← Chapters

တင်းတင်းကျပ်ကျပ် ကာကွယ်ရမယ်

Vol. 24 Ch. 360

တင်းတင်းကျပ်ကျပ် ကာကွယ်ရမယ်

Vol. 24 Ch. 360

"ချင်းအာ"

ကျိ‌ရွှေရှန့်က စူးချင်း၏နား နားသို့ကပ်ကာ တိုးတိုးလေး ခေါ်လိုက်သည်။ သူ၏ အက်ရှနေသောအသံက သက်တမ်းရင့်ဝိုင်ကဲ့သို့ ယစ်မူးစေသည်။ ကျိ‌ရွှေရှန့်၏နူးညံ့သိမ်မွေ့က စူးချင်းကို လုံးဝ ယစ်မူးသွားစေခဲ့ပြီး သူက နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကျိ‌ရွှေရှန့်၏မျက်လုံးများကို ပြန်မော့ကြည့်နေခဲ့သည်။ သူက သူ့လက်ကို ဆန့်လိုက်ပြီး သူမ၏မျက်နှာလေးကို ဆုပ်ကိုင်ထားပြန်သည်။

သူမ သူ့ကို မတွေ့ရတာ ရက်အတော်ကြာခဲ့ပြီ။ သူ့ကို ဒီလိုပုံစံနဲ့ မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ၊ သူကို ကြည့်ရတာ နူးညံပုံရပေမယ့် ရိုင်းစိုင်းကြမ်းတမ်းသလိုလည်း ခံစားရစေတယ်။

"ချင်းအာ"

သူ့လက်ချောင်းများက စူးချင်း၏ ချောမွေ့ပြီး နူးညံ့နေသည့် ပါးပြင်ပေါ်တွင် ပြေးလွှားနေပြီး သူ့လက်ချောင်းများ ပွတ်တိုက်သွားတိုင်း စူးချင်းက မီးပွားလေးများ ပျံ့လွင့်နေသလို ခံစားနေရသည်။ ကျိ‌ရွှေရှန့်က စူးချင်း၏အမည်ကို အသံတိုးတိုးဖြင့် ခေါ်လိုက်ပြီး သူမ၏ အနီရောင်နှုတ်ခမ်းလေးများကို ငုံ့နမ်းလိုက်သည်။

စူးချင်းက ပူးပေါင်းလုပ်ဆောင်ပေးခဲ့ပြီး ခေ့ဖျားထောက်ကာ ကျိ‌ရွှေရှန့်၏လည်ပင်းကို သိုင်းဖက်ထားခဲ့သည်။ သူမက သူ့ထက်ပင် ပို၍ တက်ကြွနေပုံပြီး သူတို့နှစ်ဦးလုံး ကော်ဖြင့် ကပ်ထားသလို ပူးကပ်နေကြသည်။ သူတို့၏ ရင်တွင်းမှ နွေးထွေးမှုများနှင့်အတူ အခန်း၏အပူချိန်ကလည်း သိသိသာသာ မြင့်တက်လာပြီး ဗန်းမုန့်ဖုတ်နိုင်သည့် အပူချိန်သို့ ရောက်လာ‌တော့မည်ဟုပင် ထင်နေရသည်။

ကျိရှောင်ယင်က ထူးဆန်းသောအသံများကို ကြားသွားပြီး သူမ၏မျက်လုံးများကို ပွတ်သပ်ကာ ထထိုင်လိုက်သည်။

သူမက "အစ်မစူးချင်း ကျွန်မအစ်ကိုကြီး ပြန်လာပြီလား?"

သူမ၏အသံက စိတ်လှုပ်ရှားမှုထဲတွင် နှစ်မြှုပ်နေသည့် လူနှစ်ဦးအတွက် မိုးခြိမ်းသံသဖွယ် ဖြစ်သွားပြီး နှစ်ယောက်လုံး တုန်လှုပ်သွားကြတော့သည်။ စူးချင်းက ကျိ‌ရွှေရှန့်ကြောင့် ရှုပ်ပွနေသော သူမ၏အဝတ်အစားများကို သပ်ရပ်အောင် ပြန်ပြရန် တခြားတစ်ဘက်သို့ အမြန်လှည့်သွားခဲ့သည်။ ကျိ‌ရွှေရှန့်က သူ့၏မူမမှန်မှုအား သူ့ညီမလေး သတိပြုမိသွားမည်ကို စိုးရိမ်သဖြင့် သူ့ဝမ်းဗိုက်ကို ကျုံ့ထားမိသည်။

"အစ်ကိုကြီး? ဘယ်တုန်းက ပြန်ရောက်တာလဲ? ဘယ်ကို သွားနေတာလဲ? အစ်မစူးချင်းနဲ့ ညီမလေးက အစ်ကို့ကို ရှာနေတာ ကြာပြီ"

ကျိရှောင်ယင်က စူးချင်း၏ အဖြေကို စောင့်မနေတော့ဘဲ မျက်လုံးကို ပွတ်နေသည့် သူမ၏လက်ကို အောက်ပြန်ချလိုက်ပြီး မော့ကြည့်လိုက်သည်။ အခန်းတွင်းရှိ မီးရောင်မှိန်မှိန်အောက်တွင် ရပ်နေသော သူမ၏အစ်ကိုကြီးကို မြင်လိုက်ရချိန်တွင် ကျိရှောင်ယင်က စိတ်လှုပ်ရှားစွာဖြင့် ညောင်စောင်းပေါ်မှ ခုန်ဆင်းလာပြီး သူ့အစ်ကိုကြီး၏ လက်ကို ကိုင်ကာ တရစပ် မေးမြန်းနေတော့သည်။

“အစ်ကိုကြီး… နန်းတော်မှာ နှစ်ရက်လောက် နေခဲ့တယ်”

ကျိ‌ရွှေရှန့်၏အသံက အနည်းငယ် အက်ရှနေပြီး စကားမပြောခင် လည်ချောင်းရှင်းရန် အနည်းငယ် ချောင်းဟန့်လိုက်ရသေးသည်။

တကယ်ကို အဆင်မပြေတာပဲ။ အချိန်အတော်ကြာမှ ချင်းအာနဲ့ ပြန်ဆုံရတာကြောင့် သူ သူ့ညီမလေးကို မေ့သွားပြီး သူ့ညီမလေးဆီမှာ အဖမ်းခံရလုနီးပါး ဖြစ်သွားရတယ်။

"အစ်ကိုကြီးက ဘာလို့ နန်းတော်ကို သွားတာလဲ? ဧကရာဇ်မင်းမြတ်က အစ်ကိုကြီးကို ဧည်ခံပွဲ ကျင်းပပေးတာလား?"

ကျိရှောင်ယင်က အစ်ကိုကြီးဖြစ်သူ၏ မျက်နှာပေါ်မှ သဘာဝမကျသော အမူအရာများကို သတိမထားမိပေ။ သူမ၏အစ်ကိုကြီး နန်းတော်သို့ သွားကြောင်း ကြားလိုက်ရချိန်တွင် သူမက သိချင်စိတ်ကို မထိန်းနိုင်ဘဲ ထပ်မေးလိုက်ပြန်သည်။

"ဟုတ်တယ်... သူက ငါ့ကို ထမင်းစားဖို့ ဖိတ်ခေါ်ခဲ့တာ"

နောက်ဆုံးတွင်မှ စူးချင်း၏ ခွင့်လွှတ်မှုကို ရနိုင်ခဲ့သောကြောင့် ကျိ‌ရွှေရှန့်က ယဲ့လွီဆိုင့်ယာ၏အတင်းအကြပ် ဖိအားပေးမှုကို မပြောဝံ့သေးပေ။

သူ ဒုက္ခရောက်နေတဲ့ ယဲ့လွီဆိုင့်ယာကို ကယ်တင်ပေးလိုက်တာကြောင့် ပြသနာတွေ ဖြစ်ခဲ့ရတာကို သူမ သိသွားရင် နောက်တစ်ခါ ပြန်ထွက်သွားမှာလား?

ကျိ‌ရွှေရှန့်က အမြတ်ရနေရာမှ အရှုံးပြန်ပေါ်လာမည်ကို စိတ်ပူနေပြီး အလွယ်တကူ မစမ်းသပ်ကြည့်ဝံ့ပေ။

စူးချင်းက သူမ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပြီး လှည့်ကြည့်လာခဲ့သည်။ သူမက ဘာမှမဖြစ်ခဲ့သလို ပုံစံဖြင့် ကျိ‌ရွှေရှန့်ကို ကြည့်ကာ "ဧကရာဇ်က ဘာလို့ ရှင့်ကို ထမင်းစားဖို့ ဖိတ်ရတာလဲ?"

သူမက ရှက်ရွံ့မှုကို ဖြေလျှော့ရန် ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း ကျိ‌ရွှေရှန့်က သူမကို ကြည့်နေရင်း မျက်တောင် ပေကလတ် ပေကလတ် လုပ်နေကာ ဘယ်လိုဖြေရမှန်း မသိဖြစ်နေခဲ့သည်။

စူးချင်းက မျက်ခုံးပင့်လိုက်သည်။

ဖြေရခက်နေတာလား? ရွှေရှန့်က တစ်ခုခု ပြောချင်ပေမယ့် တုံ့ဆိုင်းနေသလိုမျိုး ဖြစ်နေတယ်လို့ သူမ ဘာကြောင့် ခံစားရတာလဲ?

"ချင်းအာ၊ ကိုယ် ပြောပြီးရင် မင်း စိတ်မဆိုးပါနဲ့"

နောက်ဆုံးအကြိမ်တွင် သူ အချိန်မီ မပြောပြခဲ့သောကြောင့် စူးချင်းက သူ့ကို ထားသွားခဲ့ကြောင်း ကျိ‌ရွှေရှန့် ပြန်တွေးလိုက်မိသည်။ ထို့ကြောင့် သူက သူကိုယ်တိုင် အရင်ပြောပြထားရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့မဟုတ်ဘဲ တခြားသူများဆီက ပြန်သိသွားခဲ့လျှင် စူးချင်းက သူ့အပေါ် နားလည်မှုလွဲသွားနိုင်သေးသည်။

“ပြောပါ”

ကျိ‌ရွှေရှန့်၏အမူအရာကို မြင်လိုက်သည်နှင့် ဤကိစ္စက သာမန်မဟုတ်မှန်း စူးချင်းက နားလည်လိုက်သိသည်။

သူမ သူ့ကို ဒေါသထွက်စေမယ့်အရာက ယောက်ျားနဲ့ မိန်းမကြားက ဆက်ဆံရေးပဲ။ ဧကရာဇ်က ရွှေရှန့်ကို သူ့ရဲ့သားမက်အဖြစ် ရွေးချယ်ချင်နေတာလား?

"ချင်းအာ၊ ကိုယ် တာ့ချန်ကို လာတဲ့လမ်းမှာ မင်းသမီးယဲ့လွီဆိုင့်ယာကို ကယ်တင်ပေးခဲ့မိတယ်၊ ပြီးတော့......"

ကျိ‌ရွှေရှန့်က သူ ပြောရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် ဘာမှ ဖုံးကွယ်ထားရန် မကြိုးစားတော့ပေ။

အနာဂတ်မှာလည်း ဒီလိုပါပဲ။ တစ်ခုခု ရှိလာရင် သူ သူ့ရဲ့ချင်းအာကို အရင်ပြောပြထားလိုက်မယ်။ အဲ့တာဆို သူတို့ကြားထဲမှာ နားလည်မှုလွဲစရာတွေ ရှိလာတော့မှာ မဟုတ်ဘူး။

အစပိုင်းတွင် စူးချင်းက ဘာအမူအရာမှ မပြခဲ့သော်လည်း သူမ နားထောင်လေလေ သူမ၏မျက်ခုံးများက မြင့်တက်လာလေလေ ဖြစ်လာပြီး သူမ၏မျက်လုံးများကလည်း တဖြည်းဖြည်း ပိုအေးစက်လာခဲ့သည်။

ကျိ‌ရွှေရှန့်ကလည်း စူးချင်း၏အမူအရာကို မြင်နေရပြီး ဧကရာဇ်အိုကြီးက သူ့ကို သတ်ချင်ခဲ့ကြောင်းပင် မပြောရဲတော့ပေ။ သူ ပြောလိုက်လျှင် စူးချင်း၏ဒေါသကြောင့် တာ့ထန်၏တော်ဝင်နန်းတော် ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်ကို သူ စိုးရိမ်သွားမိသည်။

“ကိုယ် ဧကရာဇ် စီစဥ်တဲ့ ထိမ်းမြားမှုကို ငြင်းပယ်ခဲ့တယ်၊ ဒီတစ်သက်မှာ ချင်းအာကိုပဲ ဇနီးအဖြစ် လက်ထပ်မယ်လို့ ပြန်ပြောခဲ့တယ်။ တခြားအမျိုးသမီးတွေ အားလုံးက ကိုယ့်မျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူးလို့ ပြောခဲ့တယ်”

ကျိ‌ရွှေရှန့်က သူ၏သစ္စာစောင့်သိမှုကို အဆောတလျင် ပြောပြထားလိုက်သည်။ သူက "ကိုယ် မင်းကိုပဲ ချစ်တာ"ဟု ထပ်ပြောလိုက်ပြီးနောက် စူးချင်းကို ထိတ်လန့်တကြား ကြည့်နေခဲ့သည်။

နောက်ဆုံးတော့ သူတို့ နှစ်ယောက် ပြန်အဆင်ပြေဖို့က မလွယ်ကူခဲ့ဘူးလေ။ မင်းသမီးယဲ့လွီဆိုင့်ယာကြောင့် သူမ ပြန်ထွက်ပြေးသွားမှာကို သူ မလိုလားဘူး။

ကျိ‌ရွှေရှန့်က စူးချင်း၏ မျက်နှာတစ်ခုလုံး ရေကဲ့သို့ မည်းမှောင်နေပြီး သူမ၏မျက်လုံးများက အေးစက်မည်းမှောင်နေသည်ကို မြင်နေရသည်။ သူမ ဘာတွေတွေးနေသည်ကို သူလည်း မသိနိုင်တော့ပေ။ ထို့ကြောင့် သူက စူးချင်းကို သေသေချာချာ မေးမြန်းလိုက်သည်။

"ချင်းအာ၊ မင်း... ကိုယ့်ကို စိတ်ဆိုးနေတာလား?"

"ရှင် အမှန်အတိုင်း ပြောခဲ့တာ မဟုတ်ဘူးလား?"

စူးချင်းက ကျိ‌ရွှေရှန့်ကို တောက်လောင်နေသောအကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

ရွှေရှန့်ရဲ့စကားတွေက အရမ်းပေါ့ပါးနေပေမယ့် ဧကရာဇ်အိုကြီးက ရွှေရှန့်ကို ယဲ့လွီဆိုင့်ယာနဲ့ လက်ထပ်ထိမ်းမြားပေးဖို့ အတင်းအကြပ် လုပ်ဆောင်ခဲ့တယ်လို့ သူမ ခံစားနေမိတယ်။ သူတို့က ရွှေရှန့်ကို နန်းတော်ထဲမှာ အကျယ်ချုပ်ချထားတာတောင် ဖြစ်နိုင်သေးတယ်။

“ကိုယ် ပြောခဲ့တာတွေက အမှန်တွေပါပဲ။ ဧကရာဇ်အိုကြီးက ယဲ့လွီဆိုင့်ယာနဲ့ လက်ထပ်ရင် ကိုယ် လက်စားချေနိုင်ဖို့ တပ်တွေ စေလွှတ်ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ကိုယ်က လက်စားချေဖို့ ကိုယ့်ဘာသာ စီစဉ်နိုင်ပြီး သူ့အကူအညီကို မလိုဘူးလို့ ပြန်ပြောခဲ့တယ်”

စူးချင်းက သူ့ကို မယုံသေးသည့်အတွက် ကျိ‌ရွှေရှန့်က အဓိကအကြောင်းအရာကို ရှောင်ပြီး ဧကရာဇ်အိုကြီး သူ့ကို သွေးဆောင်ခဲ့သည့်အကြောင်းသာ ပြောပြလိုက်သည်။

စူးချင်းက ကျိ‌ရွှေရှန့်ကို ဖျတ်ခနဲ မော့ကြည့်လိုက်ပြန်သည်။ ကျိ‌ရွှေရှန့်က သူမ စကားမပြောသေးသည်ကို မြင်နေရပြီး သူလည်း ဇဝေဇဝါ ဖြစ်လာပြန်သည်။

ချင်းအားက ဒေါသထွက်နေတုန်းပဲလား?

ချင်းအာကို ပြောပြမိတာတောင် သူ နောင်တရလာပြီ။ ချင်းအာ သူ့ကို ဒေါသထွက်မယ်ဆိုတာ သူ ကြိုသိရင် သူမကို ပြောပြဖို့ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်စောင့်လိုက်ပါတယ်။

ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးနှင့် အစ်မစူးချင်းတို့ ပြန်လည်သင့်မြတ်နေပြီဖြစ်ကြောင်း မသိသေးပေ။ သူမက သူမ၏အစ်ကိုကြီး စူးချင်းအား ထိတ်လန့်တကြား ကြည့်နေသည်ကို မြင်သွားပြီး သူမ၏အစ်ကိုအတွက် စကားပြောပေးရန် စူးချင်း၏လက်ကို ဆုပ်ကိုင်ကာ ခါယမ်းလိုက်ရင်း “အစ်မစူးချင်း၊ အစ်ကိုကြီးက အစ်မကို လေးလေးနက်နက် ချစ်တာပါ။ သူ့ကို စိတ်မဆိုးပါနဲ့တော့နော်"

ကျိရှောင်ယင်ထဲမှ ဆွဲခါခံရပြီးနောက်တွင် စူးချင်း၏ဒေါသ အားလုံးက ပျောက်ကွယ်သွားခဲ့သည်။ အမှန်တကယ်တွင် သူမက ကျိ‌ရွှေရှန့်ကို စိတ်ဆိုးနေခြင်း မဟုတ်ဘဲ သူမ၏လူအပေါ် ကြံစည်နေသော ဧကရာဇ်အိုကြီးနှင့် ယဲ့လွီဆိုင့်ယာကို ဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုအရာက သူမ၏လူ မည်မျှ ထူးချွန်ကြောင်း သက်သေပြနေခဲ့သည်။ ထိုသို့မဟုတ်ပါက ဂုဏ်သိက္ခာရှိသော မင်းသမီးက ကျိရွှေရှန့်ကို လက်ထပ်ရန် သွေးဆောင်မည် မဟုတ်ပေ။

"ကျွန်မတို့ကိုယ်တိုင် လက်စားချေလို့ ရတယ်"

နောက်ဆုံးတွင် စူးချင်းက စကားပြောလာခဲ့ပြီး “ကျွန်မတို့” ဆိုသည့် စကားစုက ကျိ‌ရွှေရှန့်၏ စိုးရိမ်စိတ်များကို ပြေပျောက်သွားစေခဲ့သည်။

သူက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်၊ ကိုယ်​တို့ဘာသာ လက်စားချေနိုင်တယ်​"

ကျိ‌ရွှေရှန့်၏ ပျော်ချော်ချော်အကြည့်ကြောင့် စူးချင်းက သူ့ကို မျက်စောင်းထိုးလိုက်သည်။ ကျိ‌ရွှေရှန့်၏အမြင်တွင် သူမက သူကို မျက်စပစ်ပြနေသလိုမျိုး ဖြစ်နေပြီး သူ့ညီမသာ ရှိမနေလျှင် သူက သူမကို တိုက်ရိုက် ပွေ့ချီသွားချင်နေမိသည်။

သူ့ချင်းအာထက် သဘောထားကြီးတဲ့ အမျိုးသမီးကို ဘယ်နေရာကနေ သွားရှာရမှာလဲ?

ချင်းအာက သဘောထားကြီး လွန်းလို့ ဝန်ကြီးချုပ်ရဲ့ဗိုက်ကြီးကတောင် သူ့ချင်းအာရဲ့ သဘောထားလောက်ကြီးမှာ မဟုတ်ဘူး။

ယခု နားလည်မှုလွဲခြင်းများအားလုံး ပြေလည်သွားချိန်တွင် ကျိရှောင်ယင်က ပို၍ တက်ကြွလာပြီး သုံးယောက်သား အတူထိုင်ကာ စကားစမြည် ပြောနေကြသည်။ စူးချင်းက ကျုံးယုံလည်း ရောက်နေပြီး နားနေတည်းခိုဆောင်တွင် ရှိနေကြောင်း ကျိ‌ရွှေရှန့်အား ပြောပြလိုက်သည်။

နောက်ထပ် ကျောက်မီးသွေး လှည်းခြောက်စီးစာ ယူလာခဲ့သည်ကို သိလိုက်ရသဖြင့် ကျိ‌ရွှေရှန့်လည်း ပျော်ရွှင်ခဲ့သည်။ ဤဆောင်းရာသီက သူ့အတွက် စည်းစိမ်ဥစ္စာ စုဆောင်းရန် အခွင့်ကောင်းဖြစ်စေခဲ့သည်။

"ရွှေရှန့်၊ မော့ချန်က မလုံခြုံတော့ဘူး။ ရှင် ဘာလို့ ကျင့်ရှီလျိုမြောင်ကို မလာတာလဲ?"

စူးချင်းက ကျိ‌ရွှေရှန့်ကို ကြည့်ရင်း ပြောလိုက်သည်။ အဖြစ်အပျက်များစွာ ဖြစ်ခဲ့ပြီးနောက် လူတိုင်းက မော့ချန်ကို ပစ်မှတ်ထားနေကြောင်း သူမ သိလာရသည်။ ထိုနေရာကို သူမတို၏အခြေခံစခန်းအဖြစ် အသုံးပြုရန် မဖြစ်နိုင်တော့ပေ။

“ဟုတ်တယ်၊ ကိုယ်လည်း ဒီပြဿနာကို စဉ်းစားထားပြီးပြီ။ မော့ချန်က တကယ်ပဲ အကြာကြီးနေရမယ့် နေရာတော့ မဟုတ်ဘူး၊ စီစဥ်စရာ ရှိတာတွေ စီစဥ်ပြီးရင် ကျင့်ရှီလျိုမြှောင်ကို ရွေ့ရတော့မယ်”

ကျိ‌ရွှေရှန့်က စူးချင်းကို ကြည့်ရင်း ပြန်ပြောလိုက်သည်။

တကယ်တော့ ဘေးကင်းရေးက အကြောင်းပြချက်တစ်ခုသာသာပါပဲ။ သူ ချစ်ရတဲ့သူက ကျင့်ရှီလျိုမြောင်ကို ရောက်သွားပြီဆိုတော့ သူ သူမနဲ့ခွဲမနေချင်ဘူးလေ။

"ကောင်းပြီလေ၊ ကျွန်မ ကျင့်ရှီလျိုမြောင်မှာ အိမ်တစ်လုံး ဝယ်ပြီးပြီ။ ရှင် အဲဒီနေရာကို အချိန်မရွေး ရွှေ့လာလို့ ရတယ်"

ကျိ‌ရွှေရှန့်က ကျင့်ရှီလျိုမြောင်သို့ သွားရန် ဆန္ဒရှိနေကြောင်း သိလိုက်ရ‌သောကြောင့် စူးချင်းလည်း ဝမ်းသာနေခဲ့သည်။

သူမက မြေသြဇာကောင်းတဲ့ မြေမူတစ်သောင်းကို စိုက်ပျိုးချင်တယ်၊ ရွှေရှန့်က သူမရဲ့ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် သူမနဲ့အတူ လိုက်လာနိုင်ဖို့ သူမ မျှော်လင့်တယ်။

အမှန်တော့ လယ်ယာစိုက်ပျိုးခြင်းက သူမတစ်ယောက်တည်းရဲ့ဆန္ဒကို ဖြည့်ဆည်းရုံသက်သက် မဟုတ်ဘူး။ တပ်သုံးတပ်ကို ဖွဲ့စည်းချင်ရင် ရိက္ခာလိုတယ်။ ကျိ‌ရွှေရှန့်က ကြီးကြီးမားမား တစ်ခုခု လုပ်ချင်ရင် ရိက္ခာပြဿနာကို အရင်ဖြေရှင်းရမယ်။ သူမ လယ်ယာစိုက်ပျိုးတယ်ဆိုတာက လူအတွက် စားနပ်ရိက္ခာနဲ့ မြင်းတွေအတွက် မြက်တွေ သိုလှောင်နိုင်ဖို့ပဲ။

အများအားဖြင့် ပုန်ကန်မှုတစ်ခုအတွက် ပြင်ဆင်ရန် နှစ်အနည်းငယ် အချိန်ပေးရမည် ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ အရူးလို သွားတိုက်ခိုက်ပါက ဝမ်းနည်းဖွယ် အောင်ပွဲသာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် စစ်သည်စုဆောင်းခြင်းနှင့် မြင်းများဝယ်ယူခြင်းကလည်း လုပ်ငန်းစဉ်တစ်ခုအဖြစ် ကျန်ရှိနေသေးသည်။ ယခုအချိန်တွင် တာ့ရှားပြည်ထောင်က ပြည်တွင်းပြည်ပပြဿနာများ ရှုပ်ထွေးနေခဲ့သည် ၊အထူးသဖြင့် ပုန်ကန်ရန် ကြံရွယ်ထားသော ဝမ်ယွိလင်ကလည်း ဧကရာဇ်နှင့် သေသည်အထိ တိုက်ပွဲဝင်နိုင်ကြသေးသည်။ သူမတို့က ထိုအချိန်ကို ထိုင်စောင့်ပြီး အကျိုးအမြတ်များကို ရိတ်သိမ်းရမည် ဖြစ်သည်။

စူးချင်းက ကျိ‌ရွှေရှန့် တွေးခေါ်မှုများ ပိုမိပြည့်စုံလာစေရန် ကူညီပေးနေခဲ့သည်ဟု ဆိုနိုင်သည်။

သူမကိုမှ စစ်နတ်ဘုရားလို့ မခေါ်ရင် ဘယ်သူ့ကို စစ်နတ်ဘုရားလို့ ခေါ်ရမှာလဲ?

နောက်တစ်နေ့မနက်မှာတော့ ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့က တတိယမင်းသားနှင့် အရောင်းအဝယ် လုပ်ပြီး မော့ချန်သို့ ပြန်လာခဲ့ကြသည်။ ယဲ့လွီချွမ်းက ကျိရှောင်ယင်နှင့် သီးသန့်စကားပြောရန် မျှော်လင့်ပြီး သူတို့ကို နယ်စပ်အထိ ပြန်လိုက်ပို့ပေးခဲ့သည်။

All Chapters