အဆုံးမဲ့သော စွမ်းအား
Vol. 126 Ch. 1634
ချင်မူမှာ မြေအောက်ဘုံအရှင်သခင်အပေါ် အငြိုးအဃာတ ထားမိသည်က အကြောင်းအရင်းတစ်ခု ဖြစ်သလို မြေအောက်ဘုံအရှင်သခင်ကို အသက်သွင်းမပေးသေးသည့် အကြောင်းရင်းနောက်တစ်ခုကလည်း သပ်သပ် ရှိနေသည်။ မြေအောက်ဘုံအရှင်သခင် ပြန်ပေါ်လာ၍ ကောင်းကင်နတ်ဘုံ သိသွားလျှင် ကောင်းကင်နတ်ဘုံသည် ချင်မူ၏ တာအိုနှလုံးသား မပျက်စီးသေးသည့်အပြင် တန်ပြန်တိုက်ခိုက်ရန် ကြံရွယ်နေကြောင်း သိသွားပေလိမ့်မည်။
ထိုအခါ ကောင်းကင်နတ်ဘုံကား သူတို့၏ အကျိုးစီးပွားကိုပင် မထည့်တွက်တော့ဘဲ ကျူပင်ခုတ် ကျူငုတ်မကျန်စေနှင့် ဆိုသော စကားအတိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာအား တိုက်ခိုက်ပေလိမ့်မည်။
ချင်မူမှာ အချိန်ဆွဲရန် လိုအပ်သောကြောင့် မြေအောက်ဘုံအရှင်သခင်ကို အသက်ပြန်မသွင်းပေးလိုပေ။
သို့သော် မြေအောက်ဘုံအရှင်သခင်သည်သာ ထိုက်ချူ၏ လူဝင်စားကို ရှာနိုင်သောကြောင့် မြေအောက်ဘုံအရှင်သခင်အား အသက်သွင်းပေးရုံသာ ရှိတော့သည်။
မြေအောက်ဘုံအရှင်သခင်ကို အသက်သွင်းပေးပြီးသည်နှင့် လူရှေ့သူရှေ့ ထွက်စေ၍ မဖြစ်။ မဟုတ်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ အကြီးအကျယ် ဘေးဒုက္ခရောက်လိမ့်မည်။
လောက၏ မရဏတရားအပေါ် အုပ်စိုးသော နတ်ဘုရားတစ်ပါး အနေဖြင့် မြေအောက်ဘုံအရှင်သခင်၏ ဝိညာဉ်ကား အင်မတန် အင်အားကြီးမားပေသည်။ သူ၏ အနက်ရောင်ဝိညာဉ်သဲမှုန်များကို ဆင့်ခေါ်ရန်ပင် ရက်ပိုင်းမျှ ကြာလိမ့်မည်။
မြေအောက်ဘုံအရှင်သခင်၏ ဝိညာဉ်ထဲရှိ အနက်ရောင်သဲမှုန်များမှာ ကောင်းကင်ကမ္ဘာသို့ ဆွဲဆောင်ခံခဲ့ရသည်။ ကောင်းကင်ကမ္ဘာက ယိုတုထက် အင်အားကြီးမား၍ မဟုတ်သလို၊ ကောင်းကင်ယင်နတ်ဘုရားမက မြေအောက်ဘုံအရှင်သခင်က အစွမ်းထက်၍လည်း မဟုတ်ပေ။ တာအိုနှင့် ရှေးဟောင်းနတ်ဘုရားအကြားရှိ ပတ်သက်မှုက အပြန်အလှန်သက်ရောက်နေခြင်း ကြောင့်သာ ဖြစ်၏။
ကောင်းကင်နယ်စားမင်းက သက်ရှိကမ္ဘာထဲရှိ ကောင်းကင်တာအို၏ လုပ်ဆောင်မှုကို ထိန်းချုပ်သည်။ မြေအောက်ဘုံသခင်က သက်ရှိသတ္တဝါတို့၏ သေခြင်းတရားအပေါ် ခြယ်လှယ်သည်။ ကောင်းကင်ယင်နတ်ဘုရားများက ပျက်စီးသွားသော ဝိညာဉ်တို့၏ အမှုန်အစတို့အား ပိုင်ဆိုင်သည်။
ထိုသဘောပင် ဖြစ်လေသည်။
ဤနှစ်များအတွင်း စစ်ရေးအခြေအနေများ အဘက်ဘက်၌ တင်းမာနေသည်နှင့်အမျှ ဝိညာဉ်ကွဲကြေသည့်တိုင်အောင် သေဆုံးကြရသော နတ်ဘုရားမိစ္ဆာ၊ သေမျိုးလူသားများ ပိုပို၍များပြားလာခဲ့သည်။ ဤသို့ဖြင့် ကောင်းကင်ယင်ကမ္ဘာသည်လည်း ကျယ်ပြန့်လာခဲ့သလို၊ ကောင်းကင်ယင်တာအိုနှင့် ကောင်းကင်ယင် ကောင်းကင်နတ်သိုင်းများမှာလည်း တစထက်တစ တိုးတက်လာခဲ့လေသည်။
ကောင်းကင်ယင်နတ်ဘုရားမက ရှေးဟောင်းနတ်ဘုရားမ မဟုတ်တော့သော်လည်း ကောင်းကင်ယင်ကမ္ဘာ၏ အရှင်သခင် ဖြစ်သည့်အလျောက် တစ်နေ့ထက်တစ်နေ့ သိုင်းအခြေခံ ခိုင်မာလာခဲ့ရာ ခွန်အားသည်လည်း အလွန်ပင် လျင်မြန်စွာ မြင့်တက်လာခဲ့တော့၏။
နှစ်ရက်သုံးရက်ခန့် ကြာသည့်အခါ ချင်မူ အစီအရင်အား ဖြန့်ကျက်ပြီးသွားသည်။ သူ့မှာ မောပန်းလွန်းသဖြင့် အသက်ကို လု၍ ရှုနေရပြီး ခန္ဓာကိုယ်မှာလည်း လဲပြိုတော့မတတ် နွမ်းနယ်နေသည်။
လင်ယွိရှို့မှာ စိတ်ပူနေသောကြောင့် သူ့အား တွဲပေးထားချင်သော်လည်း ချင်မူက လက်ကာပြကာ သူ့ကိုယ်သူ တည်ငြိမ်စေသည်။ မြေအောက်ဘုံအရှင်သခင် အားချိုကား သူ့အရှေ့၌ ဖြည်းဖြည်းချင်း နိုးထလာလေပြီ။
မြေအောက်ဘုံအရှင်သခင်အားချို နိုးလာသည်နှင့် ငရဲမီးက သူ့ခန္ဓာကိုယ်ကို တိုက်စားတော့သည်။ ငရဲမီးအလွှာအထပ်ထပ်က အနက်ရှိုင်းဆုံးထဲသို့ တိုးဝင်သထက် တိုးဝင်သွားသည်နှင့်အမျှ ငရဲခံနေရသော သတ္တဝါတို့၏ အသွင်သဏ္ဍာန်များ ပေါ်လွင်လာသည်။ သူတို့သည်ကား အားချို၏ ခန္ဓာကိုယ်ထဲ၌ နှစ်ပေါင်းသန်းချီ နေထိုင်ခဲ့ကြသော သတ္တဝါတို့၏ ဝဋ်ဆင်းရဲ ငရဲသာ ဖြစ်ချေ၏။
အားချိုက မြေအောက်ဘုံအရှင်သခင် မဟုတ်တော့ပေ။ သူက ယိုတုမဟာတာအိုမှ ရုန်းထွက်၍ သေမျိုးကမ္ဘာထဲတွင် အသက်ရှင်ရန် ရုန်းကန်နေရသော အရုပ်ဆိုးဆိုး ဖခင်တစ်ယောက်၊ ယောက်ျားတစ်ယောက်၊ သားတစ်ယောက် ဖြစ်လာခဲ့သည်။
သူ ငရဲခံခဲ့ရသော ငရဲမီးအလွှာတို့သည် ကောင်းကင်ဘုံအလွှာများအဖြစ် အသွင်ပြောင်းလဲ၍ ၃၅ ဘုံအထိ ပွင့်သွားခဲ့၏။ သို့သော် ၃၆ ဘုံမြောက်သို့ ရောက်တော့မည့်ဆဲဆဲတွင် ငရဲမီးသည် ရုတ်တရက် ငြိမ်းသေသွားသောကြောင့် မရောက်လိုက်ပေ။
ချင်မူ မျက်မှောင်ကြုတ်သွားသည်။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်မှာ သူတို့၏ တာအိုလမ်းစဉ်အတွက် လွန်ခဲ့သောနှစ်တစ်သန်းက အစီအစဉ်များ စတင်ဆွဲခဲ့ကြသည်။ ကောင်းကင်နယ်စားမင်းက မဟာဧကရာဇ်၏ လူဝင်စား၊ တဟုန်ကို သိမ်းပိုက်၍ ကောင်းကင်နယ်စားမင်းဟုန် ဖြစ်လာခဲ့ကာ ကောင်းကင်နတ်အရှင်ဆယ်ပါးအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
သူသာ ကောင်းကင်နတ်အရှင်ဟုန်၏ စွမ်းအားကို ငှားယူ၍ ကောင်းကင်တာအိုအချုပ်အနှောင်များမှ ရုန်းထွက်ပြီး ရွှမ်တုစစ်ပွဲ၌ အောင်နိုင်ခဲ့လျှင် တာအိုကို ရရှိနိုင်လိမ့်မည်။ သို့သော် ကောင်းကင်နတ်အရှင်ဟုန်က ကောင်းကင်တာအိုကို မျက်ကွယ်ပြု၍ သူ့သား၊ ရှေးဟောင်းနတ်ဘုရင်၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်။
မြေအောက်ဘုံအရှင်သခင်ကလည်း နဂါးဟန်ခေတ်အစောပိုင်းထဲက အစီအစဉ်များ ရေးဆွဲထားခဲ့သည်။ သူက အားချိုကို အသုံးချခဲ့၏။ နှစ်တစ်သန်းကြာ ငရဲခံခဲ့ရခြင်းက တာအိုရရန် လုံလောက်သင့်သည်။ သို့သော် မြေအောက်ဘုံအရှင်သခင် အသက်ပြန်ရှင်၍ အားချိုဖြစ်သွားသည့်အချိန်တွင် တာအိုကို မရပေ။ ဝဋ်ငရဲမီးတာအိုအဆင့်၏ ၃၅ ဆင့်မြောက်၌ ရပ်တန့်သွားခဲ့ချေပြီ။
“ကျေးဇူးအများကြီးတင်ပါတယ် ကောင်းကင်နတ်အရှင်မူ” အားချိုက မတ်တပ်ထရပ်ကာ ချင်မူအား နှုတ်ဆက်သည်။
ကောင်းကင်နယ်စားမင်းကလည်း ဦးညွှတ်အရိုအသေပေးသည်။ “ငါတို့ကို ကယ်တင်ပေးတဲ့အတွက် ကောင်းကင်နတ်အရှင်မူကို ကျေးဇူးတင်ပါတယ်”
ချင်မူက အပြုံးမဟုတ်သော အပြုံးဖြင့် တုံ့ပြန်လိုက်၏။ “တာအိုနောင်တော်အားချို၊ တာအိုနောင်တော် ကောင်းကင်နယ်စားမင်း၊ ခင်ဗျားတို့တွေကို အသက်ပြန်သွင်းပေးလိုက်တာက ယိုတုတာအိုကို အာခံသလို ဖြစ်လား.... ရွှမ်တုရဲ့ ကောင်းကင်ဥပဒေကို ဖောက်ဖျက်လိုက်သလို ဖြစ်လား”
ချင်မူကား အတိတ်ကို ပြန်တူးဆွပေးလိုက်ခြင်းပင်။ ထိုစဉ်အခါတုန်းက ချင်မူ သေမျိုးလူသားများကို အသက်ပြန်သွင်းချင်ခဲ့သည်။ ကောင်းကင်နယ်စားမင်းက ကောင်းကင်ဥပဒေကို ဖောက်ဖျက်ရာကျသည်ဆိုကာ ခွင့်မပြုခဲ့။ သူတို့နှစ်ယောက် အကြီးအကျယ် စကားများခဲ့ရာမှ ကောင်းကင်နယ်စားမင်းသည် ရှေးဟောင်းနတ်ဘုရားများကိုသာ အသက်ပြန်သွင်းလိုကြောင်း ချင်မူ ခံစားခဲ့ရသည်။ ကောင်းကင်နယ်စားမင်းသည် အမှန်ပင် တစ်ကိုယ်ကောင်းဆန်ခဲ့၏။
နောက်ပိုင်းတွင် ဓားမလမ်းစဥ်၌ တိုးတက်ရန်အတွက် ချင်မူ တောင်ဘက်နယ်စပ်သို့ ထွက်လာခဲ့ရင်း စစ်ပွဲ၌ ကျဆုံးသွားခဲ့သော စစ်သည်တော်ဝိညာဉ်များအား နိုးထစေခဲ့မိသည်။ ထိုအခါ ယိုတုတာအိုကို ချိုးဖောက်လိုက်သဖြင့် ကောင်းကင်နတ်အရှင်ရုံကိုယ်တိုင် လာရောက်ပြီး မြေအောက်ဘုံအရှင်သခင်၏ အမိန့်အရ လာတားသည် ဆို၏။
ချင်မူက သူ့အမိန့်ကို အရေးမစိုက်ခဲ့ဘဲ သူ့လမ်းသူသာ ဆက်လျှောက်ခဲ့သောကြောင့် ယိုတုသို့ ဝင်ခွင့်မရခဲ့ပေ။ ဘဝပြန်ဝင်စားခြင်းတာအို၌ မအောင်မြင်သရွေ့ ယိုတုသို့ ပြန်မဝင်နိုင်တော့မှန်း သိခဲ့ရသည်။
ယခုလို အနာဟောင်းကို ပြန်ဖော်လိုက်ခြင်းက သူ့ရင်ဘတ်၌ မြိုသိပ်ထားခဲ့ရသော မကျေနပ်ချက်များကို ဖွင့်ထုတ်ပြခြင်း ဖြစ်သလို၊ ကောင်းကင်နယ်စားမင်းနှင့်် မြေအောက်ဘုံအရှင်သခင်အား အခါအခွင့်သင့်တုန်း လှောင်လိုက်ခြင်းလည်း ဖြစ်သည်။
ကောင်းကင်နယ်စားမင်းနှင့် အားချိုမှာ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြသည်။ အားချိုက မည်သို့မျှ မပြောသော်လည်း ကောင်းကင်နယ်စားမင်းက ရှင်းပြသည်။ “ကောင်းကင်တာအိုရဲ့ လမ်းစဉ်အတိုင်း လိုက်နာရလို့ပါကွာ... ကောင်းကင်တာအိုကို ဖောက်ဖျက်ရင် အပြစ်ဒဏ်သင့်...”
ချင်မူက လက်ခါကာ ပြုံးနေသည်။ “လောကကြီးမှာ ထွန်းပေါက်လာတဲ့ လမ်းစဉ်အားလုံးဟာ မိုးကောင်းကင်ကို ဆန့်ကျင်ထားတာချည်းပဲ... ပထမဆုံးပေါ်ထွက်လာတဲ့ ဆေးတာအိုကိုပဲ ကြည့်လေ... လူသားတွေဟာ မွေးဖွားတယ်၊ အိုတယ်၊ ဖျားနာတယ်၊ သေတယ်... ဒါဟာ ကောင်းကင်တာအိုရဲ့ သမားရိုးကျလမ်းပဲ... ဒါပေမဲ့ ဆရာဝန်တစ်ယောက်ဟာ ဖျားနာမှုကို ကုသပေးနိုင်လို့ သေရမယ့်သူကို ရှင်အောင် လုပ်နိုင်သွားတဲ့အခါ မိုးကောင်းကင်ကို ဆန့်ကျင်ပြီး ယိုတုတာအိုကို ချိုးဖောက်ရာ မကျဘူးလား... ဆရာဝန်ဟာလည်း အဲဒီအတွက် ယိုတုရဲ့ တရားစီရင်မှုကို ခံရမှာလား... ဟာသပဲ”
ကောင်းကင်နယ်စားမင်းမှာ ပါးစပ်ဟလိုက်သော်လည်း မည်သို့ ပြောရမည်မှန်း မသိပေ။
ချင်မူ ဆက်ပြောမိသည်။ “လမ်းမရှိရင် တံတားဖောက်ရတယ်... အဲဒါကရော မိုးကောင်းကင်ကို ဆန့်ကျင်တာလား... တောင်ပံမရှိတဲ့အတွက် လူတွေဟာ မိုးပျံနိုင်တဲ့ သင်္ဘောတွေ ၊ ရထားလှည်းတွေ ဖန်တီးကြတယ်... အဲဒါကရော မိုးကောင်းကင်ကို ဆန့်ကျင်တာလား... ရာသီဥတု ပူရင် ရေခဲတွေ ဖန်တီးကြတယ်... ရာသီဥတု အေးရင် မီးဖိုတွေ ဖိုကြတယ်... မိုးရွာအောင် လုပ်ကြတယ်...
“နတ်ဘုရားမိစ္ဆာတွေဟာ ရေကြီးနိုင်ရင် မိုးတိမ်တိုက်တွေကို ဖယ်ရှားပေးတယ်... လိုအပ်လာရင်တော့ မိုးခေါ်ဆရာသခင်တွေဟာ မိုးတိမ်တိုက်တွေ ဆင့်ခေါ်ပေးတယ်.. ဒါတွေအားလုံးကလည်း မိုးကောင်းကင်ကို ဖီဆန်တယ်ပဲ ပြောမှာပေါ့ ဟုတ်တယ်မလား...
“အဲဒီခေတ်တုန်းက လူသားတွေဟာ အသက်ရှည်ရှည် မနေကြရဘူး”
ကောင်းကင်နယ်စားမင်းသည် ပြန်ပြောနိုင်မည့် အချက်တစ်ချက်ကို မြင်သွားသဖြင့် အပြုံးမဟုတ်သော အပြုံးဖြင့် ထောက်ပြလိုက်၏။ “ဒါဖြင့် စကြဝဠာတစ်ခုလုံး လူသားတွေနဲ့ ပြည့်နှက်ကုန်ပြီး စကြဝဠာပျက်စီးခြင်းကပ်ဘေးနဲ့ နီးကပ်လာလိမ့်မှာပေါ့”
ချင်မူ တဟားဟား အော်ရယ်လိုက်မိသည်။ “လူသားတွေအတွက် မိုးကောင်းကင်ကို မဖြစ်မနေ ဖီဆန်ရတာပဲ... သူ... မတိုးတက်လာရင် ပြင်ပဘေးက ဖျက်စီးတာ ခံရတယ်... ကိုယ့်ကိုယ်ကိုလည်း ဖျက်စီးမိတတ်တယ်... ကောင်းကင်နယ်စားမင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားနဲ့ အချင်းမများချင်ဘူး... တာအိုနောင်တော် အားချို၊ ခင်ဗျား အသက်ပြန်ရှင်လာပြီဆိုတော့ ကျုပ် ခင်ဗျားကို စည်းကမ်းသုံးချက် ချမှတ်မယ်.. မဖောက်ဖျက်ဘူးလို့ ပဋိညာဉ် ချုပ်ဆိုရမယ်”
ကောင်းကင်နယ်စားမင်းမှာ ချင်မူနှင့် စကားများချင်သေးသော်လည်း ချင်မူက အဖက်မလုပ်ပေ။ လက်ချောင်းတစ်ချောင်း ထောင်ကာ ပြောသည်။ “ကောင်းကင်နတ်ဘုံရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကြားမှာ အနိုင်အရှုံး မထင်ရှားသေးသရွေ့ ခင်ဗျား အသက်ရှင်နေတာ လူသိလို့ မဖြစ်ဘူး”
အားချိုက ခေါင်းညိတ်သည်။ “လက်ခံတယ်’
ချင်မူက ဒုတိယလက်ချောင်းကို ထောင်ကာ ပြောသည်။ “ကောင်းကင်နတ်အရှင်ရှုနဲ့ တွေ့ခွင့်မရှိဘူး... အနိုင်အရှုံး ပြတ်သားသွားရင်တော့ တွေ့နိုင်တယ်”
အားချိုမှာ တွန့်ဆုတ်သွားသော်လည်း တခဏကြာသော် လက်ခံသည်။ “မင်းသဘောအတိုင်းပါ”
ချင်မူ တတိယလက်ချောင်းကို ထောင်သည့်အချိန်၌ မျက်နှာထား တင်းမာနေ၏။ “ခင်ဗျားဘာသာခင်ဗျား ဆုံးဖြတ်၊ ခင်ဗျားဘာသာခင်ဗျား လုပ်တာမျိုး ခွင့်မပြုဘူး... ဘာပဲလုပ်လုပ် ကျွန်တော်နဲ့ အရင်ဆွေးနွေးရမယ်”
အားချိုသည် မျက်ခုံးပင့်၍ လှမ်းကြည့်သော်လည်း အောင့်သက်သက်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မင်းလက်ခုပ်ထဲက ရေဆိုတော့လည်း.. ထားပါ... မင်းသဘောပါပဲ”
ချင်မူ ပြုံးလိုက်မိသည်။ “မြေအောက်ဘုံအရှင်သခင်ကို တိုင်တည်ပြီး ကျိန်ပါ”
အားချိုက သွေးတိုးစမ်း၏။ “ဘယ်မြေအောက်ဘုံအရှင်သခင်လဲ... ငါ့ကိုယ်ငါ ပြန်တိုင်တည်ရမှာလား”
ချင်မူလည်း ဖြေလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ မြေအောက်ဘုံအရှင်သခင် ချင်ဖုန်းကျင့်ပေါ့... ပြောစရာလိုသေးလို့လား”
အားချိုမှာ ချင်ဖုန်းကျင့်ကို တိုင်တည်၍သာ ကျိန်လိုက်ရတော့သည်။ သူ ကျိန်ဆိုနေစဉ် လေအေးများ တဝေါဝေါ တိုက်ခတ်လာပြီး မိစ္ဆာချီတို့ အုံကြွလာသည်ကို ခံစားလိုက်ရ၏။ ချင်ဖုန်းကျင့်၏ ဦးခေါင်းထက်၌ ချိုနှစ်ခေါင်း ပေါက်နေပြီး မိစ္ဆာနတ်ဆိုးမီးလျှံများလည်း တဟုန်းဟုန်း တောက်နေသည်။ သူ့အသံတွင် ကလေးဆန်မှုက မပျောက်သေးပေ။
“ဘယ်သကောင့်သားက ဉာဏ်အမြော်အမြင်ကြီးမားပြီး ချောမောခံ့ညားတဲ့ ယိုတုရဲ့ အရှင်သခင် ငါကိုယ်တော်မင်းမြတ်ကို ဆင့်ခေါ်.. ဟင်... မြေအောက်ဘုံအရှင်သခင်”
ချင်ဖုန်းကျင့်သည် မြေအောက်ဘုံအရှင်သခင်ကို မြင်လျှင် အံ့ဩဝမ်းသာသွားတော့၏။ စကားပင် ဆုံးအောင် မပြောနိုင်ဘဲ အလျင်အမြန် ခုန်ချလာတော့သည်။ “နွားကြီး၊ အသက်ရှင်သေးတယ်ပေါ့... ဟ သေးသေးလေးပါလား.... ငါ့ထက်တောင် သေးနေပြီ”
အားချို၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူက ခပ်မာမာ ငေါက်လိုက်သည်။ “မြေအောက်ဘုံအရှင်သခင် လုပ်ပြီး ပေါက်ကရတွေ လျှောက်မမွှေနဲ့ကွ... ငါ မင်းနဲ့ ပဋိညာဉ်ချုပ်ဆိုရမှာ... ငြိမ်ငြိမ်နေ... ငါ့ကို ကပ်မနေနဲ့လို့ ငြိမ်ငြိမ်ရပ်ပါဆိုနေ... ဟေ့ကောင်ရ ငါ့ခေါင်းကို မထိနဲ့ ... သေချာရပ်ပါဟ”
သူက ချင်ဖုန်းကျင့်ကို တလေးတစား တိုင်တည်ကာ ကျမ်းကျိန်သည်။ သူ စည်းကမ်းသုံးချက်အား ဖောက်ဖျက်လျှင် ချင်ဖုန်းကျင့်က သူ့ဝိညာဉ်ကို စားလိမ့်မည်။
ချင်ဖုန်းကျင့်မှာ သူ၏တည်ကြည်နေသော အမူအရာကို မြင်လျှင် သူ့အပေါ် ခုန်တက်လိုစိတ်ကို သည်းခံအောင့်အည်းထားပြီး ကျမ်းကျိန်ပြီးသည်အထိ စောင့်ပြီးမှ ပြန်ခုန်တက်လာသည်။
အားချိုခမျာ မတတ်နိုင်တော့သဖြင့် မြေအောက်ဘုံအရှင်သခင်တစ်ပါး၏ ဣန္ဒြေသိက္ခာ၊ လုပ်ထုံးလုပ်နည်းတို့အား သင်ကြားပေးရတော့သည်။
မြေအောက်ဘုံအရှင်သခင်၏ သေဆုံးမှုနှင့် ခိုင်ဧကရာဇ်၏ ကျရှုံးမှုက ချင်ဖုန်းကျင့်အတွက် ရိုက်ချက်ပြင်းခဲ့လေရာ သူ့မှာ ကလေးကြီးအဖြစ်မှ လူငယ်အဖြစ်သို့ ရောက်ခဲ့ရသည်။ ပြီးခဲ့သည့်ရက်များအတွင်း စိတ်ဓာတ်ကျနေခဲ့ရပြီး ခိုင်ဧကရာဇ် အသက်ရှင်နေသေးကြောင်း သိရမှ လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာခဲ့လေသည်။ ချင်မူ အားချိုအား အသက်ပြန်သွင်းလိုက်သည့်အခါတွင်တော့ ချင်ဖုန်းကျင့်မှာ ကလေးစိတ်ပြန်ဖြစ်သွားချေပြီ။
“တာအိုနောင်တော်ကို တောင်းဆိုစရာ တစ်ခု ရှိတယ်”
ချင်မူက ချင်ဖုန်းကျင့်ကို မြေအောက်ဘုံအရှင်သခင်၏ သေခြင်းရှင်ခြင်းစာအုပ် ယူလာခိုင်းသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက ထိုက်ချူရဲ့ လူဝင်စားနှစ်ယောက်ကို ရှာချင်တယ်”
အားချိုသည် ခေါင်တယမ်းယမ်းဖြင့် သေခြင်းရှင်ခြင်းစာအုပ်ကို မယူပေ။ “အခု ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ မြေအောက်ဘုံအရှင်သခင်ရော၊ သေခြင်းရှင်ခြင်းစာအုပ်ပါ ရှိနေပြီဆိုတော့ ထိုက်ချူရဲ့ လူဝင်စားကို ရှာဖို့ မခက်ပါဘူး... မြေအောက်ဘုံအရှင်သခင် လိုအပ်နေတာက ဆရာတစ်ယောက်ပဲ... တံငါသည်တစ်ယောက်ကပဲ ငါးကို စနစ်တကျ မှားတတ်အောင် သင်ပေးနိုင်တယ်.. ငါ သူ့ကို နှစ်ရက်လောက် သင်ပေးလိုက်ပါ့မယ်... သူ ထိုက်ချူရဲ့ လူဝင်စားကို ရှာနိုင်သွားလိမ့်မယ်”
ချင်မူလည်း သက်ပြင်းရှည်ကြီး ချကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကျေးဇူးပါ တာအိုနောင်တော်”
အားချိုက ပြန်အရိုအသေပေးသည်။ “မခံယူဝံ့ပါဘူး ... မြေအောက်ဘုံအရှင်သခင်၊ ငါ့နောက် လိုက်ခဲ့”
ချင်ဖုန်းကျင့်က အားချိုနောက်မှ လိုက်ကာ ထွက်သွားသည်။ သူတို့နှစ်ယောက်သား ချင်မူ၏ ကောင်းကင်နန်းတော်ထဲ၌ တိတ်တိတ်ဆိတ်ဆိတ် နေရာတစ်နေရာ ရှိကြ၏။ အားချိုက စိတ်ရောကိုယ်ပါနှစ်၍ သင်ပေးသလို၊ ချင်ဖုန်းကျင့်ကလည်း အားတက်သရော သင်ယူသည်။ အနည်းငယ်မျှဖြင့် နားလည်သဘောပေါက်နိုင်နေသောကြောင့် ချင်ဖုန်းကျင့်မှာ ပျော်နေတော့သည်။
နှစ်ရက်ကြာသော် အားချိုနှင့် ချင်ဖုန်းကျင့်တို့ ပြန်ထွက်လာကြကာ ချင်မူ့ကို ပြောသည်။ “မြေအောက်ဘုံအရှင်သခင်ကို အသုံးချလို့ ရပြီ ကောင်းကင်နတ်အရှင်မူ”
ချင်မူက နောက်တစ်ကြိမ် ကျေးဇူးတင်ကာ သတိပေးသည်။ “တာအိုနောင်တော်၊ စည်းကမ်းတွေကို မမေ့ပါနဲ့..”
ကောင်းကင်နယ်စားမင်းသည် ပြုံးနေ၏။ “ငါတို့ ဖောက်ဖျက်ရင် တကယ် ဝိညာဉ်နုတ်ပစ်မှာလားကွ... မိတ်ဆွေတွေ မဟုတ်...”
ချင်မူ မည်သို့မျှ မတုံ့ပြန်ဘဲ ပြုံးနေသည်ကိုသာ မြင်လျှင် ကောင်းကင်နယ်စားမင်းမှာ ကြက်သီးထသွားကာ ဆက်မပြောရဲတော့။
အားချိုက ပြောသည်။ “ကောင်းကင်နတ်အရှင်မူက စကားတည်တဲ့ ယောက်ျားတစ်ယောက်ပါ... ငါတို့ ဖောက်ဖျက်ရင် သေလိမ့်မယ်... တာအိုနောင်တော် သွားစို့”
ကောင်းကင်နယ်စားမင်းလည်း သူ့နောက် လိုက်လာရင်း ခပ်တိုးတိုး ညည်းညူသည်။ “ဟိုတုန်းက ကောင်းကင်နတ်အရှင်မူက ဘယ်လောက်လိမ္မာလိုက်သလဲနော်... အခုတော့ ငါတို့ကိုတောင် ခြိမ်းခြောက်နေပြီ...”
အားချိုအသံက ပျံ့လွင့်လာသည်။ “ငါတို့ အမှားလုပ်ခဲ့တယ် နောင်တော်... ဘာမှ ဆက်မပြောနဲ့တော့”
ချင်ဖုန်းကျင့်သည် သေခြင်းရှင်ခြင်းစာအုပ်ကို ထုတ်ကာ ကောင်းကင်နတ်သိုင်း ဖြန့်ကျက်လိုက်၏။ “ညီလေး၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက သတ္တဝါတွေအားလုံးကို စစ်ဆေးပြီး အတိတ်ဘဝတွေကို ပြန်ကြည့်ဖို့ အချိန်လိုတယ်... မျိုးဆက်တစ်ရာအထိ နောက်ကြောင်းပြန်ကြည့်မှ ထိုက်ချူရဲ့ လူဝင်စားက ဘယ်သူဆိုတာ ဆုံးဖြတ်နိုင်မှာ”
ချင်မူလည်း တိတ်ဆိတ်စွာ စောင့်နေပြီး သူ မန္တန်အစီအရင် ထုတ်လွှတ်သည်ကို ကြည့်နေသည်။
ချင်ဖုန်းကျင့်သည် အားချို သင်ပေးထားသည့်အတိုင်း သေခြင်းရှင်ခြင်းစာအုပ်ကို အသုံးပြု၏။ စာအုပ်ထဲ၌ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများ ပေါ်လာသည်။ မည်သည့်မျိုးနွယ်ဖြစ်စေ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲရှိ သတ္တဝါအားလုံး သေခြင်းရှင်ခြင်းစာအုပ်ထဲ၌ ထင်ဟပ်လာသည်။
အတွေးတစ်ချက်ဖြင့် သူက အတိတ်ဘဝများအပေါ် အခြေခံ၍ လူတချို့ ရွေးချယ်လိုက်သည်။ သေခြင်းရှင်ခြင်းစာအုပ်ထဲ၌ လူသိန်းဂဏန်းမျှသာ ကျန်ခဲ့သည်။ သို့သော် ထိုပမာဏက အတော်များသေးပေသည်။
ချင်ဖုန်းကျင့််သည့် ငရဲတာအိုကို အသက်သွင်းနေသည်နှင့်အမျှ သူ့ချိုနှစ်ချောင်းက ပူသထက် ပူလာသည်။ သူ၏မျက်လုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံးသည် သေခြင်းရှင်ခြင်းစာအုပ်အပေါ်သို့ အလင်းရောင်ဖြန့်ကျက်နေ၏။ အလင်းရောင် ဖြတ်ကျော်သွားသည့်နေရာများတွင် သတ္တဝါတို့၏ အတိတ်ပစ္စုပ္ပန်ဘဝများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
သူက သေသေချာချာ ရှာနေသည်။ အအတော်လေးကြာသော် စာအုပ်ထဲ၌ သတ္တဝါမည်မျှ များစေကာမူ၊ သူသည် အားလုံးကို ထင်ရှားပြတ်သားစွာ မြင်လာရ၏။
တဖြည်းဖြည်းနှင့် စာအုပ်ထဲ၌ လူဆယ်ယောက်ကျော်သာ ကျန်တော့သည်။
ချင်ဖုန်းကျင့်က ထပ်စစ်ဆေးပြန်သည်။ သူ့ခေါင်းပေါ်ရှိ ဦးချိုနှစ်ချောင်းသည် မားမားမတ်မတ် ရပ်တည်သော တောင်ထွတ်ကြီးနှစ်ခုအလားပင်။ ချော်ရည်မီးတောက်ထဲ၌ တဟဲဟဲ တောက်လောင်လျက် ကွေးလိမ်ကောက်နေသည်။
သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက တောက်ပသထက် တောက်ပလာပြီး ဦးချိုနှစ်ချောင်းသည်လည်း လင်းသထက် လင်းလာသည်။ ယိုတုလမ်းစဉ်သည် ဧရာမမျက်လုံးကြီးအဖြစ် ပြောင်းလဲသွားကာ လူဆယ်ယောက်ကျော်အပေါ် အလင်းရောင်ဖြန့်ကျက်လိုက်၏။
လူတို့၏ အတိတ်ဘဝများအား နက်ရှိုင်းသထက် နက်ရှိုင်းစွာ မြင်လာသည်နှင့်အမျှ အရေအတွက် လျော့ကျသွားကာ ခုနစ်ယောက်သာ ကျန်တော့သည်။
“ဒါက ကျွန်တော်”
ချင်မူက လက်ညှိုးထိုးပြလိုက်သည်။ “ကျွန်တော်က ဘဝပြန်ဝင်စားခြင်းတာအိုမှာ ကျွမ်းတော့ အစ်ကိုကြီး ကျွန်တော့်နောက်ကြောင်းကို ရှာလို့မရဘူး... ဒီလူကတော့ ကောင်းကင်နတ်အရှင်ရုံ .. သူ့နောက်ကြောင်းကိုလည်း ရှာရမှာမဟုတ်ဘူး... သူကတော့ ကောင်းကင်နတ်အရှင်လင်... သူက တည်ထောင်သူဂိုဏ်းသခင်.... သူလည်း သေခြင်းရှင်ခြင်းစာအုပ်ရထားတာ... သူတို့ကို ရှာစရာမလိုဘူး... ဒီတစ်ယောက်ကတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက ကောင်းကင်နတ်အရှင်ရှုရဲ့ လူဝင်စားဖြစ်မယ်... သူ့ယိုတုတာအိုက အစ်ကိုကြီးအောက် မနိမ့်ကျဘူး... သွားမနှောင့်ယှက်မိစေနဲ့”
ချင်ဖုန်းကျင့်လည်း ဤလူများကို ပယ်လိုက်သည့်အခါ သေခြင်းရှင်ခြင်းစာအုပ်ထဲ၌ နှစ်ယောက်သာ ကျန်တော့သည်။
ချင်မူက သူတို့ကို သေချာကြည့်လိုက်သည့်အခါ တစ်ယောက်သည် တုယွီဖေး ဟု ခေါ်ပြီး နောက်တစ်ယောက်က ယန်တုရှင်းမှန်း တွေ့လိုက်ရ၏။
သူတို့နှစ်ယောက်၏ အတိတ်ဘဝများက ကောင်းကင်နတ်ဘုံမှ ကောင်းကင်ဆရာသခင် ပိုင်ယွီကျင့်ထက်ပင် ပိုမိုများပြားလေရာ ချင်ဖုန်းကျင့်အနေဖြင့် သူတို့ကို ရှာနိုင်မည်မဟုတ်ပေ။
“ဒီနှစ်ယောက်ပဲ ဖြစ်မယ်”
ချင်မူ ထရပ်လိုက်သည့်အခါ လင်ယွီရှို့က ချက်ချင်း မေးတော့သည်။ “မောင်ကြီး၊ သူတို့ သတိမပြုမိအောင် ကျန်တဲ့ ပလ္လင်ခန်းမ ၁၄ ခုကို ဘယ်လိုယူမလဲ” ထိုက်ချူသည် အရှေ့ကောင်းကင်၌ တံခါးပိတ်ကျင့်ကြံနေသော်လည်း တာအိုသိုင်းပညာတစ်ယောက် ဖြစ်သည့်အပြင် မူလချီ မဟာခြုံလွှမ်းကောင်းကင်ဘုံကိုလည်း ပိုင်ဆိုင်ထားသည်။ သူ၏လူဝင်စား မည်သည့်အရာလုပ်စေကာမူ သူ မမြင်ဘဲ နေမည်မဟုတ်။
ချင်မူက မဆိုစလောက် ပြုံးလိုက်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ သူ့အသံကိုသာ ကြားနိုင်သည်။ “ငါ့ကောင်းကင်နတ်သိုင်းတွေက ထိုက်ချူနားလည်နိုင်တဲ့ အရာ မဟုတ်ဘူး”
အန္တိမဟင်းလင်းပြင်၊ ထိုက်ချူ၏ မူလချီ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင်
ထိုက်ချူ၏ မူလဝိညာဉ်သည် တာအိုသစ်ပင်အောက်၌ ထိုင်နေပြီး သူ၏ ကိုယ်ပွားနှစ်ယောက်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဉ်၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို လေ့လာနေသည်။ သူတို့က လန်ယွီတျန်း၊ ရှုရှန်းဟွာနှင့် ကျန်ရှိသူများ ဆန်းစစ်တီထွင်ထားသော အရာများကို အသုံးချလျက် အားနည်းချက်များအား ဖြည့်တင်းနေကြသည်။
ကိုယ်ပွားနှစ်ယောက်၏ လုပ်ဆောင်ချက်တိုင်းက ထိုက်ချူ၏ ထိန်းချုပ်မှုအောက်တွင် ဖြစ်သည်။
ယနေ့တွင် သူ၏ကိုယ်ပွား ယန်တရှင်းသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းတွင်းကောလိပ်၌ ပညာသင်ကြားနေ၏။ အတန်းပြီးသည့်အခါ လူငယ်တစ်ယောက် သူ့ဆီ လျှောက်လာပြီး လက်ပြနေသည်ကို တွေ့ရသည်။ ထိုလူငယ်၏ လက်ငါးချောင်းက လက်သီးဆုပ်ထားပြီးနောက် ရုတ်တရက် ဖွင့်ပြလေသည်။
ယန်တုရှင်းမှာ မှင်သက်သွားသလို၊ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲရှိ မူလဝိညာဉ်လည်း အလားတူပင်။ သူ ကပျာကယာ လှမ်းကြည့််လိုက်သော်လည်း ထိုလူငယ်က ထွက်ခွာသွားချေပြီ။
ထိုတခဏလေးအတွင်း ယန်တုရှင်းသည် ချင်မူ၏ ဘဝပြန်ဝင်စားခြင်း ကောင်းကင်နတ်သိုင်းနှင့် အိပ်မက်ကမ္ဘာထဲ၌ အကြိမ်ပေါင်းများစွာ သံသရာလည်ပြီးနောက် မှတ်ဉာဏ်အားလုံး မေ့ပျောက်သွားတော့၏။
ထိုဘဝများအတွင်း ဖြစ်ပျက်ခဲ့သည်များအား သူ မသိတော့ပေ။