နိုင်ငံတကာမှ ဂုဏ်ပြုမှု
Vol. 7 Ch. 627
"ဘာလို့ ချန်းပေ့ရွှမ်းရဲ့ စေ့စပ်ပွဲကို ဒီလောက် လူတွေ အများကြီး လာတာလဲ ..."
ဝမ်မိသားစု ဂျူနီယာ လူငယ်များက အံ့ဩတကြီး ရေရွတ်ကြသည်။
ဝမ်ကဲ့ရှန်းနှင့် ဝမ်ကဲ့ဖန်တို့၏ မျက်နှာများပင် ဖြူရော် နေကြပြီ ဖြစ်သည်။ သူတို့သည် ချန်းပေ့ရွှမ်း၏ လွှမ်းမိုးမှု အပေါ် လွဲမှားစွာ အကဲခတ် မိကြသည်။
ချန်းပေ့ရွှမ်းသည် လူများစွာကို သတ်ခဲ့သော်လည်း လူတိုင်းက သူ့အား လေးစားနေကြတုန်း ဖြစ်သည်။ ထိုအရာက ကမ္ဘာ၏ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ် တစ်ယောက်သာ ပိုင်ဆိုင်နိုင်သည့် လေးစား ခံရမှုလည်း ဖြစ်နိုင်သည်။
"ဒါပေမဲ့ လာတဲ့သူတွေက သာမန် သူဌေးတွေ လောက်ပါပဲ ... တကယ့် အင်အား အကြီးဆုံး မိသားစုကြီးတွေ မဟုတ်သေးပါဘူး ..."
ဝမ်ကဲ့ရှန်း၏သား ဝမ်တုန်က ပြောလိုက်သည်။
"အင်း ..."
ဝမ်ကဲ့ရှန်းက ခေါင်းညိတ်လိုက်သော်လည်း သူ၏ စိတ်တွင်မူ သက်သောင့်သက်သာ မရှိလှချေ။
ရန်တောင် တိုက်ပွဲအပြီး၌ ချန်းဖန်၏ နာမည်က ကမ္ဘာတွင်ပင် အထွတ်အထိပ် အထိ တက်လှမ်း နေခဲ့ပြီ ဖြစ်သည်။ ရန်ကျင်း၏ မိသားစုကြီးက သူ့အား မလေးမစား လုပ်ဝံ့မည် မဟုတ်ချေ။
***
ထိုအချိန်၌ မြောက်အရပ်တောင်ခြေ၌ လူများစွာမှာ စုရုံးကာ ရောက်ရှိ နေကြသည်။ ထိုလူများကား အမှောင်ကမ္ဘာမှ ပညာရှင်များ၊ ပြည်တွင်း ပြည်ပမှ သူဌေးကြီးများ ဖြစ်သည်။ သို့သော်လည်း သူတို့သည် တောင်ထိပ်သို့ တက်ရောက်ခွင့် မရကြချေ။
"တောင်းပန်ပါတယ် ခင်ဗျာ ... ဒီပွဲက ဆရာ့ရဲ့ သီးသန့် စေ့စပ်ပွဲ မလို့ပါ ..."
မြောက်ပိုင်းချုံး၏ တပည့်များက တောင်ခြေရှိ လူများအား တောင်းပန်စကား ဆိုကြသည်။
သူတို့၏ အပြုအမူများက နှိမ့်ချကာ ယဉ်ကျေးသော်လည်း တလက်လက် တောက်ပနေသော မျက်လုံးများအရ ထိုတပည့်များမှာ အတွင်းအား ထိပ်သီး အဆင့်များ ဖြစ်ကြောင်း သိသာနေ၏။
"ကျုပ်တို့က အရှင်ရဲ့အတွက် စေ့စပ် လက်ဖွဲ့လေးတွေ ပေးချင်လို့ လာခဲ့တာပါ ... ကျုပ်တို့ တောင်ထိပ်ကို မတက်ရလည်း ဖြစ်ပါတယ်"
များစွာသော လူများက ထိုအရာကို စိတ်မရှိကြချေ။ သို့သော်လည်း အချို့တလေကမူ သိပ် ကျေနပ်ကြခြင်း မရှိချေ။
"ဒါနဲ့ ... ဟိုအဘိုးကြီးက ဘာလို့ တက်ခွင့်ရတာလဲ"
ဟောင်ကောင်မှ လာသော သူဌေးကြီး တစ်ယောက်က တောင်ထိပ်သို့ တက်သွားသော ဆံပင်ဖြူ အဘိုးအိုနှင့် ကလေးမလေး တစ်ယောက်ကို မေးငေါ့ပြရင်း မေးလိုက်သည်။
"မင်းရူးသွားတာလား ... သူက ရန်ကျင်း ရှောင်မိသားစုရဲ့ သခင်ကြီးကွ ... ငါ့အထင် သူက အရှင်ချန်းကို တောင်းပန်ဖို့ လာတာ ဖြစ်ရမယ် ... မင်းသာ သူ့လို အဆင့်အတန်းမျိုး ရှိရင်တော့ တောင်ထိပ်ကို တက်ခွင့်ရမှာပေါ့"
အခြား သူဌေးကြီး တစ်ယောက်က ဟောင်ကောင်မှ လာသော သူဌေးကြီးအား မျက်ထောင့်နီဖြင့် ကြည့်ရင်း ရှင်းပြလိုက်သည်။
ရှောင်မိသားစုသည် ရန်ကျင်း၏ အင်အား အကြီးဆုံး မိသားစုကြီး ဖြစ်ကာ တရုတ်၏ ထိပ်တန်း မိသားစု ငါးခုတွင်ပင် ပါဝင်သည်။ ရှောင်မိသားစုနှင့် ယှဉ်ပါက ဘီလျံနာ တစ်ယောက်ပင်လျှင် ဘာမှ မဟုတ်တော့ချေ။
***
ထိုအချိန်၌ စေ့စပ်ပွဲ ပြုလုပ်သည့် ခန်းမ တစ်ဝက်ခန့်မှာ မြောက်ပိုင်းချုံး ဂိုဏ်းဝင်များ၊ ချန်းမိသားစု၊ ဖန့်မိသားစုများနှင့် ပြည့်နေပြီ ဖြစ်သည်။
"သခင်ကြီးရှောင် ရောက်လာပါပြီ ..."
အဘိုးကြီးရှောင် ရောက်လာကြောင်း သိရသည်နှင့် ဝမ်ရှောက်ယွင်၊ ချန်းကောရှင်း၊ ချန်းဟွိုက်အန်းတို့က ထွက်၍ ကြိုဆို လိုက်ကြသည်။
အဘိုးကြီးရှောင် ချန်းဖန်အား တောင်းပန်ခဲ့ရသည့် အဓိက အကြောင်းရင်းမှာ ချန်းဖန်၏ အဆင့်အတန်းကြောင့်သာ ဖြစ်သည်။
ချန်းဖန်မှလွဲ၍ မြောက်ပိုင်းချုံး၌ အဘိုးကြီးရှောင်၏ အဆင့်အတန်းကို မီသူ မရှိချေ။ ချန်းဟွိုက်အန်း ပင်လျှင် အဘိုးကြီးရှောင်နှင့် ယှဉ်ပါက ဂျူနီယာ အဆင့်လောက်သာ ရှိသည်။
"ညီလေး ဟွိုက်အန်း ... ကျုပ် မင်းအကြောင်း အများကြီး ကြားဖူးပါတယ် ... မင်းက ဒီလို ထူးချွန်တဲ့ မြေးတစ်ယောက်ကို ပြုစု ပျိုးထောင် ပေးနိုင်ခဲ့တာပဲ"
အဘိုးကြီးရှောင်က ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။
"အစ်ကိုရှောင် ... ပြီးခဲ့တဲ့ ရက်ပိုင်းက ရှောင်ဖန် ပြဿနာ ရှာခဲ့တာတွေ အတွက် တောင်းပန် ပါရစေ"
ချန်းဟွိုက်အန်းက ယဉ်ကျေးစွာပင် တောင်းပန် လိုက်သည်။
"ဟားဟား ... ပြဿနာ မရှိပါဘူး ... ကျုပ်ရဲ့မြေး ရှောင်ရွှမ်က တကယ်ပဲ မောက်မာလွန်းတယ် ... အရှင်ချန်းက သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်တာ အတွက် ကျေးဇူးတောင် တင်သင့်တာပါ"
အဘိုးကြီးရှောင်က ပေါ့ပါးစွာ ရယ်မောရင်း ဆိုလိုက်သည်။
ဖန့်မင်ဒီနှင့် စုစုတို့သည် တစ်နေရာမှာ ကြည့်နေရင်း အဘိုးကြီးရှောင် ချန်းဖန်ကို မည်မျှ လေးစားကြောင်း အကဲခတ် လိုက်မိသည်။
သူတို့ကား ရန်ကျင်းသို့ ရောက်ရှိသည်မှာ မကြာသေးရာ မိသားစုကြီးများ အကြားမှ ပြဿနာများ၊ ရန်တောင်ထိပ်မှ တိုက်ပွဲ စသည့် အကြောင်းအရာ အလုံးစုံကို မသိကြသေးချေ။
"ရှောင်ဖန်လို လူမျိုးကို လက်ထပ်ရတာ ရှောင်ချုံးအတွက် တကယ်ပဲ ကံကောင်းတယ်"
ဖန့်မင်ဒီနှင့် စုစုတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြုံးလိုက်မိကြသည်။ သူတို့ နှစ်ယောက်တွင် စေ့စပ်ပွဲအပေါ် တူညီသော အတွေး ရှိကြသည်။
"အဘိုးကြီးရှောင်" ၏ ရောက်ရှိလာမှုကား အစသာ ဖြစ်သည်။ မကြာခင်မှာပင် လီ၊ မူ၊ ဟန် မိသားစုများ တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာကြသည်။ အဘိုးကြီးချင်နှင့် ချင်ယန်နာတို့ပင် ပေါ်လာခဲ့သည်။
မည်သို့ပင် ဆိုစေ ... ယနေ့ကား ချန်းဖန်၏ စေ့စပ်ပွဲနေ့ ဖြစ်သည်။ ထို့ကြောင့် ဝမ်ရှောက်ယွင်သည် ထိုလူများကို မောင်းမထုတ်ပဲ ဖော်ရွေစွာသာ ကြိုဆိုခဲ့သည်။
"အဘိုးကြီးချင် ... ခင်ဗျား အကြံအစည်တွေက အသုံးမဝင်ခဲ့ဘူး ဟုတ်တယ်မလား"
တစ်ယောက်က နောက်ပြောင်လိုက်သည်။
"ဟားဟား ..."
အဘိုးကြီးချင်က ရယ်မောရင်း ခေါင်းကို ခါလိုက်သည်။
"အရှင်ချန်းက ကျုပ်တို့နဲ့ အလှမ်း ကွာလွန်းပါတယ် ... ကျုပ်ရဲ့ မြေးမလေးက ရန်ကျင်းရဲ့ အလှဆုံး အတော်ဆုံး မိန်းကလေး ဆိုပေမဲ့ အရှင်ချန်းနဲ့တော့ မလိုက်ဖက်နိုင်ခဲ့ပါဘူး"
ချင်ယန်နှာမှာမူ ဘာမှ ပြန်မပြောပဲ ခေါင်းကိုသာ ငုံ့နေခဲ့သည်။
ထိုအချိန်၌ ဝမ်မိသားစုဝင်များမှာ ခပ်လှမ်းလှမ်း တစ်နေရာမှ နေ၍ စေ့စပ်ပွဲသို့ လာသူများအား အကဲခတ် နေခဲ့သည်။
"ရှောင်မိသားစု လီမိသားစု မူမိသားစု ချင်မိသားစု ... သူတို့တွေ တကယ်ကို အရှက်မရှိတဲ့လူတွေပဲ ... ချန်းပေ့ရွှမ်းက သူတို့ အပေါ် ဘယ်လို ဆက်ဆံခဲ့လဲ ဆိုတာ မေ့သွားပြီလား"
ဝမ်တုန်က မကျေမနပ် အံကြိတ်လိုက်၏။
ဝမ်ကဲ့ချင်နှင့် ဝမ်ကဲ့ရှန်းတို့မှာမူ ဖြူရော်စွာသာ ပြုံးလိုက်မိကြသည်။
ယခု၌ ချန်းဖန်၏ အဆင့်အတန်းက ကမ္ဘာတွင်ပင် ထိပ်တန်းအဆင့်၌ ရောက်နေသူ ဖြစ်သည်။ ရန်ကျင်း၏ မိသားစုများက သူ့အား မည်ကဲ့သို့ ဆန့်ကျင်ရဲပါမည်နည်း။
ထိုအချိန်မှာပင် ဧည့်ကြို၏ ကြေညာသံများက ဆက်တိုက် ဆိုသလို တောင်ခြေမှ ထွက်ပေါ်လာခဲ့၏။
"ကိုရီးယား ဆမ်ဆောင်း လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ မစ္စတာ လီဂျေဟယ် ရောက်ရှိ လာပါတယ်"
"ဂျပန် မစ်ဆု လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ မစ္စတာ မစ်ဆုယူတို ရောက်ရှိလာပါတယ်"
"စင်္ကာပူ တမားဆက် လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ မစ္စ ကောနွမ်နွမ် ရောက်ရှိလာပါတယ်"
" ... "
ရောက်ရှိလာကြသူ အားလုံးကား ဒေါ်လာ ဘီလျံရာချီကာ ချမ်းသာသည့် နိုင်ငံတကာမှ အလွန် နာမည် ကျော်ကြားသော သူဌေးကြီးများ ဖြစ်ကြသည်။ တရုတ်ရှိ သာမန် လူများပင်လျှင် ထိုလူများ၏ နာမည်နှင့် ဂုဏ်သတင်းကို ကြားသိဖူး ကြသည်။
သို့သော်လည်း ထိုလူများကား ချန်းပေ့ရွှမ်း၏ စေ့စပ်ပွဲ အတွက် ရောက်ရှိလာကြခြင်း ဖြစ်သည်။ ထိုအရာက သူတို့သည် ချန်းဖန် အပေါ် မည်မျှ အလေးထားကြောင်း ဖော်ပြ နေခဲ့သည်။
"ကျွန်တော် မစ္စတာ ချန်းပေ့ရွှမ်းကို တောင်းပန်ဖို့ လာရောက်ခဲ့တာပါ ... တစ်ခါတုန်းက ကျွန်တော်တို့ လီမျိုးဆက် တစ်ယောက်က မစ္စတာ ချန်းပေ့ရွှမ်းကို စော်ကားခဲ့မိပါတယ် ... ဒီအတွက် လီမိသားစုက တကယ်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်"
လီဂျေဟယ်က ချန်းဖန်နှင့် တွေ့ဆုံခွင့် ရရန် ခွင့်တောင်းလိုက်သည်။
"စိတ်မကောင်းပါဘူးရှင် ... ဆရာက အခု မိန်းကလေး ဖန့်ချုံးနဲ့ ရှိနေတာပါ ... သူက ခုအချိန်မှာ ဘယ်သူ့ကိုမှ မတွေ့ချင်ပါဘူးတဲ့"
ယူကီရှီရိုဆာက တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
"ရပါတယ် ရပါတယ် ... ကျွန်တော့်ရဲ့ တောင်းပန်မှုကိုတော့ လက်ခံပေးပါ ခင်ဗျာ"
လီဂျေဟယ်က ခေါင်းအား အကြိမ်ကြိမ် ညွှတ်ရင်း ပြောဆိုလိုက်သည်။
ထို့နောက် မစ်ဆု ယူတိုက ချန်းဖန်အား တောင်းပန်ကြောင်း ပြောဆိုပြီး တိုယိုတာ လုပ်ငန်း၏ ရှယ်ယာ တစ်ဝက်ကို ချန်းဖန်၏ စေ့စပ်လက်ဖွဲ့ အဖြစ် ပေးအပ်ခဲ့သည်။
ထိုအချိန်၌ ခပ်လှမ်းလှမ်းမှ အကဲခတ်နေသည့် ဝမ်မိသားစုဝင်များမှာ မျက်စိ မျက်နှာ ပျက်နေကြပြီ ဖြစ်သည်။
ချန်းဖန်၏ လွှမ်းမိုးမှုက ယခုလောက်အထိ ကြီးမားမည်မှန်း သူတို့ မထင်မိခဲ့ကြချေ။ ချန်းဖန်နှင့် ဆက်ဆံရေး ပျက်စီးသွားခြင်းက သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီး တစ်ခုပင် ဖြစ်တော့သည်။
"ကဲပါလေ ... ငါတို့က သူနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်မှာတဲ့လဲ"
အဘိုးကြီး ဝမ်ကျုံးကောက ခေါင်းအား ခါရင်း နေထိုင်ရာ နေရာသို့ ပြန်ရန် ပြင်လိုက်သည်။ ထိုအချိန်မှာတောင် တောင်ခြေရှိ ဧည့်ကြို၏ ကျယ်လောင်သော ကြေညာသံ တစ်ခုက ထွက်ပေါ်လာခဲ့ပြန်သည်။
"ဂျပန် ဝန်ကြီးချုပ်ရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ ယမ်မာမူရာ ခူချီက မစ္စတာချန်းနဲ့ မစ္စ ဖန်ချုံးတို့ရဲ့ စေ့စပ်ပွဲကို ဂုဏ်ပြုဖို့ အတွက် ဂျပန် အစိုးရ ကိုယ်စား ရောက်လာပါတယ်"
ထိုအသံအား ကြားသည်နှင့် ဝမ်ကျုံးကောမှာ လှမ်းနေသော ခြေလှမ်းများကို ရပ်၍ တုန်လှုပ်စွာ နားစွင့် လိုက်မိသည်။
နိုင်ငံတစ်ခု၏ ခေါင်းဆောင်က ချန်းဖန်၏ စေ့စပ်ပွဲ အတွက် ဂုဏ်ပြုရန် ရောက်ရှိလာသည်လား။
ဝမ်မိသားစုဝင်များ နားစွင့် နေကြချိန်မှာပင် အစဉ်လိုက် ကြေညာသံများက တောင်ခြေမှ အဆက်မပြတ် ထွက်ပေါ်လာခဲ့တော့သည်။
"ဂျာမန် ဝန်ကြီးချုပ်ရဲ့ ကိုယ်စားလှယ် မစ္စတာရုမ်း ရှနိုက်ဒါက မစ္စတာချန်းနဲ့ မစ္စ ဖန်ချုံးတို့ရဲ့ စေ့စပ်ပွဲကို ဂုဏ်ပြုဖို့ အတွက် ဂျာမန် အစိုးရ ကိုယ်စား ရောက်လာပါတယ်"
"ရုရှား ဗိုလ်ချုပ်အိုလပ်က မစ္စတာချန်းနဲ့ မစ္စဖန်ချုံးတို့ရဲ့ စေ့စပ်ပွဲကို ဂုဏ်ပြုဖို့ အတွက် ရုရှား အစိုးရ ကိုယ်စား ရောက်လာပါတယ်"
"ပြင်သစ် သမ္မတရဲ့ အထူး ကိုယ်စားလှယ် ..."
"အင်္ဂလန် ဝန်ကြီးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ..."
"ဥရောပ ယူနီယံ အဖွဲ့အစည်းရဲ့ အထူးကိုယ်စားလှယ် ..."
"ဒါက ..."
ဝမ်ကျုံးကောက တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် နောက်ဆုံး ကြေညာသံ တစ်ခုက ထွက်ပေါ်လာခဲ့ပြန်၏။
"အမေရိကန် သမ္မတ အိုဘားမားက သူ့ရဲ့ ကိုယ်စားလှယ်ကို မစ္စတာ ချန်းပေ့ရွှမ်းနဲ့ မစ္စ ဖန့်ချုံးတို့ရဲ့ စေ့စပ်ပွဲကို ဂုဏ်ပြုဖို့ အတွက် စေလွှတ်လိုက်ပါတယ်"
ထိုကြေညာသံ ထွက်ပေါ်လာသည်နှင့် လူတိုင်း တိတ်ဆိတ် သွားကြတော့၏။
ချန်းဖန်၏ ပုံရိပ်က မည်မျှအထိ မြင့်မား နေခဲ့သနည်း။
***