← Chapters

ရဲ့ချင်စန်း မင်းက ငယ်ပါသေးတယ်

Vol. 7 Ch. 629

ရဲ့ချင်စန်း မင်းက ငယ်ပါသေးတယ်

Vol. 7 Ch. 629

ရန်ကျင်းမြို့ပြင်၊ ရန်တောင်၌ ...

ရဲ့မိသားစု၏ စံအိမ်သည် ရက်ပေါင်းများစွာ ကြာအောင် တိတ်ဆိတ် နေခဲ့သည်။ သူတို့ကား တစ်ခါမျှပင် လူမြင်ကွင်းသို့ မထွက်ခဲ့ကြချေ။

"ချန်းပေ့ရွှမ်းက ဘာလို့ အရမ်းကို အစွမ်းထက် ရတာလဲ ... အဘိုးက မြေကမ္ဘာ နတ်ဘုရား ဖြစ်လာပြီး နောက်မှာတောင် သူ့ကို မနိုင်ခဲ့ဘူး"

ရဲ့ရီရန်က ထက်ဝက် ပိုင်းပြတ်နေသော ရန်တောင်အား ကြည့်ရင်း ဆိုလိုက်၏။ သူမသည် ယခုထိ ဖြစ်ပျက်သမျှ အလုံးစုံကို မယုံကြည် နိုင်သေးချေ။

"အဖေ့ရဲ့ မြေကမ္ဘာနတ်ဘုရား စွမ်းအားက မတည်ငြိမ်သေးဘူး ဆိုပေမဲ့ ချန်းပေ့ရွှမ်း အရမ်း အစွမ်းထက်တာလည်း ပါတယ် ... သူရဲ့ နောက်ဆုံး တိုက်ခိုက်မှုကဆိုရင် မြေကမ္ဘာ အဆင့်ကိုတောင် ကျော်လွန်နေခဲ့ပြီ ... သူက ဒီလို နည်းစနစ်မျိုးကို ဘယ်ကနေ သင်လာခဲ့တာ မသိဘူး"

ရဲ့ချင်စန်းက တည်ငြိမ်စွာဖြင့် ခေါင်းအား ခါယမ်းလိုက်၏။

သူသည် တန်ခိုးရှင်အဆင့်သို့ ဝင်ရောက်သည်မှာ မကြာသေးသော်လည်း သူ၏ စွမ်းအားမှာမူ အတွေ့အကြုံ ရင့်ကျက်သော တန်ခိုးရှင် အဆင့် တစ်ယောက်အလား တည်ငြိမ် နေခဲ့ပြီ ဖြစ်လေသည်။

"ဒါနဲ့ ဦးလေး ... အဘိုး အခြေအနေရော ဘယ်လို ရှိသလဲ"

ရဲ့ရီရန်က စိတ်ပူစွာဖြင့် မေးလိုက်သည်။

"စိတ်မပူနဲ့ ... အဖေက မြေကမ္ဘာ နတ်ဘုရား ဖြစ်နေခဲ့ပြီ ... နောက်ပြီး ချန်းပေ့ရွှမ်းက သူ့ရဲ့ နောက်ဆုံး တိုက်ခိုက်မှုမှာ အဖေ့ကို အတော်လေး သက်ညှာပေးခဲ့တယ် ... နောက် ငါးနှစ်အတွင်း အဖေက အပြည့်အဝ ပြန်ကောင်းလာမှာ သေချာတယ်"

ရဲ့နန်ထင်းက အဖြေပေးလိုက်သည်။

သူတို့ တူဝရီးနှစ်ယောက် စကားပြော နေချိန်မှာပင် ...

အဇူရာ အလင်းတစ်ခုသည် ကောင်းကင်အား ဖြတ်သန်း၍ ရဲ့မိသားစု စံအိမ်သို့ ပျံသန်းလာခဲ့၏။ ထိုအဇူရာ အလင်းသည် ရဲ့နန်ထင်းတို့၏ ရှေ့သို့ ရောက်သည်နှင့် ချန်းဖန်၏ ပုံသဏ္ဌာန် အဖြစ် ပြောင်းလဲသွား၏။

"ချန်းပေ့ရွှမ်း ..."

ရဲ့နန်ထင်းနှင့် ရဲ့ရီရန်တို့က ချန်းဖန်အား ကြည့်ရင်း အံ့အားသင့်သွားကြ၏။

"အင်း ..."

ချန်းဖန်က သူတို့ နှစ်ယောက်ကို ခေါင်းညိတ်ပြရင်း ယဉ်ကျေးစွာပင် ခွင့်တောင်း လိုက်သည်။

"ကျုပ် သခင်ကြီးရဲ့နဲ့ တွေ့ခွင့် ရနိုင်မလား"

ချန်းဖန်၏ အလည်အပတ် ရောက်ရှိလာမှုက ရဲ့မိသားစုအား အမှန်ပင် စိတ်ပူစေသည်။ ရဲ့ချင်စန်းသည် ယခုအထိ ဒဏ်ရာများ မပျောက်ကင်းသေးရာ ရဲ့မိသားစု၌ အားကောင်းသော တိုက်ခိုက်သူ ဟူ၍ အဇူရာ နဂါးနှင့် ရဲ့နန်ထင်းတို့သာ ရှိသည်။ သို့သော်လည်း သူတို့က ချန်းဖန်အား တားနိုင်မည် မဟုတ်ချေ။

"သူက အဖေ့ကို သတ်ဖို့ လာတာလား"

ရဲ့နန်ထင်းသည် ချန်းဖန်၏ ရဲ့မိသားစုကို ကာကွယ်ပေးမည် ဆိုသော ကတိကို မှတ်မိသည့်တိုင် စိတ်ပူနေခဲ့သည်။ မည်သို့ပင် ဆိုစေ ယခုအချိန်ကား ရဲ့မိသားစု၏အား အနည်းဆုံး အချိန်ဖြစ်ရာ ရန်သူများက ထိုအရာအား အခွင့်ကောင်း ယူနိုင်ပေသည်။

"သူ့ကို ဝင်လာခိုင်းလိုက် ..."

ကြည်လင်သော အသံတစ်ခုက ရဲ့နန်ထင်း၏ စိတ်အာရုံအတွင်း ဝင်ရောက်လာ၏။ ထိုအသံကား ရဲ့ချင်စန်း၏ အသံပင် ဖြစ်သည်။

ခဏအကြာ၌ ရဲ့နန်ထင်း၏ ဦးဆောင်မှုဖြင့် ချန်းဖန်သည် စံအိမ် အနောက်ဘက် ဥယျာဉ်သို့ ရောက်ရှိ လာခဲ့သည်။

ချန်းဖန်သည် ဥယျာဉ်အတွင်းသို့ ဝင်ဝင်ချင်း ကြီးမားသော လော့ကွက် ပင်ကြီးအား တွေ့လိုက်ရသည်။ ထိုသစ်ပင်၏ အောက်တွင်မူ အဝင်ဝသို့ ကျောပေး၍ ရပ်နေသော ရဲ့ချင်စန်း ရှိနေခဲ့၏။

သူက ချန်းဖန် ရောက်ရှိနေသည်ကို သတိ မထားမိသည့်အလား လော့ကွက်ပင်ကြီးကိုသာ တိတ်ဆိတ်စွာ ငေးမော၍ ကြည့်နေခဲ့သည်။

"ကျုပ်က စစ်တပ်ကို မဝင်ခင် အနောက်မြောက်ပိုင်းမှာ တောပုန်းဓားပြ ဖြစ်ခဲ့သေးတယ် ... အဲဒီ အချိန်ကတည်းက ကျုပ်ရဲ့ဇနီးဟာ ကျုပ်ရဲ့ ဘေးမှာ အမြဲတမ်း ရှိပေးခဲ့တယ် ... နောက် ကျုပ် ခွန်းလွန်ကို တည်ထောင်တဲ့ အချိန်မှာ သူက ပထမ ပျံလွှားနီလေး ဖြစ်လာခဲ့တယ် ... ကံမကောင်းစွာနဲ့ပဲ ကျုပ်ဟာ တန်ခိုးရှင် ခုနစ်ယောက်ရဲ့ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ် ... အဲဒီ တိုက်ပွဲမှာ ကျုပ်ရဲ့ဇနီးက ကျုပ်ကို ကာကွယ်ဖို့ ကြိုးစားရင်း ဒဏ်ရာ အကြီးအကျယ် ရခဲ့တယ် ... ရဲ့နန်ထင်းကို မွေးပြီးတဲ့ နောက်မှာတော့ သူက အဲဒီ ဒဏ်ရာနဲ့ပဲ ကွယ်လွန်ခဲ့တယ်"

"ကျုပ်ဇနီး ကွယ်လွန်တဲ့နေ့မှာပဲ ကျူပ်ဟာ ဒီလော့ကွက်ပင်ကို စစိုက်ခဲ့တယ် ... နှစ်ပေါင်း လေးဆယ် ကြာပြီးတဲ့နောက် အပင်ပေါက်လေးဟာလည်း ကြီးမားတဲ့ သစ်ပင်ကြီး ဖြစ်လာခဲ့ပြီ ... ကျုပ် ဇနီးနဲ့ အတူတူ ရှိခဲ့တဲ့ မှတ်ဉာဏ်တွေကလည်း တဖြည်းဖြည်း လွင့်ပါး လာခဲ့ပါပြီလေ"

ရဲ့ချင်စန်းက စကားလုံးများကို ရေရွတ်ရင်း ချန်းဖန်ဘက်သို့ ဖြည်းညင်းစွာ လှည့်လိုက်၏။

သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသည်။ သူ၏ ရုပ်ရည်သည် အလွန် ငယ်ရွယ်ကာ နုပျို နေသော်လည်း သူ၏ မျက်လုံးများမှာမူ နှစ်ရာချီ မှတ်ဉာဏ်များဖြင့် နက်ရှိုင်း တောက်ပနေခဲ့သည်။

ထို့နောက် ရဲ့ချင်စန်းက လေးစားသော အမူအရာဖြင့် ချန်းဖန်အား ပြောလိုက်၏။

"ကျုပ် ခင်ဗျားကို ကြည့်လိုက်တိုင်း ကျုပ်ရှေ့မှာ ရှေးဟောင်း ကျင့်ကြံသူ တစ်ယောက် ရပ်နေသလို ခံစားရတယ် ... နောက် ခင်ဗျားရဲ့ မျက်လုံးထဲမှာ တောက်ပနေတဲ့ ခမ်းနားမှု တစ်ခုကို ကျုပ် မြင်နိုင်နေတယ် ... ကျုပ် ခင်ဗျားကို ချန်းဖန်လို့ ခေါ်ရမလား ဒါမှမဟုတ် ..."

"ချန်းပေ့ရွှမ်း ... ကျုပ်ကို ချန်းပေ့ရွှမ်းလို့ပဲ ခေါ်ပါ ... ချန်းပေ့ရွှမ်းဆိုတဲ့ နာမည်က ကျုပ် ဆရာပေးခဲ့တဲ့ နာမည်ပဲ ... ချန်းဖန်ဆိုတဲ့ နာမည်ကို ကျုပ် အကြာကြီး သုံးမှာ မဟုတ်ဘူး"

ချန်းဖန်က တည်ငြိမ်စွာ ဆိုလိုက်၏။

"ကောင်းပါပြီ ..."

ရဲ့ချင်စန်းက တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။

"နီစီယာက ကျင့်ကြံသူ တစ်ယောက် ဆိုတာ ကျုပ် ခန့်မှန်းမိပါတယ် စီနီယာ ချန်းပေ့ရွှမ်း ... ဒါနဲ့ စီနီယာက ကောင်းကင်တံခါးဝက လာတာလား ... ကျုပ် တရုတ်ဂိုဏ်းတွေ အကုန်လုံးမှာ ရှိတဲ့ မှတ်တမ်းတွေကို ဖတ်ဖူးပါတယ် ... ဒါပေမဲ့ မြေကမ္ဘာ အဆင့်ကို အနိုင်ရတဲ့ တန်ခိုးရှင်နဲ့ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း ဆိုတဲ့ အကြောင်းတွေကိုတော့ မတွေ့ဖူးတာ အမှန်ပဲ"

နှစ်ရာချီ နေထိုင်ခဲ့သော အဘိုးအိုသည် ချန်းဖန်အား "စီနီယာ" ဟူသော ခေါင်းစဉ်ကို တပ်၍ ခေါ်ခဲ့သည်။ ထိုအရာက အထူးအဆန်း မဟုတ်ချေ။

ရဲ့ချင်စန်းသည် သူကိုယ်တိုင်မှာ သာမန် မြေကမ္ဘာ အဆင့် တစ်ယောက်သာ ဖြစ်ပြီး ချန်းဖန်မှာမူ ရှေးဟောင်း နတ်ဘုရားတစ်ပါး ပြန်လည် မွေးဖွားလာသော ကြီးမြတ်သူ တစ်ပါးဟု ခံယူထားပြီး ဖြစ်သည်။

"ဟားဟား ... ကောင်းကင်တံခါး ... အဲဒါက ဘာမှ မဟုတ်ပါဘူး"

ချန်းဖန်က ရယ်မောလိုက်၏။ ထို့နောက် သူက ကောင်းကင်သို့ မော့ကြည့်ရင်း ပြောလိုက်သည်။

"ရဲ့ချင်စန်း ... ခင်ဗျားက တကယ်ပဲ ပါရမီ ရှိပါတယ် ... ဒါပေမဲ့ လောကကြီး ဘယ်လောက် ကျယ်သလဲ ဆိုတာတော့ ခင်ဗျား မသိဘူး ... ကမ္ဘာ ဆိုတာက စကြဝဠာနဲ့ ယှဉ်ရင် သေးငယ်တဲ့ အစက်အပြောက် တစ်ခုလေးပဲ ရှိတာ"

"ကောင်းကင်တံခါးက မဟုတ်ဘူး ဆိုရင် စီနီယာက ..."

ရဲ့ချင်စန်းက အနည်းငယ် အံ့အားသင့်စွာ မေးလိုက်၏။

ချန်းဖန်က သူ၏ အဖြေကို ပြန်မဖြေပဲ အဆုံးမဲ့ မိုးကောင်ကင်ကိုသာ ငေးကြည့် နေခဲ့သည်။

ယခုအချိန်၌ သူ၏ ဆရာနှင့် ဂိုဏ်းတူ အကိုများ၊ မိတ်ဆွေ အပေါင်းအသင်းများ၊ ရန်သူများ မည်သည့် အရာများကို လုပ်နေလောက် သနည်း။

သို့သော်လည်း ည၏ ကောင်းကင်က ချန်းဖန်၏ စိတ်အတွင်းမှ မေးခွန်းကို ကြားဟန် မရချေ။ ကြယ်များကိုသာ ဖြန့်ကြက်ရင်း လောကအား မှိုန်ပျပျ အလင်းရောင်ဖြင့်သာ လွှမ်းခြုံထားခဲ့သည်။

"စီနီယာက ကောင်းကင်က လာတာလား"

ရဲ့ချင်စန်းက မျက်မှောင်ကြုတ်၍ ထပ်မံ မေးလိုက်၏။

"ကောင်းကင်က မဟုတ်ဘူး ... အာကာသ ဟင်းလင်းပြင်ရဲ့ တစ်နေရာကပေါ့"

ချန်းဖန်က ပြန်ဖြေလိုက်သည်။

"အာကာသ ဟင်းလင်းပြင် ..."

ရဲ့ချင်စန်းက မယုံကြည် နိုင်စွာဖြင့် မေးလိုက်၏။

"အာကာသ ဟင်းလင်းပြင်ထဲမှာ ကျင့်ကြံသူနဲ့ လူသားမျိုးစိတ်တွေ ရှိတာလား"

"ဒါပေါ့ ..."

ချန်းဖန်က ကောင်းကင်ကို ငေးမော ကြည့်နေရင်းမှ ဖြေလိုက်သည်။

"စကြဝဠာကြီးက ခင်ဗျား ထင်ထားတာထက် အများကြီး ကျယ်တယ် ... လွန်ခဲ့တဲ့ နှစ် ဘီလျံတွေ တုန်းက လူသား ကျင့်ကြံသူတွေဟာ ထောင်ချီတဲ့ ကမ္ဘာဦး သက်ရှိမျိုးစိတ်တွေနဲ့ တိုက်ပွဲတွေ မရေမတွက် နိုင်လောက်အောင် တိုက်ခိုက်ခဲ့ရတယ် ... ဒါတွေ ထားပါလေ ... ခင်ဗျားသိဖို့ မလိုအပ်သေးဘူး ... အချိန်တန်ရင်တော့ ခင်ဗျား သိလာမှာပါ"

"ကောင်းပါပြီ ..."

ရဲ့ချင်စန်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက အသက်ကို လေးပင်စွာ ရှူရင်း ဆက်ပြောလိုက်သည်။

"ကျုပ်က မြေကမ္ဘာ နတ်ဘုရား အဆင့်ကို ကျင့်ကြံခြင်းရဲ့ အဆုံးသတ်လို့ ထင်ထားခဲ့တာ ... အာကာသ ဟင်းလင်းပြင်တွေထဲမှာ အရမ်း အစွမ်းထက်တဲ့ သက်ရှိတွေ ဆက်ရှိနေမယ်လို့ လုံးဝ မထင်ထားခဲ့မိဘူး"

"ဟားဟား ... မြေကမ္ဘာ နတ်ဘုရား ဆိုတာ ဘာလဲ"

ချန်းဖန်က သဘောကျစွာ ရယ်မောလိုက်၏။ ထို့နောက် သူက နှာခေါင်းရှုံ့ရင်း ဆက်ပြောလိုက်သည်။

"ဟမ့် ... ကမ္ဘာပေါ်က ဘဝင်မြင့်နေတဲ့ သက်ရှိ တွေကပဲ မူလအဆင့်ကို နတ်ဘုရားလို့ ခေါ်ကြတာ ... စကြဝဠာထဲမှာတော့ တာအိုဖွဲ့စည်းခြင်း အဆင့်ကို ရောက်အောင် ကျင့်နိုင်တဲ့ ကျင့်ကြံသူတွေကိုမှ နတ်ဘုရားတွေလို့ သမုတ်ကြတယ်"

"မူလအဆင့် ... တာအို ဖွဲ့စည်းခြင်း အဆင့်"

ရဲ့ချင်စန်းက အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ သူသည် ထိုသို့သော နာမည်မျိုးကို ရှေးဟောင်း စာအုပ်များတွင်ပင် မတွေ့ခဲ့ဖူးချေ။

ရဲ့ချင်စန်း၏ နားမလည်သော ပုံစံအား အကဲခတ် မိသည်နှင့် ချန်းဖန်က ရှင်းပြလိုက်သည်။

"ကျင့်ကြံခြင်း လမ်းစဉ်မှာ အဆင့် ရှစ်ဆင့် ရှိတယ် ... အစဉ်လိုက် ပြောရမယ်ဆိုရင် ချီသန့်စင်ခြင်း အဆင့် မူလအဆင့် ရွှေအမြုတေ အဆင့် အခြေတည် ဝိညာဉ်အဆင့် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် အာကာသ အဆင့် တာအို ဖွဲ့စည်းခြင်း အဆင့်နဲ့ အတိဒုက္ခ အဆင့်တို့ပဲ"

"ချီသန့်စင်ခြင်း အဆင့်ကို သုံးဆင့် ခွဲထားတယ် ... ဒီကမ္ဘာက နာမည်နဲ့ ပြောရမယ် ဆိုရင် အတွင်းအား ကျင့်ကြံခြင်းအဆင့် အထွတ်အထိပ် အဆင့်နဲ့ တန်ခိုးရှင် အဆင့်တို့ပေါ့ ... ခင်ဗျား ရောက်နေတဲ့ အဆင့်ကတော့ ကျင့်ကြံခြင်း ခရီးလမ်းရဲ့ ဒုတိယ အဆင့်ဖြစ်တဲ့ မူလအဆင့်ပဲ"

"ဘယ်လို ..."

ရဲ့ချင်စန်း၏ လက်များက အနည်းငယ် တုန်ရီသွားသည်။

ချန်းဖန်က ရဲ့ချင်စန်း၏ တုန်လှုပ်နေသော အပြုအမူကို သတိမထားမိပဲ ဆက်ပြောလိုက်သည်။

"တာအို ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် အတွက် နှစ်သုံးထောင်လောက်က မျက်တောင် တစ်ခပ်စာပဲ ရှိတယ် ... သူတို့က နှစ် ဘီလျံနဲ့ချီပြီး နေနိုင်ကြပြီး ဂလက်စီကြီးတွေကိုတောင် မျက်တောင်တစ်ခတ်စာ အတွင်း ကျော်ဖြတ်ပြီး သွားလာနိုင်ကြတယ် ... သူတို့က နေတွေကို ဆွဲ့ဖဲ့ပြီး ကြယ်တွေကို မွှခြေပစ်နိုင်တဲ့အထိ အစွမ်းထက်ကြတယ် ... ဒါကြောင့်မလို့ သူတို့ကို နတ်ဘုရားလို့ ခေါ်ကြတာ"

ရဲ့ချင်စန်းကား မယုံကြည်နိုင်မှုကြောင့် တစ်ကိုယ်လုံး တုန်ရီ နေခဲ့ပြီ ဖြစ်တော့သည်။

***

All Chapters