သူရှုံးပြီလား
Vol. 7 Ch. 622
ချန်းဖန်သည် တိုက်ပွဲစချိန် ကတည်းက အစစ်အမှန် ခွန်အား၏ ခုနစ်ဆယ် ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့သည်။
သူလေ့ကျင့်သော ကျင့်စဉ်သည် ဒြပ်စင် ငါးမျိုး တန်ခိုးရှင် ဂိုဏ်း၏ ထိပ်တန်း ကျင့်စဉ် ဖြစ်သည်။ ထို့အပြင် သူသည် အဆင့်တိုင်း၌ အခြေခိုင်မာအောင် လေ့ကျင့်ခဲ့သေးသည်။
ထိုအရာက ကမ္ဘာမြေပေါ်ရှိ ကျင့်ကြံများထက် ချန်းဖန် ပိုမို သန်မာခြင်း၏ အကြောင်းရင်း ဖြစ်သည်။
ချန်းဖန်သည် ဝိညာဉ်ပင်လယ် အလယ် အဆင့်တွင် ရှိစဉ်ကပင် အမှောင်မြို့စားအား အနိုင်ယူနိုင်ခဲ့သည်။
ယခုတွင်မူ သူသည် ဝိညာဉ်ပင်လယ် ထိပ်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့်အပြင် မူလ အဆင့်သို့ ရောက်ရန်မှာလည်း ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။ ထို့ကြောင့်ပင် သူ၏ အစစ်အမှန် ခွန်အားသည် အဆုံးမဲ့နေပြီ ဖြစ်သည်။
"ဘုန်း…"
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းအောင် ချန်းဖန်၏ မီတာတစ်ရာ ဝန်းကျင်၌ ပင်လယ်ရေ အလား လာရောက် စုဝေး၏။ လက်သီး မထိုးခင်မှာပင် အဝေး၌ ရှိသော လူများသည် ထိုအရာ၏ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများကို ခံစား နေမိပြီ ဖြစ်သည်။
"ချန်းပေ့ရွှမ်းက သူ့ရဲ့ ခွန်အား အစစ်အမှန်ကို ထုတ်မပြသေးတာပဲ…"
အိုလက်နှင့် အခြားလူများမှာ ဆွံ့အ သွားမိကြသည်။
"ဒါပေမဲ့… မြေကမ္ဘာ အဆင့် တစ်ယောက်ရဲ့ စွမ်းအားက ငါတို့ ပုံမဖော်နိုင်တဲ့ အဆင့်မှာ ရှိတယ်… ချန်းပေ့ရွှမ်း ဘယ်လောက်ပဲ အစွမ်း ထက်ထက် သူက လူသား တစ်ယောက်ပဲ ဖြစ်သေးတယ်… နတ်မိစ္ဆာကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
ဂုရုကြီး ဂုဂျာက သူ၏ လက်များကို ဖျစ်ညှစ်ရင်း ဆိုလိုက်၏။
မြောက်ပိုင်းချုံးဂိုဏ်း၏ လူများမှာမူ စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့် နေကြဆဲ ဖြစ်သည်။
"ဟူး…"
ရဲ့ချင်စန်းက သူ၏ အင်္ကျီလက်အား ခါယမ်းလိုက်၏။
မိုင်ပေါင်းများစွာ အတွင်းရှိ အမတေချီများက ချက်ချင်းပင် သူ၏ အင်္ကျီလက်၌ လာရောက် စုစည်းကာ ချန်းဖန်ထံသို့ မြူနှင်း တိမ်များ အလား ပြေးဝင်သွားသည်။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ထိန်းချုပ်ရခြင်းက ရဲ့ချင်စန်း အတွက် အလွန်ပင် လွယ်ကူနေပုံ ရ၏။
"ချန်းပေ့ရွှမ်း… မင်းက ခေါင်းမာ နေတော့လည်း ကျုပ်က ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ပြသ ပေးရမှာပေါ့"
"ဘုန်း…"
အင်အားနှစ်ခု ထိပ်တိုက်တွေ့ရာ ရန်တောင်တန်း တစ်ခုလုံး ငလျင်လှုပ်သည့် အလား တုန်ခါသွားတော့၏။
အဇူရာ အလင်းများနှင့် အင်အား ကြီးမားသော ချီစွမ်းအားများက ကောင်းကင်တစ်လျှောက် လွင့်ပျံနေ၏။ တစ်ချိန်တည်းတွင်ပင် ကြောက်မက်ဖွယ် လှိုင်းများက ချန်းဖန်နှင့် ရဲ့ချင်စန်းတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်ကာ အဘက်ဘက်သို့ တိုးဝှေ့နေသည်။
ထိုစွမ်းအား၏ ပွတ်တိုက်မှုကို ခံရသော တောင်ခြေရှိ သိုင်းပညာရှင်များ ဆိုလျှင် ချက်ချင်း ခန္ဓာကိုယ် ပျက်စီးကာ သေဆုံး ရတော့သည်။
အဝေးရှိ တောင်ထိပ် တစ်ခု၌ ရှိနေသော ဝမ်မိသားစု၊ ရှောင်မိသားစုဝင်များသည်လည်း တုန်ခါမှုကြောင့် မြေပြင်၌ ရပ်တည်နိုင်ခြင်း မရှိတော့ချေ။
ချန်းဖန်နှင့် ရဲ့ချင်စန်း တို့၏ တိုက်ပွဲသည်ကား အချိန်ကြာလေ ပို၍ ပြင်းထန်လေ ဖြစ်နေခဲ့ပြီ ဖြစ်လေ၏။
"ဘုန်း… ဘုန်း… ဘုန်း…"
ချန်းဖန်က လက်သီးချက် သုံးချက် ထိုးလိုက်သော်လည်း ရဲ့ချင်စန်းက အားလုံးကို ပိတ်ဆို့ကာ တားဆီးလိုက်သည်။
ထို့နောက် တစ်ဆက်တည်းပင် ရဲ့ချင်စန်းက သွေးအလင်းတန်း အဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ထိုးတက်သွား၏။
"အပေါ်ကို တက်ရအောင်… ဒီနေရာက တိုက်ခိုက်ဖို့ အတွက် ကျဉ်းလွန်းတယ်"
"ကောင်းပြီလေ…"
ချန်းဖန်၏ ခန္ဓာကိုယ်ကလည်း အဇူရာ အလင်းတန်း အဖြစ် ပြောင်းလဲကာ ရဲ့ချင်စန်း၏ အနောက်သို့ လိုက်ကာ ပျံသန်း၏။
လျှပ်တစ်ပြက် အတွင်းမှာပင် သူတို့သည် မြေပြင် အထက် မီတာ ထောင်ပေါင်း များစွာ အထိ ရောက်ရှိ လာကြ၏။
တိမ်များ၏ အလယ်သို့ ရောက်သည်နှင့် ချန်းဖန်နှင့် ရဲ့ချင်စန်းတို့သည် မည်သည်ကိုမျှ သိုဝှက် မနေတော့ပဲ အစွမ်းကုန် တိုက်ခိုက်ကြတော့သည်။
"ဟူး…"
ရဲ့ချင်စန်းက တိမ်ထုကို နဂါးတစ်ကောင် အသွင် ပြောင်းလဲကာ ချန်းဖန်အား ၎င်း၏ လက်သည်းများဖြင့် ကုတ်ဆွဲစေ၏။
"ထူးထူးခြားခြား ဘာမှ မရှိပါလား"
ချန်းဖန်က နှာခေါင်းရှုံ့ကာ လက်ဝါးကို အရှေ့သို့ တွန်းထုတ်လိုက်သည်။
"ဘုန်း…"
ဆယ်ပေ ရှည်သော အဇူရာ လက်ဝါးက တိမ်များကို ဖြတ်သန်း၍ ထွက်ပေါ်လာကာ ၎င်း၏ လမ်းရှိ အရာအားလုံးကို ဖျက်စီးသည်။
"ဘုန်း…"
ချန်းဖန်၏ လက်ဝါးက တိုက်ရိုက်ပင် တိမ်ထု နဂါးလက်သည်းကို ဖျက်ဆီးသည်။
သို့သော်လည်း ရဲ့ချင်စန်းက ထိုအရာကို ဂရုစိုက်ဟန် မရချေ။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင် မိုင်ပေါင်းများစွာ အတွင်းရှိ ကောင်းကင်နှင့် မြေကြီး၏ အမတေ ချီများကို စုစည်းလိုက်၏။
သူ၏ အသွင်သဏ္ဌာန်ကား ကမ္ဘာမြေကို အစိုးရသည့် နတ်ဘုရား တစ်ပါးအလားပင် ခမ်းနား ထည်ဝါလှသည်။
အခြား တစ်ဖက်၌ ချန်းဖန်ကမူ ကိုယ်ပိုင် စွမ်အားကိုသာ ထုတ်ယူ၍ အသုံးပြုနေခြင်း ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုတိုင်းက ခန္ဓာကိုယ်နှင့် အစစ်အမှန် အမတေကိုသာ အသုံးပြုထားသည်။
လက်သီးချက်…
ခြေကန်ချက်…
ခုတ်ပိုင်းချက်…
သူ၏ လှုပ်ရှားမှုတွင်းက အလွန်အမင်း ပြင်းထန်နေပြီး သူ၏ အသွင် သဏ္ဌာန်က နတ်ဘုရားကို ဆန့်ကျင် တိုက်ခိုက်နေသည့် အကြောက်အလန့် ကင်းမဲ့သော လူတစ်ယောက် အလားပင်။
"ရဲ့ချင်စန်း… ကမ္ဘာရဲ့ စွမ်းအားလောက်ကို အသုံးပြု နိုင်ရုံနဲ့ ဘဝင်မြင့် မနေနဲ့… ကျင့်ကြံသူတွေ ဆိုတာ ဘယ်တော့မှ တိုက်ပွဲတွေနဲ့ ရှောင်လွှဲလို့ မရဘူး… ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ထိန်းချုပ် နိုင်တယ် ဆိုတာက အပေါ်ယံ လောက်ပဲ ရှိသေးတယ်… မင်း အနေနဲ့ ပြိုင်ဘက်ကင်း ဘွဲ့ကို ခံယူချင်ရင် နေကြယ်တွေရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်အောင် အရင် ကြိုးစားသင့်တယ်"
ချန်းဖန်က တိုက်ခိုက်ရင်း ပြောလိုက်၏။
"လေကြီးလိုက်တာ…"
ရဲ့ချင်စန်းက နှာခေါင်းရှုံ့လိုက်၏။
သူသည် မြေကမ္ဘာ အဆင့်သို့ တက်လှမ်းပြီးနောက် ကောင်းကင်မှာ မည်မျှ အလှမ်းကျယ်ကြောင်း ရိုးတိုး ရိပ်တိတ် ခန့်မှန်း နေနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ဤကမ္ဘာတွင်မူ သူ၏ ဖြစ်တည်မှုက ပြိုင်ဘက်ကင်းသည် ဟု သူ ယုံကြည်သည်။
"ချန်းပေ့ရွှမ်း… မင်း မြေကမ္ဘာ အဆင့်ကို မဝင်ရောက် နိုင်သေးတဲ့ အဓိက အကြောင်းရင်းက ဒီကမ္ဘာရဲ့ သဘောတရားတွေကို မဆုပ်ကိုင်နိုင်သေးလို့ပဲ"
ရဲ့ချင်စန်းက ပြောရင်း မီတာ ရာချီ ရှည်လျားသော ရေခဲဓား တစ်စင်းကို တိမ်အတွင်းရှိ မိုးရေများမှ တစ်ဆင့် ဖန်ဆင်းလိုက်၏။
"ဘုန်း…"
ထိုရေခဲဓားက လေယာဉ်တင် သင်္ဘောကြီး တစ်စင်းကို ခုတ်ပိုင်းနိုင်သည့် အားအင်အား သယ်ဆောင်ကာ ချန်းဖန်ထံ တိုးဝင်သည်။
"ငါပြောတာကို မယုံဘူး ဆိုရင်လည်း မင်း ယုံလာတဲ့ အထိ တိုက်ခိုက်ကြတာပေါ့"
ချန်းဖန်က အသံ၏ အမြန်နှုန်းကို သုံးဆ အထိ ချိုးဖျက်ကာ ရေခဲဓားကို ထိုးခွဲလိုက်၏။
"ဟား… ဟား…"
ရဲ့ချင်စန်းကား တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ၏ ပုံစံက စိုးရိမ် ပူပန်မှု ကင်းမဲ့နေ၏။
သူက တိမ်များ အထက်၌ မသာအယာ ရပ်ရင်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲကာ ချန်းဖန်အား အကြိမ်ကြိမ် တိုက်ခိုက်နေခဲ့၏။
"ပျက်စီးစမ်း…"
ချန်းဖန်၏ ဆံပင်များသည် လေထု၌ လွင့်ပျံ နေပြီ ဖြစ်သလို သူ၏ သွေးများသည်လည်း ဆူပွက် နေခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာတွင်မူ အဇူရာ အလင်းများက တဟုန်းဟုန်း ထွန်းတောက် နေခဲ့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်းဖန်က "ကောင်းကင်ပြိုတူ သိုင်းကွက်" ဖြင့် ရဲ့ချင်စန်း၏ တိုက်ခိုက်မှုများကို ခြေဖျက်လိုက်၏။
တစ်ဆက်တည်းပင် သူက "နေဘီး လဘီး သိုင်းကွက်" ကို သုံးကာ ရဲ့ချင်စန်းအား တန်ပြန် တိုက်ခိုက်သည်။
"အသုံးမဝင်ဘူး… ငါပြောခဲ့တဲ့ အတိုင်း မြေကမ္ဘာ အဆင့်ရဲ့ စွမ်းအားကို မင်း တကယ် နားမလည်သေးဘူးပဲ"
ရဲ့ချင်စန်းက ခေါင်းကို ခါလိုက်၏။ ထို့နောက် သူက လက်ဝါးကို ဆန့်ထုတ် လိုက်၏။
"ဘုန်း…"
ကောင်းကင် နှင့် မြေကြီး၏ အမတေချီများက အလိုက်သင့်ပင် သူ၏ လက်ဝါး၌ စုစည်းကာ နေဘီးလဘီးအား ပိတ်ဆို့သည်။ ရဲ့ချင်စန်း၏ လက်ဝါးချက်တွင် နေဘီးလဘီးကား ဆက်လက်၍ မတောက်ပ နိုင်တော့ချေ။
ထိုအရာက ချန်းဖန် ပြန်လည် မွေးဖွားလာချိန် ကစ၍ အစစ်အမှန် သိုင်း သုံးဆယ့် ခြောက်ကွက်၏ ပထမဆုံး ကျဆုံးမှုပင် ဖြစ်၏။
"ချန်းပေ့ရွှမ်း… မင်းရဲ့ နည်းစနစ်တွေက တကယ်ပဲ အစွမ်းထက်တဲ့ နည်းစနစ်တွေပါ… ဒါပေမဲ့ အဲဒါတွေက ငါတို့ အကြားက အဆင့် ကွာခြားချက်ကိုတော့ ထိန်းညှိပေးနိုင်မှာ မဟုတ်ဘူး"
ရဲ့ချင်စန်းက သွေးရောင်လက်သီး တစ်ချက်ကို ထိုးထုတ်လိုက်ရင်း ချန်းဖန်အား နောက်ဆုတ်ရန် ဖိအားပေးလိုက်၏။
"ဘုန်း…"
ချန်းဖန်က ထိုလက်သီးချက်ကို ခုခံလိုက်ရာ ကမ္ဘာ တစ်ခုလုံး ပိကျလာသလို ခံစား လိုက်ရသည်။ သူ၏ စိတ်နှလုံး၌ ရဲ့ချင်စန်း သည်သာ ကမ္ဘာမြေကြီး၊ ရဲ့ချင်စန်း သည်သာ လောက၏ အုပ်စိုးသူ အဖြစ်ပင် မြင်ယောင် လာမိ၏။
ထိုအရာကား မြေကမ္ဘာ အဆင့်၏ အစစ်အမှန် စွမ်းအားပင် ဖြစ်သည်။ သူတို့သည် သူ့တို့ကိုယ် သူတို့ မြေကမ္ဘာနှင့် ချိတ်ဆက်နိုင်ကာ မြေကမ္ဘာ၏ စွမ်းအားကို အသုံးပြု၍ တိုက်ခိုက် နိုင်ကြ၏။
"ဘုန်း…"
ရဲ့ချင်စန်းက ရပ်တန့်ခြင်း မရှိပဲ အခြား လက်သီးချက်များကို ဆက်တိုက် ထိုးလိုက်၏။
သူ၏ လက်သီးချက် တစ်ခုချင်းစီ တိုင်း၌ မတူညီသော ဂိုဏ်းများ၊ မိသားစုများ၏ ကျင့်စဉ် အနှစ်သာရများ ပါဝင်နေသည်။
"ဘုန်း… ဘုန်း…"
ချန်းဖန်က ထိုတိုက်ခိုက်မှုများကို "ကြာပန်း တစ်ထောင်" သိုင်းကွက်ဖြင့် ပိတ်ဆို့လိုက်၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်သည်သာ နောက်သို့မီတာ ရာချီ လွင့်စဉ်ကာ သွေးတစ်လုတ်ပင် အန်လိုက် ရသည်။
"အရှူံးပေးလိုက်တော့… မြေကမ္ဘာ အဆင့်ကို ရှုံးနိမ့်ရတာက ရှက်စရာ မဟုတ်ဘူး"
ရဲ့ချင်စန်းကား ကမ္ဘာမြေပြင်ကို ဧကရာဇ် တစ်ပါးအလား ထိန်းချုပ်နိုင်သည်။ သူ၏ မျက်လုံးများ၌ ချန်းဖန် ကဲ့သို့သော တန်ခိုးရှင်က ပုရွက်ဆိတ် တစ်ကောင်နှင့် မခြားနားချေ။
"ဟားဟား…"
ချန်းဖန်က ရယ်မောရင်း ကောင်းကင်၌ ခိုင်မာစွာ ပြန်လည် ရပ်တည်၏။
"ရဲ့ချင်စန်း… ခင်ဗျားက အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်ကို တားဆီးနိုင်တဲ့ ကမ္ဘာရဲ့ ပထမဆုံးလူပဲ… ခင်ဗျားကို တကယ်ပဲ ချီးကျူးမိပါတယ်"
ထို့နောက် ချန်းဖန်၏ ဖြည်းညင်းစွာဖြင့် တိုက်ခိုက်မှု ပုံစံတစ်ခုကို ဖော်ထုတ်လိုက်၏။
"ဘုန်း…"
ရုတ်တရက် သူ၏ အနောက်၌ ကြယ်အစုအဝေး တစ်ခု ပေါ်လာကာ သူ၏ ခန္ဓာကိုယ်အား ရွှေရောင် အသွင်ဖြင့် ဝန်းရံသည်။
ထိုအခိုက်၌ ချန်းဖန်၏ အသွင်သဏ္ဌာန်က မရှုံးနိမ့် နိုင်သည့် စစ်နတ်ဘုရား တစ်ပါးနှင့် မခြားနာတော့ချေ။
"အစစ်အမှန် နတ်ဘုရား လက်သီး…"
ထိုအရာကား အစစ်အမှန် သိုင်းသုံးဆယ့် ခြောက်ကွက်၏ အထက်၌ ရှိနေသော ကျင့်စဉ် နည်းစနစ် တစ်ခုပင်။
***