← Chapters

တာအိုမရအောင် ဟန့်တားခြင်း

Vol. 126 Ch. 1635

တာအိုမရအောင် ဟန့်တားခြင်း

Vol. 126 Ch. 1635

ထိုက်ချူ၏ လူဝင်စား နောက်တစ်ယောက်က တုယွီဖေးပင် ဖြစ်သည်။

တုယွီဖေးသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဒဿနတက္ကသိုလ်၏ ကျောင်းသားလည်း မဟုတ်သလို၊ နန်းတွင်းကောလိပ်၌လည်း မတက်ရောက်ပေ။ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်တွင် ပညာဆည်းပူးနေ၏။

ဤနှစ်များအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်နတ်ဘုံ၏ ဖိအားကို ရင်ဆိုင်ခဲ့ရသောကြောင့် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ ကျောင်းသားစိစစ်ရွေးချယ်မှုက အတော်လေး တင်းကြပ်သည်။ နောက်ကြောင်းကို စုံးစမ်းခံရပြီး၍ နောက်ကြောင်းရှင်းမှသာ တက္ကသိုလ်သို့ ဝင်ရောက်ခွင့် ရှိသည်။

တုယွီဖေးသည် စုံစမ်းစစ်ဆေးခံခဲ့ရသော်လည်း နောက်ကြောင်းရှင်းသည်ဟု အဖြေထွက်ခဲ့၏။ သူ၏ လျှောက်လွှာ၊ မိသားစုနောက်ခံနှင့် နောက်ကြောင်းတို့တွင် သံသယဝင်စရာမရှိပေ။

သူ ကျောင်းတော်သို့ ဝင်လာပြီးနောက် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ ကျောင်းသားများအနက် ဉာဏ်ကောင်းလွန်းသည်လည်းမဟုတ်ဘဲ သိပ်မထင်ပေါ်သော ကျောင်းသားများအကြား ပါဝင်ခဲ့သည်။ သူသည် မထင်မရှားနေတတ်သလို၊ မည်သူနှင့်မျှလည်း ရန်မဖြစ်ချေ။

တစ်ယောက်တည်း နေသည်က များပြီး အခြားသူများနှင့် အဆက်အဆံ လုပ်ခဲ၏။

ယနေ့တွင် တုယွီဖေးတစ်ယောက် အတန်းလာတက်သည့်အခါ ကြေးမုံတစ်ချပ် ရောင်းနေသော လူတစ်ယောက်အသံ ကြားလိုက်ရသည်။ “ကြေးမုံ ရောင်းတယ်၊ ကြေးမုံ ရောင်းတယ်နော်... မဟာဧကရာဇ်မင်းမြတ်ရဲ့ ရှေးဟောင်းအုတ်ဂူကနေ တူးဖော်ရတဲ့ နတ်ကြေးမုံနော်... နယ်နယ်ရရ မဟုတ်ဘူး... တဖုန်းကြေးပြား ငါးသောင်းနဲ့ ရမယ်နော်”

တုယွီဖေးသည် အာရုံမရှိ။ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်သည် အမြဲတမ်း ဤအတိုင်းသာ ဖြစ်၏။ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ အရင်းအမြစ်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်း ဖြစ်သည့်အလျောက် အတန်းအအစားမျိုးစုံ၊ ဘဝမျိုးစုံမှ တက်လာသူများစွာ ရှိသည်။

ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ ကျောင်းသားများမှာလည်း တောသားများကဲ့သို့ စိတ်နေသဘောဝ ရှိကြသည်။ ရတနာများ တွေ့လျှင် လိုက်လံ ရောင်းချတတ်သည်။ တချို့ဆိုလျှင် ရထားသော ရတနာများနှင့်ပတ်သက်၍ ကြွားတတ်ကြသည်။

တုယွီဖေး သွားကြည့်သည့်အခါ ကြေးမုံရောင်းနေသော ကျောင်းသားဘေး၌ လူများစွာ စုရုံးနေကြသည်။ သူတို့အားလုံး ကြေးမုံကို အကဲခတ်နေကြလေသည်။

“ကောင်းလိုက်တဲ့ ရတနာပဲဟ” တစ်ယောက်က အော်သည်။

ကျောင်းသားသည် ကြေးမုံတစ်ချပ်ကို မြှောက်၍ အော်ဟစ်နေ၏။ “ဒီနတ်ကြေးမုံက မဟာဧကရာဇ်ရဲ့ ရှေးဟောင်းအုတ်ဂူကနေ ရလာတဲ့ ကြေးမုံပဲ.... မဟာဧကရာဇ်ရဲ့ ကြေးမုံဆိုကတည်းက ပစ္စည်းကောင်းဆိုတာ အထင်အရှား မဟုတ်ပေလား.... ဒါကို မြင်ရခဲတယ်နော်... ငါ ဒီနေ့ပဲ တဖုန်းကြေးပြားငါးသောင်းနဲ့ ရောင်းမှာ... ငွေလိုလို့သာ ရောင်းရတာ”

တုယွင်ဖေးလည်း နတ်ကြေးမုံကို ကြည့်လိုက်မိပြီး ကြေးမုံ၏ မျက်နှာပြင်က သူ့မျက်နှာသို့ တိုက်တိုက်ဆိုင်ဆိုင် လှည့်ထားသည်။

တုယွင်ဖေး ငေးကြောင်ကာ စိတ်လွတ်သွားသည်။ သူက ခေါင်းခါ၍ စာသင်ခန်းထဲ လျှောက်သွား၏။ အတန်းတက်ခေါင်းလောင်းသံ မြည်လာသည့်အခါ ကျောင်းသားများလည်း ချက်ချင်း လူစုခွဲ၍ စာသင်ခန်းထဲ ကရောသောပါး ပြေးဝင်လာကြသည်။

တုယွင်ဖေး နောက်လှည့်ကြည့်လိုက်သည့်အခါ ကြေးမုံရောင်းနေသော ကျောင်းသားကို မမြင်ရတော့ပေ။ သူလည်း အတန်းသွားတက်ခြင်း ဖြစ်လိမ့်မည်။

ချင်မူသည် ပြုံးနေသော မျက်နှာဖြင့် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်မှ ထွက်လာ၏။ ကြေးမုံထဲတွင် ဘဝသံသရာ လည်နေသော တုယွင်ဖေး၏ ပုံရိပ် ရှိနေသည်။ သူ၏ ကောင်းကင်နတ်သိုင်းအားလုံး၊ လမ်းစဉ်ကျင့်စဉ်အားလုံး ကြေးမုံထဲ၌ ခတ်နှိပ်ခံထားရပြီ ဖြစ်သည်။

တုယွင်ဖေး နတ်ကြေးမုံကို လှမ်းကြည့်လိုက်သည့်အခိုက်အတန့်၌ ချင်မူ၏ ကောင်းကင်နတ်သိုင်းထဲသို့ ကျဆင်းသွားခဲ့ရခြင်းပင်။ သူ၏ ဘဝအတွေ့အကြုံအားလုံး ကြေးမုံထဲ၌ ထင်ဟပ်ခံလိုက်ရသည်။

‘တဖုန်းကြေးပြားငါးသောင်းနဲ့ဆို ဒီကြေးမုံက တကယ် စျေးပေါတာပဲ’

ချင်မူ ပြုံးလိုက်သည်။ သူ ကိုယ်တိုင်သွန်းလုပထားသော ရတနာသည် အဖိုးအနဂ္ဂ ထိုက်တန်၏။ တဖုန်းကြေးပြားငါးသောင်းဆိုသည်မှာ အလကားပေးသည်နှင့် တူသော်လည်း ဤအရာက မည်သည့်အရာမှန်း မည်သူမှ သတိမထားမိသည်ကတော့ နှမြောစရာပင်။

‘ထိုက်ချူက တကယ် ဉာဏ်များတယ်... တုယွီဖေးနဲ့ ယန်တုရှင်းတို့က ပလ္လင်ခန်းမတွေ ကျင့်ကြံထားကြပေမယ့် တစ်ယောက်တစ်ဝက်စီ ခွဲထားကြတာ... တစ်ယောက်ယောက် သူ့လူဝင်စားကို မြင်သွားမှာစိုးလို့ ခွဲကျင့်ကြံထားးတာ အသိသာကြီးပဲ’

ချင်မူက မာန်ဟုန်မြစ်အထက်က ကောင်းကင်နန်းတော်သို့ ပြန်လာပြီး လိုအပ်နေသော ပလ္လင်ခန်းမ ၁၄ ဆောင်အား ဖြည်းဖြည်းချင်း ဆန်းစစ်ရင်း လေ့လာနေသည်။

နောက်ဆုံးတော့ ပလ္လင်ခန်းမ ၁၄ ခုအား ဖြည့်ပြီးသွားတော့သည်။ နောက်ဆုံးတစ်ခုအား ထည့်ပြီးသည့်အခါ ချင်မူ၏ အရှိန်အဝါသည် ရုတ်တရက် မြင့်သွားပြီး အတိတ်နှင့် ယှဉ်၍ပင် မရလောက်အောင် ပြန့်ကားကြီးထွားလာတော့သည်။

ဤသည်ကား အတိတ်စကြဝဠာ ဆယ့်ခြောက်စင်း၏ စွမ်းအား၊ ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်မှ တာအိုသိုင်းပညာရှင် ၇၂ ဦး၏ အနဂ္ဂစွမ်းအားပင် ဖြစ်ချေသည်။ သူတို့သည် ဤစကြဝဠာသို့ မလာခဲ့သော်လည်း ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်ထဲက ပလ္လင်ခန်းမ ၇၂ ခုနှ တစ်ဆင့် သူတို့၏လမ်းစဉ်၊ ကျင့်စဉ်များအား ဤစကြဝဠာသို့ လက်ဆင့်ပေးခဲ့ပြီး ဖြစ်သည်။

ချင်မူ့မျက်ဝန်းများက သူ့အတိတ်ဘဝသို့ ဝိုးတိုးဝါးတား ဝင်ရောက်သွားသည်။

ဖရိုဖရဲအာကာပြင်ကျယ်ကြီးအား မြင်လိုက်ရ၏။

အင်အားကြီးမားသော ပုဂ္ဂိုလ် ၇၂ ပါးက တာအိုသစ်ပင်အသီးသီးအောက်၌ ရပ်နေကြသည်။

သူတို့သည် သက်ဆိုင်ရာ စကြဝဠာများ၏ ပျက်စီးမှုကို ကြုံတွေ့ခဲ့ရပြီး ဒုက္ခများစွာ ဖြတ်သန်းခဲ့ကြရသော်လည်း စကြဝဠာ၏ မွေးဖွားခြင်း၊ သေဆုံးခြင်းကြောင့် ဘဝအဆုံးမသတ်ခဲ့ကြပေ။

ဖရိဖရဲများက သိပ်သည်းအားကောင်းနေသဖြင့် မီလော့နန်းတော်သခင်၏ ၇၂ ယောက်သော နောက်လိုက်များအား အရိပ်သဖွယ်သာ မြင်နေရသည်။ သူတို့အနောက်ရှိ တာအိုသစ်ပင်များထက်၌ တွဲခိုနေသော တာအိုသစ်သီးတို့၏ အလင်းရောင်ကို မြင်ရသော်လည်း မျက်နှာတို့ကိုမူ သဲသဲကွဲကွဲ မမြင်ရပေ။

“သတ္တမသခင်လေး”

အတိတ်မှ အသံများအား ကြားလိုက်ရသည်။ တာအိုရရှိပြီးသော ပုဂ္ဂိုလ်တို့၏ အသံများသည် အချိန်နှင့် အာကာသကို ဖြတ်သန်း၍ ပျက်စီးခြင်းကပ်ဘေးကြီးကို ကျော်လွန်ကာ သူ့နားထဲသို့ ရောက်လာခဲ့၏။

“မင်း ငါတို့ကျင့်စဉ်တွေ ကျင့်ကြံခဲ့တဲ့အတွက် ငါတို့လက်ခုပ်ထဲက ရေ ဖြစ်ပြီ”

အသံ ၇၂ သံက ထပ်နေပြီး နားစည်ကိုပင် ထိုးဖောက်ကာ သူ့နှလုံးသားထဲအထိ တိုးဝင်လာသည်။ “မင်းက ငါတို့စွမ်းအားကို ငှားယူခဲ့ပြီး မင်းကိုယ်မင်း ချည်နှောင်မိလိုက်ပြီ”

“အခု ငါတို့လက်ခုပ်ထဲက ရေဖြစ်ပြီမလို့ မင်း တာအို မရနိုင်တော့ဘူး”

အသံ ၇၂ သံသည် ချင်မူ၏ စိတ်ထဲ၌ ကျယ်လောင်စွာ ထစ်ချုံးပဲ့တင်ထပ်နေကာ အတန်ကြာသည့်တိုင်အောင် မငြိမ်သက်သွားပေ။

ကျယ်ပြန့်လှသော ဖရိုဖရဲများအတွင်း၌ ၇၂ ယောက်သော ပုဂ္ဂိုလ်တို့သည် အတိတ်မှ ပစ္စုပ္ပန်သို့ လာချင်သည့်အလား၊ ပုံရိပ်ယောင်မှ အစစ်အမှန် ဖြစ်ချင်ကြသည့်အလား သူ့ဆီ လျှောက်လာနေကြ၏။

ချင်မူက ထိုနေရာတွင်သာ ရပ်နေရင်း ရုတ်တရက် သရော်ပြုံးပြုံးလိုက်သည်။

သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲပ ကျောက်စိမ်းမြို့တော်သည် ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်နှင့် ဆက်သွယ်နေ၏။ အသွင်သဏ္ဍာန်အရ ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်နှင့် တူနေသည်။ သူ ဤသို့ လုပ်ရခြင်းမှာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ စွမ်းအားကို ငှားယူကာ သိုင်းအဆင့်မြှင့်တင်ရန်အတွက်ပင်။

သူ ဤသို့ လုပ်လိုက်ပါက ငုပ်လျှိုးနေသော အန္တရာယ်များ သေချာပေါက် ပေါ်လာမည်။ ထို့ကြောင့် ပလ္လင်ခန်းမ ၇၂ ဆောင်ကို ကျင့်ကတည်းက ဘိုးဘေးနန်းတော်၏ ပလ္လင်ခန်းမ ၇၂ ဆောင်ကို တည်ဆောက်ထားသည့် တာအိုသိုင်းပညာရှင် ၇၂ ယောက်ကို သတိထားခဲ့သည်။

ဤတာအိုသိုင်းပညာရှင်များက အတိတ်စကြဝဠာတို့၏ အရှင်သခင်များ ဖြစ်ကြသည်။ သူတို့၏ ကောင်းကင်နတ်သိုင်းများက ကျယ်ပြန့်ကာ နက်ရှိုင်းလှသည်။ သူတို့ တည်ဆောက်ခဲ့သော ပလ္လင်ခန်းမများကာ သူတို့အာဏာ၊ သူတို့အင်အား၏ ပြယုဂ်များပင်။ ချင််မူ ကျင့်ကြံလိုက်သည်နှင့် သူတို့ဆီက စွမ်းအား ငှားယူရမည် ဖြစ်ရာ သူ့အား အာရုံခံနိုင်သည်ကား မထူးဆန်းလှပေ။

သူတို့ထဲ၌ ချင်မူ ဆုံတွေ့ခဲ့ဖူးသော ကမ္ဘာဦးသိုင်းပညာရှင်နှင့် မဟာဓိပတိအရှင်လင်းယွီတို့ ပါဝင်သည်။ အတိတ်စကြဝဠာထဲ၌ သူတို့က မသေပေးပေ။

“ခင်ဗျားတို့ဆီက စွမ်းအား ငှားယူလိုက်ရုံနဲ့ ပလ္လင်ခန်းမ ၇၂ ခုကို သုံးပြီး ကျုပ်ကို တားနိုင်မယ်ထင်လား.... အိပ်မက်မက်နေတာပဲ”

ချင်မူ၏ မူလဝိညာဉ်သည် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲ၌ ကြီးမားသထက် ကြီးမားကာ သန်မာသထက် သန်မာလာသည်။

“ကျုပ်ပန်းတိုင်က ကျောက်စိမ်းမြို့တော်အဆင့်ကို ကျင့်ကြံဖို့လောက်တင် မရိုးရှင်းဘူး”

သူ့ခန္ဓာကိုယ်ကြီးက လောကသစ်ပင်ကြီးပမာ မားမတ်နေသည်။ ခိုင်မာပြီး မပြိုလဲနိုင်သော သဘောကို‌ ဆောင်ကြဉ်းနေပြီး ပျက်စီးခြင်းကပ်ဘေးပင် မတွန်းတိုက်နိုင်သယောင် ထင်ရသည်။

သူ့အနောက်တွင် လောကသစ်ပင်သည် ကောင်းကင်နတ်ဘုံဘေး၌ ရပ်တည်နေ၏။ လေပြင်းကြမ်းကြမ်းတို့က မာန်စွယ်ပြင်းပြင်း တိုက်ခတ်နေသကဲ့သို့ သစ်ကိုင်းသစ်ခက်များ တရှဲရှဲ လှုပ်ခတ်နေကြသည်။

ချင်မူ၏ ပန်းတိုင်သည် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီမှ စွမ်းအားကို ငှားယူ၍ နောက်တစ်ဆင့်သို့ တက်လှမ်းရန် ခြေနင်းကျောက်တုံးအဖြစ် အသုံးချရန်ပင်။

သူ၏ နောက်တစ်ဆင့်ကား ကျောက်စိမ်းမြို့တော်၏ အလယ်က ခန်းမ... ဖရိုဖရဲချီစွမ်းအင်လုံးများ ခပ်ရေးရေး ပြန့်ကြဲနေသော ခန်းမ ဖြစ်သည်။

ထိုနေရာက သူ၏ပန်းတိုင်အစစ်အမှန်ပင်။

ဖရိုဖရဲချီစွမ်းအားများ အကြားရှိ ခန်းမသည် နတ်ကောင်းကင်ခန်းမ ရှိသင့်သည့် နေရာ ဖြစ်၏။ ချင်မူ နတ်ကောင်းကင်ခန်းမထောင်ချောက်ကို သိခဲ့ရသည့်အခါ နတ်ကောင်းကင်ခန်းမနှင့် ဧကရာဇ်ပလ္လင်အဆင့်ကို သတိကြီးစွာ ထားခဲ့သည်။

သူ၏ ကောင်းကင်ရတနာထဲ၌ အမြွှာကြာပန်း ပွင့်လာသည့်အခါ စကြဝဠာတို့၏ မွေးဖွားခြင်း၊ သေဆုံးခြင်းအား ချင်မူ နားလည်လာခဲ့သည်။ သေခြင်းရှင်ခြင်းတာအိုအပေါ် အခြေခံကာ သူ၏ကိုယ်ပိုင်လမ်းစဉ်၊ သူ၏ ကိုယ်ပိုင်တာအိုတို့အား သုံးသပ်ဆင်ခြင်နိုင်လာခဲ့သည်။

ယင်းက သူ၏ အသစ်စက်စက် ကျင့်စဉ်၊ သူ၏ အသစ်စက်စက် တာအိုစွမ်းရည်များပင် ဖြစ်သည်။ အသစ်စက်စက် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ဖြင့် ချင်မူသည် အတောမသပ်နိုင်သော မွေးဖွားခြင်း၊ သေဆုံးခြင်း သံသရာကို ဖြတ်သန်းပြီးနောက်မှ ဖရိုဖရဲချီများအကြား၌ ခန်းမတစ်ခု ဖော်ဆောင်နိုင်ခဲ့လေပြီ။

သူ၏ ပန်းတိုင်သည် ဖရိုဖရဲများကို ဖြတ်သန်းကျော်လွှား၍ ဤဖရိုဖရဲခန်းမအရှေ့သို့ သွားရောက်ရန်ပင်။ ဤခန်းမထဲ ဝင်ရောက်၍ သူ၏ ပလ္လင်ထက်သို့ တက်မည်။

ဤသည်က သူ၏ တာအို, သူ၏ လမ်းစဉ်ပင်။

ယခင်တုန်းက ချင်မူမှာ သိုင်းကျင့်နေခဲ့စဉ် သူ၏အစွမ်းအစများက လိုအပ်နေသေးကြောင်း ခံစားခဲ့ရသဖြင့် ဤခန်းမထဲသို့ မဝင်နိုင်ခဲ့ပေ။

သို့သော် ယခုတွင် ပလ္လင်ခန်းမ ၇၂ ခု၏ အကူအညီဖြင့် သူ ယုံကြည်ချက် ရှိလာသည်။

“တာအိုရောင်ရင်း ၇၂ ယောက်တို့၊ ခင်ဗျားတို့အားလုံက ကျုပ်အတွက် အနင်းခံကျောက်တုံးတွေပဲ”

ကျောက်စိမ်းမြို့တော်ထဲတွင် ချင်မူ၏ မူလဝိညာဉ်က ပလ္လင်ခန်းမ ၇၂ ခုထဲ၌ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသော အရိပ်များကို ကြည့်နေပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးသွားသည့်တိုင်အောင် ပြုံးလိုက်သည်။ “ခင်ဗျားတို့တတွေ တည်ရှိနေတာက ကျုပ် တာအိုရအောင် ကူညီပေးဖို့ပဲ”

အုန်း

သူ၏ကောင်းကင်နတ်ဘုံမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါလှိုင်းဂယက်များ ဖြာထွက်လာသည်။ တာအိုသိုင်းပညာရှင် ၇၂ ယောက်၏ အရိပ်များက သူတို့၏ သက်ဆိုင်ရာ ပလ္လင်ခန်းမအသီးသီးမှ ထွက်လာကြပြီး သူတို့၏ အနောက်များရှိ တာအိုသစ်ပင်များမှ သိပ်သည်းအားကောင်းလှသော မဟာတာအိုအငွေ့အသက်များ ဖြန့်ကျက်ထုတ်လွှတ်နေသည်။

တာအိုသစ်ပင်များအပေါ်တွင် တာအိုသစ်သီးများက သစ်ကိုင်းသစ်ခက်အမျိုးမျိုး၌ တွဲလဲခိုနေကြသည်။

တာအိုသစ်သီးများမှ ထုတ်လွှတ်နေသည့် တာအိုစည်းချက်များသည် ခမ်းနားထည်ဝါလှပြီး သူ၏ ကောင်းကင်ရတနာစကြဝဠာအတွင်း၌ တာအိုသံမျိုးစုံ၊ တာအိုအလင်းမျိုးစုံ ပြည့်နှက်နေစေတော့သည်။

တာအိုသိုင်းပညာရှင်များ ၇၂ ယောက်က သူ၏မူလဝိညာဉ်အရှေ့၌ လမ်းပိတ်ရပ်ထားသည်။

ချင်မူ ရှေ့တစ်လှမ်းတက်လိုက်သည့်အခါ ကောင်းကင်နတ်ဘုံသည် တုန်ခါသွား၏။ ကောင်းကင်နန်းဆောင်များအတွင်း၌ ကိန်းဝပ်နေသော လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ တပွက်ပွက် ဆူနေသည်။ များမြောင်လှသော ရောင်စုံအလင်းတန်းများ စီးဖြာလိမ့်ဆင်းလာကာ ချင်မူ၏ မူလဝိညာဉ်ထဲ ဝင်ရောက်လာကြ၏။

ဘိုးဘေးနန်းတော်ထဲရှိ ရွှမ်တု၊ ယွမ်တု၊ ယိုတု၊ ကောင်းကင်ယင်ကမ္ဘာ၊ အဆုံးသတ်မြို့ပျက် စသည်တို့တွင် နတ်ဘုရားမျိုးစုံ ပေါ်လာကြသည်။

ကျောက်တုံးတွင်းငါးတွင်းမှလည်း ရောင်စုံအလင်းတန်းများ ထိုးတက်လာသည်။ အလင်းတန်းတစ်တန်းစီတွင် နတ်ဘုရားတစ်ပါး ကိန်းအောင်းနေပြီး တည်ကြည်လေးနက်သော အမူအရာများဖြင့် ကျောက်တုံးတွင်းများအထက်၌ ထိုင်နေကြသည်။

တခဏကြာသော် ချင်မူ၏ ကောင်းကင်ရတနာထဲ၌ တာအိုသံတို့ ထစ်ချုန်းလာတော့သည်။ အသံတို့ကား ထည်ဝါခံ့ညားလှပေသည်။

သူ၏ ကောင်းကင်ရတနာတွင် ဆူညံသံများ ဝေဆာနေသော်လည်း သူ၏ခန္ဓာကိုယ်က တည်ငြိမ်အေးဆေးစွာ ရပ်နေဆဲပင်။ တုပ်တုပ်မှ မလှုပ်သလို၊ အရှိန်အဝါလည်း အနည်းငယ်မျှ စိမ့်ထွက်လာခြင်းမရှိ။

မဟာကောင်းကင်နတ်ဘုံ၊ ‌ကျောက်စိမ်းမြို့တော်ထဲ၌

ချင်မူ၏ မူလဝိညာဉ်က ရှေ့ဆက်တက်လိုက်သည်။ ခန်းမတစ်ခုအနောက်၌ တာအိုသစ်ပင်က ယမ်းခါသွားပြီး တာအိုသစ်သီး တုန်ခါသွားသည်။ မဟာတာအိုလှိုင်းတစ်လှိုင်းက လျှို့ဝှက်အဆန်းတကြယ် ဓားတစ်လက်ပမာ အချိန်ကိုပင် ခုတ်ဖြတ်လိုက်သကဲ့သို့ ချင်မူ့ဆီ ပြေးဝင်လာ၏။

ချင်မူက လက်ဆန့်ထုတ်၍ ဓားမရောင်အား လက်သီးချက်ဖြင့် ရင်ဆိုင်လိုက်သည်။

“ခင်ဗျားတို့ စွမ်းအားက ကျုပ်က ငှားယူတာ မဟုတ်ဘူး... လုယူပစ်တာ”

ကောင်းကင်ရတနာစကြဝဠာသည် အုံ့ကြွလှုပ်ရှားလာပြီး မှော်စွမ်းအင်သို့ ရုန်းကြွပြင်းထန်လာ၏။ သူက လက်သီးတစ်ချက်ဖြင့် ဓားမ‌ရောင်အား ဖြိုခွင်းပစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က ရုတ်တရက် လေပေါ် ခုန်တက်၍ အရှေ့ရှိ ခန်းမကြီးထဲသို့ ဘုန်းခနဲ ဆင်းသက်လိုက်သည်။ သူက လက်နှစ်ဖက်ကို စုကာ ဦးညွှတ်လိုက်သည်။

ဘုန်း

ခန်းမအရှေ့ရှိ တာအိုသိုင်းပညာရှင်၏ ပုံရိပ်က ပေါက်ကွဲသွားပြီး လှိုင်းထနေသော ဖရိုဖရဲချီမျှင်အဖြစ် ပြောင်းလဲသွားသည်။

ချင်မူက လက်ယှက်၍ ဦးညွှတ်လိုက်ပြန်သည်။ ခန်းမအနောက်ရှိ တာအိုသစ်ပင်လည်း ပြိုကွဲသွားပြီး တာအိုသစ်သီးလည်း ပေါက်ကွဲသွားတော့၏။

ကောင်းကင်နတ်ဘုံအရှေ့၌ ချင်မူ့လောကသစ်ပင်၏ အကိုင်းအခက်များသည် လေထဲတွင် ကခုန်လျက် ရှိပြီး တာအိုသစ်သီးပေါက်ကွဲသွား၍ ဖြစ်ပေါ်လာသော အလင်းရောင်အား စုပ်ယူနေ၏။ မြူမှုန်မျှပင် ချန်မထားခဲ့ပေ။

ဝှစ်

အဆုံးသတ်မြို့ပျက်က ပေါ်ထွက်လာကာ ပျက်စီးသွားသော တာအိုသိုင်းပညာရှင်၏ ဖရိုဖရဲချီမျှင်ကို စုပ်သွင်းလိုက်သည်။

ချင်မူ ခါးပြန်မတ်လိုက်သည့်အခါ သူ၏သိုင်းအဆင့်က လျင်မြန်စွာ မြင့်တက်သွားသည်။ သူက ရှေ့ဆက်လျှောက်သွားပြီး သူ၏အသံက ကောင်းကင်ရတနာစကြဝဠာထဲ၌ ပဲ့တင်ထပ်လျက် ဟိန်းထွက်လာသည်။

“ခင်ဗျားတို့တွေနဲ့တင် ကျုပ် တာအိုမရအောင် တားချင်တာတဲ့လား”

သူက လက်ချောင်းများကို ဖြန့်ကားလိုက်ကာ ၃၁ ဘုံမြောက် ကောင်းကင်ဘုံအား ဖော်ထုတ်လိုက်သည်။ ဓာတ်ကြီးငါးပါး ပေါင််းစည်းသွားပြီး သူက လက်ဝါးဖြင့် ရှေ့တွန်းလိုက်သည်။ ပလ္လင်ခန်းမအရှေ့ရှိ တာအိုသိုင်းပညာရှင်နောက်တစ်ယောက်၏ ပုံရိပ်က အားအင်အကုန်ဖြင့် ခုခံ၏။ သူ့မှာ မဟာတာအိုကောင်းကင်နတ်သိုင်းမျိုးစုံ ထုတ်လွှတ်ပြီးမှ ရိုက်ချက်အား ခုခံနိုင်သွားသည်။

သို့သ်ော နောက်တခဏတွင် ချင်မူကား သူ၏ဘက်ဘက်သို့ ရောက်လာခဲ့ချေပြီ။ သူက လက်ကို ဓားမသဖွယ် အသုံံးပြု၍ အလျားလိုက် ပိုင်းဖြတ်ကာ သတ်ပစ်လိုက်သည်။

ချင်မူသည် ဒူးကို ညွှတ်၍ ပလ္လင်ခန်းမအနောက်သို့ ခုန်လိုက်၏။ ကောင်းကင်ထက်မှ အရှိန်ဖြင့် ဆင်းသက်နေစဉ် စောစောက တာအိုသိုင်းပညာရှင်၏ တာအိုသစ်ပင်အား ခြေထောက်များဖြင့် စိစိညက်ညက် နင်းခြေပစ်လိုက်သည်။

လောကသစ်ပင်က တာအိုသစ်ပင်မှ ပြောင်းလဲသွားသော တာအိုအလင်းရောင်ကို စုပ်ယူလိုက်သည်။ အဆုံးသတ်မြို့ပျက်ကမူ အသတ်ခံလိုက်ရသည့် တာအိုသိုင်းပညာရှင်၏ အရိပ်အား ဝါးမြိုလိုက်၏။

“ကျုပ်က ကျုပ်တာအိုကိုပဲ ရချင်တာ မဟုတ်ဘူး”

ချင်မူက ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး တဖတ်ဖတ် လှုပ်ခါလျက်ရှိသော ဝတ်ရုံဖြင့် တတိယခန်းမဆီသို့ လမ်းလျှောက်သွားသည်။

“ကမ္ဘာဦးခေတ်ဆီ လာခဲ့မယ်... ခင်ဗျားတို့ စကြဝဠာဆီ လာခဲ့မယ်... ခင်ဗျားတို့ခေတ်အထိ လာခဲ့မယ်”

သူ၏ ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး တတိယမြောက် တာအိုသိုင်းပညာရှင်၏ အရိပ်အား မျက်နှာချင်းဆိုင်လိုက်သည်။ သူ့မျက်ခုံးများက ပင့််တက်သွားသည်။ “ခင်ဗျားတို့အားလုံးကို ကိုယ်တိုင် လာတွေ့မယ်... ကျုပ်က အခုလို ခပ်လွယ်လွယ်လေး အနိုင်ယူတတ်တဲ့ အကျင့်မရှိဘူး...”

ဘုန်းးးးးးးးး

တာအိုသိုင်းပညာရှင်၏ အရိပ်ကား နန်းတော်ထဲ ကျသွားပြီး ပေါက်ကွဲသွားတော့သည်။

All Chapters