← Chapters

ကမ္ဘာ၏ အထွတ်အထိပ်

Vol. 7 Ch. 625

ကမ္ဘာ၏ အထွတ်အထိပ်

Vol. 7 Ch. 625

"ဘုတ် ..."

မြေပြင်သို့ ပြုတ်ကျ လိမ့်ဆင်းသွားသော ဝမ်ချန်း၏ ဦးခေါင်းအား ကြည့်၍ လူတိုင်း ဆွံ့အ သွားကြ၏။

ဝမ်မိသားစုသည် ချန်းဖန်၏ လွှမ်းမိုးမှုဖြင့် အထွတ်အထိပ်သို့ တက်လှမ်းတော့မည်ဟု လွန်ခဲ့သည့် တစ်မိနစ်ခန့်က လူတိုင်း ထင်မှတ်ခဲ့ကြသည်။

သို့သော်လည်း ချန်းဖန်က သူ၏ အစ်ကိုဝမ်းကွဲ ဝမ်ချန်းအား သတ်ကာ ဝမ်မိသားစုနှင့် ဆက်ဆံရေးကို အဆုံးသတ်ခဲ့သည်။ ထိုအရာက မည်သူကမျှ မျှော်လင့် မထားသော အရာပင်။

"ဟား ... ဟား ..."

ဝမ်ကျုံးကောက လေထဲတွင် ရပ်နေသော ချန်းဖန်အား ကြည့်၍ နာကျင်စွာ အော်ဟစ် ရယ်မောလိုက်၏။

"အရမ်း ကောင်းတယ် ... အရမ်းကို ကောင်းပါတယ် ... ချန်းပေ့ရွှမ်း ငါတို့က မင်းကို လျှော့တွက်မိတာပဲ ... ငါတို့ ဝမ်မိသားစုက ငါတို့ လုပ်ခဲ့တာ အတွက် တာဝန်ယူရမှာပေါ့"

ဝမ်မိသားစု၏ ခေါင်းဆောင်လောင်း ဝမ်ချန်းအား သတ်ပစ်လိုက်ခြင်းက ဝမ်မိသားစု၏ အနာဂတ်ကို ဖျက်ဆီး ပစ်လိုက်ခြင်းနှင့် အတူတူပင်။ ဝမ်မိသားစု အနေဖြင့် နောင်တွင် ရန်ကျင်း၏ အင်အား အကြီးဆုံး မိသားစုကြီး ငါးခုဝင် အဖြစ် ဆက်လက် ရပ်တည်ရန် လွယ်ကူတော့မည် မဟုတ်ချေ။

ထိုအချိန်၌ ရွှယ်ဟုန်မေ့နှင့် ဝမ်ကဲ့ချင်တို့၏ မျက်လုံးများမှာမူ ရဲရဲနီ နေခဲ့ပြီ ဖြစ်သည်။ ဝမ်ချန်းကား ဝမ်မိသားစု၌ ကြီးပြင်းလာသည့် သူတို့၏ မြေး၊ သူတို့၏ သွေးဖြစ်သည်။

"နင် ... နင် ချန်းလေးကို သတ်လိုက်တယ်"

ရွှယ်ဟုန်မေ့က ချန်းဖန်အား လက်ညှိုးထိုးရင်း ဒေါသတကြီး အော်ဟစ်လိုက်၏။

"ချန်းဖန် ... ငါတို့ မိသားစုက နင့်ကို ကျိန်သေး လက်စားပြန်ချေမယ် ဆိုတာ မှတ်ထား"

"ငါ စောင့်နေပါ့မယ် ..."

ချန်းဖန်က ပြောရင်း အဝေးသို့ ပျံသန်းသွား၏။

အကယ်၍ ဝမ်မိသားစုက လက်စားချေရန် ကြိုးစားလျှင် ချန်းဖန်ဘက်မှလည်း သတ်ပစ်ရန် ဝန်လေးမည် မဟုတ်ချေ။

ဝမ်မိသားစု အနေဖြင့်လည်း ထိုအရာကို ကျိန်းသေ သိရှိပြီး ဖြစ်သည်။ သူတို့ အနေဖြင့် ကြုံးဝါးရုံက လွဲ၍ အခြား ပြုလုပ်နိုင်မည့် အရာ မရှိချေ။

"ရှောင်ဖန် ..."

"ဆရာ ..."

"ဂိုဏ်းချုပ် ..."

မြောက်ပိုင်းချုံး ဂိုဏ်းဝင်များက  သူတို့ ရှိရာသို့ ပျံသန်းလာသည့် ချန်းဖန်အား နှုတ်ဆက် လိုက်ကြသည်။

ဝမ်ရှောက်ယွင်နှင့် ချန်းကောရှင်းတို့ကမူ ခပ်လှမ်းလှမ်း တစ်နေရာမှ နေ၍ ဂိုဏ်းဝင်များအား ပြန်လည် နှုတ်ဆက်နေသည့် ချန်းဖန်အား ညင်သာစွာ ပြုံး၍ ကြည့်နေမိကြသည်။

"ငါတို့ သားလေးက လူကြီး ဖြစ်နေပြီပဲ"

ဝမ်ရှောက်ယွင်က ချန်းကောရှင်း၏ လက်မောင်းအား ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမက မေးလိုက်၏။

"ရှောင်ဖန် လက်ထပ်သင့်တဲ့ အရွယ်ရောက်ပြီလို့ ရှင် မထင်ဘူးလား ..."

"ဒါပေါ့ ... ထင်တာပေါ့"

ချန်းကောရှင်းက အေးဆေးစွာ ပြုံးရင်း ခေါင်းညိတ်လိုက်သည်။

ထိုအချိန်၌ ရန်ကျင်း၏ မိသားစုကြီး များစွာကမူ ဝမ်မိသားစု၏ အဖြစ်ဆိုးကို ကြည့်ရင်း ဆွေးနွေးနေကြသည်။

"ဝမ်မိသားစုက ချန်းပေ့ရွှမ်းကို ဘာထင်နေတယ် မသိဘူး ... သူတို့က ချန်းပေ့ရွှမ်းကို သေမျိုး သံယောဇဉ်နဲ့ ချည်နှောင် နိုင်မယ် ထင်နေကြတာ ဘယ်လောက်တောင် ရယ်စရာ ကောင်းသလဲ ... ဝမ်ရှောက်ယွင် ကြောင့်သာ မဟုတ်ရင် ချန်းပေ့ရွှမ်းက သူတို့ကို သတ်ပြီး နေလောက်ပြီ"

ပထမ၌ ရန်ကျင်း၏ မိသားစုကြီး များစွာသည် ဝမ်မိသားစု ကြံစည်နေသည့် အရာများအား မခန့်မှန်း နိုင်ခဲ့ချေ။

သို့သော်လည်း ဝမ်မိသားစုထံမှ ချန်းဖန်နှင့် ရှောင်မိသားစု အကြား သွေးခွဲသည့် သတင်းများ ပို၍ ပို၍ ထွက်ပေါ်လာချိန်တွင်မူ သူတို့၏ အကြံအစည်က ထင်ထင်လင်းလင်း ပေါ်လာခဲ့တော့သည်။

သူတို့က ချန်းဖန်၏ အင်အားကို သုံးကာ ရှောင်မိသားစု၏ ရန်ကျင်း ပထမ မိသားစု နေရာကို ဖြုတ်ချ ပစ်ချင်နေခြင်း ဖြစ်သည်။ သို့မှသာ သူတို့က ထိုနေရာကို ယူကာ ရန်ကျင်းအား စိုးမိုးနိုင်လိမ့်မည် ဖြစ်သည်။

သူတို့၏ အကြံအစည်အား သာမန် လူများပင် ခန့်မှန်းနိုင်ခဲ့ရာ ချန်းဖန် ကဲ့သို့သော လူက အဘယ်ကြောင့် မခန့်မှန်းမိပဲ နေမည်နည်း။

"ဝမ်ကျုံးကောက တကယ်ပဲ ထူးချွန်တဲ့ လူတစ်ယောက်ပါ ... ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ တစ်ယူသန် အတ္တက သူ့ကို ပြန်ပြီး ဒုက္ခရောက်စေခဲ့တယ်"

အိုးယန်ချုံးက ခေါင်းကို ခါယမ်းလိုက်သည်။

"တကယ်လို့ သူသာ ဝမ်ရှောက်ယွင်နဲ့ သွေးသား တော်စပ်မှုကို အသုံးပြုပြီး ချန်းပေ့ရွှမ်းကို ရိုရိုးသားသား ချဉ်းကပ်မယ် ဆိုရင်တောင် ခုလို ဖြစ်လာမှာ မဟုတ်ဘူး ... သူက ချန်းပေ့ရွှမ်းရဲ့ နောက်ကျောကို ဓားနဲ့ ထိုးပြီး အသုံးချဖို့ ကြိုးစားခဲ့တာ ..."

"ဟုတ်တယ် ..."

အခြား လူငယ် တစ်ယောက်က ခေါင်းညိတ်လိုက်သည်။

"ချန်းပေ့ရွှမ်းက သူတို့ အရူးလုပ်တာကို ခံမယ့်သူ မဟုတ်ဘူး ... နောက်ဆုံးတော့ ဝမ်မိသားစုက အမြတ် မရတဲ့ အပြင် ဝမ်ချန်းရဲ့ အသက်ကိုပါ ပေးလိုက်ရတာပဲ"

လူများစွာက ဝမ်မိသားစု အတွက် ခေါင်းခါ မိကြသည်။ သူတို့၏ အနာဂတ်က ကျဆင်းဖို့သာ ရှိတော့သည် မဟုတ်ပါလား။

"ဟဲ့ ... ဒါနဲ့ ကျောင်းယုရော"

ပရာဒါ လက်ကိုင်အိတ် ပိုင်ရှင် မိန်းကလေးက ရုတ်တရက် မေးလိုက်သည်။

"ဟိုကိုကြည့်စမ်း ..."

တစ်ယောက်က မြေပြင် တစ်နေရာသို့ ညွှန်ပြရင်း အထိတ်တလန့် ဆိုလိုက်၏။

လူတိုင်းက ကြည့်လိုက်ရာ မြေပြင်ပေါ်၌ အသက်မဲ့စွာ လဲလျောင်းနေသော ကျောင်းယုအား တွေ့ရ၏။ သူ၏ ပါးစပ်တွင်မူ အစိမ်းရောင် အက်စစ်ရေများက စီးကျနေကာ မသေခင် မည်မျှအထိ နာကျင် ခံစား ခဲ့ရကြောင်းအား ဖော်ပြနေသည်။

***

"ရဲ့ချင်စန်းက တိုက်ပွဲ အတွင်းမှာ မြေကမ္ဘာ အဆင့်ကို တက်လှမ်းသွားခဲ့ပေမဲ့ ချန်းပေ့ရွှမ်းက သူ့ကို အနိုင်ယူခဲ့တယ်တဲ့ ..."

ထိုသတင်းက တစ်ခဏ အတွင်းမှာပင် ကမ္ဘာ တစ်ခုလုံးဆီသို့ ငလျင် တစ်ခုအလား ပျံ့နှံ့သွားတော့၏။

ယနေ့ မတိုင်မီ အထိ လူအများသည် မြေကမ္ဘာ အဆင့်၏ တည်ရှိမှုကို သံသယ ရှိခဲ့ကြသည်။ ယခု ရဲ့ချင်စန်းက မြေကမ္ဘာအဆင့် ဖြစ်လာပြီ ဖြစ်ရာ လူများစွာ၏  သံသယများလည်း ရှင်းလင်း သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း တိုက်ပွဲ အပြီး၌ လူအများ၏ အာရုံကို ဖမ်းစားသွားရော အရာမှာ ရဲ့ချင်စန်း၏ မြေကမ္ဘာ နတ်ဘုရား ဖြစ်လာမှု မဟုတ်ခဲ့ချေ။  ချန်းဖန်က မြေကမ္ဘာ အဆင့်ကို အနိုင်ယူခဲ့သည် ဆိုသော သတင်းပင် ဖြစ်သည်။

"ရှေးဟောင်း စာအုပ်တွေ မှတ်တမ်းတွေ ထဲမှာတောင်  တန်ခိုးရှင် အဆင့်က မြေကမ္ဘာ အဆင့်ကို အနိုင်ယူခဲ့တယ် ဆိုတဲ့ အဖြစ်မျိုး တစ်ခါမှ မကြားဖူးဘူး ..."

လူများစွာက တအံ့တဩ ရေရွတ် မိကြ၏။

"အမှန်ပဲ ... ဘေဘီလုံ ဒဏ္ဍာရီတွေနဲ့ အနောက်တိုင်းရဲ့ သူတော်စင် ဇာတ်လမ်းတွေ ထဲမှာရော အရှေ့တိုင်းရဲ့ မြေကမ္ဘာ နတ်ဘုရား ပုံပြင်တွေမှာပါ ... သေမျိုး တစ်ယောက်က နတ်ဘုရား တစ်ပါးကို အနိုင်ယူခဲ့တယ် ဆိုတာမျိုး မရှိခဲ့ဘူး ... မြေကမ္ဘာ အဆင့်နဲ့ တန်ခိုးရှင် အဆင့် ကြားထဲက ခြားနားချက်က ကောင်းကင်နဲ့ မြေကြီးလောက် ကြီးမားတယ် ... အထွတ်အထိပ် တစ်ယောက်က တန်ခိုးရှင် တစ်ယောက်ကို အနိုင်ယူဖို့ ဖြစ်နိုင်ပေမဲ့ တန်ခိုးရှင် တစ်ယောက်က မြေကမ္ဘာ အဆင့်ကို အနိုင်ယူဖို့ ဆိုတာကတော့ ဘယ်လိုမှကို မဖြစ်နိုင်တာ ..."

လူအို အထွတ်အထိပ်ကြီး တစ်ယောက်က ဆိုသည်။

မြေကမ္ဘာအဆင့် ဖြစ်လာခြင်းဖြင့် ကျင့်ကြံသူများသည် မြေကမ္ဘာအဆင့် ရတနာ ခန္ဓာကိုယ်ကို ပိုင်ဆိုင် လာနိုင်သည့်အပြင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကိုပါ အသုံးပြု လာနိုင်ကြသည်။

ထို့ကြောင့်ပင် မြေကမ္ဘာ နတ်ဘုရားများသည် တန်ခိုးရှင် အဆင့် အထွတ်အထိပ်များထက်ပင် အဆရာချီကာ ပိုမို အစွမ်းထက်ကြသည်။

သို့သော်လည်း ထိုကဲ့သို့ မြေကမ္ဘာ နတ်ဘုရား အဆင့်ပင်လျှင် ချန်းပေ့ရွှမ်း၏ လက်၌ ရှုံးနိမ့်ခဲ့ရသည်။ ထိုအရာက ဒဏ္ဍာရီ အသစ်တစ်ခုဟုပင် ဆိုနိုင်လေသည်။

"ချန်းပေ့ရွှမ်းက နှစ်တစ်ထောင်မှ တစ်ခါ ပေါ်တဲ့ ပါရမီရှင်မျိုး ဖြစ်ရမယ် ... မဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး အသက်နှစ်ဆယ်နဲ့ တန်ခိုးရှင် အဆင့်ကို ရောက်မှာလဲ ... ဟုတ်တယ်မလား"

အဖြူအနက် နတ်ဆိုး အမဲလိုက်သူက ဆိုသည်။

တိုက်ပွဲအပြီး၌ အမှောင်ကမ္ဘာ၏ အင်တာနက် ဖိုရမ်တိုင်း လိုလိုတွင် တိုက်ပွဲအကြောင်း ဆွေးနွေး ငြင်းခုံမှုများဖြင့် ပြည့်နှက် နေတော့သည်။

မကြာခင်မှာပင် ဗီဒီယို တစ်ခုက ဖိုရမ်များ အကြား၌ ပျံ့နှံ့လာခဲ့၏။ ထို ဗီဒိယို၏ နာမည်က "နတ်ဘုရားတို့၏ တိုက်ပွဲ" ဟူ၍ ဖြစ်သည်။

ဗီဒီယိုအား ဖြန့်ချိသူက "ခွန်းလွန်" ဟူသော အကောင့် တစ်ခု ဖြစ်ပြီး ထိုအထဲ၌  ချန်းဖန်နှင့် ရဲ့ချင်စန်းတို့၏ တိုက်ပွဲကို ဂြိုဟ်တု၊ ဒရုန်းနှင့် မြေပြင် ကင်မရာများမှ ရိုက်ထားသည့် မြင်ကွင်းများကို တည်းဖြတ် ဖော်ပြထားသည်။

ဗီဒီယိုသည် တစ်ဆယ် မိနစ်မျှသာ ကြာမြင့်သော်လည်း ချန်းဖန်နှင့် ရဲ့ချင်စန်းတို့၏ စွမ်းအားကို ခန့်မှန်းရန် အတွက်မူ လုံလောက်သည်။

ဗီဒီယိုအား ကြည့်ပြီးနောက် လူများစွာ၏ ချန်းဖန်နှင့် ရဲ့ချင်စန်းတို့အပေါ် သံသယ ဝင်မှုများသည်လည်း လုံးဝ ပျောက်ကွယ် သွားတော့သည်။

"ကြောက်ဖို့ ကောင်းလိုက်တာ ... သူတို့က အသံထက် သုံးဆလောက် မြန်အောင်တောင် ပျံသန်းနိုင်တာပဲ ... F-22 တိုက်လေယာဉ် တွေတောင် သူတို့ကို မီနိုင်မှာ မဟုတ်ဘူး ... နောက်ပြီး သူတို့ရဲ့ တိုက်ပွဲမှာ ရန်တောင်ထိပ်တောင် နှစ်ပိုင်းပြတ် သွားခဲ့ရတယ် ... လူသားတွေက ဘယ်လိုလုပ်ပြီး ဒီလို စွမ်းအားမျိုး ပိုင်ဆိုင်ထားရတာလဲ ..."

အော်ပရရေးရှင်း စင်တာ အတွင်း၌ ဗိုလ်ချုပ် များစွာမှာ စုဝေးကာ ဆွေးနွေးပြောဆို နေကြသည်။

ထိုဗိုလ်ချုပ်များထဲမှ အများစုမှာ ပင်တဂွန် ရေတပ်နှင့် လေတပ်၏ ဗိုလ်ချုပ်များ ဖြစ်ပြီး ဂျာမန် ကာကွယ်ရေး ဝန်ကြီး အာနိုးပင်လျှင် သူတို့ အထဲ၌ ပါဝင်နေသည်။

"ရဲ့ချင်စန်းနဲ့ ချန်းပေ့ရွှမ်းတို့ရဲ့ စွမ်းအားက တန်ချိန်တစ်ရာ ရှိတဲ့ နျူကလိယ လက်နက် နဲ့တောင် ညီမျှနေပြီ ... သာမန် လက်နက်တွေက သူတို့ကို သတ်နိုင်တော့မှာ မဟုတ်ဘူး ... သူတို့ကို သတ်ဖို့ အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက အသေးစား နျူကလိယ လက်နက်တွေကို အသုံးပြုခွင့်ပေးဖို့ မျှော်လင့်မိတယ်"

ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးက ထ၍ တင်ပြသည်။

အခြားသော ဗိုလ်ချုပ် အချို့ကလည်း သူ၏ စကားအား ခေါင်းညိတ်ကြသည်။ ချန်းပေ့ရွှမ်းနှင့် ရဲ့ချင်စန်းတို့၏ ယခု ပိုင်ဆိုင်ထားသော စွမ်းအားက ကမ္ဘာ၌ အမေရိကန်၏ စိုးမိုးမှုကို ခြိမ်းခြောက်နိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့အား အလျင်အမြန် အဆုံးသတ်ရန် လိုအပ်သည်။

"ငါ ဒီကိစ္စကို သမ္မတကြီးနဲ့ ပညာရှိများ အဖွဲ့က လူကြီးတွေကို တင်ပြလိုက်မယ် ... အဲဒီ အရှေ့တိုင်းရဲ့ ပညာရှင် နှစ်ယောက်က ငါတို့ အမေရိကန်ရဲ့ အနေအထားကို ခြိမ်းခြောက် နိုင်နေပြီ ... ငါတို့သာ ကမ္ဘာကို ဆက်ပြီး စိုးမိုးချင်ရင် သူတို့ကို သတ်ဖြတ်ပစ်မှ ဖြစ်လိမ့်မယ် ... အတိတ်တုန်းက ဆိုဗီယက်ကို ငါတို့ လုပ်ခဲ့သလိုမျိုးပေါ့"

ဗိုလ်ချုပ်နော့ဒ်က လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်တော့၏။

***

All Chapters