတက်ရင်း ရှည်လျားသော အဇူရာ နဂါးတစ်ကောင် အသွင် ပြောင်းလဲ လိုက်၏။
ချန်းဖန်ကား သွေးဓားကို တိုက်ခိုက်ရန် အတွက် မည်သည့် အကာအကွယ် ရတနာကိုမျှ အသုံး မပြုပဲ သူ၏ ခန္ဓာကိုယ် သက်သက်ဖြင့် တိုးဝင်သွားခဲ့ချေပြီ ဖြစ်လေသည်။
"ဘုန်း… ဘုန်း…"
ရဲ့ချင်စန်းနှင့် ချန်းဖန်တို့ကား အနီးကပ် တိုက်ပွဲကို ဆင်နွှဲနေချေပြီ ဖြစ်သည်။
"ဘုန်း… ဘုန်း…"
ချန်းဖန်၏ လက်သီးများက ထူးခြား ဆန်းပြား သလို ရဲ့ချင်စန်း၏ သွေးဓားသည်လည်း ခန့်မှန်းရန် ခက်ခဲလှသည်။ အကယ်၍ ရဲ့ချင်စန်း နေရာတွင်သာ အစစ်အမှန် မြေကမ္ဘာ အဆင့် တစ်ယောက် ဆိုပါက ချန်းဖန် ဒဏ်ရာရ သွားလောက်ပြီ ဖြစ်သည်။
"လာစမ်း…"
ချန်းဖန်က အဇူရာ နဂါးအသွင်ဖြင့် ကောင်းကင်၌ ပျံသန်းရင်း ရဲ့ချင်စန်းအား အကြိမ်ကြိမ် တိုးဝင် တိုက်ခိုက်၏။ သူ၏ ဆံပင်များက လေထဲတွင် လူးလွင့်နေကာ သူ၏ မျက်လုံးများကလည်း တလက်လက် တောက်ပနေခဲ့သည်။
"သွားစမ်း…"
ထိုအချိန်၌ ရဲ့ချင်စန်းသည်လည်း အရူးတစ်ပိုင်း လိုပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူက ဓားအား တင်းကြပ်စွာ ဆုပ်ကိုင်၍ ချန်းဖန်အား မတူညီသော အရပ်မျက်နှာများမှ ထိုးစိုက်ရန် ကြိုးစားသည်။
အကယ်၍ ထိုဓားသာ အစိုက်ခံရပါက မြေကမ္ဘာ အဆင့် တစ်ယောက်ပင် ဒဏ်ရာ ရသွားနိုင်သည်။
သို့သော်လည်း ချန်းဖန်၏ လှုပ်ရှားမှု နည်းစနစ်များက ပိုမို၍ သက်တောင့် သက်သာ နိုင်လှ၏။ သူ၏ လက်ချောင်း ထိပ်လေးများက ကျွမ်းကျင်သော စန္ဒယား ပညာရှင် တစ်ယောက် အလား ဓား၏ လားရာကို အလွယ်တကူပင် ပြောင်းလဲ ပစ်သည်။
သို့သော်လည်း ထိချက် တစ်ခုချင်းစီ တိုင်းက ရဲ့ချင်စန်း အတွက် မလွယ်ကူလှချေ။
"ဘုန်း… ဘုန်း… ဘုန်း…"
ရဲ့ချင်စန်း၏ ခန္ဓာကိုယ်မှာ ဆယ်ပေါင်တူဖြင့် အထုခံ နေရသည့် အလား တဆတ်ဆတ် တုန်ရီ နေခဲ့ကာ လက်ထဲမှ ဓားပင် အကြိမ်ကြိမ် လွတ်ကျတော့ မလို ခံစားနေရ၏။
သိပ်မကြာခင်မှာပင် ရဲ့ချင်စန်း၏ ရင်ဘတ်၌ ဟာကွက် တစ်ခု ပေါ်လာခဲ့၏။ ချန်းဖန်က ထိုအခွင့်အရေးကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်သည်။
"သောက်ဒုက္ခပဲ…"
ရဲ့ချင်စန်းက ထိုဟာကွက်ကို ဖြည့်ရန် အလျှင်အမြန် ကြိုးစားလိုက်၏။ သို့သော်လည်း နောက်ကျ နေချေပြီ ဖြစ်သည်။
"သွား…"
ချန်းဖန်က လက်အား ကြာပန်း သဏ္ဌာန် သင်္ကေတ တစ်ခု ပြုလုပ်ကာ ရဲ့ချင်စန်း၏ ရင်ဘတ်အား တိုက်ခိုက်လိုက်၏။
"ခရက်… ခရက်…"
ရဲ့ချင်စန်း၌ ကျန်ရှိနေသေးသော အဆောင်များက အသက်ဝင်လာကာ တားဆီးရန် ကြိုးစားသည်။ သို့သော်လည်း ချန်းဖန်၏ လက်က ထိုအရာများကို အလွယ်တကူ ဖျက်ဆီးကာ ရဲ့ချင်စန်း၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက်ကျ၏။
"အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်"
"ဆယ့်ကိုးခုမြောက် ပုံစံ"
"ကြာပန်းတစ်ထောင် သိုင်းကွက်"
ထိုတိုက်ခိုက်မှုသည် နေဘီးလဘီး တိုက်ခိုက်မှုလောက် အစွမ်း မထက်သည့်တိုင် အသေသတ် သိုင်းကွက် တစ်ခု ဖြစ်သည်။
ကြာပန်းတစ်ထောင် သိုင်းကွက်သည် အစစ်အမှန် အမတေများကို စုဝေးစေကာ လက်ဝါး တစ်ချက်ဖြင့် တိုက်ခိုက်သည့် ပုံစံမျိုး ဖြစ်သည်။ မြေကမ္ဘာ အဆင့် တစ်ယောက်ပင် ထိုတိုက်ခိုက်မှုအား ခုခံရန် တတ်နိုင်မည် မဟုတ်ချေ။
ထို့အတူ ရဲ့ချင်စန်းသည်လည်း ချွင်းချက် မဟုတ်ချေ။
"ဘုန်း…"
ရဲ့ချင်စန်းမှာ သွေးတစ်လုတ် အန်လိုက်ရကာ မြှားတစ်စင်း အလား နောက်သို့ လွင့်စဉ် ထွက်သွားတော့၏။ သူ၏ ခန္ဓာကိုယ်က ဘေးနားရှိ ကျောက်ဆောင် တစ်ခုကို တိုက်မိရာ အထဲသို့ပင် ချိုင့်ဝင် သွားခဲ့သည်။
"ရဲ့ချင်စန်း ရှုံးသွားပြီလား…"
လူတိုင်း ဆွံ့အ ကုန်ကြတော့၏။
ရဲ့ပေ့ချန်း၊ ရဲ့ရီရန်နှင့် ခွန်းလွန် အဖွဲ့ဝင်များ၏ မျက်နှာများက ချက်ချင်းပင် ဖြူရော် သွားကြသည်။
ရဲ့ချင်စန်းကား နတ်ဘုရား သတ်မှတ်ချက်၌ နှစ်ပေါင်း ခြောက်ဆယ် တိုင်တိုင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သူ ဖြစ်သည်။ သူက အဘယ်ကြောင့် ယခုကဲ့သို့ တိုက်ကွက် အနည်းငယ် အတွင်း ရှုံးနိမ့်သွားရ သနည်း။
"အဘိုးကြီးရှောင်… ကြည့်ရတာ မင်း အမှားတစ်ခု လုပ်မိပြီနဲ့ တူတယ်"
ဝမ်ကျုံးကောက သူ၏ ပြိုင်ဘက်အား အောင်နိုင်သူ၏ အပြုံးဖြင့် ကြည့်လိုက်သည်။
ထိုအချိန်၌ အဘိုးကြီးရှောင်နှင့် ရှောင်မိသားစု တင်များ၏ မျက်နှာများမှာမူ ဖြူရော် နေခဲ့တော့၏။
ရဲ့ချင်စန်းကား ရှောင်မိသားစု၏ ပံ့ပိုးသူ ဖြစ်သည်။ အကယ်၍ သူ ရှုံးနိမ့်ပါက ရှောင် မိသားစု အနေဖြင့် ရန်ကျင်း၏ ထိပ်ဆုံး နေရာ၌ ဆက်လက် ရပ်တည်ရန် လွယ်ကူတော့မည် မဟုတ်ချေ။
ရန်ကျင်း၏ အခြားသော မိသားစု ခေါင်းဆောင်များသည်လည်း ထိတ်လန့် အံဩ နေကြ၏။ ချန်းပေ့ရွှမ်း အနိုင်ရခြင်းက ရန်ကျင်း တစ်မြို့လုံး သူနှင့် ဝမ်မိသားစု၏ ခြေထောက် အောက်သို့ ရောက်သွားသည်နှင့် အတူတူပင်။
"ချန်းပေ့ရွှမ်းက… တကယ့်ကို အရှုံးမရှိတဲ့ နတ်ဘုရားပဲ"
မရေမတွက်နိုင်သော သိုင်းပညာရှင်များက ခေါင်းခါမိကြသည်။ သူတို့သည် အစောကြီး ကတည်းက တိုက်ပွဲ၏ ရလဒ်အား ခန့်မှန်း မိခဲ့ပြီး ဖြစ်ရာ သိပ်မအံ့ဩမိကြချေ။
အခြားသော တန်ခိုးရှင်များကလည်း သက်ပြင်း ချမိကြသည်။ သူတို့သည် ချန်းဖန်၏ နောက်ဆုံး တိုက်ခိုက်မှု မည်မျှ အစွမ်းထက်ကြောင်းကို ကောင်းစွာ သိရှိကြသည်။ ရဲ့ချင်စန်း မည်မျှပင် အစွမ်းထက် စေကာမူ မြေကမ္ဘာ အဆင့် မဟုတ်ပါက ထိုတိုက်ခိုက်မှုမှ အသက်ရှင် လွတ်မြောက်ရန် လွယ်ကူမည် မဟုတ်ချေ။
လူတိုင်းက ရဲ့ချင်စန်း ရှုံးနိမ့်သွားပြီ ဟု ထင်နေကြချိန်၌ ချန်းဖန်ကမူ မျက်မှောင်ကြုတ်ကာ ရဲ့ချင်စန်း နစ်ဝင်နေသည့် ကျောက်ဆောင်အား စူးစိုက် ကြည့်နေခဲ့သည်။
"ထူးဆန်းတယ်… သူက တန်ခိုးရှင် အဆင့် တစ်ယောက်ပဲ ဆိုရင် ငါ့ရဲ့ ကြာပန်းတစ်ထောင် တိုက်ခိုက်မှုက သူ့ရင်ဘတ်ရိုးတွေကို အပိုင်းပိုင်း ဖျက်ဆီးပစ်နိုင်မှာ သေချာတယ်… ဒါပေမဲ့ သူ့ရင်ဘတ်ကိုတောင် ထိတယ်လို့ ငါ မခံစားရဘူး…"
"ဖြစ်နိုင်တာက သူက မြေကမ္ဘာ နတ်ဘုရားရဲ့ ခန္ဓာကိုယ်ပို ပိုင်ဆိုင်ထားတာလား… ဒါမှ မဟုတ် မူလဝိညာဉ် အဆင့် ဝတ်စုံ တစ်ခုများလား…"
***