မြေကမ္ဘာ အဆင့်အား အနိုင်ယူခြင်း
Vol. 7 Ch. 623
"အစစ်အမှန် နတ်ဘုရား လက်သီး ..."
ထိုအရာသည် စကြဝဠာကို လွှမ်းမိုးခဲ့သည့် အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်းကြီး၏ တိုက်ခိုက်ရေး နည်းစနစ်တစ်ခု ဖြစ်ပြီး အတွင်းစည်း တပည့်များသာလျှင် ထိုနည်းစနစ်ကို လေ့ကျင့်ခွင့် ရကြသည်။
ချန်းဖန်သည် ထိုနည်းစနစ်ကို သုံး၍ စစ်နတ်ဘုရား ဘားကို သတ်ဖြတ် ဖူးခဲ့သည်။ သို့သော်လည်း ဘားကို တိုက်ခိုက်ခဲ့သည့် လက်သီးချက်သည် သူ၏အင်အား အပြည့်အဝကို ကိုယ်စား မပြုခဲ့ချေ။
"ဘုန်း ...ဘုန်း ... ဘုန်း ..."
လက်သီးချက် ထွက်ပေါ်လာသည်နှင့် ကောင်းကင် တစ်ခုလုံး၌ တော်လဲသံများနှင့် ပြည့်နှက်သွားကာ လျှပ်စီးများကလည်း ပြိုးပြိုးပြက်ပြက် လင်းလက်ကြသည်။
ထိုအရာ၏ ဖိအားအောက်၌ တိမ်များသည် အထက်သို့ တက်ကာ ငွေ့ရည်ဖွဲ့၍ မိုးစက်၊ မိုးပေါက်များပင် စတင် ရွာသွန်းလာသည်။
"ဒါက ... လူသား ကမ္ဘာရဲ့ နည်းစနစ် မဟုတ်ဘူး"
ရဲ့ချင်စန်း၏ အမူအရာက အလွန်တရာ လေးနက် လာခဲ့၏။
တိုက်ကွက် ပြင်ဆင်ခြင်းမှ ထွက်ပေါ်လာသော အရှိန်အဝါများကို ကြည့်၍ ထိုတိုက်ခိုက်မှုမှာ မည်မျှ အစွမ်းထက်ကြောင်း သူ ခံစားမိနေပြီ ဖြစ်သည်။
ထိုအရာက ကမ္ဘာနှင့် မသက်ဆိုင်သည့် စွမ်းအားတစ်ခုအလား ခမ်းနားကြီးကျယ်ပြီး ကောင်းကင်ကိုပင် ဖျက်ဆီး ပစ်နိုင်ပုံ ရသည်။
"ဒါပေါ့ ... ဒီလက်သီး နည်းစနစ်က အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ နည်းစနစ်လေ"
ချန်းဖန်က လက်ကို မြှောက်လိုက်သည်နှင့် ကောင်းကင်က တုန်လှုပ်လာ၏။ ထိုခဏ၌ ချန်းဖန်၏ အစစ်အမှန် အမတေများသည် ရွှေရောင် အလင်း အသွင်သို့ ပြောင်းလဲသွားသည်။
သူ၏ခန္ဓာကိုယ် ပတ်လည်တွင်မူ ကြယ်အစုအဝေး သဏ္ဌာန် သန့်စင်သော ရွှေရောင် အလင်းများက ဝန်းရံနေကာ မြင့်မြတ်သော အရှိန်အဝါများအား ထုတ်လွှတ်နေ၏။
"အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်း" ၏ တပည့်များသည် ထိုပြိုင်ဘက်ကင်း နည်းစနစ်ကို သုံးကာ စကြဝဠာ အတွင်းရှိ မည်သည့် အဆင့်တူကိုမဆို လွယ်ကူစွာ အနိုင်ယူနိုင်ကြသည်။ သူတို့သည် ဝိညာဉ်ပင်လယ် အဆင့်ဖြင့်ပင် ထိုနည်းနစ်ဖြင့် ကျင့်ကြံခြင်း လောက၏ မူလဝိညာဉ် အဆင့် ကျင့်ကြံသူများကို တိုက်ခိုက်ကြသည်။
"ဘုန်း ..."
ချန်းဖန်က လက်သီးအား မြှောက်ကာ ထိုးချလိုက်သည်။
"ဘုန်း ..."
လက်သီး ထွက်ပေါ်လာသည်နှင့် ကမ္ဘာကြီး ပြောင်းပြန်ဖြစ်ကာ နေနှင့်လတို့ ပေါက်ကွဲသွားသည့် အလား ...
ဂလက်စီကြီး တစ်ခုလုံး တစ်စစီ ကွဲထွက်သွားသည့် အလား ...
အစစ်အမှန် နတ်ဘုရားလက်သီးကား စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်အောင် ပြင်းထန်လှ၏။
ထိုလက်သီးကို ကြည့်ရင်း ရဲ့ချင်စန်းသည် ဂြိုဟ်များနှင့် ကြယ်ပေါင်းများစွာ သူ့အပေါ် ပြိုကျလာသည့် အလား ခံစားလာရသည်။
"ဒီနည်းစနစ်က ငါ့နဲ့ ကမ္ဘာမြေကြီး ဆက်သွယ်မှုကိုတောင် ဖျက်ဆီးပစ်နိုင်တာပဲ"
ရဲ့ချင်စန်းသည် အနည်းငယ် ထိတ်လန့် လာမိသည်။
သို့သော်လည်း ချန်းဖန်၏ လက်သီးက ရောက်ရှိလာပြီ ဖြစ်ရာ သူ့တွင် စဉ်းစားရန် အချိန် များများစားစား မရှိချေ။
"ဟူး ..."
ရဲ့ချင်စန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ လက်ဝါး၌ ဓမ္မ ချိပ်တံဆိပ် တစ်ခု ပေါ်လာခဲ့သည်။
"ဧကရာဇ်ကောင်ရဲ့ နေမင်း ချိပ်တံဆိပ် ..."
ထိုအရာကား တန်ဒြာဗုဒ္ဓ ဘုရားကျောင်း၏ အစွမ်း အထက်ဆုံး အကာအကွယ် ချိပ်တံဆိပ် နည်းစနစ် တစ်ခု ဖြစ်၏။
ထိုနည်းစနစ်သည် စကြဝဠာ၏ အမျိုးအမည် မသိ စွမ်းအားများကိုပင် တွန်းလှန်နိုင်ကာ ကမ္ဘာ၏ အစွမ်း အထက်ဆုံး အကာအကွယ် လက်ဝါး နည်းစနစ် တစ်ခုဟုပင် သတ်မှတ်နိုင်သည်။
ရဲ့ချင်စန်းပင်လျှင် မြေကမ္ဘာ နတ်ဘုရား မဖြစ်ခင် အချိန်အထိ ထိုနည်းစနစ်ကို အသုံး မပြုနိုင်ခဲ့ချေ။
"သွား ..."
ရဲ့ချင်စန်းက လက်ဝါးကို ဆန့်ထုတ်လိုက်သည်။
"ဘုန်း ..."
အမတေ ချီများက သူ၏ လက်ဝါးထိပ်၌ စုစည်းကာ သွေးရောင် ချိပ်တံဆိပ် တစ်ခုကို ဖွဲ့စည်းသည်။
ထိုချိပ်တံဆိပ်က အမတေချီ အားလုံးကို စုပ်ယူ ပြီးသည်နှင့် တရားစာ ရွတ်ဖတ်သံများနှင့် အတူ ကြီးမားသော ဗုဒ္ဓ လက်ဝါးကြီး အဖြစ် ပြောင်းလဲသည်။
ထိုအခိုက်တွင်ပင် ချန်းဖန်၏ ရွှေရောင် လက်သီးချက်က သူ့ထံသို့ အချိန်ကိုက် ရောက်ရှိ လာခဲ့တော့သည်။
"ဘုန်း ..."
ကောင်းကင်၌ သွေးရောင် ဗုဒ္ဓလက်ဝါးနှင့် ရွှေရောင် လက်သီးတို့သည် ထိပ်တိုက် တွေ့ကြ၏။
ရဲ့ချင်စန်းသည် ကြီးမားသော ဖိအားကို တောင့်ခံရင်း ဗုဒ္ဓ လက်ဝါးကို ထိန်းချုပ်သည်။ သို့သော်လည်း ရွှေရောင် လက်သီးကား သူ တားဆီးနိုင်သည့် အဆင့်၌ ရှိ မနေခဲ့ချေ။
"ဘုန်း ..."
ရုတ်တရက် ဗုဒ္ဓလက်ဝါး ပျက်စီးကာ ရဲ့ချင်စန်း၏ ခန္ဓာကိုယ်သည်လည်း အနောက်သို့ မီတာ ရာပေါင်းများစွာ အထိ လွင့်စဉ် သွားရတော့၏။
"မဖြစ်နိုင်ဘူး ..."
ရဲ့ချင်စန်းက ပါးစပ်ထောင့်မှ သွေးများကို သုတ်ရင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
ဧကရာဇ်ကောင်၏ နေမင်း ချိပ်တံဆိပ်သည် တန်ဒြာဗုဒ္ဓ ဘုရားကျောင်း၏ ထိပ်တန်း အကာအကွယ် နည်းစနစ် တစ်ခု ဖြစ်သည်။
မှတ်တမ်းများ အရဆိုလျှင် ထိုနည်းစနစ်သည် ဗောဓိသတ္တ ကိုယ်တိုင် ချန်ရစ်ခဲ့သော မြေကမ္ဘာ အဆင့်ထက် မြင့်သည့် နည်းစနစ် တစ်ခု ဖြစ်သည်။
သို့သော်လည်း ထိုသို့သော လက်ဝါး ချိပ်တံဆိပ် နည်းစနစ်ပင်လျှင် ချန်းပေ့ရွှမ်း၏ လက်သီးချက်ကို မတားဆီးနိုင်ခဲ့ချေ။
"သူ့ရဲ့နတ်ဘုရား လက်သီးချက်က စတီးထက် အဆပေါင်းများစွာ သန်မာတယ် ... ငါ့ရဲ့ ချိပ်တံဆိပ်က အရမ်း အစွမ်းထက် ဆိုပေမဲ့လည်း သူ့လက်သီးနဲ့ ယှဉ်ရင် စက္ကူ တစ်ခုလိုပါပဲလား"
ထိုအတွေးက ရဲ့ချင်စန်းကို ထိတ်လန့်စေ၏။
"သူက မြေကမ္ဘာ အဆင့်ကိုတောင် မရောက်သေးဘူး ... ဒါတောင် ဘာလို့ အခုလောက် အထိ အစွမ်းထက် နေရတာလဲ ... သူက အဲဒီ လက်သီး နည်းစနစ်ကို ဘယ်က ရတာလဲ ... သူပြောတဲ့ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း ဆိုတာကြီးကို ဘယ်မှတ်တမ်းတွေ ထဲမှာမှ ငါ မတွေ့ဖူးပါဘူး"
ရဲ့ချင်စန်းက တုန်လှုပ်စွာ တွေးလိုက်မိ၏။
"ဒုတိယ လက်သီးချက် ..."
ထိုအချိန်မှာပင် ချန်းဖန်၏ လက်သီးချက်က နောက်တစ်ကြိမ် တိုးဝင် လာပြန်ပြီ ဖြစ်သည်။ ထိုလက်သီးချက်ကား ပထမ လက်သီးချက် ထက်ပင် ပိုမို၍ အစွမ်းထက်ပုံ ပေါ်၏။
ရွှေရောင် နေမင်းက ချန်းဖန်၏ အနောက်၌ ဖြစ်တည် နေကာ သူ၏ နတ်ဘုရား စိတ်အာရုံ၊ အစစ်အမှန် အမတေ စသည့် စွမ်းအား အလုံးစုံကား ရွှေရောင် အလင်းစက်ဝိုင်း အသွင် ပြောင်းလဲနေပြီ ဖြစ်သည်။
"ဘုန်း ..."
သူက လက်သီးထိုးလိုက်သည်နှင့် ရွှေရောင် အလင်းစက်ဝိုင်းက ကောင်းကင်အား ဖြတ်သန်း၍ လှည့်ပတ်ကာ အလုံးစုံကို ဖျက်ဆီးသည်။
"မင်းက ... မြေကမ္ဘာ အဆင့် မဟုတ်သေးပဲနဲ့ ငါ့ကို ဘယ်လို အနိုင်ယူနိုင်မှာလဲ"
ရဲ့ချင်စန်း၏ မျက်လုံးများကား ရူးသွပ်မှုဖြင့် ရဲရဲနီနေခဲ့ပြီ ဖြစ်လေ၏။
သူက ချန်းဖန်၏ လက်သီးအား တားဆီးရန် အလို့ငှာ ထိပ်တန်းလျှို့ဝှက် နည်းစနစ်များကို သုံး၍ အကာအကွယ် အလင်းများအား ထုတ်ဖော်လိုက်၏။
သူသည် ခရစ်ယာန် ဘုရားကျောင်း၏ လျှို့ဝှက် နည်းစနစ်များနှင့် ရှေးဟောင်း မှော်ဆရာများ၏ ဓမ္မ အစီအရင်များကိုပင် ထုတ်သုံးခဲ့သည်။
သူ၏ သွေးကြောများ ဆိုလျှင် အကန့်အသတ်သို့ ရောက်မှုဖြင့် ဖောင်းကြွ နေခဲ့လေပြီ ဖြစ်သည်။
"အစစ်အမှန် နတ်ဘုရား လက်သီးကို ရင်ဆိုင်တဲ့ အချိန်မှာ ဘယ်နည်းစနစ်ကမှ အသုံး မဝင်ဘူး"
ချန်းဖန်က ရေရွတ်ရင်း လက်သီးအား ဆန့်ထုတ်လိုက်၏။
"ဘုန်း ..."
ရွှေရောင် အလင်းလုံးက အရွယ်အစား ကြီးမားလာကာ အထက်စီးမှနေ၍ ရဲ့ချင်စန်း၏ အပေါ်သို့ ကျသည်။
"ခရက် ... ခရက် ..."
အကာအကွယ် ဓမ္မအစီအရင်များ၊ မှော်ကျင့်စဉ်များ အားလုံးကား ရွှေရောင် အလင်းစက်ဝိုင်း၏ တိုက်စားမှု၌ အလုံးစုံ ပျက်စီးရ၏။
"အား ..."
ရဲ့ချင်စန်းက အော်ဟစ်ရင်း ဆယ်မိုင် အတွင်းရှိ အမတေချီ အားလုံးကို စုစည်းလိုက်၏။ ထို့နောက် သူက ထို အမေတေ ချီအားလုံးကို သူ၏ လက်သီး၌ စုစည်းကာ ချန်းဖန်၏ ရွှေရောင် အလင်း စက်ဝိုင်းကို ထိုးချလိုက်သည်။
သို့သော်လည်း ထိုအရာက အသုံးမဝင်လှချေ။
"ဘုန်း ..."
ရဲ့ချင်စန်း၏ ခန္ဓာကိုယ်သည် နောက်သို့ မီတာ ထောင်ပေါင်းများစွာ အထိ လွင့်စဉ်သွားကာ သွေးများ အဆက်မပြတ် အန်လိုက်ရ၏။
သူကား မြေကမ္ဘာ နတ်ဘုရား၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်တိုင် အချိန်မရွေး ခန္ဓာကိုယ် ပျက်စီးတော့မလိုပင် ခံစားနေခဲ့ရတော့သည်။
ထိုအချိန်၌ ချန်းဖန်ကမူ ကောင်းကင်၌ မရှုံးနိမ့်နိုင်သည့် စစ်နတ်ဘုရား တစ်ပါးအလား ရပ်တည် နေဆဲပင်။
"လာစမ်း ..."
ချန်းဖန်က ရွှေရောင်အလင်းများအား ညာဘက်လက်၌ စုဝေးစေကာ ရွှေရောင် အလင်းစက်ဝိုင်း တစ်ခုကို ထပ်မံ ဖန်တီးလိုက်၏။
"တတိယ လက်သီးချက် ..."
ချန်းဖန်၏ အမူအရာက အလွန်အမင်း တည်ငြိမ် လေးနက် နေ၏။
"ဘုန်း ..."
ရုတ်တရက် သူ၏ မျက်လုံးများမှ ရွှေရောင် နဂါးနှစ်ကောင်က ပေါက်ကွဲ ထွက်ပေါ်လာကာ သူ၏ ညာလက်ထက်မှ အလင်းစက်ဝိုင်း အတွင်း စီးဝင်သည်။
ရွှေရောင် နဂါးနှစ်ကောင်၏ ပေါင်းစပ်မှုတွင် အလင်း စက်ဝိုင်းက နှစ်ဆမျှအထိ ပိုမို ကြီးမားလာ၏။
တစ်ချိန်တည်းတွင်ပင် ရဲ့ချင်စန်းက ချန်းဖန်၏ တိုက်ခိုက်မှုအား အပြည့်အဝ အာရုံစိုက်ကာ ကြည့်နေခဲ့၏။
"လာစမ်း ..."
ရဲ့ချင်စန်းက အော်ဟစ်လိုက်ရာ မိုင်နှစ်ဆယ် အတွင်းရှိ အမတေချီများက သွေးရောင် တိမ်တိုက်များ အဖြစ် သူ၏ နောက်၌ စုဝေးလာသည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင် တစ်ခုလုံးကား သွေးတိမ် ဆိုင်ကလုန်း မုန်တိုင်းဖြင့် ပြည့်နှက် သွားတော့၏။
"ဘာတွေ ဖြစ်နေတာလဲ ..."
လူများစွာက မြေပြင်မှ နေ၍ ကောင်းကင်၌ ဖြစ်ပေါ်နေသော ရွှေရောင် အလင်းစက်ဝိုင်းနှင့် သွေးရောင် တိမ်တိုက် မုန်တိုင်းတို့အား မော့ကြည့်နေမိ ကြသည်။
သူတို့အနေဖြင့် မီတာထောင်ချီ အကွာအဝေး၌ တိုက်ခိုက်နေသည့် ရဲ့ချင်စန်းနှင့် ချန်းဖန်တို့အား ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း မရှိကြချေ။
"ရဲ့ချင်စန်း နိုင်မှာ သေချာတယ် ..."
ဂျပန်၊ ကိုရီးယားနှင့် အရှေ့တောင် အာရှ၏ ပညာရှင်များက ထိုအချက်ကို သဘောတူကြသည်။
သူတို့သည် ရဲ့ချင်စန်းကို ကြည့်မရသော်လည်း ချန်းဖန်သည်သာ သူတို့၏ အသည်းနှလုံးထဲမှ မုန်းတီးရွံရှာသူ ဖြစ်သည်။ ထို့ကြောင့် သူတို့က ချန်းဖန်ကို သေစေချင်နေသည်မှာ မထူးဆန်းချေ။
တရုတ်ပညာရှင်များတွင်လည်း လူအများစုက ရဲ့ချင်စန်းကိုသာ အားပေးကြသည်။ ချန်းဖန်အား နိုင်စေချင်သူ ဟူ၍ မြောက်ပိုင်းချုံးဂိုဏ်းနှင့် ဆက်စပ် ပတ်သက်နေသော လူတချို့သာလျှင် ရှိသည်။
"မြေကမ္ဘာ အဆင့် တစ်ယောက်ကို သေမျိုး တစ်ယောက်က ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး ... ချန်းပေ့ရွှမ်းက အရမ်းကို အစွမ်းထက်တယ် ဆိုပေမဲ့ အရှင်ရဲ့က ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို အလွယ်ကလေး ထိန်းချုပ် နေနိုင်ပြီ ... သူက ဘယ်တော့မှ ရှုံးနိမ့်မှာ မဟုတ်ဘူး"
ဂုရုကြီး ဂုဂျာက လေးစားသော လေသံဖြင့် ဆိုလိုက်၏။
သူသည် မြေကမ္ဘာနတ်ဘုရား အဆင့် "ရဲ့ချင်စန်း" အား "အရှင်ရဲ့" ဟူသော နာမ်စားကိုပင် သုံးနှုန်းကာ ရည်ညွှန်းနေခဲ့ပြီ ဖြစ်သည်။
"ဟုတ်တယ် ... လူသားတစ်ယောက်က နတ်မိစ္ဆာ တစ်ယောက်ရဲ့ စွမ်းအားကို ဘယ်လို နည်းနဲ့မှ နားလည် သဘောပေါက်နိုင်မှာ မဟုတ်ဘူး ... ချန်းပေ့ရွှမ်းက အရမ်းကို မောက်မာလွန်းတယ် ... သူ့အနေနဲ့ နောက် နှစ်အနည်းငယ်လောက် စောင့်ပြီးမှသာ ရဲ့ချင်စန်းကို စိန်ခေါ်သင့်တယ်"
ရွှေရောင် ဘုန်းတော်ကြီးက ချန်းဖန် အတွက် ခေါင်းခါလိုက်မိသည်။
ထိုအချိန်၌ အိုလက်ပင်လျှင် ရဲ့ချင်စန်းသာ အနိုင်ရလိမ့်မည်ဟု တွေးထင် နေခဲ့ပြီ ဖြစ်သည်။
ရန်ကျင်း၏ မိသားစုကြီးများသည်လည်း ရဲ့ချင်စန်းဘက်သို့သာ ပြောင်း၍သာ အားပေးကြတော့၏။
"ဗိုလ်ချုပ်ရဲ့က တကယ် ပြိုင်ဘက်ကင်းပဲ"
"ဗိုလ်ချုပ်ရဲ့ ဟုတ်လား ... သူ့ကို အရှင်ရဲ့လို့ပဲ ခေါ်သင့်တယ်"
"ဂုဏ်ယူပါတယ် သခင်ကြီးရှောင် ... အရှင်ရဲ့ရဲ့ ပံ့ပိုးမှုနဲ့သာ ဆိုရင် ရှောင်မိသားစုက ဘယ်တော့မှ ကျဆင်းမှာ မဟုတ်တော့ဘူး"
ရန်ကျင်း၏ မိသားစုကြီးများစွာမှ လူများက အဘိုးကြီးရှောင်ထံသို့ တစ်ယောက်ပြီး တစ်ယောက် သွားရောက်ကာ ဂါရဝ ပြုနေကြသည်။
ထိုအခိုက်၌ အဘိုးကြီးရှောင်ကား မေးကို မော့ကာ အောင်နိုင်သူ တစ်ယောက် အလား ပြုံးဖြီးနေတော့၏။ တစ်ချိန်တည်းတွင်ပင် ရှောင်မိသားစု၏ မိသားစုဝင်များမှာလည်း အကြီးအကျယ် အောင်ပွဲ ခံနေကြပြီ ဖြစ်သည်။
"စောစောတုန်းကတော့ ချင်မိသားစုက ချင်ယန်နာနဲ့ ငါ့ဆရာကို လက်ထပ် စေချင်ကြတယ် ... အခုတော့ သူတို့က ရှောင်မိသားစုကိုတောင် သွားပြီး ဂုဏ်ပြု နေကြပြီ ... အဲဒီအထဲမှာ ဝမ်မိသားစုက လူတွေတောင် ပါသေးတယ် ... ဝမ်ကျုံးကောကလည်း သူတို့ကို လုံးဝ မတားဘူး ... လူတွေများ ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်သလဲ ... ဒါတောင် ဆရာက ရှုံးသေးတာ မဟုတ်ဘူး"
အားရှို့က နှာခေါင်းရှုံ့လိုက်၏။
အန်ရာနှင့် ဝမ်ရှောက်ယွင်တို့ကမူ ကောင်းကင်သို့သာ စိတ်ပူစွာဖြင့် မော့ကြည့် နေခဲ့ကြသည်။
"သောက်ရူး ချန်းပေ့ရွှမ်း ... မင်း အခု သေရတော့မယ် ... ဟမ့် မင်းကို ငါ့လက်နဲ့ မသတ်လိုက်ရတာ နှမြောစရာပဲ"
ကျောင်းယုက ကောင်းကင်သို့ မော့ကြည့်ရင်း ရေရွတ်လိုက်၏။
"ဘုန်း ..."
ထိုအချိန်မှာပင် မီးနှင့် သွေးအလင်းများ ဝန်းရံနေသည့် လူရိပ်တစ်ခုက ကောင်းကင်မှ နေ၍ ရန်တောင်ထိပ်သို့ ကြယ်ကြွေသည့်အလား ပြုတ်ကျလာ၏။ ထိုအရှိန်ကြောင့် ရန်တောင်ထိပ်၌ ကြီးမားသော ချောက်ကြီး တစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။
"ဘယ်သူ ရှုံးသွားတာလဲ ..."
လူတိုင်းက ပျော်ရွှင်စွာဖြင့် ရန်တောင်ထိပ်သို့ ကြည့်လိုက်ကြ၏။
ထိုအခိုက်မှာပင် ကောင်းကင်မှ အခြား လူရိပ် တစ်ခုက ဖြည်းညင်းစွာဖြင့် ထပ်မံ ဆင်းသက် လာသည်အား လူတိုင်း တွေ့လိုက်ရပြန်သည်။
ထိုလူရိပ်သည် အနက်ရောင် ဆံပင်ရှည်များနှင့် နက်မှောင်သော မျက်လုံးများကို ပိုင်ဆိုင်၏။ သူ၏ရုပ်ရည်က အလွန်အမင်း ချောမောကာ သူ၏ ခန္ဓာကိုယ်၌ အဖြူရောင် ဝတ်စုံတစ်ခုကို ဆင်မြန်းထားသည်။
"ချန်းပေ့ရွှမ်း ..."
လူတိုင်းက အဖြူရောင် လူရိပ်ကို ကြည့်ရင်း မယုံကြည်နိုင်စွာ ရေရွတ် လိုက်မိကြတော့သည်။
***