မိုင်တစ်ဆယ် နဂါး
Vol. 7 Ch. 626
ကမ္ဘာတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်၌ ချန်းဖန်နှင့် မြောက်ပိုင်းချုံး ဂိုဏ်းဝင်များသည် မြောက်အရပ် တောင်တန်းရှိ စံအိမ်များသို့ ပြန်လည် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
မြောက်ပိုင်းချုံးဂိုဏ်းသည် မြောက်အရပ် တောင်တန်း တစ်လျှောက်လုံးရှိ စံအိမ်များအား ဈေးကွက် ပေါက်ဈေးထက် သုံးဆအထိ ပေး၍ ဝယ်ယူခဲ့ပြီး ဖြစ်သည်။
မူလပိုင်ရှင်များသည် သိပ်မရောင်းလိုသည့်တိုင် ဝယ်ယူသူမှာ ချန်းဖန် ဖြစ်ကြောင်း သိရသည့် အချိန်တွင်မူ အသာတကြည်ပင် ရောင်းချပေးကြသည်။ ကမ္ဘာ၏ ထိပ်ဆုံး၌ ရပ်တည်နေသည့် လူတစ်ဦးအား မည်သူက ငြင်းဆန်ရဲမည်နည်း။
"ရှောင်ဖန် ... နင် ဒီနေရာက စံအိမ်တွေ အားလုံးကို ဝယ်လိုက်တယ်ဆို ... ဘာအတွက် ဝယ်တာလဲ ... နင်က ဒီတောင်တန်း တစ်ခုလုံးကို မောင်ပိုင်စီးချင် နေတာလား"
ဖန့်ချုံးက မေးလိုက်သည်။
"ဒါက သမီးတို့ရဲ့ စေ့စပ်ပွဲအတွက် လက်ဆောင်လေ"
ဝမ်ရှောက်ယွင်က နွေးထွေးစွာ ပြုံးရင်း ဆိုလိုက်၏။
"ဘာကြီး ..."
ဖန့်ချုံး၏ မျက်လုံးကလေးများ ပြူးကျယ် သွား၏။
"အန်တီ သမီးမိဘတွေနဲ့ စကားပြောပြီးပြီ ... နောက်ပြီး သမီးတို့ နှစ်ယောက်စလုံးကလည်း မငယ်တော့ဘူးလေ ... အဲဒါကြောင့် စေ့စပ်ပွဲကို အရင် လုပ်ပေးထားတာ ... မင်ဒီနဲ့ စုစုတို့ကလည်း သဘောတူတယ်"
ဝမ်ရှောက်ယွင်၏ ပြောရင်း ချန်းဖန်နှင့် ဖန့်ချုံးတို့အား ပြုံးကာ ကြည့်လိုက်၏။
"အဲဒါက ..."
ဖန့်ချုံး၏ မျက်နှာကလေးမှာ ပန်းသီး တစ်လုံးကဲ့သို့ ရဲရဲနီ နေခဲ့ချေပြီ ဖြစ်သည်။
"အန်တီယွင် ... ရှောင်ဖန်ကရော ဒီကိစ္စကို သဘောတူပါ့ မလား ..."
"ဟမ့် ... သူသဘော မတူကြည့် ... သူက သူ့ကို သားအဖြစ်ကနေ စွန့်လွှတ် ပစ်လိုက်မှာပေါ့"
ဝမ်ရှောက်ယွင်က ချန်းဖန်အား မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ဆိုလိုက်၏။
"အာ ..."
ချန်းဖန်က ခေါင်းအား အနည်းငယ် ကုတ်လိုက်၏။ ထို့နောက် သူက ဖန့်ချုံး၏ လက်ကလေးအား နူးညံ့စွာ ဆုပ်ကိုင်လိုက်၏။
"စိတ်မပူနဲ့ ... ဒါက စေ့စပ်ပွဲလေးပါပဲ ... နောက်ပြီး လက်ထပ်တဲ့နေ့ကျရင် ငါက နင့်ကို ကမ္ဘာတစ်ခုလုံး လက်ဆောင်ပေးမယ်"
"အင်းပါ ..."
ဖန့်ချုံးက ခေါင်းအား ညိတ်လိုက်သည်။
***
တစ်ကမ္ဘာလုံး ချန်းဖန်နှင့် ရဲ့ချင်စန်းတို့၏ တိုက်ပွဲ သတင်းကြောင့် တုန်လှုပ်နေစဉ်မှာပင် အခြား သတင်းတစ်ခု ထွက်ပေါ်လာပြန်၏။
ထိုသတင်းကား ချန်းပေ့ရွှမ်း စေ့စပ်တော့မည် ဆိုသော သတင်းပင်။ သူနှင့် စေ့စပ်မည့် မိန်းကလေးမှာ ချင်မိသားစုမှ ချင်ယန်နာ မဟုတ်ချေ။ ဖန့်ချုံးဟုခေါ်သည့် ခပ်ငယ်ငယ် ကောင်မလေး တစ်ယောက်ဟု ဆိုသည်။
"ဖန့်ချုံး ဆိုတာ ဘယ်သူလဲ ... သူ့နာမည်ကို ငါ တစ်ခါမှ မကြားဖူးဘူး ... အရှင်ချန်းက မိသားစုကြီး တစ်ခုရဲ့ သမီး ဒါမှမဟုတ် ရဲ့မိသားစုက ရဲ့ရီရန်လို ကျင့်ကြံခြင်းမှာ ပါရမီပါတဲ့ ကောင်မလေးမျိုးနဲ့ပဲ လက်ထပ်မယ်လို့ ငါထင်ထားတာ"
ရဲ့ရီရန်နှင့် လင်းပို့ကျွင်းတို့ကား မျိုးဆက် တစ်ခု၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်များဟု သတ်မှတ်ခံထားရသည့် လူငယ်များ ဖြစ်ကြသည်။
သို့သော်လည်း ကံမကောင်းစွာပင် သူတို့ နှစ်ယောက်မှာ ချန်းဖန်နှင့် ယှဉ်နိုင်ခြင်း မရှိခဲ့ချေ။ လင်းပို့ကျွင်းပင်လျှင် ချန်းဖန်၏ အစေခံထံ၌ အသတ်ခံခဲ့ရသည်။
သို့သော်လည်း ချန်းဖန် လက်ထပ်မည် ဆိုပါက သူနှင့် ထိုက်တန်သူ ဟူ၍ တရုတ်၌ ရဲ့ရီရန် တစ်ယောက်သာ ရှိပေသည်။
"ငါကြားရသလောက်ဆို ချန်းပေ့ရွှမ်း လက်ထပ်မယ့် မိန်းကလေးက သူနဲ့ ငယ်ငယ် ကတည်းက ရင်းနှီးခဲ့တာတဲ့ ... နောက်ပြီး အဲဒီ မိန်းကလေးက မြောက်ပိုင်းချုံးရဲ့ စီအီးအို တစ်ယောက်လို့လည်း ပြောကြတယ်"
မိန်းကလေး တစ်ယောက်က မနာလိုစွာ ပြောသည်။
သူမသည် ရန်ကျင်း အထက်တန်းစား မိသားစု တစ်ခုမှ ဖြစ်ကာ လူငယ်များ အကြား၌ ထင်ရှားသူကလေး ဖြစ်သည်။ သို့သော်လည်း သူမ၏ အလှအပ ဖန့်ချုံးနှင့်မူ ယှဉ်နိုင်ခြင်း မရှိချေ။
ချန်းဖန်သည် ကမ္ဘာ၏ ထိပ်ဆုံး၌ ရပ်တည်နေသည့် လူတစ်ယောက် ဖြစ်ကာ "အရှင်ချန်း" ဟုပင် သမုတ်ခံရသူ ဖြစ်သည်။ သူ၏ ဇနီးမယား ဖြစ်လာမည့် မိန်းကလေး၏ အဆင့်အတန်းက မဟာအင်အားကြီး နိုင်ငံကြီးများ၏ သမ္မတကတော်များထက်ပင် ပိုမို မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင် ရလိမ့်မည် ဖြစ်သည်။
သို့ဖြစ်ရာ မည်သူက မနာလိုပဲ နေမည်နည်း။
လူတချို့ ဖန့်ချုံး အကြောင်း ဆွေးနွေး နေကြချိန်၌ အချို့လူများကလည်း ချင်မိသားစု အကြောင်း ဆွေးနွေး နေခဲ့ကြသည်။
"ချင်မိသားစုကတော့ ဂွမ်းတာပဲ ... သူတို့က အရှင်ချန်းကိုတင် သစ္စာဖောက်မိတာ မကဘူး ... ရှောင်မိသားစုကိုပါ ဆန့်ကျင်ခဲ့မိတာ ... သူတို့ရဲ့ အနာဂတ်ကတော့ စိတ်မကောင်းစရာပဲ"
"ဟုတ်တယ် ... အခုဆို ချန်းပေ့ရွှမ်းက ချင်ယန်နာကို မယားငယ် အဖြစ်တောင် လက်ခံတော့မှာ မဟုတ်ဘူး"
"ငါသာ ချင်ယန်နာ ဆိုရင် ရှက်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်လိုက်ပြီ"
များစွာသော လူများ ဆွေးနွေး ပြောဆို နေချိန်၌ ချင်မိသားစုမှာမူ ငြိမ်သက်၍သာ နေခဲ့သည်။ သူတို့ကား ယခုဖြစ်ခဲ့သော ပြဿနာ၌ အကြီးအကျယ် အရှက်ရခဲ့ရသည်။
ချင်ယန်နာ၏ မိခင်ဆိုလျှင် နေ့ရောညပါ ရပ်တန့်ခြင်း မရှိပဲ ငိုယို၍သာ နေခဲ့သည်။ လွန်ခဲ့သည့် တစ်လကပင် သူမ၏ သမီးကလေးသည် ရန်ကျင်း၏ ဂုဏ်အယူရဆုံး မိန်းကလေး ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူများ တဲတွေးခွက်၌ ပက်လက် မျောနေခဲ့ရချေပြီ ဖြစ်သည်။
"အားလုံးက ငါ့ရဲ့အမှားပါ ... ငါသာ ရဲ့မိသားစုကို သွားပြီး မကမ်းလှမ်းခဲ့ရင် ခု ချန်းပေ့ရွှမ်းနဲ့ စေ့စပ်ရမယ့် သူက ငါတို့ သမီးလေး ဖြစ်နေခဲ့မှာ"
ချင်ယန်နာ၏ ဖခင် ချင်တုန်းမူက နောင်တရစွာ ဆိုသည်။
ရဲ့ချင်စန်း မြေကမ္ဘာ အဆင့်သို့ တက်လှမ်းပြီးနောက် လူတိုင်းသည် ချန်းဖန် ကျိန်းသေ ရှုံးနိမ့်တော့မည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့်ပင် ချင်တုန်းမူက ရဲ့မိသားစု ရှိရာဆီသို့ သွားကာ မိသားစုနှစ်ခု အကြား ဆက်ဆံရေးကို ချင်ယန်နာဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း မထင်မှတ်သည့် အလှည့်အပြောင်း တစ်ခု ဖြစ်လာခဲ့ကာ ချန်းဖန်က တိုက်ပွဲအား အနိုင်ရခဲ့သည်။ ထို့ကြောင့် ချင်မိသားစု၏ အစီအစဉ်မှာလည်း သေထဲရေသွန် ပျက်စီးခဲ့ရကာ လူအများ၏ ရယ်မောစရာ ဖြစ်ခဲ့ရသည်။
"ဘာပဲဖြစ်ဖြစ်လေ ... ငါတို့ မိသားစုက အခုထိ ရန်ကျင်းရဲ့ ထိပ်တန်း မိသားစုကြီး တစ်ခု ဖြစ်နေတုန်းပဲ ... ဒါပေမဲ့ ချင်ယန်နာကတော့ လှောင်ပြောင်မှုတွေကို ခံရလိမ့်မယ် ထင်တယ်"
အဘိုးကြီးချင်က သက်ပြင်း ချလိုက်သည်။
ထိုအချိန်၌ ချင်ယန်နာ၏ မျက်နှာကလေးမှာ ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့၏။
"ကိစ္စမရှိပါဘူး အဘိုး ... သမီးအတွက် ဘာမှ စိတ်မပူပါနဲ့"
သူမက အသက်မဲ့စွာ ပြုံးရင်း ခေါင်းလေးအား ငုံ့လိုက်တော့၏။
***
ထိုအချိန်၌ ဝမ်မိသားစုမှာမူ တစ်ချိန်လုံး တိတ်ဆိတ် ငြိမ်သက် နေခဲ့သည်။ သူတို့သည် မြောက်အရပ်တောင်တန်း စံအိမ်၌သာ ဆက်လက် နေထိုင်ကြပြီး မည်သည့် လှုပ်ရှားမှုကိုမျှ ထူးထူးခြားခြား ပြုလုပ်ခြင်း မရှိချေ။
သို့သော်လည်း ချန်းဖန်၏ စေ့စပ်ပွဲ သတင်းအား ကြားပြီးနောက် အဘွားကြီး ရွှယ်ဟုန်မေ့မှာ အသားများ တဆတ်ဆတ် တုန်သည်အထိ ဒေါသထွက်လာခဲ့သည်။
သူမသည် သူမ၏ အဖိုးတန် မြေးလေး သေဆုံးပြီးနောက် ရက်ပေါင်းများစွာ တိုင်အောင် အိပ်ပျက်ညများကို ဖြတ်ကျော်ခဲ့ရသည်။ ယခုထွက်ပေါ်လာသော ချန်းဖန်၏ စေ့စပ်ပွဲ သတင်းက သူမ၏ ရင်ဘတ်အား ဆောင့်ကန်လိုက်သလိုပင်။
"အဖေ အမေ ... ချန်းဖန်က တော်တော်လေး လွန်နေပြီလို့ ထင်တယ် ... ရှောင်ချန်းက သူ့ကို တစ်ခါမှ မဆန့်ကျင်ဖူးဘူး ... နောက်ပြီး ရှောင်ချန်းက ဝမ်မိသားစုရဲ့ အနာဂတ် ... ဒါတောင် သူက ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်"
ဝမ်ကဲ့ရှန်းက ဆိုလိုက်သည်။
"ဟားဟား ... ချန်းပေ့ရွှမ်း"
ဝမ်ကဲ့ဖန်းက စားပွဲအား အနည်းငယ် ခေါက်ရင်း နာကျင်စွာ ရယ်မောလိုက်သည်။
"သူက သူ့ရဲ့လွှမ်းမိုးမှုကို သုံးပြီး လူတွေကို အင်းဆက် ပိုးမွှားလောက် သဘောထားပြီး သတ်နေတာ ... အခြားနေရာတွေ ထားဦး ... ရန်ကျင်းမှာတောင် သူ့ကို မုန်းနေတဲ့သူ ဘယ်နှယောက် ရှိနေမလဲ ... သူ့ရဲ့ စေ့စပ်ပွဲနေ့ကျ ဘယ်သူမှ လာမှာ မဟုတ်ဘူးလို့ ငါလောင်းရဲတယ်"
"ဟုတ်တယ် ..."
အခြား ဝမ်မိသားစုဝင် များကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
ချန်းဖန်သည် အစွမ်းထက်သည် ဆိုသော်လည်း အခြားလူများ အပေါ် လေးစားမှု အနည်းငယ်မျှပင် မရှိသူ ဖြစ်သည်။ လူတိုင်းသည် သူ့ကို ကြောက်ကြသည့်တိုင် ထိုအရာက ရွံကြောက်ကြီးသာ ဖြစ်လေသည်။
***
စေ့စပ်ပွဲနေ့ကား မကြာခင် ရောက်ရှိ ချေတော့မည်။ ချန်းဖန်သည် စေ့စပ်ပွဲကို ရိုးရှင်းစွာသာ ပြုလုပ်လိုရာ နီးစပ်သော လူများကိုသာ ဖိတ်ခေါ်ခဲ့သည်။
ထိုအရာက စေ့စပ်ပွဲသာ ဖြစ်လေသည်။ လက်ထပ်ပွဲ မဟုတ်ချေ။
သို့သော်လည်း စေ့စပ်မည့်သူက ဂန္ထဝင် စိတ်တိုကြီးချန်း ဖြစ်ပေသည်။ ချန်းဖန်သည် သူ၏ အဆင့်အတန်းကို လျှော့တွက်မိခြင်းသာ ဖြစ်လေ၏။
"ချန်းပေ့ရွှမ်း စေ့စပ်တော့မယ်တဲ့ ... ငါတို့ သွားမှ ဖြစ်မယ်"
"တကယ်လား ... သူက ငါတို့ကို ဘာလို့ မဖိတ်တာလဲ ... ဘာပဲဖြစ်ဖြစ် ငါတို့ စေ့စပ်လက်ဖွဲ့တော့ သွားပေးမှ ဖြစ်မယ် ... ချန်းပေ့ရွှမ်းနဲ့ မတွေ့ရရင်တောင် သူ့မိဘတွေ ဆွေမျိုးတွေနဲ့ မိတ်ဖွဲ့ခွင့် ရရင်တောင် ငါတို့ အတွက် အမြတ်ချည်းပဲ"
"ဟုတ်တယ် ... သူနဲ့ ရင်းနှီးတာ မရင်းနှီးတာက အရေးမကြီးဘူး ... သူက ကမ္ဘာရဲ့ စွမ်းအား အကြီးဆုံး ပုဂ္ဂိုလ်ပဲလေ ..."
တရုတ်၏ သိုင်းပညာဂိုဏ်းများ၊ ကမ္ဘာ၏ မြေအောက် အဖွဲ့အစည်းများ သာမက မြောက်ပိုင်းချုံး၏ မဟာမိတ် အင်အားစု များသည်လည်း စေ့စပ်ပွဲသို့ လာရောက်ရန် စိုင်းပြင်း နေကြပြီ ဖြစ်သည်။
ဤသို့ဖြင့် လက်ထပ်ပွဲနေ့ကား ရောက်ရှိ လာချေပြီ ဖြစ်သည်။
မြောက်အရပ် တောင်တန်း၏ တောင်ခြေ တစ်လျှောက်လုံး၌ ကားများစွာ ပြည့်နှက်နေတော့၏။ ထိုကားများမှာ အနည်းဆုံး မီလျံချီကာ တန်သည့် နောက်ဆုံးပေါ် ကားကြီးများသာ ဖြစ်သည်။
ကီလိုမီတာ ဒါဇင်ချီအောင် ရပ်ထားသော ကားတန်းကား မိုင်တစ်ဆယ် ရှည်လျားသော နဂါးတစ်ကောင်ဟုပင် ထင်မှတ်ရသည်။
ရန်ကျင်း၏ သာမန်လူများစွာမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် နေမိကြသည်။
"ဘယ်သူ လက်ထပ်တာလဲ မသိဘူး ... အရမ်း ခမ်းနားတာပဲ ... ရန်ကျင်းရဲ့ ထိပ်တန်း မိသားစုကြီးတွေ ကြားက လက်ထပ်ပွဲတောင် ဒီလောက် ခမ်းနားမယ် မထင်ဘူး ... ဒါပေမဲ့ ကားတွေ ရပ်ထားတဲ့ပုံကို ကြည့်ရတာကတော့ မြောက်အရပ် တောင်တန်းက ဝမ်မိသားစုနဲ့ ပတ်သက်နေမယ် ထင်တယ်"
"ငါကြားတာကတော့ ... မြောက်ပိုင်းချုံး စီအီးအိုရဲ့ လက်ထပ်ပွဲတဲ့ ... ဒါကြောင့် သူ့ကို ဂုဏ်ပြုဖို့ လူတွေ အများကြီး ရောက်လာကြတာ"
"မြောက်ပိုင်းချုံးလား ... ဒီကုမ္ပဏီက တရုတ်ရဲ့ ထိပ်တန်း ကုမ္ပဏီကြီး ငါးခုထဲမှာတောင် ပါဝင်တယ်တဲ့ ... ဒါနဲ့ မြောက်ပိုင်းချုံးရဲ့ စီအီးအိုက ဝမ်မိသားစုကလား"
"သူက ဝမ်မိသားစုရဲ့ မျိုးဆက် တစ်ယောက်လို့တော့ ကြားမိတယ် ... ဒါပေမဲ့ ဝမ်မိသားစုက သူ့ကို မိသားစုကနေ နှစ်ခဲ့တဲ့ နှစ်တွေတည်းက ပစ်ပယ်ထားတာတဲ့"
"နှမြောဖို့ ကောင်းလိုက်တာကွာ ... သူတို့က ဒီလောက် အင်အားကြီးတဲ့ လူတစ်ယောက်ကို ဘာလို့ နှင်ထုတ်လိုက်ရတာလဲ"
လူများစွာ အံ့ဩတကြီး ဖြစ်နေကြချိန်၌ ဝမ်မိသားစုဝင်များ၏ မျက်နှာများမှာမူ ပို၍ ပို၍ ဖြူရော်လာနေကြသည်။
***