ဆွံ့အမှု
Vol. 7 Ch. 624
ကောင်းကင်မှ ဒုတိယ ကျဆင်းလာသော လူငယ်သည် ချန်းပေ့ရွှမ်း ဖြစ်သည်။ ဤသို့ဆိုလျှင် ရန်တောင်ထိပ်သို့ အရှိန်ပြင်းစွာ ကျဆင်းသွားသော ပထမ လူရိပ်က ရဲ့ချင်စန်းပင် ဖြစ်ရမည်။
လူတိုင်းကား တိုက်ပွဲ၏ ရလဒ်ကို ခန့်မှန်းမိ နေခဲ့ပြီ ဖြစ်သည်။
ရဲ့ချင်စန်း၏ ရှုံးနိမ့်မှု ...
မြေကမ္ဘာ နတ်ဘုရား၏ ရှုံးနိမ့်မှု ...
ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ထိုအရာက မည်ကဲ့သို့ အဓိပ္ပာယ် ရှိမည်နည်း။
မြေကမ္ဘာ နတ်ဘုရား တစ်ယောက်က အဘယ်ကြောင့် သေမျိုးတစ်ယောက်ကို ရှုံးနိမ့်ရမည်နည်း။
"မဖြစ်နိုင်ဘူး ... အရှင်ရဲ့က ဘယ်တော့မှ ရှုံးမှာ မဟုတ်ဘူး"
အဘိုးကြီးရှောင် အပါအဝင် ရှောင်မိသားစုဝင် အားလုံးမှာ ခေါင်းကို ခါ၍ ရလဒ်အား လက်ခံရန် ငြင်းဆန်ကြသည်။
ခွန်းလွန်နှင့် အခြားသော မိသားစုကြီး များစွာမှာမူ ယခု အချိန်အထိ ဆွံ့အနေကြဆဲ ဖြစ်၏။
"ရဲ့ချင်စန်းက နိုင်သွားတာလား ..."
အချိန်တစ်ခုကြာ ဆွံ့အနေပြီးနောက် ရွှေရောင် ဘုန်းတော်ကြီးက မေးလိုက်သည်။
"အရှင်ရဲ့က နတ်မိစ္ဆာ တစ်ယောက် ဖြစ်လာတာတောင် ချန်းပေ့ရွှမ်းဆီမှာ ရှုံးနိမ့်ခဲ့ရတယ် ... ဒါက မယုံကြည်နိုင်စရာ ကောင်းလွန်းတယ် ... ဒဏ္ဍာရီတွေ ရာဇဝင်တွေ ထဲမှာတောင် ဒီလို အဖြစ်အပျက်မျိုး မကြားဖူးဘူး"
ဂုရုကြီး ဂုဂျာက သူ၏ လက်များကို ဖျစ်ညှစ်ကာ တည်ငြိမ်အောင် ထိန်းသိမ်းနေ၏။
အိုလက်နှင့် အခြားသော တန်ခိုးရှင်များမှာမူ တိတ်ဆိတ် နေခဲ့သည်။ မြေကမ္ဘာ အဆင့် တစ်ယောက်၏ မွေးဖွားလာမှုနှင့် ရှုံးနိမ့်မှုက အလွန်တရာပင် မြန်ဆန်လွန်းသည်။ သူတို့သာ ထိုအဖြစ်အပျက်ကို တစ်ဆင့်ခံ ကြားရပါက ယုံကြည်နိုင်မည် မဟုတ်ချေ။
အခြားတစ်ဖက်၌ မြောက်ပိုင်းချုံး ဂိုဏ်းဝင်များကား အောင်ပွဲခံနေခဲ့ကြပြီ ဖြစ်သည်။
"ဆရာနိုင်ပြီ ... ဆရာနိုင်ပြီ ..."
အားရှို့က ခုန်ပေါက်၍ ပျော်ရွှင်စွာ အော်ဟစ် နေ၏။ ဝမ်ရှောက်ယွင်၊ အန်ရာ၊ ဖန့်ချုံးတို့၏ မျက်နှာများသည်လည်း ပြုံးရွှင်နေခဲ့ပြီ ဖြစ်သည်။
သူတို့သည် ချန်းဖန်ကို အပြည့်အဝ ယုံကြည်သည့်တိုင် ပြိုင်ဘက်က မြေကမ္ဘာ အဆင့်သို့ တက်လှမ်းသွားသည့် အချိန်မှ စ၍ စိုးတထိတ်ထိတ်ဖြင့် တိုက်ပွဲရလဒ်ကို စိတ်ပူ နေခဲ့ကြမိသည်။
သို့သော်လည်း ချန်းဖန်သည် မြေကမ္ဘာ အဆင့်ကို အနိုင်ယူနိုင်ခဲ့သည်။ အနာဂတ်၌ မည်သူက မြောက်ပိုင်းချုံးဂိုဏ်းနှင့် ချန်းမိသားစုတို့အား ထိရဲတော့မည်နည်း။
"ကျုပ် ခင်ဗျားတို့ကို မပြောဘူးလား ... မြေကမ္ဘာ နတ်ဘုရားတောင် ဆရာ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ..."
ဟွာရန်ဖန်းက သူ၏ မုတ်ဆိတ်မွေးရှည်ကြီးများကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။
ထိုအချိန်၌ နဂါးသခင်ကြီး ရှဲ့ရန်မှာမူ ချန်းဖန်အား လေးစားသထက် လေးစား လာနေမိတော့သည်။
"သူက မြေကမ္ဘာအဆင့် တစ်ယောက် ကျင့်ကြံခဲ့တဲ့ ကျင့်စဉ်ကို စိတ်မဝင်စားတာ မထူးဆန်းဘူးပဲ ... မြေကမ္ဘာ အဆင့်က သူ့ရဲ့ ရည်မှန်းချက် ဟုတ်ပုံ မရဘူး"
ထိုအချိန်၌ ချင်မိသားစုဝင်များမှာ ခေါင်းကို ငိုက်စိုက်ကာ ယူကျုံးမရ ဖြစ်နေခဲ့၏။ သူတို့သည် စောစောကပင် ချန်းဖန်နှင့် ချင်ယန်နာတို့၏ လက်ထပ်ပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။
ထို့အပြင် ရဲ့မိသားစုထံသို့ လူတစ်ယောက် စေလွှတ်ကာ ချင်ယန်နာကို ရီပေ့ချန်း၏ သားနှင့် လက်ထပ်ရန် အထိပါ ကမ်းလှမ်းထားခဲ့သည်။
သို့သော်လည်း ယခုတွင်မူ မထင်မှတ်စွာပင် ချန်းပေ့ရွှမ်းက မြေကမ္ဘာ နတ်ဘုရား ရဲ့ချင်စန်းအား အနိုင်ယူခဲ့သည်။
"ငါတွေ လုပ်ခဲ့မိတာပါလိမ့် ..."
အဘိုးကြီးချင်က နောင်တများ စိုးမိုးနေသည့် လေသံဖြင့် ရေရွတ်လိုက်၏။
တစ်ချိန်တည်း၌ ချန်းဖန်၏ အနိုင်ရလဒ်ကြောင့် ဝမ်မိသားစုသည် ပြုံးရွှင်နေခဲ့၏။
"ဘာပဲဖြစ်ဖြစ် ... ဒါက ကျွန်တော်တို့ မိသားစု အတွက် ကောင်းပါတယ်"
ဝမ်ချန်းက သက်ပြင်း တစ်ချက်ချရင်း ရေရွတ်လိုက်သည်။
"အမှန်ပဲ ... ချန်းဖန်က အခုထိ ဝမ်မိသားစု တစ်ယောက် ဖြစ်နေတုန်းပဲ ... ဒီနေ့ကစလို့ ငါတို့ ဝမ်မိသားစုက ရှောင်မိသားစုရဲ့ နေရာကို အစားထိုးပြီး ရန်ကျင်းရဲ့ အင်အား အကြီးဆုံး မိသားစုကြီး ဖြစ်လာတော့မယ်"
ဝမ်ကဲ့ချင်က အဘိုးကြီးဝမ်၏ လက်ကို ဆွဲရင်း ဝမ်းသာအားရ ဆိုလိုက်၏။
သူတို့သည် ချန်းဖန်၏ အောင်မြင်မှု၊ မောက်မာမှုတို့ကို မနာလို မုန်းတီးပြီး သေစေချင် သည့်တိုင် ချန်းဖန်၏ အနိုင်ရလဒ်က ဝမ်မိသားစု အတွက် အထောက်အကူ ဖြစ်နေဆဲ ဖြစ်သည်။
"ဟူး ..."
ချန်းဖန်က ကောင်းကင်မှ ပျံဝဲ၌ ရန်တောင်ထိပ်သို့ ဆင်းသက်၏။
သူ၏ အဖြူရောင် အင်္ကျီကား မတိုက်ခိုက်ခင်က အတိုင်းပင် သန့်ရှင်းကာ စင်ကြယ်နေဆဲ ဖြစ်သည်။ ထိုအရာက သူသည် တိုက်ပွဲကို သိပ်အားမစိုက်ပဲ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြနေ၏။
"အရှင်ချန်း ..."
ချန်းဖန် ရန်တောင်ထိပ်သို့ ခြေချသည်နှင့် တန်ခိုးရှင်များစွာက ဦးညွှတ်ကာ သူတို့၏ လေးစားမှုကို ပြသလိုက်ကြသည်။
"ရဲ့ချင်စန်းကို အနိုင်ရခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ် အရှင်ချန်း ..."
တန်ခိုးရှင် တစ်ယောက်က ရှေ့သို့ တစ်လှမ်းတိုးကာ ချန်းဖန်အား ဂုဏ်ပြုလိုက်၏။
ထိုတန်ခိုးရှင်ကား ကျုံးနန်တောင်တန်းမှ ချန်ခွန်း အမည်ရသည့် တာအိုကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ သူသည် လီချန့်ရှန်းနှင့် ခေတ်ပြိုင် ဆိုသော်လည်း အပြင်ကမ္ဘာနှင့် ထိတွေ့မှု နည်းပါးရာ လူသိများခြင်း မရှိချေ။
"ဂုဏ်ယူပါတယ် ... အရှင်ချန်း"
အိုလက်၊ ရွှေရောင် ဘုန်းတော်ကြီးနှင့် အခြား တန်ခိုးရှင်များကလည်း ချန်းဖန်အား အသီးသီး ဂုဏ်ပြုလိုက်ကြသည်။
ကျင့်ကြံသူ တစ်ယောက်သည် မြေကမ္ဘာ အဆင့်သို့ ရောက်သည်နှင့် ကမ္ဘာ၏ အရှင်သခင် ဖြစ်လာပြီဟု ဆိုနိုင်သည်။ ထို့ကြောင့်ပင် သူတို့အား "အရှင်" ဟူသော နာမ်စားကို သုံးကာ ရည်ညွှန်းကြသည်။
ချန်းဖန်သည် မြေကမ္ဘာ အဆင့်ကို မရောက်သေးသော်လည်း မြေကမ္ဘာ အဆင့်ကို အလွယ်တကူ အနိုင်ယူနိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့်ပင် တန်ခိုးရှင်များက သူ့အား "အရှင်" ဟု သုံးနှုန်းကာ ခေါ်ဝေါ်လိုက်ခြင်းပင် ဖြစ်သည်။
ချန်းဖန်က ဂုဏ်ပြုလာသော တန်ခိုးရှင် အားလုံးအား ခေါင်းညိတ်ပြလိုက်၏။
"ဒီနေ့ကစလို့ အရှေ့တိုင်းက ကျုပ်ရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိတယ် ... ဒီနယ်မြေမှာ တန်ခိုးရှင်တွေ ပြဿနာရှာဖို့ ခွင့်ပြုမထားဘူး ... စည်းမျဉ်းကို ချိုးဖျက်တဲ့ ဘယ်သူမဆို အသတ်ခံရမယ်"
"ကောင်းပါပြီ ..."
တန်ခိုးရှင်များက လေးစားသော အမူအရာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ချန်းဖန်သည်ကား မြေကမ္ဘာ နတ်ဘုရားကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ မြေကမ္ဘာ အဆင့်များ အားလုံး ပေါင်းတိုက်လျှင်ပင် သူ့အား အနိုင်ယူနိုင်မည် မဟုတ်ချေ။ သူ့အား ဆန့်ကျင်ရန် ကြိုးစားခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် မခြားနားချေ။
"ငါ တောင်အမေရိကကို မြန်မြန် ပြန်ရမယ် ... နောက်ပြီး အရှေ့တိုင်းကို ဘယ်တော့မှ ပြန်မလာတော့ဘူး"
ရွှေရောင် ဘုန်းတော်ကြီးက ချောက်ချားစွာ တွေးလိုက်မိသည်။ သူက ချန်းဖန် ရုတ်တရက် ပြဿနာရှာကာ သူ့အား သတ်မည်ကို အမှန်တကယ်ပင် စိုးရိမ် နေခဲ့သည်။
"ဟူး ..."
ထိုအချိန်မှာပင် ရဲ့နန်ထင်းက အခြားတောင်ထိပ် တစ်ခုမှ နေ၍ ရဲ့ချင်စန်း လဲကျနေသော နေရာသို့ ပျံသန်းလာခဲ့၏။
ရဲ့ချင်စန်းမှာမူ တောင်ထိပ်တွင်ပင် တုတ်တုတ်မျှ မလှုပ်ပဲ ငြိမ်သက်နေဆဲ ဖြစ်သည်။
"စိတ်မပူနဲ့ ... သူမသေသေးဘူး ... နောက် နှစ်နှစ် သုံးနှစ်အတွင်း အပြည့်အဝ ပြန်ကောင်းလာလိမ့်မယ်"
ချန်းဖန်က ရဲ့နန်ထင်းအား တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် သူက ရဲ့မိသားစုအား ကြည့်၍ ကျယ်လောင်သော အသံဖြင့် ကြေညာလိုက်၏။
"ရဲ့ချင်စန်းက ငါ့ကို စိန်ခေါ် တိုက်ခိုက်ခဲ့တယ် ဆိုပေမဲ့ ငါတို့ အကြားမှာ တစ်ယောက်အပေါ် တစ်ယောက် လေးစားမှု ရှိတယ် ..."
"ဒီတော့ ... ခွန်းလွန်နဲ့ ရဲ့မိသားစုကပဲ တရုတ်ကို ဆက်ပြီး အုပ်ချုပ်ဖို့ ငါ ခွင့်ပြုတယ် ... သူတို့ကို စော်ကားတဲ့ သူက ငါ့ကို စော်ကားတာနဲ့ အတူတူပဲ ဆိုတာ မှတ်ထားပါ ..."
ချန်းဖန်၏ စကားက ရဲ့မိသားစုအား တိုက်ခိုက်ရန် ကြံစည်နေသည့် လူများအား စိတ်ပျက်လက်ပျက် ဖြစ်မိသွားကြ၏။ သို့သော်လည်း သူတို့တွင် ချန်းဖန်၏ စကားကို လိုက်နာရန်က လွဲ၍ အခြား တတ်နိုင်သည့် အရာ မရှိချေ။
ထို့နောက် ချန်းဖန်က ရှောင်မိသားစုအား ကြည့်လိုက်၏။
အဘိုးကြီးရှောင် အပါအဝင် ရှောင်မိသားစုဝင် များစွာမှာ ချန်းဖန်နှင့် မျက်လုံးချင်း မဆုံရဲသည့် အလား သူတို့၏ ခေါင်းများကို ငုံ့လိုက်မိကြသည်။
ချန်းဖန်သည် သူ့ကို ဆန့်ကျင်သူတိုင်းအား သတ်ဖြတ်တတ်သူ ဖြစ်ကြောင်းမှာ လူတိုင်း သိရှိထားပြီးသော အရာ ဖြစ်သည်။
ရှောင် မိသားစုသည် ချန်းဖန်ကို သတ်ဖြတ်ပေးရန် ရဲ့ချင်စန်းအား တောင်းဆိုခဲ့သည့် မိသားစု ဖြစ်ရာ ချန်းဖန်က သူတို့အား အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
"အရှင်ရဲ့ ... အားလုံးက ကျွန်တော့် အမှားတွေပါ ... အဲဒီ အမှားတွေ အတွက် တာဝန်ယူဖို့ ကျွန်တော့်မှာ ဆန္ဒရှိပါတယ် ... ကျေးဇူးပြုပြီးတော့ အခြားလူတွေကို ထိခိုက်အောင် မလုပ်ပါနဲ့လား"
အဘိုးကြီးရှောင်က ခေါင်းကို ငုံ့ရင်း တုန်တုန်ရီရီ ဆိုလိုက်သည်။
"ဟင်း ..."
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်၏။
"ရှောင်ရွှမ်က ငါ့ကို စော်ကားခဲ့တယ် ဆိုပေမဲ့ အဲဒီ အပြစ်အတွက် သူ့ကိုငါ ဆုံးမပြီးပြီ ... ဒီပြဿနာကို အဆုံးသတ် လိုက်ကြတာပေါ့ ..."
ထို့နောက် ချန်းဖန်က ရှောင်မိသားစုကို ကျောခိုင်းကာ ဝမ်မိသားစုဘက်သို့ လှည့်ကာ ကြည့်လိုက်၏။
ထိုအချိန်၌ ဝမ်မိသားစု ရှိနေသည့် နေရာကား ဂုဏ်ပြုလာသည့် လူများစွာဖြင့် စည်ကား နေခဲ့သည်။
"ဂုဏ်ယူပါတယ် သခင်ကြီးဝမ် ... အရှင်ချန်းရဲ့ လွှမ်းမိုးမှုနဲ့ဆိုရင် ဝမ်မိသားစုက ထွန်းတောက် လာတော့မှာ သေချာတယ် ... အဲဒီ အချိန်ကျရင် ကျုပ်တို့ကို မမေ့ပါနဲ့ဦး"
"အရှင်ချန်းရဲ့ ပံ့ပိုးမှုနဲ့သာ ဆိုရင် ဝမ်မိသားစုက တရုတ်ရဲ့ အင်အား အကြီးဆုံး မိသားစုကြီး ဖြစ်လာမှာ သေချာတယ်"
ဝမ်ကျုံးကောနှင့် အခြား ဝမ်မိသားစုဝင်များ၏ မျက်နှာများမှာမူ ပြုံးရွှင် နေခဲ့တော့သည်။ သူတို့သည် စောစောပိုင်း၌ သူတို့ ပြုလုပ်ခဲ့သည့် အပြုအမူများကိုပင် မေ့နေကြပြီ ဖြစ်သည်။
"ရှောင်ဖန် ... မင်းက ရဲ့ချင်စန်းကို အနိုင်ယူခဲ့ပြီး ငါတို့ ဝမ်မိသားစုရဲ့ ဂုဏ်ရှိန်ကို မြှင့်တင်ပေးခဲ့တယ် ... အိမ်ကို ပြန်ရောက်တာနဲ့ မင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုပွဲကြီး တစ်ခု လုပ်ပေးမယ်"
ဝမ်ချန်းက ပြုံးရွှင်နေသော အမူအရာဖြင့် ချန်းဖန်အား ကြည့်ကာ ဆိုလိုက်၏။
သို့သော်လည်း သူတို့အား ကြည့်သည့် ချန်းဖန်၏ မျက်လုံးများက အေးစက်ကာ အမူအရာ ကင်းမဲ့နေသည်။ ရုတ်တရက် သူက ဓားအားဖြည့် ကျောက်မျက်ကို ထိလိုက်ရာ ဓားပျံက ကောင်းကင်သို့ ပျံတက်၏။
"ဝမ်မိသားစုက ငါ့မိဘတွေကို နှစ်ပေါင်းများစွာ နှိမ်ချခဲ့ပြီးတော့ ငါ့ကိုလည်း အသုံးချဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ် ... ငါ့မိခင်နဲ့ ပတ်သက်မှုကြောင့် ငါ မင်းတို့ အထဲက တစ်ယောက်ကိုပဲ သတ်မယ် ... အခုက စပြီး ဝမ်မိသားစုက ငါနဲ့ လုံးဝ မသက်ဆိုင်တော့ဘူး ..."
"ကလန့် ..."
ချန်းဖန်၏ စကားဆုံးသည်နှင့် အမတေ ဖြည့်တင်းခြင်းဓားက အလင်းတန်း တစ်ခု အလား ပျံသန်းကာ ဝမ်ကျုံးကော၏ အရှေ့တွင်ပင် ဝမ်ချန်း၏ ဦးခေါင်းအား ဖြတ်တောက် လိုက်တော့၏။
***