← Chapters

မြေကမ္ဘာ အဆင့်နှင့် တိုက်ပွဲ

Vol. 7 Ch. 621

မြေကမ္ဘာ အဆင့်နှင့် တိုက်ပွဲ

Vol. 7 Ch. 621

လူတိုင်းသည် ဆွံ့အ နေကြ၏။

သူတို့၏ မျက်လုံးများကမူ ကောင်းကင်၌ ရပ်တည်နေသော အနက်ရောင် ဝတ်စုံဝတ် လူငယ်အား ပေါက်ထွက်မတတ် ကြည့်နေမိကြသည်။

"မကောင်းတော့ဘူး… ဆရာတော့ ဒုက္ခပဲ"

မြောက်ပိုင်းချုံး ဂိုဏ်းဝင်များ၏ မျက်နှာများကား ဖြူရော် သွားကြတော့၏။

ရဲ့ချင်စန်းကား နှစ်တစ်ထောင် အတွင်း မြေကမ္ဘာ အဆင့်သို့ ပထမဆုံး ချိုးဖျက်ခဲ့သူ ဖြစ်သည်။ သူသည် ဒဏ္ဍာရီများထဲမှ နတ်ဘုရားများကဲ့သို့ အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။

သူကား လူသားတစ်ယောက် မဟုတ်တော့ချေ။ နတ်ဘုရား တစ်ပါး၊ သူတော်စင် တစ်ပါး ဖြစ်နေခဲ့ချေပြီ ဖြစ်သည်။

ချန်းဖန် အတွက် ထိုသို့သော ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရခြင်းက လုံးဝ လွယ်ကူလိမ့်မည် မဟုတ်ချေ။

"ရှောင်ဖန်…"

ဖန့်ချုံး၊ အန်ရာနှင့် အခြားလူများမှာ စတင်ကာ ပူပန်လာကြသည်။

ချန်းဖန်၏ ရန်သူကား တန်ခိုးရှင် အဆင့်၊ သေမျိုး နတ်ဘုရား အဆင့် မဟုတ်တော့ချေ။ မသေမျိုး နွယ်ဝင် မြေကမ္ဘာ နတ်ဘုရား အဆင့် ဖြစ်သည်။

သမိုင်းတစ်လျှောက်လုံး၌ သေမျိုး တစ်ယောက်က နတ်ဘုရား တစ်ယောက်အား အနိုင်ယူခဲ့သည် ဟူသော မှတ်တမ်းမျိုး မရှိဖူးချေ။

အားလုံးထဲ၌ ဟွာရန်ဖန်း တစ်ယောက်သာ တည်ငြိမ်မှု ရှိနေခဲ့၏။

"စိတ်မပူကြနဲ့… ဆရာက အတွေ့အကြုံ ရင့်ကျက်သလို အရမ်းလည်း အစွမ်းထက်တယ်… ဒီလို ဖြစ်လာမှာကို သူ ကြိုပြီး သိထားတာပဲ"

သူကား ချန်းဖန်၏ မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကို မြင်တွေ့ ခဲ့ရသူ ဖြစ်သည်။

ထိုမှတ်ဉာဏ်များ အရဆိုလျှင် ချန်းဖန်သည် အလွန် အစွမ်းထက်သော ရှေးဟောင်း နတ်ဘုရားများနှင့်ပင် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ထို ရှေးဟောင်း နတ်ဘုရားများနှင့် ယှဉ်ပါက မြေကမ္ဘာ အဆင့်မှာ ပုရွက်ဆိတ် လောက်သာ အစွမ်းထက်သည်။

အခြားတစ်ဖက်၌ ရဲ့မိသားစု၊ ရှောင်မိသားစု၊ ခွန်းလွန်နှင့် ချန်းဖန်အား မုန်းသော လူများကား အောင်ပွဲခံနေကြပြီ ဖြစ်သည်။

"အဘိုးက တကယ်ကြီး မြေကမ္ဘာ နတ်ဘုရား ဖြစ်သွားခဲ့ပြီ…"

ရဲ့ရီရန်ကား အလုံးစုံကို ယုံကြည်နိုင်ခြင်း မရှိသေးချေ။

"ရာစုနှစ် တစ်ခု ကျင့်ကြံပြီးတဲ့ နောက်မှာ အဖေက လုပ်နိုင်ခဲ့ပြီ… အခုက စပြီး သူ့ကို ဘယ်သူမှ မယှဉ်နိုင်တော့ဘူး… ငါတို့ ရဲ့မိသားစုက ကမ္ဘာကို နှစ်တစ်ထောင်လောက် လွှမ်းမိုး နိုင်တော့မှာပဲ"

ရဲ့ပေ့ချန်းက အော်ဟစ် ရယ်မောလိုက်၏။

ရဲ့နန်ထင်းကလည်း ပျော်ရွှင်စွာဖြင့် သူ၏ ဖခင် ဖြစ်သူအား လှမ်းကြည့်နေခဲ့သည်။

"ချန်းပေ့ရွှမ်းက တကယ်ပဲ အစွမ်းထက်တယ်… ဒါပေမဲ့ အဖေ ပြောသလိုပဲ ကျင့်ကြံခြင်း လမ်းကြောင်းမှာ အရေးအကြီးဆုံးက ကံကောင်းမှုနဲ့ မြဲမြံတဲ့ ခံယူချက်ပဲ… အခုဆို အဖေက ချန်းပေ့ရွှမ်းထက် ခြေတစ်လှမ်း သာသွားခဲ့ပြီ"

အဇူရာနဂါး၊ ဒါရိုက်တာရှောင်နှင့် ကျားဖြူ တို့မှာလည်း ဝမ်းမြောက်ဝမ်းသာ အော်ဟစ် ရယ်မော နေခဲ့ကြ၏။

"စစ်နတ်ဘုရား ရဲ့က မြေကမ္ဘာ အဆင့် ဖြစ်လာခဲ့ပြီ… သူရဲ့ ကာကွယ်မှုနဲ့ ဆိုရင် အမေရိကန်တောင် ငါတို့ကို ထိရဲမှာ မဟုတ်တော့ဘူး… ငါတို့ ခွန်းလွန် တောက်ပမယ့် အချိန်ကို ရောက်ပြီ"

ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် အနောက်တိုင်းမှ ချန်းဖန်ကို မုန်းသော ပညာရှင်များကမူ သံပြိုင်ပင် အော်ဟစ်ကာ ရဲ့ချင်စန်းကို အားပေး နေခဲ့ကြသည်။

"သတ်သတ်… ချန်းပေ့ရွှမ်းကို သတ်…"

"ပြပြ… ဘယ်သူက ဘုရင်လဲ ဆိုတာ ပြ"

အတိတ်၌ သူတို့ကား ချန်းပေ့ရွှမ်း၏ ပြိုင်ဘက်ကင်းမှုကို ကြောက်ရွံ့ခဲ့ရရာ တစ်ခွန်းမျှ မပြောရဲခဲ့ချေ။

သို့သော်လည်း ယခုတွင်မူ ရဲ့ချင်စန်းကား မြေကမ္ဘာ အဆင့်သို့ ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ချန်းပေ့ရွှမ်းလည်း သေရပေတော့မည်။

ထိုအချိန်၌ ချင်မိသားစုဝင်များမှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြ၏။

"ချန်းပေ့ရွှမ်းက သောက်ရူးပဲ… ရဲ့ချင်စန်း မလှုပ်ရှားနိုင်တုန်းမှာ သတ်ပစ်လိုက်ရမှာကို သူက တုပ်တုပ်တောင် မလှုပ်ဘူး…"

ချင်မိသားစု၏ အကြီးအကဲများက စိတ်ပျက် လက်ပျက် တွေးလိုက်မိကြ၏။

ချင်အကြီးအကဲ တစ်ယောက် ဆိုလျှင် လှပသော ချင်ယန်နာအား ကြည့်၍…

"ရဲ့ချင်စန်းမှာလည်း မြေးတစ်ယောက် ရှိတယ် တဲ့… သူက ရဲ့ရီရန်လောက် မထူးချွန်ပေမဲ့ အရည်အချင်း တချို့ ရှိတယ်… ယန်နာ ချန်းပေ့ရွှမ်းနဲ့ လက်ထပ်ပွဲကို ငြင်းဆိုပြီး အဲဒီ တစ်ယောက်နဲ့ လက်ထပ်ဖို့ တောင်းဆိုလိုက်… ယန်နာရဲ့ အလှနဲ့ ဆိုရင် သူက ငြင်းမှာ မဟုတ်ဘူး… အဲဒါဆို ငါတို့လည်း ရဲ့မိသားစုနဲ့ မဟာမိတ်တွေ ဖြစ်သွားလိမ့်မယ်"

ချင်ယန်နာ၏ မျက်နှာက ချက်ချင်းပင် ဒေါသဖြင့် နီရဲလာ၏။

သူမကား ကြီးမားသော ဖိအားများကို ခံခဲ့ရပြီး ဖြစ်သည်။ သူမ၏ အတန်းဖော်ဟောင်းများ ဆိုလျှင် မယားငယ်မ ဟုပင် သူမအား ဖုန်းခေါ်ကာ နောက်ပြောင် နေခဲ့ကြပြီး ဖြစ်သည်။

အကယ်၍ အစီအစဉ် ပြောင်းလဲ၍ ရဲ့မိသားစုမှ တစ်ယောက်အား လက်ထပ်ရမည် ဆိုပါက သူမ၏ ဘဝမှာ တံတွေးခွက်၌ တစ်ဘဝလုံး ပက်လက် မြောရချေတော့မည်။

"ငါ ဘယ်တော့မှ လက်မခံဘူး…"

ချင်ယန်နာ၏ မျက်လုံးများက ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေ၏။

တစ်ချိန်တည်း၌ ဝမ်မိသားစု မှာမူ မည်သို့မျှ ထူးထူးခြားခြား ခံစားရပုံ မပေါ်ချေ။ အဘိုးကြီး ဝမ်၏ အမူအရာသည်လည်း တည်ငြိမ်နေဆဲ ဖြစ်၏။

"အဘိုး… ချန်းပေ့ရွှမ်း သေတော့မယ် ထင်တယ်…  အစီအစဉ်က အလုပ် မဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့ ဝမ်မိသားစုက ရန်ကျင်းရဲ့ အဓိက မိသားစုကြီး ဆက်ဖြစ်နေ ဦးမှာပဲ…"

ဝမ်ချန်းက ဆိုလိုက်၏။

အဘွားအို ရွှယ်ဟုန်မေ့က ခေါင်းညိတ်လိုက်သည်။

"အမှန်ပဲ… အဲဒီ ခွေးသားလေးက အစောကြီး တည်းက သေသင့်တာ… သူသာ သေရင် စိတ်ချမ်းသာလို့ ငါနောက်ထပ် အနှစ်နှစ်ဆယ်လောက် ထပ်နေရလိမ့်မယ်"

ဝမ်ကဲ့ချင်နှင့် ဝမ်ကဲ့ဖန်တို့၏ အမူအရာများမှာမူ တည်ငြိမ်နေ၏။ သို့သော်လည်း သူတို့၏ မျက်လုံးများတွင်မူ ပျော်ရွှင်မှုက တစ်စွန်းတစ်စ စွန်းထင်း နေခဲ့သည်။

"ဟူး…"

ဝမ်ကျုံးကောက သက်ပြင်းတစ်ချက် ချလိုက်၏။

"ငါ့တို့ မိသားစုက တရုတ်ကို လွှမ်းမိုးဖို့ အခွင့်အရေး တစ်ခု ရခဲ့ပါတယ်… ဒါပေမဲ့ ကံတရားက မကောင်းတော့လည်း"

သူ၏ ပုံစံက နောင်တရခြင်း အလျင်း ကင်းမဲ့နေ၏။ ချန်းဖန် သေဆုံးသွားလျှင်ပင် သူတို့ အတွက် အရှုံး ရှိလိမ့်မည် မဟုတ်ချေ။

ထိုအချိန်၌ ချန်းဖန်နှင့် ရဲ့ချင်စန်းတို့ကား ကောင်းကင်၌ ရပ်တည်နေဆဲ ဖြစ်၏။

"မြေကမ္ဘာ အဆင့်ကို ရောက်အောင် ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"

ရဲ့ချင်စန်းက ချန်းဖန်အား ဦးညွှတ်လိုက်၏။

"ကျုပ် ကျင့်ကြံခြင်း လောကကို စဝင်ခဲ့တာ နှစ်ပေါင်း တစ်ရာ့သုံးနှစ် ရှိခဲ့ပြီ… မြေကမ္ဘာ အဆင့်ကို ဝင်ရောက်ဖို့က ကျုပ်ရဲ့ ရည်မှန်းချက် ပန်းတိုင်ပဲ… ဒါပေမဲ့ အဲဒီ အဆင့်ကို ဘယ်လိုမှ နီးကပ်အောင် မလုပ်နိုင်ခဲ့ဘူး… တကယ်လို့ နတ်ဘုရား သင်္ချိုင်း တောင်ကြားက မြေကမ္ဘာ အဆင့် နတ်ဘုရား တစ်ယောက်ရဲ့ ဝိညာဉ်နယ်မြေကို မတွေ့ခဲ့ဘူး ဆိုရင်… ကျုပ်အတွက် လမ်းက ပိုပြီး ဝေးနေဦးမှာပါပဲ"

"နောက်ပြီး… မင်းကြောင့်သာ မဟုတ်ရင် ကျုပ်က ဒီနောက်ဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့မှာ မဟုတ်ဘူး…"

ရဲ့ချင်စန်းက နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြန်၏။

သူ၏ စကားကား အမှန်ပင် ဖြစ်သည်။

သူသည် နတ်ဘုရား သင်္ချိုင်း၌ ရရှိခဲ့သော ရတနာများဖြင့် မြေကမ္ဘာ အဆင့် ခန္ဓာကိုယ်ကို ရရှိအောင် လေ့ကျင့်နိုင်ခဲ့သည်။

သို့သော်လည်း သူ၏ ဝိညာဉ် စွမ်းအင်မှာမူ မြေကမ္ဘာ အဆင့်အား တက်လှမ်းရန် အတွက် ကြီးမားသည့် ဖိအား တစ်ခု လိုအပ်နေဆဲ ဖြစ်ခဲ့သည်။

ချန်းဖန်က ပြင်းထန်သော တိုက်ခိုက်မှုကို ဖော်ထုတ်၍ ရဲ့ချင်စန်း လိုအပ်သည့် ဖိအားကို ကူညီပေးခဲ့သည်။

ထို့အပြင် ချန်းဖန်သာ မိုးကြိုးငါးခု ချိပ်တံဆိပ်ကို ပြန်လည် မဆင့်ခေါ်ပဲ အဆက်မပြတ် တိုက်ခိုက်ခဲ့ပါက ချီစွမ်းအား ပြန်လည် မပြည့်ဝ သေးခင်မှာပင် သူ သေနေလောက်ပြီ ဖြစ်သည်။

"ဘဝဟောင်း တစ်ခုရဲ့ အဆုံးသတ်က အခြား ဘဝသစ် တစ်ခုရဲ့ အစတဲ့… မင်းရဲ့ မိုးကြိုးစွမ်းအားက တကယ်ပဲ ဆန်းကျယ်လွန်းတယ်… ကျုပ် မြေကမ္ဘာ အဆင့် ရောက်ပြီးတာတောင် အဲဒါက ကျုပ်ကို ခြိမ်းခြောက်နိုင်တယ်လို့ ခံစားနေရတုန်းပဲ"

ရဲ့ချင်စန်းက အင်္ကျီလက်အား တစ်ချက် ခါယမ်းလိုက်၏။ သူကား ရှေးဟောင်း မိသားစုကြီး တစ်ခုမှ သခင်လေး တစ်ယောက် အလား ခန့်ညား ချောမော နေခဲ့သည်။

ချန်းဖန်မှာမူ မိုးကြိုးငါးခု ချိပ်တံဆိပ်ကို လက်တစ်ဖက်ဖြင့် ကိုင်ရင်း တည်ငြိမ်နေဆဲ ဖြစ်သည်။

"အဆင့် တက်နိုင်ခဲ့တာက ခင်ဗျားရဲ့ ပါရမီနဲ့ ကံကောင်းမှု ကြောင့်ပါ… ခင်ဗျား နေရာမှာ အခြား ကျင့်ကြံသူ တစ်ယောက်ဆို မိုးကြိုး တိုက်ခိုက်မှုကို မခုခံနိုင်ပဲ သေနေလောက်ပြီ… ဒါကြောင့် ကျုပ်ကို ကျေးဇူး တင်စရာ မလိုပါဘူး… ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ ကြင်နာမှုကို ကျုပ် မှတ်သား ထားပါ့မယ်…"

ချန်းဖန်က ပြောရင်း စိတ်လှုပ်ရှားစွာဖြင့် ရဲ့ချင်စန်းအား ကြည့်လိုက်၏။

"ကျုပ်တို့  ဆက်ပြီး ချကြဦးမလား"

ချန်းဖန်၏ အမေးအား ရဲ့ချင်စန်းက ခေါင်းခါလိုက်သည်။

"မြေကမ္ဘာ အဆင့်ကို တက်လှမ်းပြီးတဲ့ နောက်မှာ မင်း ဘာလုပ်နိုင်လဲ ဆိုတာ ကျုပ် မြင်နိုင်စွမ်း ရှိနေပြီ… မင်းရဲ့ အစစ်အမှန်ချီနဲ့ ဓမ္မ စွမ်းအားက မြေကမ္ဘာ အဆင့်လောက် အထိ သန်မာနေပြီးတော့ မင်းရဲ့ ဝိညာဉ်စွမ်းအားကလည်း မိုင်ရာချီ ဧရိယာကို ဖုံးလွှမ်း ပစ်နိုင်နေပြီ…"

"နောက်ပြီး မင်းက သစ်သားဒြပ်စင်နဲ့ ချိတ်ဆက် ထားပြီးတော့…  တိုက်ပွဲ အတွင်းမှာ ပတ်ဝန်းကျင် ဆယ်မိုင် အတွင်း ရှိတဲ့ သစ်သား ဒြပ်စင်တွေကို စုပ်ယူပြီး အသုံးပြုတယ်… အကယ်၍ ကျုပ်သာ ဆယ်မိုင် အတွင်းမှာ ရှိတဲ့ သစ်ပင်တွေ အားလုံးကို ဖျက်ဆီး ပစ်လိုက်ရင် မင်းရဲ့ စွမ်းအား ရင်းမြစ်ကလည်း ခန်းခြောက် သွားလိမ့်မယ်"

ရဲ့ချင်စန်း၏ ပုံစံက အရာရာကို သိသော ပညာရှိကြီး တစ်ယောက်လိုပင်။

"မင်းမှာ နတ်ဘုရား ခန္ဓာကိုယ်လည်း ရှိနေပြီ နတ်ဘုရား ဝိညာဉ်လည်း ရှိနေပြီ နတ်ဘုရား စွမ်းအားလည်း ရှိနေပြီ… ဘာလို့ နောက်တစ်ဆင့်ကို မချိုးဖျက် သေးတာလဲ… ဘာကို စောင့်နေတာလဲ"

ရဲ့ချင်စန်းက ချန်းဖန်အား ပေါ့ပေါ့ပါးပါး မေးလိုက်၏။

သူ၏ ပုံစံက မြေကမ္ဘာ အဆင့်ကို တက်လှမ်းပြီးနောက် ချန်းဖန်အား အရမ်းကြီး အလေးအနက် ထားတော့ဟန် မရချေ။

"ကျုပ်စွမ်းအားနဲ့ ကျုပ်ရဲ့ ရည်ရွယ်ချက်ကို ခင်ဗျား နားလည်မှာ မဟုတ်ပါဘူး… ကျုပ်သာ အလိုရှိရင် ရွှေအမြုတေ အဆင့်၊ ဝိညာဉ် အခြေတည် အဆင့်တွေ ကိုတောင် ချက်ချင်း တက်လှမ်းလို့ ရတယ်… ဒါပေမဲ့ အဲဒါတွေက ကျုပ်အတွက် အဓိပ္ပာယ် မရှိဘူး… အချိန်တွေ ကုန်လွန်သွားတာနဲ့… ခိုင်မာတဲ့ အခြေခံက ဘယ်လောက် အရေးပါသလဲ ဆိုတာ ခင်ဗျား နားလည် လာမှာပါ"

ချန်းဖန်က မိုးကြိုးငါးခု ချိပ်တံဆိပ်ကို လက်တွင် လှည့်ကာ ကစားရင်း ဆိုလိုက်၏။ တစ်ချက်လှည့်တိုင်း မိုးကြိုးငါးခုက အရောင် ငါးမျိုးကို သယ်ဆောင်၍ မြူးထူး ကခုန်နေလေသည်။

"ရဲ့ချင်စန်း… ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီး မနေနဲ့… အစစ်အမှန် စွမ်းအားက ဘာလဲ ဆိုတာ ခင်ဗျားကို ကျုပ်ပြမယ်"

ချန်းဖန်က ပြောရင်း သူ၏ အစစ်အမှန် ချီများကို ဖော်ထုတ်လိုက်၏။ တစ်ချိန်တည်းတွင်ပင် သူ၏ အစွမ်းထက် ခန္ဓာကိုယ်က တစ်ပတ် လှည့်ကာ လက်သီး တစ်ချက်အား ဆန့်ထုတ် လိုက်တော့သည်။

"ဒါက…"

ရဲ့ချင်စန်း ပင်လျှင် အနည်းငယ် ဆွံ့အမိ သွား၏။

ချန်းဖန်သည်ကား မြေကမ္ဘာ အဆင့်ကို သေမျိုး ဘဝနှင့် တိုက်ခိုက်ရဲသည့် ပထမဆုံး တစ်ယောက် ဖြစ်ချေတော့သည်။

***

All Chapters