အားကိုးအားထားရခြင်း
Vol. 126 Ch. 1638
“ဆွေးနွေးညှိနှိုင်းမှုတွေက ဒီလောက် စောစောစီးစီး ပြိုကွဲတော့မှာလား”
ဤနေ့ကို မျှော်မှန်းထားပြီး ဖြစ်သော်လည်း ဤမျှ ဆောလျင်စွာ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ရည်ရွယ်ချက်က အချိန်ဆွဲထား၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အသက်ရှူချောင်နိုင်မည့် အခွင့်အရေးအား ရှာဖွေရန်ပင်။ ယခုတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အစိတ်အပိုင်းငယ်လေးတစ်ခုကိုသာ ဖရိုဖရဲဟင်းလင်းပြင်ထဲသို့ ပြောင်းလဲရသေးသည်။ ပို၍အရေးကြီးသည်က စစ်ရေးနှင့်ပတ်သက်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြင်ဆင်မှုများမှာ အဆင်သင့် မဖြစ်သေးပေ။
“ယွီချိန်ကျစ်နဲ့ ကောင်းကင်နတ်ဘုံ အကြားက ညှိနှိုင်းမှုတွေက ဘယ်လိုဖြစ်သွားတာလဲ”
ချင်မူ မှုန်ကုပ်သွားသည်။ ကောင်းကင်နတ်ဘုံနှင့် ညှိနှိုင်းမှုအား ပါးပါးနပ်နပ် ဆောင်ရွက်မှ ဖြစ်မည်။ ကောင်းကင်နတ်ဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သံတမန်များအကြား ဆွေးနွေးညှိနှိုင်းထားသည့် အသေးစိတ်အချက်အလက်များအပေါ် မူတည်၍ အချိန်ဆွဲထားရမည်။ ပို၍ အချိန်ကြာလေလေ ကောင်းမွန်လေလေပင်။
“ကောင်းကင်နတ်ဘုံက သဘောတူညီချက်ကို ဖျက်သိမ်းပစ်ချင်တာက တကယ်တော့ ကောင်းတဲ့အရာပဲ”
သူက တခဏစဉ်းစားပြီးနောက် ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက အစကတည်းက အဲဒီသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလေ… ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ကောင်းကင်နတ်ဘုံနဲ့ သဘောတူညီချက်အသစ် လုပ်လို့ ရတယ်…ဒုတိယမြောက် သဘောတူညီချက်မှာ ယွီချိန်ကျစ်အနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အကျိုးအမြတ်တွေကို ပိုပြီး ရောင်းစားလို့ရတာပေါ့”
ရွာလူကြီးနှင့် ဆေးဆရာ မျက်မှောင်ကြုတ်သွားကြသည်။
ချင်မူက ဆက်ပြော၏။ “ကျွန်တော်တို့ ဒီလိုလုပ်မယ်ဆိုရင် အချိန်နည်းနည်းလောက် ဆက်ဆွဲထားလို့ ရလိမ့်မယ်… ယွီချိန်ကျစ် ညှိနှိုင်းလာပေးတဲ့ သဘောတူညီချက်က ဘယ်လောက်ပဲ အရှက်ကွဲစရာ ဖြစ်ပါစေ ကျွန်တော့်ဆီကို ရောက်လာမှာပဲ … ကျွန်တော် လက်မှတ်ရေးထိုးမပေးသရွေ့ အသုံးဝင်တဲ့ စာရွက်တစ်ရွက်အပြင် မပိုဘူး”
ရွာလူကြီးနှင့် ဆေးဆရာ၏ မျက်ခုံးများက ပြေလျော့သွားကြပြီး ဆေးဆရာက ပြုံးလိုက်သည်။ “ယွီချိန်ကျစ်ကတော့ အရှက်ကွဲခံရဦးမှာပေါ့”
ချင်မူက ခေါင်းညိတ်သည်။ “သူ အစောကြီးထဲက ဒါကို သဘောပေါက်ပြီးသားပါ…. ငြိမ်းချမ်းရေး ရယူဖို့ ကောင်းကင်နတ်ဘုံဆီ သွားခိုင်းခဲ့တည်းက အပြစ်တင်ခံရပြီး ဒေါသကြီးနေတဲ့သူတွေရဲ့ ရိုက်နှက်ကောင်း ရိုက်နှက်ခံရနိုင်တယ်ဆိုတာကိုလည်း သဘောပေါက်ပြီးသားလေ … သူ ပြင်ဆင်ထားတယ်…. ကောင်းကင်နတ်ဘုံဆီ ညှိနှိုင်းဖို့ သွားခဲ့တုန်းက ကောင်းကင်နတ်ဘုံကို ကျော်ဖြတ်လို့ တခြားကောင်းကင်ဘုံတွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်အောင် စွမ်းအင်အကူးအပြောင်းတံတားမှာ ပြင်ဆင်မှုတွေ လုပ်ထားခဲ့တယ်”
ချင်မူ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။ “ကောင်းကင်နတ်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဒုတိယဆွေးနွေးညှိနှိုင်းမှုမှာ ကောင်းကင်ဒင်္ဂါး ပြတ်လပ်တာတွေ ရှိမှာဆိုတော့ ကောင်းကင်နတ်ဘုံက တခြားကောင်းကင်ဘုံတွေဆီ သေချာပေါက် လှုပ်ရှားမှာပဲ… ကောင်းကင်နတ်ဘုံမှာ ဘဏ္ဍာ လိုအပ်နေတယ်လေ … အဝေးမှာ ရှိတဲ့ရေက အနီးအနားမှာ ရှိတဲ့ မီးတောက်တွေကို မငြိမ်းသတ်နိုင်ဘူး… ကောင်းကင်နတ်ဘုံ ထိန်းချုပ်ထားတဲ့ ကောင်းကင်ဘုံတွေဆီက ဂုတ်သွေးစုပ်ဖို့က ငွေရဖို့ အလွယ်ကူဆုံး နည်းလမ်းပဲ… ကောင်းကင်နတ်ဘုံ ထိန်းချုပ်မထားတဲ့ ကောင်းကင်ဘုံတွေဆီကနေ ရယူဖို့ကတော့ အချိန် ပိုကြာလိမ့်မယ်”
သူက ခေါင်းမော့လိုက်သည်။ “ကောင်းကင်ဘုံတွေမှာ နေထိုင်သူတွေရဲ့ ဘဝက သိပ်ပြီး မျှော်လင့်စရာ မရှိဘူးဆိုတော့ ပုန်ကန်မှုတွေက တားဆီးလို့ရမှာ မဟုတ်ဘူး… ကောင်းကင်နတ်ဘုံအနေနဲ့ အဲဒီကောင်းကင်ဘုံတွေရဲ့ ပုန်ကန်မှုတွေကို ဘယ်လိုတောင့်ခံနိုင်မှာလဲ… ကောင်းကင်နတ်ဧကရာဇ်ဟောင်က လောလောလတ်လတ်ကမှ ဧကရာဇ် ဖြစ်လာပြီး ကြင်နာသနားတဲ့ ပုံစံရော... အာဏာရှင်ပုံစံရော ပြသခဲ့ပြီးပြီ... အခုက သူ့ရဲ့ အင်အား သူ့ရဲ့ ဩဇာကို ပြရမယ့် အချိန်ပဲ … တစ်လောကလုံးကို ခြောက်လှန့်ပစ်ဖို့ ကောင်းကင်ဘုံတချို့ကို ဖျက်ဆီးပြလိမ့်မယ်…
“ဒါပေမဲ့ ကောင်းကင်နတ်ဘုံအပေါ် မှီခိုနေရတဲ့ ကောင်းကင်ဘုံတွေကို ဖျက်ဆီးတာက တခြားကောင်းကင်ဘုံတွေကို ကြောက်ရွံ့တုန်လှုပ်စေနိုင်တဲ့အပြင် သစ္စာခံတွေကိုလည်း သစ္စာပျက်သွားစေနိုင်တယ် … ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်ဘုံကို ဆန့်ကျင်တဲ့အခါကျ သူတို့တတွေ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ခေါင်းဆောင် တင်မြောက်ပြီး တောမီးလို ပျံ့နှံသွားနိုင်သလား…”
ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်သည် အနန္တကမ္ဘာလောကများမှ ထူးချွန်ပြောင်မြောက်သော သိုင်းသမားတို့အား စုဆောင်းရွေးကောက်ခြင်းဖြင့် စတင်ခဲ့ခြင်း ဖြစ်၏။ အနန္တကမ္ဘာလောကများမှ ဉာဏ်ကြီးရှင်များက ကောင်းကင်နတ်ဘုံသို့ ဝင်ရောက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူခဲ့ကြသည်။
ကောင်းကင်နတ်ဘုံသာ ပြည်သူပြည်သားတို့၏ စိတ်ဆန္ဒကို ဆန့်ကျင်လိုက်လျှင် ကောင်းကင်နတ်ဘုံသည် ပညာရှင်အရင်းအမြစ် ဆုံးရှုံးရလိမ့်မည်။
ကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်နတ်ဘုံ၏ အင်အားကြီးမားသော စစ်တပ်ကို အသုံးပြု၍ ကောင်းကင်ဘုံများအပေါ် ခြောက်လှန့်နိုင်သော်လည်း ပြည်သူပြည်သားများက ဆန့်ကျင်ကြလိမ့်မည်။ ပိုပို၍ များပြားသော ကောင်းကင်ဘုံသားများက ကောင်းကင်နတ်ဘုံကို တော်လှန်ကြလိမ့်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မဟာမိတ်ဖွဲ့ကြသော ကောင်းကင်ဘုံများ ရှိလာနိုင်သလို၊ တချို့သော ကောင်းကင်ဘုံများမှ ဉာဏ်ကြီးရှင်များသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ပူးပေါင်းလာနိုင်၏။
ထိုသို့ဆိုလျှင် ကောင်းကင်နတ်ဘုံ၏ အင်အားနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာတို့၏ အလယ်အလတ်အဆင့် အင်အားသည် သိပ်ကွာဟတော့မည် မဟုတ်။ အနည်းဆုံးတော့ ဤမျှ ဝေးကွာနေမည် မဟုတ်။
“ကောင်းကင်နတ်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာ အဆင်သင့် ဖြစ်မလာခင် လက်မှတ်ထိုးဖို့ ဖိအားပေးလာရင်ရော” ရွာလူကြီးက မေးလိုက်သည်။ “တခြားကောင်းကင်ဘုံတွေကို ဂုတ်သွေးစုပ်တာက ကောင်းကင်ဒင်္ဂါးတွေ ပြတ်လပ်နေတဲ့ကိစ္စကို တားဆီးနိုင်ပေမယ့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဂုတ်သွေးစုပ်ရင် တစ်ခါတည်းနဲ့ တစ်သက်လုံး ပြီးသွားပြီ… အချိန်ဆွဲချင်ရင်တောင် ကောင်းကင်နတ်ဧကရာဇ်က အချိန်ဆွဲခွင့်ပေးမှာ မဟုတ်ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် အားကိုးထားတဲ့သူတိုင်းရဲ့ အသက်နဲ့ လောင်းကြေးထပ်နိုင်လို့လား”
ချင်မူ ခေါင်းခါရမ်းသည်။ “ကျွန်တော် မလုပ်နိုင်ဘူး… ကောင်းကင်နတ်ဘုံ သဘောတူညီချက်ကို အတင်းအကြပ် ယူလာရင် ကျွန်တော် လက်မှတ်ထိုးမယ်… ဒါပေမဲ့ ကျွန်တော် လက်မှတ်ထိုးလိုက်တဲ့ စာချုပ်က ဘယ်အချိန်မဆို ဆွဲဖြဲလို့ရတဲ့ စာရွက်အပိုင်းအစတစ်ခုပဲ”
ရွာလူကြီးနှင့် ဆေးဆရာမှာ ကောင်းကင်နန်းဆောင်ထဲသို့ ဝင်ရောက်သွားသော ချင်မူ့နောက်ကျောကို မျက်လုံးပြူးလျက် ကြည့်နေမိကြသည်။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှင်သန်နိုင်ဖို့အတွက် ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကိုတောင် ထည့်တွက်မနေတော့ဘူးပဲ... မူအာ တကယ် အရွယ်ရောက်လာခဲ့ပြီ”
ရွာလူကြီးက ထရပ်၍ ပြုံးနေသည်။ “ငါ ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေနဲ့ ဆွေးနွေးဖို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားရမယ်… ဆေးဆရာ၊ မင်းလည်း လိုက်ခဲ့… မင်းနဲ့ သခင်မယွမ်မုရဲ့ ဆက်ဆံရေးက သိပ်ကို ကောင်းတယ်မလား… မင်း ရှေ့ထွက်ပြီး သခင်မယွမ်မုနဲ့ စကားပြောလိုက်ရင် သူ့ကို သေချာပေါက် အချိန်ဆွဲပေးနိုင်လိမ့်မယ်”
ဆေးဆရာ၏ မျက်နှာကြီးမှာ အီးမှန်သွားသကဲ့သို့ ရှုံ့မဲ့သွားတော့သည်။ ရွာလူကြီးသည် သူ၏ ရုပ်ရည်သွင်ပြင်ကို ရောင်းစားနေချေပြီ။
သူ့ခမျာ တောင်ကောင်းကင်တိုက်ပွဲကို အသုံးချကာ သခင်မယွမ်မု၏ လက်ထဲမှ မနည်းထွက်ပြေးလာခဲ့ရသည်မဟုတ်လော။ ယခု ပြန်သွားစေချင်သည်တဲ့လော။
“ကောင်းကင်နတ်အရှင်မူ”
တန်ခိုးရှင်သစ်ခုတ်သမား၊ ယန်ယွင်ရှီ၊ လယ်သမားအိုကြီးကွမ်းချာနှင့် တံငါသည်ဟန်ထန်းတို့က ချင်မူ့ကို နှုတ်ဆက်လိုက်ကြသည်။ ချင်မူလည်း ပြန်လည်နှုတ်ဆက်ပြီး တန်ခိုးရှင်သစ်ခုတ်သမားကို မေးလိုက်၏။ “ဘာလို့ ဆရာတို့က ဒီကို ရောက်နေတာလဲ”
“ပထမကောင်းကင်နတ်မင်း ရီယွဲ့က ခိုင်ဧကရာဇ်ရဲ့ ရာထူးကို ဆက်ခံလိုက်ပြီဆိုတဲ့အကြောင်း ငါတို့ ကောင်းကင်နတ်အရှင်မူကို လာအကြောင်းကြားတာပါ … ကောင်းကင်နတ်အရှင်မူ အခမ်းအနားကို တက်ရောက်ချင်သေးလား”
“ဧကရာဇ်ရီယွဲ့က ဒုတိယခိုင်ဧကရာဇ် ဖြစ်လာတာလား”
ချင်မူက တခဏစဉ်းစားပြီးနောက် ပြောသည်။ “သူ့စွမ်းဆောင်ရည်က ရွှင်ပျော်ပျော်ကျေးရွာမှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်တာ မှန်တယ်် … ဒါပေမဲ့ ခိုင်ဧကရာဇ်ရဲ့ အင်အားအကြီးဆုံးအခြေအနေအောက် အများကြီး အားနည်းနေသေးတယ်…. ကျွန်တော်လည်း သီးသန့်နေထိုင်နေတာဆိုတော့ မသွားတော့ဘူး”
သစ်ခုတ်သမားက ပြော၏။ “ဧကရာဇ်ရီယွဲ့ ဒုတိယမြောက် ခိုင်ဧကရာဇ်ဖြစ်လာရင် ကောင်းကင်နတ်ဘုံက ရွှင်ပျော်ပျော်ကျေးရွာကို သေချာပေါက် တိုက်ခိုက်လိမ့်မယ်… ရွှင်ပျော်ပျော်ကျေးရွာဘက်ကနေ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအတွက် အချိန်တစ်ခု ဆွဲထားပေးရမလား…”
ချင်မူက သူ့ကို လေးနက်စွာကြည့်လိုက်ပြီး ခေါင်းရမ်းသည်။ “ရွှင်ပျော်ပျော်ကျေးရွာသာ ကောင်းကင်နတ်ဘုံကို တစ်နှစ်လောက် ခုခံထားနိုင်ရင် မဆိုးပါဘူး…. ကောင်းကင်နတ်အရှင်တစ်ပါးသာ နတ်ဘုရားမိစ္ဆာတစ်သန်းကို ဦးဆောင်ပြီး သေမျိုးလောကဆီ ဆင်းသက်လာရင် ရွှင်ပျော်ပျော်ကျေးရွာကို တစ်နှစ်တည်းနဲ့ ချေမှုန်းပစ်ဖို့ လုံလောက်တယ်”
လယ်သမားအိုကြီးကွမ်းချာက မေးသည်။ “တစ်နှစ်နဲ့ လုံလောက်လား”
“ကျွန်တော်က အနည်းဆုံး နှစ်နှစ်ဆယ် လိုတာ”
ချင်မူက ဆို၏။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအတွက် အလဟဿ အသေခံစရာမလိုပါဘူး… ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို အမှန်တကယ် ကူညီချင်ရင် ရွှင်ပျော်ပျော်ကျေးရွာရဲ့ ကျွမ်းကျင်လုပ်သားတွေအားလုံးကို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ပို့လိုက်ပြီး နှစ်နှစ်ဆယ်အကြာမှာ ဖြစ်လာမယ့် မဟာစစ်ပွဲကြီးအတွက် လက်နက်ကြီးတွေ သွန်းလုပ်ခိုင်းပါ… ခိုင်ဧကရာဇ်ချင်ယဲ့က နှစ်လေးဆယ်အကြာမှာ ပေါ်လာလိမ့်မယ်”
ကောင်းကင်ဆရာသခင်လေးဦး၏ နှလုံးသားများက ပြင်းထန်စွာ တုန်ခါသွားကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။
ချင်မူက ပြုံးလျက် ပြောသည်။ “ခင်ဗျားတို့ ကျွန်တော့်ကို ယုံရင် ရွှင်ပျော်ပျော်ကျေးရွာရဲ့ အနာဂတ်ကို ကျွန်တော့်ဆီ အပ်ထားလိုက်ပါ… ယွီချိန်ကျစ် ညှိနှိုင်းဆွေးနွေးခဲ့တုန်းက ရွှင်ပျော်ပျော်ကျေးရွာကလည်း ရောင်းစားလို့ ရနိုင်တဲ့ အပေးအယူတစ်ခုပဲလေ…”
လယ်သမားအိုကြီးကွမ်းချာမှာ ဒေါသူပုန်ထသွားသည်။ တန်ခိုးရှင်သစ်ခုတ်သမားက သူ၏ ရည်ရွယ်ချက်ကို နားလည်သဖြင့် ပြုံးကာ ပြော၏။ “ရွှင်ပျော်ပျော်ကျေးရွာက တကယ်ကို အပေးအယူလုပ်လို့ ကောင်းတဲ့ အရာပဲ… ဒါဆို သတ်မှတ်ပြီးပြီပေါ့”
သူ ပြောသည့်အချိန်တွင် တခြားကောင်းကင်ဆရာသခင်များက နှုတ်ဆိတ်နေကြပြီး အငြင်းမပွားကြပေ။
ချင်မူက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “ကောင်းကင်ဆရာသခင်လေးပါး ရောက်လာကြတာက တိရီယွဲ့ ဒုတိယမြောက် ခိုင်ဧကရာဇ်ဖြစ်လာတဲ့ အကြောင်းအရင်းတစ်ခုတည်းတော့ မဟုတ်ဘူးမလား… တခြားကိစ္စများ ရှိသေးလား”
တန်ခိုးရှင်သစ်ခုတ်သမားက ပြောသည်။ “ငါက ဒီကို ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ရောက်လာခဲ့တာ… မင်းက ငါ့တပည့်ပဲ ဆိုတော့ လက်ထပ်တာကို သေချာပေါက် ကိုယ်တိုင်လာကြည့်ရမယ်မလား…ငါ ပို့ပေးလိုက်တဲ့ လက်ဖွဲ့ကို ရလား”
ချင်မူက ခေါင်းညိတ်သည်။ “ရပါတယ်”
တန်ခိုးရှင်သစ်ခုတ်သမားက မျှော်လင့်နေသော မျက်နှာအမူအရာဖြင့် မေးတော့သည်။ “မင်းကျင့်စဉ်ရဲ့ လိုအပ်ချက်ကို ဖြည့်ပေးနိုင်လား”
ချင်မူက ပြုံးပြသည်။ “ဖြည့်ပေးနိုင်လောက်ပေမယ့် ကျွန်တော် ပိုကောင်းတာတစ်ခုကို တွေ့ထားတယ်”
တန်ခိုးရှင်သစ်ခုတ်သမား၏ မုတ်ဆိတ်ကြီးမှာ တုန်ခါသွားပြီး သူက လက်ဆန့်ထုတ်၍ သူ၏ ကျောနောက်ရှိ ပုဆိန်ကို ဆွဲယူလိုက်သည်။ ချင်မူက အလောတကြီး ရယ်လိုက်ရင်း နှစ်သိမ့်လိုက်လေသည်။ “ဆရာကလည်း စတာပါ… ဘာလို့ ဒီလောက်စိတ်ဆိုးသွားတာတုန်း… ဆရာတို့ ကောင်းကင်ဆရာသခင်လေးပါး ပူးပေါင်းကြရင်တောင် ကျွန်တော့်ရဲ့ တိုက်ကွက်လေးတစ်ကွက်ကိုတောင် ခုခံနိုင်မှာ မဟုတ်ဘူး… ဒေါသမထွက်ပါနဲ့”
သူ ထိုသို့ပြောလိုက်သည့်အခါ ယန်ယွင်ရှီ၊ ကောင်းချာနှင့် တံငါသည်တို့မှာ ပို၍ပင် ဆွေ့ဆွေ့ခုန်သွားကြတော့သည်။
ချင်မူ အလျင်အမြန် ပြောလိုက်၏။ “ကောင်းကင်ဆရာသခင်လေးပါး စုဝေးနေကြတာဆိုတော့ ကျွန်တော် လောလောဆယ် အဖြေမရှာနိုင်တဲ့ ပြဿနာတစ်ခု ရှိနေတယ်…. ဆရာတို့လေးယောက်က ပညာရှိပြီး အမြင်ကျယ်တာဆိုတော့ ကျွန်တော့်ကို ကူညီဖြေရှင်းပေးပါဦး နော်”
သူက ဖရိုဖရဲခန်းမတွင် တွေ့ကြုံခဲ့ရသည့် ခက်ခဲသော ပြဿနာကို ထုတ်ဖော်ပြကာ တာအိုဘာသာစကားကို အသုံးပြု၍ ထိုက်ကျိလမ်းစဉ်ဆင်ကဲ့ပြောင်းလဲခြင်းအား ရှင်းပြနေသည်။ ၎င်းက ယင်နှင့်ယန်ဆင့်ကဲပြောင်းလဲခြင်းကို ကိုယ်စားပြုပြီး နက်နဲကာ မှေးမှိန်နေသည်။
ချင်မူ၏ ထိုက်ကျိလမ်းစဉ်အောင်မြင်မှုများက အလွန်တရာမြင့်မားသော်လည်း အချိန်တစ်ခုကြာသည်အထိ မဖြေရှင်းနိုင်ဘဲ ဖြစ်နေ၏။
ကောင်းကင်ဆရာသခင်လေးပါးသည် ဤတာအိုမေးခွန်းကို ကြားသောအခါ မျက်မှောင်ကြုတ်သွားကြသည်။ လယ်သမားကြီးကွမ်းချာက ခပ်တိုးတိုး မေးလိုက်သည်။ “သူ ဘာတွေပြောနေတာလဲ”
“သူက တာကိုဘာသာစကားကို သုံးပြီးတော့ မေးခွန်းတစ်ခု မေးနေတာ”
တံငါသည်က တခဏတုံ့ဆိုင်းနေပြီးနောက် ပြောသည်။ “ထိုက်ကျိဆင့်ကဲပြောင်းလဲမှုကို ပြောပြနေတာ”
လယ်သမားအိုကြီးကွမ်းချာမှာ မျက်နှာကြီး ရဲသွားတော့သည်။ “ဒီလို ထူးထူးဆန်းဆန်းဟာတွေကို လုပ်နေတော့ရော ဘာအကျိုးရှိမှာလဲ… သိုင်းပညာလမ်းစဉ်က ပိုပြီး ရိုးရှင်းနေတုန်းပဲ”
ယန်ယွင်ရှီ၊ တန်ခိုးရှင်သစ်ခုတ်သမားနှင့် တံငါသည်တို့အားလုံး စဉ်းစားနေကြသည်။ တခဏကြာပြီးနောက် တစ်ယောက်နှင့် တစ်ယောက် စတင်ဆွေးနွေးကြ၏။ သူတို့သည်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရလဒ်များကို သင်ယူလေ့လာထားသောကြောင့် ကိုယ်ပိုင်အောင်မြင်မှုများ ရှိလေသည်။
တံငါသည်က ယင်ယန်ထိုက်ချီလမ်းစဉ်ကို ကျင့်ကြံပြီး သူ၏ယင်ယန်လမ်းစဉ်ကို ကိုယ်စားပြုသော ခြင်းတောင်းထဲတွင် အနီရောင်ငါးလေးနှစ်ကောင် ရှိ၏။
ယန်ယွင်ရှီက ၀င်္ကပါကို ကျင့်ကြံပြီး တခြားဗဟုသုတများစွာကိုလည်း သိရှိလေရာ သူမ၏ အောင်မြင်မှုများက အလွန်တရာ မြင့်မား၏။ သူမသည် ထိုက်ကျိယင်ယန်၏ အဆင့်လေးဆင့်နှင့် ပါ့ကွကိုလည်း လေ့လာဖူးသည်။
တန်ခိုးရှင်သစ်ခုတ်သမား၏ အသိပညာကတော့ ပို၍ပင် ရှုပ်ထွေးနက်နဲသေးသည်။
သူတို့သုံးယောက်မှာ အချိန်အတော်ကြာသည့်အထိ တွေးတောနေကြသော်လည်း မဖြေရှင်းနိုင်ကြသေးပေ။ ချင်မူ၏မျက်နှာထက်တွင် စိတ်ပျက်လက်မှိုက်ကျသော အရိပ်အယောင်က ကြီးစိုးလာသည်။ သူပင်လျှင် ဤပြဿနာကို မဖြေရှင်းနိုင်သဖြင့် ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဆရာသခင်လေးပါးလည်း ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
ရုတ်တရက် တန်ခိုးရှင်သစ်ခုတ်သမားက ခပ်တိုးတိုး ပြော၏။ “ကျစ်ရှီ၊ မင်း ပါ့ကွရဲ့ ယင်နဲ့ ယန် မျဉ်းကြောင်းတွေကို သုညနဲ့ တစ်အဖြစ် အစားထိုးလို့ ရနိုင်မလား… ဒီနည်းနဲ့ဆို ယင်နဲ့ ယန်ဆင့်ကဲပြောင်းလဲမှုကို သင်္ချာနဲ့ ဖြေရှင်းလို့ရသွားပြီ… ငါ့မှာ ပြဿနာဖြေရှင်းဖို့ နည်းလမ်းရှိပေမယ့် ငါ့ရဲ့ သင်္ချာအောင်မြင်မှုတွေက မင်းလောက် မကောင်းဘူး”
ယန်ယွင်ရှီ၏ မျက်လုံးများက တောက်ပသွားပြီး ချက်ချင်းပင် တွက်ချက်ရာတွင် အာရုံစိုက်လိုက်သည်။ တခဏကြာပြီးနောက် သူမက လက်ခုပ်တီး၍ ပြုံးလိုက်လေသည်။ “ငါ ဒီပြဿနာကို ဖြေရှင်းပြီးပြီ”
ချင်မူမှာ အံ့သြဝမ်းသာ ဖြစ်သွားသည်။ ယန်ယွင်ရှီက သူမ၏ ချီစွမ်းအင်ကို အသုံးပြုလျက် ပြဿနာဖြေရှင်းသည့် နည်းလမ်းကို အသက်သွင်းကာ နောက်တကြိမ် ဖြေရှင်းပြစေလိုက်သည်။ ယင်မျဉ်းကြောင်းနှင့် ယန်မျဉ်းကြောင်းတို့က လေထဲတွင် အဆက်မပြတ်လှုပ်ရှားနေကြ၏။ ၎င်းတို့က သုညနှင့် တစ် ပါရှိသည့် နံပါတ်များကို ဖွဲ့တည်နေကြပြီး အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသည်။
ချင်မူလည်း ရုတ်တရက် နားလည်သွားပြီး လေးစားအားကျစွာ လက်ခုပ်တီးလိုက်မိသည်။
သူက ချက်ချင်းပင် တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံကာ သူ၏မူလဝိညာဉ်အား ဖရိုဖရဲခန်းမဆီသို့ ခြေတစ်လှမ်း တက်စေလိုက်၏။ တာအိုမေးခွန်းက ဖရိုဖရဲခန်းမထဲမှ ထွက်ပေါ်လာပြီး ချင်မူ့မူလဝိညာဉ်က တာအိုဘာသာစကားဖြင့် ဖြေဆိုကာ အလွယ်တကူ ကျော်ဖြတ်နိုင်သွားသည်။
သူ၏ မူလဝိညာဉ်က နောက်ထပ် ခြေတစ်လှမ်း တက်လိုက်ရာ ဖရိုဖရဲခန်းမထဲမှ တာအိုမေးခွန်းအသစ် ထွက်ပေါ်လာ၏။
ဤတာအိုမေးခွန်းက ထိုက်စုတာအို၏ သဏ္ဍာန်၊ အရည်အသွေးနှင့် အသွင်ပြောင်းလဲမှု ဖြစ်ချေရာ ပြိုင်ဘက်ကင်းအောင် ရှုပ်ထွေးခက်ခဲလေသည်။
ချင်မူမှာ အချိန်အတော်ကြာအောင် စဉ်းစားနေသော်လည်း ဖြေရှင်းနိုင်ရန် ခက်ခဲနေသေးသဖြင့် နောက်သို့ ပြန်ဆုတ်လိုက်ရသည်။
တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကျန်ကောင်းကင်ဆရာသခင်များသည် သူ တရားထိုင်နေစဉ်် သူ၏ သိုင်းအခြေခံနှင့် စွမ်းဆောင်ရည်တို့က အချိန်တိုအတွင်း အတော်လေး တိုးတက်သွားသည်ကို တွေ့မြင်လိုက်ရသည်။ သူတို့မှာ အံ့အားသင့်နေကြတော့သည်။
ယန်ယွင်ရှီက တန်ခိုးရှင်သစ်ခုတ်သမားကို ခပ်တိုးတိုး ပြောပြသည်။ “သူက နတ်ကောင်းကင်ခန်းမကို ကျင့်ကြံနေတာ… နတ်ကောင်းကင်အဆင့်ရဲ့ လှေကားထစ် ၉၉၉ ထစ်မှာ မေးခွန်းပေါင်း ၉၉၉ ခု ရှိတယ်… အဲဒါတွေကို ဖြေပြီးတော့မှ နတ်ကောင်းကင်ခန်းမထဲ ဝင်ရောက်ပြီး နောက်ထပ်အဆင့်တစ်ဆင့် တက်နိုင်မှာ… မေးခွန်းတစ်ခု ဖြေနိုင်ရင် အဆင့်တိုးမြှင့်ပေးတယ်*
တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်နှာမှာ နီရဲနေသည်။ ကောင်းကင်ဆရာသခင်လေးပါးထဲတွင် သူ၏ ဉာဏ်ပညာက အမြင့်မားဆုံးဖြစ်သော်လည်း သူ၏ သိုင်းအဆင့်ကတော့ အနိမ့်ဆုံး ဖြစ်၏။ သူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များကို ရရှိခဲ့ပြီး ကောင်းကင်ပင်လယ်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း နတ်ကောင်းကင်အဆင့် မဆိုထားနှင့်၊ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်ကိုပင် မဝင်ရဲပေ။
ချင်မူက မျက်လုံး ဖွင့်လိုက်ပြီး သူ ကြားခဲ့ရသည့် ထိုက်စုတာအိုမေးခွန်းကို စိတ်လှုပ်တရှား ပြန်ပြောပြ၍ အဖြေကို စောင့်ဆိုင်းနေ၏။
သို့သော် သူတို့လေးယောက်မှာ ထိုက်စုတာအိုကို များများစားစား နားမလည်ကြပေ။ သဏ္ဍာန်အပါအဝင် အခြေအနေသုံးရပ်၏ ပြောင်းလဲမှုကို အဖြေမထုတ်နိုင်သောကြောင့် သူတို့၏ မျက်လုံးများက မည်းမှောင်နေကြသည်။
တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်လုံးက တဖျတ်ဖျတ် တောက်ပသွားပြီး သတိပေးလိုက်၏။ “ဒီမေးခွန်းကို ဖြေဖို့ ဘာလို့ တစ်လောကလုံးက သူတွေရဲ့ ဉာဏ်ပညာကို အားမကိုးတာလဲ … မင်း အားကိုးစရာက ငါတို့လေးယောက်ပဲ ရှိတာလား… လောကရဲ့ တခြားသူတွေဆီကရော မသင်ယူတော့ဘူးလား”
ချင်မူလည်း သဘောပေါက်နားလည်သွားပြီး မြေပြင်နှင့် ထိကပ်မတတ် ဦးညွှတ်အရိုအသေပေးလိုက်သည်။ သူက တန်ခိုးရှင်သစ်ခုတ်သမားကို ပြုံးလျက် ကျေးဇူးတင်စကားပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုမှာ ဉာဏ်ပညာထူးချွန်တဲ့သူတွေ မရေမတွက်နိုင်အောင် ရှိတယ်…. လောကမှာ ရှိတဲ့သူတွေဆီကနေ ကျွန်တော် အကြံဉာဏ်တောင်းလို့ရတယ်… ကျွန်တော် အဖြေမထုတ်နိုင်ပေမယ့် အဖြေထုတ်နိုင်တဲ့သူ တစ်ယောက်ယောက်တော့ ရှိမှာပဲ”
သူက တာအိုမေးခွန်းကို တာအိုကြေးမုံတစ်ခုထဲတွင် ထည့်သွင်းလိုက်သည်။ မှန်အရှေ့တွ င်ရပ်နေသရွေ့ တာအိုမေးခွန်းတစ်ခုကို ထုတ်လွှတ်ပေးပေလိမ့်မည်။
ချင်မူသည် ဤကြေးမုံအား ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဒဿနတက္ကသိုလ်သို့ လူလွှတ်ပို့ဆောင်စေပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
ဆယ်ရက်ကြာပြီးနောက် ဧကရာဇ်ယန်ဖုန်းက နတ်ဘုရားငယ်တစ်စုနှင့်အတူ ကြေးမုံကို ပြန်ပို့ပေးတော်မူသည်။
“ကျွန်တော် ရှုသုန်ဝမ်း၊ ဒီမိတ်ဆွေတစ်စုနဲ့အတူ ကောင်းကင်နတ်အရှင် မေးတဲ့ မေးခွန်းကို အဖြေထုတ်နိုင်ခဲ့ပါပြီ” နတ်ဘုရားငယ်က ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်သည်။
ချင်မူမှာ ဝမ်းသာသွားပြီ ရိုကျိုးစွာ ကျေးဇူးတင်စကားဆိုလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ရှုသုန်ဝမ်းနှင့် ကျန်သူများသည် ကြေးမုံနောက်တစ်ခုနှင့်အတူ တာအိုဒဿနတက္ကသိုလ်သို့ ပြန်သွား၏။ သူတို့က တံခါးအရှေ့တွင် ကြေးမုံကို ချိတ်ထားလိုက်သည်။
ကြေးမုံထဲတွင် ထိုက်ရှီလမ်းစဉ်နှင့် ပတ်သက်သည့် တာအိုမေးခွန်းတစ်ခု ပါရှိ၏။
ထိုက်ရှီသည် သတင်းကြားလျှင် ရောက်ချလာသည်။ မေးခွန်းကို ကြားသောအခါ ကြေးမုံကို ဖြုတ်၍ မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်ဆီသို့ ဦးတည်သွားသည်။
နှစ်ရက်ကြာသော် ထိုက်ရှီတစ်ယောက် မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်ဆီမှ ပြန်လည်ရောက်ရှိလာပြီး တာအိုဒဿနကောလိပ်၏ တံခါးအရှေ့တွင် တောက်ပနေသော ကြေးမုံတစ်ချပ်ကို ချိတ်ဆွဲထားလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် စာသင်ရန် ရောက်လာသော ရှုမုန့်ချင်းက ကြေးမုံကို ဖြုတ်ကာ ပြုံးလျက် ရေရွတ်လိုက်သည်။ “ငါ့အဖေက ဒီမေးခွန်းအကြောင်း လွန်ခဲ့တဲ့ နှစ်ရက်က ပြောပြဖူးတာပဲ”
ရက်အနည်းငယ်ကြာသော် ရှုမုန့်ချင်းသည်် တာအိုဒဿနတက္ကသိုလ်ဆီသို့ မေးခွန်းအသစ်နှင့်အတူ ပြန်လည်ရောက်လာ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း ၎င်းကို ကြားလျှင် မေးခွန်းအား လာရောက်နားထောင်သည်။ သူက နားထောင်ပြီးနောက် ပြုံးကာ ပြောသည်။ “ငါ ဖြေရှင်းနိုင်တယ်” ထိုသို့ပြောပြီးနောက် သူလည်း ကြေးမုံကို ဖြုတ်ကာ မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်ဆီသို့ သွား၏။
မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်တွင် ချင်မူမှာ စိတ်အားတက်ကြွစွာဖြင့် ကြေးမုံအသစ်များကို ဖန်ဆင်းပြီး မေးခွန်းများ ပါရှိသည့် ကြေးမုံများကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဒဿနတက္ကသိုလ်ဆီသို့ ပို့ဆောင်စေသည်။
ပုံမှန်အားဖြင့် တစ်စုံတစ်ယောက် ၄င်းကို ဖြေရှင်းပြီး မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်ဆီသို့ ရောက်လာရန် ဆယ်ရက်ကျော် ကြာတတ်၏။
ဤသည်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဒဿနတက္ကသိုလ်တွင် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခုကဲ့သို့ပင် ကျော်ကြားနေတော့သည်။ တက္ကသိုလ်ပရဝုဏ်တွင်လည်း အလွန်တရာ စည်ကားသိုက်မြိုက်နေ၏။ ကြေးမုံအသစ်တစ်ချပ် ချိတ်ဆွဲထားတိုင်း မရေမတွက်နိုင်သော လူငယ်ပါရမီရှင်များသာမက အောင်မြင်ထင်ရှားသော ပုဂ္ဂိုလ်များပင် ရောက်လာကြ၍ ပြဿနာကို ဖြေရှင်းလေသည်။
မေးခွန်းများ ဖြေဆိုပြီးသည့်အချိန်တွင် အော်ဟစ်အားပေးသံများ ဆူညံသွားတတ်သည်။
ယနေ့တွင်တော့ နောက်ဆုံးမေးခွန်းကို ဖြေပြီးလေပြီ။ ချင်မူ့မူလဝိညာဉ်ကလည်း ဖရိုဖရဲခန်းမလှေကားထစ်များ၏ အမြင့်ဆုံးအထစ်သို့ ရောက်သွားခဲ့၏။ နောက်ထပ်လှေကားထစ်များ ပေါ်မလာတော့ပေ။
ချင်မူမှာ စိတ်လှုပ်ရှားနေသည်ကို မြိုသိပ်ထားရင်း ဖရိုဖရဲခန်းမကို ကြည့်လိုက်သည်။