← Chapters

နတ်ဘုရား သင်္ချိုင်း တောင်ကြား

Vol. 7 Ch. 630

နတ်ဘုရား သင်္ချိုင်း တောင်ကြား

Vol. 7 Ch. 630

ရဲ့ချင်စန်းသည် ယခုကဲ့သို့ သိမ်ငယ်မှုမျိုး တစ်ကြိမ်မျှ မခံစားဖူးခဲ့ချေ။

သူသည် နှစ်တစ်ထောင် အတွင်း ပေါ်ထွန်းခဲ့သည့် ပထမဆုံး မြေကမ္ဘာ နတ်ဘုရား ဖြစ်ပြီး ကမ္ဘာဂြိုဟ် တစ်ခုလုံး၌ ချန်းဖန်မှ လွဲ၍ သူ့အား ယှဉ်နိုင်သူ မရှိချေ။

သူသည် ယခု၌ ကောင်းကင်၊ မြေကြီးတို့နှင့် ဆက်သွယ် နေနိုင်ပြီ ဖြစ်ရာ ချန်းဖန်ကို နောက် နှစ်နှစ်အတွင်း ယှဉ်နိုင်ရန်ပင် ရည်မှန်းချက် ရှိသည်။

သို့သော်လည်း ယခုတွင်မူ သူသည် ချန်းဖန်ထံမှ ခြားနားသော လောကတစ်ခု အကြောင်းအား ကြားခဲ့ရသည်။ ထိုလောကကား သူတစ်ကြိမ်တစ်ခါမျှ မတွေးဖူးသည့် ဖြစ်တည်မှုမျိုး ဖြစ်သည်။

"နေကို ဆွဲဖဲ့ပြီး ကြယ်တွေကို မွှခြေပစ်နိုင်တယ် ... ဒါက လူသားမျိုးဆက်တွေ လုပ်နိုင်တဲ့ အရာ ဟုတ်ပါ့မလား"

ရဲ့ချင်စန်းက အံ့ဩတကြီးဖြင့် မေးလိုက်သည်။

"မူလ အဆင့်ကို ရောက်ရှိပြီးတဲ့နောက် ခင်ဗျားက ကျင့်ကြံခြင်း ခရီးလမ်း အစစ်အမှန်ကို ခြေချမိပြီလို့ ဆိုနိုင်တယ် ... ကျင့်ကြံသူတို့ရဲ့ အဓိက ရည်ရွယ်ချက်က စကြဝဠာကြီးကို စိုးမိုးဖို့တင် မဟုတ်ဘူး ... ထာဝရ အသက်ရှည်ဖို့ အတွက်ပါ ဖြစ်တယ်"

ချန်းဖန်က သူ၏ လက်နှစ်ဖက်အား နောက်သို့ ပစ်လိုက်သည်။

"သင်ကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"

ရဲ့ချင်စန်းက ချန်းဖန်အား ဦးညွှတ်လိုက်သည်။

"အတိတ်ဘဝမှာ စီနီယာက ဘယ်အဆင့်ကို ရောက်ရှိခဲ့တာပါလဲ"

သူ၏မေးခွန်းအား ချန်းဖန်က အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။ အတိတ်ဘဝ၌ ကျင့်ကြံခြင်း ခရီးလမ်း အဆုံးထိ ရောက်ရှိခဲ့ကြောင်း ကြွားဝါ၍ ပြန်ဖြေရန် သူ့တွင် အစီအစဉ် မရှိချေ။

ချန်းဖန် ပြန်မဖြေသည်ကို တွေ့သည်နှင့် ရဲ့ချင်စန်းကလည်း ထပ်ပြီး မမေးတော့ချေ။

ချန်းဖန်သည် ယခုဘဝ၌ တန်ခိုးရှင် အဆင့်နှင့် မြေကမ္ဘာအဆင့်ကို အနိုင်ယူနိုင်ခဲ့ရာ သူ၏ အတိတ်ဘဝမှ အဆင့်မှာလည်း မြင့်မားမည်မှာ သေချာသည်။ သို့သော်လည်း ချန်းဖန်သည် စကြဝဠာ၏ အရှင်သခင် ဖြစ်ခဲ့လိမ့်မည်ဟု ရဲ့ချင်စန်း လုံးဝ မတွေးတောမိချေ။

ချန်းဖန်သည် ရဲ့ချင်စန်းအား ကျင့်ကြံခြင်းနှင့် ပတ်သက်သော ဗဟုသုတ အချို့ကို ပြောပြပြီးနောက် သူ ရောက်ရှိလာရသည့် အကြောင်းရင်းအား ပြောလိုက်သည်။

"ခင်ဗျားက ခွန်းလွန် နတ်ဘုရား သင်္ချိုင်း တောင်ကြားကို ဝင်ခဲ့တယ် ဆိုတော့ ... အဲဒီမှာ တစ်ခုခု တွေ့ခဲ့သေးလား"

"စီနီယာက ကောင်းကင် တံခါးနဲ့ နတ်ဘုရား သင်္ချိုင်းအကြောင်း သိပြီးသား ဆိုတော့လည်း ကျုပ်က မကွယ်ဝှက်တော့ပါဘူး"

ရဲ့ချင်စန်းက ရိုသေသော အမူအရာဖြင့် ချန်းဖန်အား ရှင်းပြလိုက်သည်။

"ခွန်းလွန်ရဲ့ နတ်ဘုရား သင်္ချိုင်းက စွန့်ပစ်ခံ နယ်မြေ ခုနစ်ခုထဲမှာ တစ်ခု အပါအဝင် ဖြစ်ပြီးတော့ အရမ်းကို အန္တရာယ် များပါတယ် ... တောင်ကြားမှာ ထူးခြားတဲ့ မြေမျက်နှာ သွင်ပြင် ရှိတဲ့အပြင် အမည်မသိရတဲ့ အစီအရင် တစ်ခုလည်း ရှိပါတယ်"

"အစီအရင် ..."

ချန်းဖန်က အနည်းငယ် မျက်မှောင် ကြုတ်လိုက်၏။

"ဟုတ်ပါတယ် ..."

ရဲ့ချင်စန်းက ခေါင်းညိတ်ရင်း ဆက်ပြောလိုက်၏။

"အစီအရင်က တောင်ကြား မိုင်တစ်ရာ လောက်ကို ဖြန့်ကြက် ထားပြီးတော့ နေရာတိုင်းက အရမ်းကို အန္တရာယ်များ ပါတယ် ... ကျွန်တော်တောင် အဲဒီ နေရာမှာ သေတော့မလို့ နည်းနည်းပဲ လိုပါတယ် ... ကံကောင်းမှုကြောင့် မဟုတ်ရင် မြေကမ္ဘာ အဆင့်တွေတောင် အဲဒီမှာ အသတ်ခံ ရနိုင်ပါတယ်"

"နောက်ပြီး အဲဒီနေရာမှာ ရှေးဟောင်း ကျင့်ကြံသူတွေ တိုက်ခိုက်ခဲ့တဲ့ လက္ခဏာတွေ ရှိတယ် ... တိုက်ပွဲကြောင့် ဖြစ်လာတဲ့ အပျက်အစီးတွေ ရှေးဟောင်း ကျင့်ကြံသူတွေရဲ့ အလောင်းတွေကို ကျွန်တော် တွေ့ခဲ့ရပါတယ် ... အဲဒီ အထဲက အလောင်း တစ်လောင်းရဲ့ အကြွင်းအကျန် စွမ်းအားတွေကို စုပ်ယူခဲ့ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ မြေကမ္ဘာ အဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင် လာခဲ့ပါတယ် ... တိုက်ပွဲမှာ ကျွန်တော် သုံးခဲ့တဲ့ သွေးရောင် သင်္ကေတတွေ ပါတဲ့ ဓားနဲ့ အကာအကွယ် ဝတ်စုံကလည်း အဲဒီ နေရာကပဲ ယူလာခဲ့တာပါ ... ကျွန်တော့်အထင် အဲဒီ နေရာက ရှေးဟောင်း နတ်ဘုရားတွေရဲ့ စစ်မြေပြင် ဖြစ်လောက်တယ်"

"အဲဒီလိုကိုး ..."

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

"နတ်ဘုရားတွေရဲ့ စစ်မြေပြင် ... အဲဒီ တောင်ကြားကို နတ်ဘုရား သင်္ချိုင်းလို့ ခေါ်ကြတာ မထူးဆန်းဘူးပဲ"

မိုင်ရာချီ ရှည်လျားသော အစီအရင်ကို ခင်းကျင်းရန်မှာ မူလအဆင့် ကျင့်ကြံသူ (မြေကမ္ဘာ နတ်ဘုရား) များပင် မတတ်နိုင်သော အရာ ဖြစ်သည်။

ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ပူးပေါင်း၍ ခင်းကျင်းမှသာ ထိုသို့သော အစီအရင် ရရှိနိုင်သည်။ ဤသို့ဆိုလျှင် အတိတ်၌ ကမ္ဘာပေါ်တွင် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများပင် ပေါ်ထွက်ခဲ့ဟန် တူသည်။

"နောက်ပြီးတော့ ကောင်းကင် တံခါးက နတ်ဘုရား သင်္ချိုင်း အတွင်းပိုင်းမှာ ရှိလိမ့်မယ်လို့ ကျွန်တော် ထင်တယ်"

ရဲ့ချင်စန်းက အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်၏။

"ဟုတ်လား ..."

ချန်းဖန်၏ မျက်လုံးများက အနည်းငယ် ပြူးကျယ် သွား၏။

ယခုအချိန်၌ သူကား မူလဝိညာဉ် အဆင့်ကို ရောက်ရန် သိပ်မလိုတော့ရာ ကောင်းကင်တံခါးကို ဝင်ကြည့်ရန် အချိန်တန်နေပြီ ဖြစ်သည်။

"ချင်တောင်တန်း အရှေ့ပင်လယ် ခွန်းလွန် အတွင်းပိုင်း ရှု့တောင်တန်း ... အဲဒီ နေရာတွေက ကောင်းကင် တံခါး ရှိလောက်မယ့် နေရာတွေလို့ ရှေးဟောင်း မှတ်တမ်းတွေမှာ ဖော်ပြထားတယ် ... ဒါပေမဲ့ တန်ခိုးရှင် အဆင့်တွေ ဘယ်လောက်ပဲ ကြိုးစားပါစေ ကောင်းကင်တံခါးကို မတွေ့နိုင်ခဲ့ဘူး ... ကျန်းစန်းဖုန်းနဲ့ မဟာကဝေ တို့တောင် လက်လျှော့ခဲ့ရတယ် ... ကျွန်တော့်အထင် သူတို့က နတ်ဘုကား သင်္ချိုင်း တောင်ကြားကို ရောက်ခဲ့ပေမဲ့ အစီအရင်ကို မကျော်နိုင်လို့ လှည့်ပြန်ခဲ့တာပဲ ဖြစ်ရမယ်"

ရဲ့ချင်စန်းက ပြောလိုက်သည်။

"ဟုတ်တယ် ... ရွှေအမြုတေ အဆင့် တစ်ယောက် ထားခဲ့တဲ့ အစီအရင်က တန်ခိုးရှင် အဆင့် မပြောနဲ့ မြေကမ္ဘာ အဆင့်တွေ အတွက်တောင် အန္တရာယ် ရှိတယ်"

ချန်းဖန်က ခေါင်းညိတ်ရင်း ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ စိတ်မပူနဲ့ ... အချက်အလက်တွေ အရဆို ကောင်းကင် တံခါးက ပွင့်နေပြီ ... နှင်းနတ်ဘုရား နန်းတော်ရဲ့ လူတစ်ယောက်က လူသား ကမ္ဘာကို လာသွားသေးတယ် ... ခင်ဗျား ဝင်နိုင်မှာပါ"

"ကောင်းကင် တံခါးက ပွင့်နေပြီ ..."

ရဲ့ချင်စန်းက ခဏမျှ ဆွံ့အ သွားပြီးနောက် ရယ်မောလိုက်သည်။

"မှတ်တမ်းတွေ အရဆို နှင်းနတ်ဘုရား နန်းတော်က ကောင်းကင်တံခါး တစ်ဖက်မှာ ရှိတဲ့ အစွမ်းအထက်ဆုံး ဂိုဏ်းကြီးတစ်ခုတဲ့ ... နောက်ပြီး သူတို့က လူသားကမ္ဘာက လူတွေကို အထင်သေးတယ် ... ကျွန်တော်တို့ကို သူတို့က ပေးဝင်မယ် မထင်ဘူး"

"ဟမ့် ... သူတို့ တားရဲရင် ငါတို့ကလည်း ဘာလို့ မသတ်ရဲရမှာလဲ ..."

ချန်းဖန်က နှာခေါင်းရှုံ့လိုက်၏။

ချန်းဖန်နှင့် ရဲ့ချင်စန်းတို့ စကားပြောဆို နေကြချိန်မှာပင် ခွန်းလွန်အတွင်းပိုင်း တောင်ကြား တစ်နေရာ၌ ယောက်ျား နှစ်ယောက်နှင့် မိန်းမတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့သည်။ သူတို့ သုံးယောက် စလုံးသည် တရုတ်ရိုးရာ ဝတ်စုံနှင့် အနည်းငယ် တူညီမှု ရှိသော ရှေးဟောင်းဆန်သော ဝတ်စုံများကို ဝတ်ဆင်ထား၏။

ယောက်ျား နှစ်ယောက်အနက် တစ်ယောက်မှာ ကြွက်သား အပြိုင်းပြိုင်းနှင့် သန်မာဟန် ရသော လူတစ်ယောက် ဖြစ်ပြီး ဓားကို နောက်ကျော၌ လွယ်ထားသည်။

အခြား တစ်ယောက်မှာမူ ပိန်ပါးသည့် အသက် သုံးဆယ်အရွယ် တစ်ယောက် ဖြစ်ကာ အပြာရောင် ဝတ်စုံအား ဆင်မြန်းထားသည်။ ထို့အပြင် သူသည် အစစ်အမှန်ချီကို ပိုင်ဆိုင်ထားသည့် တန်ခိုးရှင် အဆင့် တစ်ယောက်လည်း ဖြစ်သည်။

မိန်းကလေးမှာမူ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ လေထု၌ သီးခြားစွာ ရပ်တည်နေသည်။ ထိုသုံးယောက်ထဲ၌ သူမ၏ ကျင့်ကြံမှု အဆင့်မှာ အမြင့်ဆုံး ဖြစ်သည်။

"လူသားကမ္ဘာက အရမ်း ညစ်ပတ်တာပဲ ... ခဏလောက်လေး လာတာတောင် အသက်ရှူ ကြပ်နေပြီ"

ဓားလွယ်ထားသော လူသန်ကြီးက ဆိုလိုက်၏။

"ငါတော့ ဒီကမ္ဘာမှာ အရည်အချင်း ရှိတဲ့ တပည့် တွေ့ရမယ် မထင်ဘူး ... ဂိုဏ်းက ငါတို့ကို တမင်သက်သက် နှိပ်စက်ဖို့ လွှတ်လိုက်တာပဲ ... ဒီလိုနေရာ ဒီလို အခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီး ပါရမီ အရမ်းကောင်းတဲ့လူ ရှိမှာလဲ"

"ကောင်းကင်တံခါးက ရာစုနှစ် တစ်ခုမှာ တစ်ခါပဲ ပွင့်တာ ... ငါတို့ တစ်ယောက်ယောက်တော့ ခေါ်သွားမှ ဖြစ်မယ်"

အပြာရောင်ဝတ် အမျိုးသားက ဆိုသည်။

သူတို့၏ပုံစံက လူသား ကမ္ဘာအား အထက်စီးမှ ကြည့်နေသော နတ်ဘုရားများ အလား မောက်မာနေ၏။ ကောင်းကင်တံခါး တစ်ဖက်မှ ကျင့်ကြံသူများ အတွက် ကမ္ဘာကား အမှန်တကယ်ပင် ဖုန်ထူသည့် အမှိုက်ပုံ တစ်ခုသာ ဖြစ်သည်။

"ငါကြားရသလောက်ဆို နှင်းနတ်ဘုရား နန်းတော်ရဲ့ အကြီးအကဲ တစ်ယောက်က အရမ်း ပါရမီကောင်းတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်တဲ့ ... အဲဒါ အမှန်ပဲလား"

အပြာရောင်ဝတ် အမျိုးသားက အဖြူရောင်ဝတ် မိန်းကလေးအား လှမ်းကြည့်ရင်း မေးလိုက်၏။

"ဟုတ်တယ် ... ငါတို့ အကြီးအကဲ တစ်ယောက်က ကျင့်ကြံခြင်း အကြောင်း နားကန်းတစ်လုံး မသိတဲ့ အသက် နှစ်ဆယ် အရွယ် ကောင်မလေးကို တွေ့ခဲ့တာ ... ဒါပေမဲ့ သူ့မှာက ရေခဲဝိညာဉ် ရင်းမြစ်ကို ပိုင်ဆိုင်ထားတယ်တဲ့ ... သူက ကောင်းကင် သက်ရှိ အဆင့်ကို (မြေကမ္ဘာအဆင့်) တိုက်ရိုက် ရောင်နိုင်တဲ့ ပါရမီ ပါတယ်"

အဖြူရောင်ဝတ် မိန်းကလေးက လိုရင်းတိုရှင်း ပြောလိုက်သည်။ သူမ၏ပုံစံက စကားများများ ပြောရသည်ကို နှစ်သက်ဟန် မရချေ။

"ကျွတ်ကျွတ် ... ရေခဲဝိညာဉ် ရင်းမြစ်"

ဓားလွယ်ထားသော လူသန်ကြီးက မချင့်မရဲ ရေရွတ်လိုက်သည်။

"နှင်းနတ်ဘုရား နန်းတော်က တကယ် ကံကောင်းတာပဲ ... အဲဒီ မိန်းကလေးက မြေကမ္ဘာ အဆင့်ကို နှစ်ငါးဆယ် အတွင်း ရောက်မှာ သေချာတယ်"

"ဒါဆို ... လူသား ကမ္ဘာမှာ အရည်အချင်း ရှိတဲ့လူ တချို့တော့ ကျန်ဦးမှာပေါ့"

အပြာရောင်ဝတ် အမျိုးသား၏ မျက်လုံးများက အနည်းငယ် တောက်ပလာ၏။ သို့သော်လည်း သူ၏ မောက်မာသော ပုံစံက အနည်းငယ်မျှ မှေးမှိန်သွားခြင်း မရှိချေ။

"ဟားဟား ..."

ဓားလွယ်ထားသော လူသန်ကြီးက ရယ်မောရင်း သူ၏ နောက်ကျောမှ ဓားအား ထိလိုက်၏။

"ငါတစ်ခုခု တွေ့မလား သွားရှာလိုက်ဦးမယ် ... ဒီကမ္ဘာက တန်ခိုးရှင် ဆိုတဲ့ ကောင်တွေ လာရှုပ်ရင်တော့ ... ဟား ... ဟား ..."

ရယ်မောရင်းပင် လူသန်ကြီး၏ ခန္ဓာကိုယ်က အနက်ရောင် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက် သွားတော့၏။

"သူက တကယ့်ကို ဂရုမစိုက်တာပဲ ... ငါတို့ ကမ္ဘာကို မရောက်တာ ရာစုနှစ်နဲ့ ချီနေပြီ ... ဒီ အတောအတွင်း ဘာတွေ ပြောင်းလဲနေမလဲ ဆိုတာ ဘယ်သူက သိမှာလဲ"

အပြာရောင်ဝတ် အမျိုးသားက ခေါင်းအား ခါယမ်းလိုက်သည်။

"ဘာပဲဖြစ်ဖြစ် လဲ့ ဂရုမစိုက်တာလဲ မလွန်ပါဘူးလေ ... ဒီကျင့်ကြံခြင်း ကမ္ဘာက အမြဲတမ်း စုတ်ပြတ်သတ်နေတာ ... သူတို့မှာ ပြည့်စုံတဲ့ ကျင့်ကြံခြင်း နည်းစနစ် တစ်ခုတောင် မရှိဘူး ဆိုတာ ငါလောင်းရဲတယ် ... နောက် သူတို့မှာ မြေကမ္ဘာ အဆင့် မရှိတာလည်း နှစ်တစ်ထောင်လောက် ရှိပြီတဲ့ ... ကဲ တို့လည်း သွားကြရအောင် နှင်းမင်းသမီးလေး"

အဖြူရောင်ဝတ် မိန်းကလေးမှာမူ အေးစက်မှုကို ထိန်းသိမ်းကာ တိတ်ဆိတ်နေဆဲ ဖြစ်၏။ သူမအား ကမ္ဘာပေါ်ရှိ မည်သည့် အရာကမှ လှုပ်ရှားအောင် လုပ်နိုင်မည့်ပုံ မပေါ်ချေ။

***

All Chapters