မိုးနတ်မင်း…
Vol. 7 Ch. 620
အဖြူ၊ အနက် အလင်းများတွင် ပါဝင်သည့် စွမ်းအားများကား ကမ္ဘာကြီးကိုပင် ဖျက်ဆီး ပစ်နိုင်ပုံ ရ၏။
မိုးကြိုးငါးခု ချိပ်တံဆိပ်သည် ရွှေအမြုတေ အဆင့် တန်ခိုးရှင်များ ထုတ်သုံးနိုင်သည့် စွမ်းအားကို ထုတ်ဖော်နိုင်၏။
ချန်းဖန်သည် မိုးကြိုးငါးခု ချိပ်တံဆိပ်၏ စွမ်းအား အပုံတစ်ရာပုံ တစ်ပုံကိုသာ အသုံးပြု နိုင်သေးသည့်တိုင် ထိုအရာကပင်လျှင် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းနေပြီ ဖြစ်သည်။
မြေကမ္ဘာ အဆင့်အောက် တန်ခိုးရှင် အဆင့် မဆိုထားနှင့် အစစ်အမှန် မြေကမ္ဘာ အဆင့် နတ်ဘုရားပင်လျှင် ထိုတိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ချေ။
"ဟူး…ဟူး…"
ရဲ့ချင်စန်း၏ အဖြူရောင် ဆံပင်ရှည်များကား ဓားများ အလား ထောင်မတ်နေခဲ့ပြီ ဖြစ်လေ၏။ သူ၏ မြေကမ္ဘာ အဆင့် ခန္ဓာကိုယ် ပင်လျှင် အဖြူ၊ အနက် အလင်းများ၏ ဖိအားတွင် ပေါက်ကွဲ ထွက်မတတ် ကျိန်းစပ် နေခဲ့ချေပြီ ဖြစ်သည်။
"ခရက်…"
ရဲ့ချင်စန်းက သူ၏ စွမ်းအား အလုံးစုံကို ဓားမြှောင် အတွင်း ထည့်သွင်းကာ သွေးရောင် အလင်းတန်း တစ်ခုကို ဖန်တီးလိုက်၏။
"သွား…"
ရဲ့ချင်စန်းက သူ၏ ခွန်အားကို အကန့်အသတ် အထိ ထုတ်ဖော်ကာ အလင်းတန်းကို ထပ်မံ အားဖြည့်လိုက်သည်။
ထိုအလင်းတန်းက ရဲ့ချင်စန်း၏ စွမ်းအား အလုံးစုံကို ခမ်းခြောက်သည် အထိ စုပ်ယူပြီးသည်နှင့် ပေါင်လုံး အရွယ်အစားခန့် အထိ ကြီးမားလာ၏။
"ဘုန်း…"
လျှပ်စီးအလင်းတန်း၏ ကျဆင်းမှုတွင် သွေးရောင် အလင်းတန်းက ပေါက်ကွဲ၏။ ထိုပေါက်ကွဲမှု အလယ်၌ ရဲ့ချင်စန်း၏ ခန္ဓာကိုယ်မှာလည်း နစ်မြုပ်သွားသည်။
သွေးရောင် အလင်းများ ပျောက်ကွယ်သွားချိန်၌ ရဲ့ချင်စန်း၏ အင်္ကျီများက အလုံးစုံ လောင်ကျွမ်း ပျက်စီးသွားခဲ့ပြီ ဖြစ်ကာ အနီရောင် ဝတ်စုံတစ်ခုနှင့် ဓားတစ်ချောင်းသာ ကျန်ရှိတော့၏။
အနီရောင် ဝတ်စုံ ဖုံးအုပ်ထားခြင်း မရှိသည့် ရဲ့ချင်စန်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကမူ ဖောက်ထွင်းမြင်ရသည် အထိ ကြည်လင်နေကာ သလင်းကျောက် အလား ရှင်းလင်း ကြည်လင်သည့် အရိုးများပင် ပေါ်နေခဲ့ပြီ ဖြစ်သည်။
"လာစမ်း…"
ရဲ့ချင်စန်းက ဒေါသတကြီး အော်ဟစ် လိုက်၏။
သူ၏ ဝင်သက်၊ ထွက်သက်တိုင်း၌ ကောင်းကင်နှင့် မြေကြီး၏ အစစ်အမှန် ချီများက သူ၏ ခန္ဓာကိုယ် အတွင်း တိုးဝင်ကာ သူ၏ ခမ်းခြောက်နေသော သွေးကြောများ၊ ကြွက်သားများ နေရာ၌ ပြန်လည်ကာ အစားထိုးသည်။
အသွင်ပြောင်းလဲမှု အဆုံး၌ ရဲ့ချင်စန်း၏ ခန္ဓာကိုယ် အသစ်က မူလခန္ဓာကိုယ်ထက် ပိုမို ထက်ရှကာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။
"ငါ့ရဲ့ မိုးကြိုးငါးခု တိုက်ခိုက်မှုကို ခုခံဖို့ ဆိုရင် မင်းရဲ့ ဝိညာဉ်အကာအကွယ် ဝတ်စုံက အနည်းဆုံး အလယ်ဆင့် ဝိညာဉ်လက်နက် ဖြစ်ဖို့ လိုတယ်…"
ချန်းဖန်က အေးဆေးစွာ စောင့်ကြည့်ရင်း ပြုံးလိုက်၏။
"ရဲ့ချင်စန်း… မင်းက မိုးကြိုးငါးခုရဲ့ ဖိအားကို သုံးပြီး မြေကမ္ဘာ အဆင့်ကို တက်လှမ်းချင် နေတာ ဆိုတော့… မင်း တောင့်ခံနိုင်မလား ကြည့်ရသေးတာပေါ့"
ချန်းဖန်က ရယ်မောရင်း မိုးကြိုး ချိပ်တံဆိပ်အား နောက်တစ်ကြိမ် အမိန့်ပေးလိုက်၏။
"ဘုန်း…"
ယခု တစ်ကြိမ်တွင်မူ မိုးကြိုးငါးခုက ပထမ တစ်ကြိမ်ထက် နှစ်ဆ ပိုမိုသော အဖြူ၊ အနက် အလင်းများအား ထုတ်လွှတ်သည်။ ထို ချီအလင်းများက ကောင်းကင်သို့ ပျံတက်ကာ ရဲ့ချင်စန်းအား ဖိအားပေး၏။
"လာစမ်း…"
ရဲ့ချင်စန်းက သူ၏ စွမ်းအား အလုံးစုံကို ခမ်းခြောက်သည် အထိ ညှစ်ထုတ်ကာ ထပ်မံ ခုခံသည်။
"ဘုန်း…"
ပေါက်ကွဲမှုတွင် ရဲ့ချင်စန်း၏ ခန္ဓာကိုယ်က မီတာ တစ်ရာ အကွာအဝေးသို့ လွင့်စဉ်ကာ သွေးတစ်လုတ် အန်ရ၏။
မျက်လုံးများက အကန့်အသတ်သို့ ရောက်သည့် အလား နီရဲနေသော်လည်း ရဲ့ချင်စန်း၏ အမူအရာက လက်လျှော့မည့်ပုံ မရချေ။
သူက ချက်ချင်းပင် ပြန်ထကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို နဂါးတစ်ကောင်အလား စုပ်ယူလိုက်၏။ သူကား ထိုနည်းလမ်းဖြင့် နောက်ဆုံး အတားအဆီးကို ချိုးဖျက်ရန် ကြိုစားနေခြင်း ဖြစ်သည်။
"တတိယ တိုက်ခိုက်မှု…"
ချန်းဖန်ကလည်း ညှာတာခြင်း မရှိချေ။
သူက အစစ်အမှန်ချီများစွာကို မိုးကြိုးငါးခု ချိပ်တံဆိပ် အတွင်း သွန်းလောင်းလိုက်၏။
"ဝေါ… ဝေါ…"
မိုးကြိုးငါးခု ချိပ်တံဆိပ်က ရေငတ်နေသော သတ္တဝါကြီး တစ်ကောင်အလား အစစ်အမှန် ချီများကို စုပ်ယူကာ အရောင် ငါးမျိုး မိုးကြိုးငါးခုကို ဖန်တီးသည်။
"ခရက်…"
ထိုစွမ်းအား၏ ထွက်ပေါ်လာမှုတွင် မြေကြီးများပင် တုန်ခါကုန်၏။
"မြေကမ္ဘာ အဆင့် တစ်ယောက်တောင် ဒီလို စွမ်းအားမျိုးကို ထုတ်ဖော် နိုင်ပါ့ မလား…"
အိုလက်နှင့် အခြား တန်ခိုးရှင် အဆင့်များပင် ထိတ်လန့် နေခဲ့ပြီ ဖြစ်သည်။
"ငါဆယ်စုနှစ်များစွာ လေ့ကျင့်ခဲ့တဲ့ အကြောင်းရင်းက ဒီအခိုက်အတန့် အတွက်ပဲ… ဘာမှ ကြောက်နေစရာ မရှိတော့ဘူး"
ရဲ့ချင်စန်း၏ အမူအရာက အလွန်အမင်း တည်ငြိမ်နေ၏။
သူကား ကောင်းကင် တံခါးဝကို ခြေတစ်ဖက် နင်းနိုင်နေပြီ ဖြစ်သည်။ ယခုအချိန်မှ အဘယ်ကြောင့် လက်လျှော့ ရမည်နည်း။
"လာစမ်း…"
ရဲ့ချင်စန်းက ကျယ်လောင်စွာ အော်ဟစ်ရင်း မြေကမ္ဘာ အဆင့် အကာအကွယ် အဆောင်များစွာကို ပစ်လွှတ်လိုက်၏။
"ဘုန်း…"
လျှပ်စီးအလင်းက အကာအကွယ် အဆောင်များကို ဖျက်ဆီးကာ ရဲ့ချင်စန်း ဆီသို့ တိုးဝင်ကာ ကျဆင်း၏။
"ဘုန်း…ဘုန်း…"
ရုတ်တရက် ရန်တောင်ထိပ် တစ်ခုလုံးကား သွေးရောင် အလင်းတန်းများ၊ အရောင်ငါးမျိုး မိုးကြိုးများ၏ ပေါက်ကွဲမှုများဖြင့် ပြည့်နှက် သွားတော့သည်။
ပေါက်ကွဲမှုများ ပြီးဆုံးသွားချိန်၌ ရန်တောင်ထိပ်ကား တစ်ဝက်မျှသာ ကျန်ရှိတော့၏။
ထက်ပိုင်း ပြတ်နေသော တောင်ထိပ်တွင်မူ မည်သည့် သစ်ပင်၊ ကျောက်ဆောင်မျှ မကျန်ရှိတော့ပဲ မျက်နှာပြင် တစ်ခုလုံးသည်လည်း မှန်တစ်ခု အလား ချောမွေ့နေတော့၏။
"ရဲ့ချင်စန်း ဘယ်ရောက်သွားလဲ…"
လူများစွာက တောင်ထိပ်ရှိရာသို့ စိုးရိမ် တကြီး ကြည့်လိုက်ကြ၏။
မှန်ကဲ့သို့ ချောမွေ့နေသော တောင်ထိပ်၏ အလယ်တွင်မူ သွေးရောင် အလင်းများဖြင့် ခြံရံကာ လဲလျောင်းနေသော ပုံရိပ် တစ်ခုရှိ၏။
သူ၏ ပုံစံက ဒဏ်ရာ အပြင်းအထန် ရနေပုံပင်။
သူ၏ အရှိန်အဝါက အလွန်အမင်း မှေးမှိန်နေကာ သူ၏ ခန္ဓာကိုယ်မှ သွေးရောင် ဝတ်စုံပင်လျှင် အပိုင်းပိုင်းပြတ်ကာ ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ဓားပင်လျှင် ထက်ဝက် ပိုင်းပြတ်နေခဲ့ပြီ ဖြစ်သည်။
"ရဲ့ချင်စန်း ကျရှုံးသွားတာလား…"
ရွှေရောင် ဘုန်းတော်ကြီးက တီးတိုး ရေရွတ်လိုက်၏။
"မဟုတ်ဘူး… သူ အောင်မြင်သွားတယ်… ငါတို့ နှစ်တစ်ထောင်အတွင်း အကြီးကျယ်ဆုံး တိုက်ပွဲ အစစ်အမှန်ကို ကြည့်ရတော့မယ်"
ရုရှား ဗိုလ်ချုပ် အိုလက်က တုန်ရီသော လေသံဖြင့် ဆိုလိုက်သည်။
အခြားသော တန်ခိုးရှင် အဆင့်များကမူ တစ်ခွန်းမှ မပြောပဲ လဲကျနေသော သွေးရောင် အရိပ်ကိုသာ စူးစိုက် ကြည့်နေခဲ့၏။ ချန်းဖန် ပင်လျှင် မျက်မှောင်ကြုတ်ရင်း လူရိပ်အား အကဲခတ် နေခဲ့သည်။
"တစ်စက္ကန့်…"
"နှစ်စက္ကန့်…"
"သုံးစက္ကန့်…"
သာမန်လူများက ရဲ့ချင်စန်း သေပြီ အထင်နှင့် သက်ပြင်းများ ချလိုက်ကြမိသည်။
ထိုအခိုက်မှာပင် မြေပြင်ပေါ်မှ သွေးရောင် အလင်းများ ဝန်းရံနေသော လူရိပ်က ဖြည်းညင်းစွာ ထရပ်လာ၏။
သူ၏ အဝတ်အစား၊ ဝိညာဉ်အကာအကွယ် ဝတ်စုံ တို့ကား လောင်ကျွမ်း ပြာကျသွားခဲ့ပြီ ဖြစ်ကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ သူ၏ အရိုးများက ကျိုးကြေနေကာ သူ၏ ဆံပင်များ၊ မျက်ခုံးမွေး၊ နှုတ်ခမ်းမွေး များပင် ကျန်ရှိ မနေတော့ချေ။
သူ၏ ပုံစံက ချက်ချင်း သေဆုံးတော့မည့် အလားပင် အလွန်အမင်း အားနည်း နေခဲ့သည်။
သို့သော်လည်း ရဲ့ချင်စန်းက ထိုအရာများကို ဂရုမစိုက်ပဲ အော်ဟစ် ရယ်မောလိုက်၏။
"ဟားဟား… နှစ်တစ်ရာ ကြာပြီးတဲ့နောက်မှာ ငါ ဒီလမ်းစဉ်ကို ခြေချနိုင်ခဲ့ပြီ"
ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင်…
ရဲ့ချင်စန်း၏ ဦးခေါင်း၌ အနက်ရောင် ဆံပင်ရှည်များ ထွက်ပေါ်လာ၏။
"ဝေါ… ဝေါ…"
တစ်ချိန်တည်း တွင်ပင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများက မုန်တိုင်း တစ်ခုအလား အော်မြည်ရင်း သူ၏ ခန္ဓာကိုယ် အတွင်း တိုးဝင်ကာ သူ၏ ဒဏ်ရာ မှန်သမျှအား ကုစားသည်။
အရိုး၊ အသား၊ အကြော၊ အရည်ပြား စသည်ဖြင့် ရဲ့ချင်စန်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးက ခဏမျှသော အချိန် အတွင်းမှာတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများဖြင့် အသစ် ပြန်လည် ဖွဲ့စည်းလာ၏။
ကောင်းကင်နှင့် မြေကြီး၏ အမတေချီက အနက်ရောင် ဝတ်စုံ တစ်ခုကိုပင် ဖွဲ့စည်းကာ ရဲ့ချင်စန်း၏ ခန္ဓာကိုယ်အား ရစ်ပတ်သည်။
တစ်ခဏ အတွင်းမှာပင် ရဲ့ချင်စန်း၏ အသွင် အပြင်က အနက်ရောင် ဝတ်စုံဝတ် အသက် သုံးဆယ် အရွယ် လူငယ် တစ်ယောက် အဖြစ် ပြောင်းလဲသွားတော့၏။ သူကား သူ၏ သားများ ဖြစ်ကြသော ရဲ့ပေ့ချန်း၊ ရဲ့နန်ထင်း တို့ထက်ပင် ပို၍ ငယ်ရွယ်နေပုံ ပေါ်သည်။
ရဲ့ချင်စန်းက ကောင်းကင်ထက်သို့ တက်ကာ မည်သည့် နည်းစနစ်ကိုမျှ မသုံးပဲ လေထု၌ ရပ်၏။ သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီက ကမ္ဘာမြေကြီးနှင့် ချိတ်ဆက်ထားကာ အဆုံးမဲ့ စွမ်းအားများကို သယ်ဆောင်ထားပုံ ပေါ်သည်။
"မိုးနတ်မင်း…"
သူ့အား ကြည့်၍ တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
***