← Chapters

အတားအဆီးများ

Vol. 24 Ch. 346

အတားအဆီးများ

Vol. 24 Ch. 346

ထိုအချိန်တွင် ချိုးယုံခန်းက စာရင်းများကို စစ်ဆေးပြီး အိမ်သို့ ပြန်ခါနီးဖြစ်သည်။ သူ ငွေစာရင်းဌာနထဲမှ ထွက်လာချိန်တွင် စူးချင်းတစ်ယောက် ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်လာနေသည်ကို သူ တွေ့လိုက်ရသည်။ စူးချင်းကို မြင်လိုက်ချိန်တွင် ချိုးယုံခန်း၏အမူအရာက အမှတ်မထင် ပြောင်းလဲသွားသော်လည်း ခဏတာအတွင်းမှာပင် သူက သူ၏ပုံမှန်အေးဆေးတည်ငြိမ်ပြီး ယဉ်ကျေးပျူငှာသောအသွင်အပြင်ကို ပြန်လည်ရရှိသွားခဲ့သည်။ သူက စူးချင်းကို နှုတ်ဆက်ရန် ရှေ့တိုးလာပြီး တရင်းတနှီး နှုတ်ဆက်လိုက်သည်။

"စူးချင်း မင်းပြန်လာပြီလား?"

"ယုံခန်း၊ ရွှေရှန့် ပြန်ရောက်ပြီလား?"

စူးချင်းကလည်း ချိုးယုံခန်းကို မြင်သွားပြီး ခဏရပ်ကာ ပေါ့ပေါ့ပါးပါး လှမ်းမေးလိုက်သော်လည်း သူမ၏ မျက်လုံးများက သူ့ကို ဖြတ်ကျော်ကာ ငွေစာရင်းရုံးခန်းဆီသို့ လှမ်းကြည့်နေခဲ့သည်။

ရွှေရှန့် ပြန်ရောက်လာရင် သူက ချိုးယုံခန်းနဲ့ စာရင်းတွေ ပြန်တိုက်စစ်ဖို့ ငွေစာရင်းရုံးခန်းကို သေချာပေါက်လာလိမ့်မယ်။ သူမ နည်းနည်း စိတ်လှုပ်ရှားနေပြီး နည်းနည်းလည်း စိတ်စောနေမိတယ်။

"သူ ပြန်လာပြီ၊ ဒါပေမယ့် နောက်တစ်ခါ ခရီး ပြန်ထွက်သွားတယ်"

ချိုးယုံခန်းက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သော်လည်း သူက စကားပြောရန် ချီတုံချတုံ ဖြစ်နေပုံရပြီး တမင်တကာ သံရှည်ဆွဲပြောလိုက်သည်။

"ပြန်ထွက်သွားတာလား? သူ ဘာသွားလုပ်တာလဲ?"

စူးချင်းက ချိုးယုံခန်း၏အမူအရာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိသောကြောင့် သူ့မျက်လုံးများကို စိုက်ကြည့်ရင်း ထပ်မေးလိုက်သည်။

ချိုးယုံခန်းက သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ချီတုံချတုံ ဖြစ်နေပုံရသော်လည်း နောက်ဆုံးတွင် သူက ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံဖြင့် စူးချင်းအား ကြည့်ကာ ပြောပြလာခဲ့သည် ။

"စူးချင်း၊ ရွှေရှန့်မှာ မဖြစ်မနေ ပြန်ဆပ်ရမယ့် သွေးကြွေးတစ်ခု ရှိတယ်၊ ရှောင်းမိသားစုစစ်တပ်က သူ လက်စားချေတဲ့နေရာမှာ အသုံးပြုနိုင်မယ့် တစ်ခုတည်းသောအရာပဲ။ ဒါပေမယ့် မော့ချန်မှာ ရှိနေတဲ့ ရှောင်းမိသားစုစစ်တပ်က သေးလွန်းပြီး ဘာမှ အရာမ‌ရောက်လှဘူး။ ကျင့်ရှီလျိုမြောင်နဲ့ တခြားမြို့တွေမှာ ရှိနေတဲ့ ရှောင်းမိသားစုစစ်တပ်က စစ်သည်ဟောင်းတွေက လူကို မဟုတ်ဘဲ စစ်တပ်ရဲ့ အမှတ်အသားဖြစ်တဲ့ ကျားတံဆိပ်တော်ကိုပဲ အသိအမှတ်ပြုတယ်။ ရွှေရှန့်က လက်စားချေဖို့ ကျားတံဆိပ်ကို ရအောင် ယူရမယ်၊ မင်း သူ့ကို နားလည်ပေးနိုင်ရမယ်"

"ရှင် တစ်ခုခုကို ပြောချင်ရင် ပွင့်ပွင့်လင်းလင်း ပြောပါ"

စူးချင်း၏မျက်နှာက မည်းမှောင်နေပြီ ဖြစ်ပြီး သူမ၏မျက်လုံးများက ချိုးယုံခန်း၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေခဲ့သည်။ ထိုဖိအားကြောင့် ချိုးယုံခန်းတစ်ယောက် သူ့ကိုယ်သူ မထိန်းထားနိုင်ဘဲ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရသည်။

စူးချင်း သူ့ညီမလေးကို ကြိုးဆွဲချသတ်နေတဲ့ မြင်ကွင်းက သူ့ရှေ့မှာ ပေါ်လာပြန်တယ်။ ဒီအမျိုးသမီးက မျက်တောင်မခတ်ဘဲ လူသတ်နိုင်သလို ဘယ်သူမှ မသိအောင် အလောင်းဖျောက်နိုင်တဲ့ အရမ်းကြောက်စရာကောင်းတဲ့ စွမ်းရည်လည်း ရှိနေသေးတယ်။ အခု အချိန် သူ သေသွားရင် ဘယ်သူမှတောင် သိလိုက်မှာ မဟုတ်ဘူး။

"ငါ့မှာ ဒီထက်ပိုပြီး ပြောစရာ မရှိတော့ဘူး၊ ငါ ညစာ ပြန်စားမယ်လို့ ငါ့အမေ့ကို ကတိပေးထားခဲ့တယ်"

သူထံတွင် ထိုထက်ပို၍ ပြောရဲသည့် သတ္တိမရှိတော့သောကြောင့် ချိုးယုံခန်းက သူ့စကားကို ရပ်ထားလိုက်ပြီး စူးချင်းဘာသာ စဉ်းစားရန် လမ်းကြောင်းထားခဲ့သည်။

"မဟုတ်ဘူး၊ ရှင် ပြောမယ်ဆိုရင် ရှင်းရှင်းလင်းလင်း ပြောမှ ဖြစ်မယ်။ စကားကို တစ်ဝက်တစ်ပျက် ထားခဲ့တာက ဘာအဓိပ္ပါယ်လဲ?"

စူးချင်းက အေးစက်သောမျက်နှာဖြင့် ချိုးယုံခန်းကို တားဆီးလိုက်သည်။

သူသာ ရိုးသားပြီး ရွှေရှန့်ကို တကယ်ဂရုစိုက်ပြီး ‌ရွှေရှန့်အတွက် စဥ်းစားပေးနေတာဆိုရင် သူက သူမ ဒေါသထွက်စေမယ့် တစ်စုံတစ်ခုကို ပြောရင်တောင် သူမ သူ့ကို ဘာမှ လုပ်မှာ မဟုတ်ဘူး။

အခု သူက တစ်ဝက်လောက်ပဲ ပြောပြီး ကျန်တစ်ဝက်ကို သူမ ခန့်မှန်းဖို့ ချန်ထားနေသေးတယ်။ အဲ့တာက သူမကို အရမ်းစိတ်အ‌နှောက်အယှက်ဖြစ်စေတယ်။ သူက သူမ ထင်ယောင်ထင်မှားတွေ ဖြစ်စေဖို့ ခက်ခက်ခဲခဲ ကစားနေပုံရပြီး သူ့မှာ မကောင်းတဲ့အကြံတွေ ရှိနေတယ်လို့ ခံစားရစေတယ်။

"ကောင်းပြီလေ၊ မင်း ​ကြားချင်နေမှတော့ ငါ ​ပြောပြမယ်​"

ချိုးယုံခန်းက သူ့အသက်ကိုပင် စွန့်ရန် ဆုံးဖြတ်လိုက်ပြီး စူးချင်းကို စေ့စေ့ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်တော့သည်။

"ရွှေရှန့်ရဲ့အဖေက သူ့အတွက် အိမ်ထောင်ရေးတစ်ခု စီစဉ်ပေးထားခဲ့တယ်။ စေ့စပ်လက်ဆောင်က ကျားတံဆိပ်ပါတဲ့ သေတ္တာကို ဖွင့်ဖို့ သော့ပဲ။ ရွှေရှန့်အနေနဲ့ အဲဒီမိန်းကလေးကို လက်မထပ်ရင် သူက ရှောင်းမိသားစုစစ်တပ်ရဲ့အမှတ်သင်္ကေတဖြစ်တဲ့ ကျားတံဆိပ်ကို ဖွင့်ဖို့ သော့ရနိုင်တော့မှာ မဟုတ်ဘူး။ မင်း ရွှေရှန့်ကို တကယ် ကူညီချင်တယ်ဆိုရင် သူ့မှာ ဇနီးလောင်း ရှိနေတာကို စိတ်ထဲမထားပါနဲ့၊ သာမာန် ယောက်ျားတစ်ယောက်မှာတောင် ဇနီးတစ်ယောက်၊ ကိုယ်လုပ်တော်သုံးယောက်နဲ့ မောင်းမ လေးယောက် ရှိနိုင်တယ်၊ ရွှေရှန့်က အနာဂတ်မှာ ကိစ္စကြီးတွေကို လုပ်နိုင်မယ့်သူပဲ၊ သူ့မှာ မိန်းမတွေနဲ့ ကိုယ်လုပ်တော်တွေ အများကြီး ရှိလာမှာ ဧကန်မုချပဲ။ မင်းက မိန်းမတစ်ယောက်အနေနဲ့ လင်ယောက်ျားရဲ့ရွေးချယ်မှုကို လေးစားပေးရမယ်၊ မင်းက သူ့ကို ကူညီနိုင်ရမယ်၊ မင်း မနာလို ဖြစ်နေလို့မရဘူး။ မင်းက ရိုကျိုးမှုသုံးပါးနဲ့ အကျင့်သီလ လေးပါးကို လက်ကိုင်ထားနိုင်ရမယ်”

ချိုးယုံခန်းက စကားအရှည်ကြီးကို တရစပ် ပြောလိုက်ပြီး သက်ပြင်းမောကို မှုတ်ထုတ်လိုက်သည်။ စူးချင်း၏ မျက်နှာက ပိုမည်းမှောင်လာပြီး ပိုအေးစက်လာကာ သူမ၏မျက်လုံးများထဲမှ တစ်ဖြည်းဖြည်း ပွားများလာသော အေးစက်မှုများက သူမတစ်ကိုယ်လုံးကို ရေခဲများ ဖုံးလွှမ်းတော့မယောင် ဖြစ်လာခဲ့သည်။

ချိုးယုံခန်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စူးချင်းကို ဦးညွှတ်ကာ တောင်းပန်လိုက်သည်။

"မိန်းခလေးစူး၊ ငါ ပြောစရာရှိတာကို အကုန်ပြောပြီးသွားပြီ၊ ငါက မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေမိရင် ခွင့်လွှတ်ပါ"

စူးချင်းက ချိုးယုံခန်းကို အေးစက်ပြီး စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမ၏လှပသော မျက်လုံးများက ရေတွင်းအိုကြီးတစ်ခုကဲ့သို့ နက်ရှိုင်းနေပုံရသောကြောင့် ချိုးယုံခန်းက ထိတ်လန့်တကြား တံတွေးမျိုချလိုက်ပြီး စူးချင်းထံ တစ်ဖန် ဦးညွှတ်ကာ စူးချင်းကို အမြန်ဖြတ်ကျော်ပြီး ရုံးတော်ထဲမှ ထွက်ခွာသွားတော့သည်။

စူးချင်းက ထိုနေရာတွင် ရပ်နေဆဲဖြစ်သော်လည်း သူမ၏ဆုပ်ထားသော လက်သီးများကို ဖြည်းညှင်းစွာ ပြန်ဖြေလျော့လိုက်သည်။

ယုံခန်းက ရွှေရှန့်ရဲ့အချစ်ဆုံးသူငယ်ချင်း ဆိုတော့ ရွှေရှန့်က သူ့ကို ဒီလိုတွေ ပြောခိုင်းခဲ့တာလား?

ဟင့်အင်း? ရွှေရှန့်ရဲ့စရိုက်အရဆိုရင် တစ်စုံတစ်ခု ဖြစ်လာတာတဲ့ သူက သူမကို မျက်နှာချင်းဆိုင် ပြောလာလိမ့်မယ်၊ အခြားသူတွေကို ပြောခိုင်းမှာ မဟုတ်ဘူး။

စူးချင်းက ကမန်းကတန်း ပြန်ထွက်ခွာသွားသည် ချိုးယုံခန်း၏နောက်ကျောကို လှမ်းကြည့်လိုက်ပြန်သည်။

သူမ ရွှေရှန့်ကို မေးဖို့ ပြန်လာမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် သူမရဲ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှ ပြန်ပြောင်းမှာ မဟုတ်ဘူး။

အထူးသဖြင့် ဒီလိုတွက်ချက်တတ်လွန်းတဲ့ ချိုးယုံခန်း‌ကြောင့်ဆိုရင် သူမရဲ့ဆုံးဖြတ်ချက်ကို ပိုလို့တောင် မပြောင်းနိုင်ဘူး။

ကျိရွှေရှန့်က ရုံးတော်တွင် မရှိသောကြောင့် စူးချင်းက သူမ၏မွေးစားအမေအိမ်သို့ ထွက်လာခဲ့သည်။ ကျိရှောင်ယင်က ထိုနေရာတွင် ရှိနေပြီး ကျိရှောင်ယင်က သူမကို ဘယ်တော့မှ လိမ်ညာမည် မဟုတ်ပေ။

စူးချင်းက မွေးစားအမေ၏အိမ်တံခါးဝသို့ လျှောက်လာခဲ့ပြီး ခြံဝင်းထဲတွင် ကျုံးယုံက သံတူကြီးနှစ်ချောင်း ကိုင်ကာ သိုင်းကစားနေသည်ကို သူမ တွေ့လိုက်ရသည်။ သူ့၏လှုပ်ရှားမှုတိုင်းက ကမ္ဘာကြီးကို ခွဲထုတ်နိုင်တော့မယောင် အစွမ်းထက်နေလေသည်။

"ကျုံးယုံ"

စူးချင်းက တံခါးကို တွန်းဖွင့်လိုက်ရင်း သူမ၏တပည့်ကို လှမ်းခေါ်လိုက်သည်။ အချိန်ကို ပြန်တွက်ကြည့်လျှင် ကျုံးယုံက ဆေးများအားလုံးကို သောက်ပြီးသွားပြီဟု ခန့်မှန်းရသည်။ သူ ပြန်လည်ကောင်းမွန်လာပြီးနောက်တွင် သူ့ထံ၌ သူ့၏ဖြူစင်သောနှလုံးသား ကျန်နေခဲ့ခြင်း ရှိ မရှိကို သူမ မသိနိုင်တော့ပေ။

"ဆရာလား?"

စူးချင်း၏အသံကို ကြားလိုက်သည်နှင့် ကျုံးယုံက သိုင်း‌လေ့ကျင့်ခြင်းကို ရပ်တန့်လိုက်ပြီး သူ့၏သံတူကြီးနှစ်ချောင်းကို မြေပြင်ပေါ်သို့ ပစ်ချကာ စူးချင်းကို နှုတ်ဆက်ရန် ဝမ်းသာအားရ ပြေးလာခဲ့သည်။

ကျုံးယုံ၏မျက်လုံးများက ကြည်လင်စေပြီး ပိုဉာဏ်ကောင်းလာကြောင်း စူးချင်း တွေ့လိုက်ရပြီး သူ့အပြုံးတွင်လည်း ရူးနှမ်းနှမ်းအရိပ်အယောင်များ မရှိတော့ပေ။ သို့သော် သူက နွေးထွေးပြီး ကြင်နာရိပ်များ သန်းနေသော မျက်လုံးတစ်စုံဖြင့် သူမကို ကြည့်နေခဲ့သည်။

"အင်း မဆိုးဘူးပဲ"

စူးချင်းက ပြုံးပြီး သူ့ကို ချီးကျူးလိုက်သည်။ ကျုံးယုံက ပြန်ကောင်းလာပုံရသော်လည်း သူ့၏ကိုယ်ရည်ကိုယ်သွေးကတော့ အများကြီး ပြောင်းလဲသွားပုံမပေါ်ပေ။ သူက အလွန် ရိုးရှင်းနေသေးသောကြောင့် သူမ၏စိုးရိမ်မှုများအားလုံး ပျောက်ကွယ်သွားရသည်။

လူသားတွေရဲ့ သဘောသဘာဝက တိကျလွန်းတယ်။ ငါးနှစ်အရွယ်ကလေးပဲ ဖြစ်ဖြစ် အရွယ်ရောက်ပြီးသူပဲဖြစ်ဖြစ် သူတို့ရဲ့အရိုးထဲမှာ ဆွဲနေတဲ့ သူတို့ရဲ့မွေးရာပါစရိုက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။

"ဆရာ အပြင်မှာ အေးတယ်၊ အထဲကို မြန်မြန် ဝင်ပါ၊ ကျွန်တော် ဆရာ့အတွက် သိုးတစ်ကောင် သွားသတ်လိုက်မယ်"

ကျုံးယုံက စူးချင်းကို တယဉ်တကျေး လေးလေးစားစားဖြင့် အိမ်ထဲသို့ ဝင်ရန် နွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်သည်။ ဆန့်ကျင်ဘက်အားဖြင့် စူးချင်းက‌တော့ ​​အတိတ်မှ ဘာမှမသိတတ်သည့် ကျုံးယုံကို အနည်းငယ် လွမ်းဆွတ်နေမိသေးသည်။

"ကောင်းပြီလေ"

စူးချင်းက အထဲသို့ ဝင်လာခဲ့ပြီး ကျုံးယုံက ရှင်းရှင်းလင်းလင်းအသံဖြင့် အိမ်ထဲသို့ လှမ်းအော်လိုက်သည်။

"အမေ၊ ဆရာ ပြန်လာပြီ"

"အစ်မ စူးချင်း"

အိမ်ထဲမှ ပထမဆုံး အပြေးအလွှား ထွက်လာသူက ကျိရှောင်ယင် ဖြစ်သည်။ သူမက စူးချင်း၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားပြီး သူမ၏မျက်လုံးများက နီရဲနေသော်လည်း သူမနှုတ်ခမ်းပေါ်တွင် ပျော်ရွှင်နေသည့်အပြုံးလေးများ တွဲခိုနေခဲ့သည်။ သူမက စူးချင်း၏လက်မောင်းကို ညင်ညင်သာသာ ပွေ့ဖက်လိုက်ပြီး "ကျွန်မ အစ်မကို အရမ်းလွမ်းတယ်"

စကားပြောနေရင်းဖြင့် ကလေးမလေးက မျက်ရည်များဝဲလာကာ စူးချင်းကို သည်းညူပြလာခဲ့သည်။

"အစ်ကိုကြီးဆို သွေးတွေ အန်နေရင်း အစ်မရဲ့နာမည်ကို ဆက်တိုက် ခေါ်နေခဲ့တာ"

စူးချင်းက သူမ၏နှလုံးသားကို လက်ကြီးကြီးတစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခြေမွခံလိုက်ရလို ခံစားလိုက်ရသည်။

အဲဒီအိပ်မက်က တကယ်ဖြစ်ခဲ့တာပေါ့။ ရွှေရှန့်က တကယ်ပဲ သွေးအန်ခဲ့တာလား?

စူးချင်းက ကျိရှောင်ယင်၏လက်ကို အလောတကြီး ပြန်ဆုပ်ကိုင်လိုက်ပြီး သူမကို စိုးရိမ်တကြီး ပြန်မေးလိုက်သည်။

"ရှောင်ယင်၊ ဘာတွေ ဖြစ်ခဲ့တာလဲ? မင်းအစ်ကိုကြီးက အခု ဘယ်မှာလဲ?"

"အစ်ကိုကြီးက အစ်မကို သွားရှာမယ်ဆိုပြီး ပြန်ထွက်သွားတာ။ ကောင်းကင်ဘုံ ဒါမှမဟုတ် ငရဲကို သွားရှာရရင်တောင် အစ်မကို တွေ့ရမှ ဖြစ်မယ် ပြောသွားတယ်"

ကျိရှောင်ယင်က သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး စူးချင်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ပြန်လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။ သူမ၏လှပသော မျက်လုံးကြီးများတွင် မျက်ရည်များ ပြည့်နှက်နေကာ သူမက စူးချင်းကို ဝမ်းပန်းတနည်း တောင်းပန်နေခဲ့သည်။

"အစ်မစူးချင်း ကျေးဇူးပြုပြီး နောက်တစ်ခါ ထွက်မသွားပါနဲ့တော့... ရမလားဟင်?"

"သူ ဘယ်တုန်းက ထွက်သွားတာလဲ?"

ကျိရှောင်ယင်၏စကားများကို ကြားလိုက်ရချိန်တွင် စူးချင်း၏ခံစားချက်များက ပိုပြင်းထန်လာခဲ့သည်။

သူမ မာနကြီးလွန်းတဲ့အတွက် သူမကိုယ်သူမ အပြစ်တင်နေမိတယ်။ သူမက သူ့ကို ရှင်းရှင်းလင်းလင်း မမေးသလို နှုတ်မဆက်ပဲ ထွက်သွားခဲ့မိတယ်။

သူ သူမကို ပေးထားတဲ့ကတိကို သူမ သံသယမဖြစ်သင့်ဘူး။ သူ ပြောခဲ့သမျှ စကားတိုင်းက ရိုးသားမှုအပြည့်ရှိတယ်။

"အစ်မစူးချင်း မြန်မြန်လာ၊ အပြင်မှာ အေးနေတယ်"

ကျိရှောင်ယင်က စူးချင်း နှင်းထုထဲတွင် မိုက်မိုက်မဲ ရပ်နေပြီး သူမ၏မျက်နှာပေါ်သို့ နှင်းပွင့်များ ကြွေကျလာနေသည်ကို မြင်သွားခဲ့သည်။ ကျိရှောင်ယင်က စူးချင်းကို အလျင်အမြန် ဆွဲခေါ်သွားခဲ့ပြီး အစ်မစူးချင်းအတွက် အရသာရှိသော အစားအစာများ ချက်ရန် တွေးထားလိုက်သည်။

စူးချင်းက အိမ်ထဲသို့ ဝင်ရန် ငြင်းဆန်နေပြီး ကျိရှောင်ယင်၏လက်ကို ပြန်ဆွဲထားကာ ထပ်မေးလိုက်သည်။

"မင်းအစ်ကိုကြီးက သွေးအန်နေတာကို ဘာလို့ လွှတ်ပေးလိုက်တာလဲ?"

"အစ်ကိုကြီးက အစ်မ ချန်ခဲ့တဲ့ဆေးတွေကို သောက်ပြီး ပြန်ကောင်းသွားပြီ။ အစ်ကိုကြီးက အစ်မကို သွားရှာဖို့ စိတ်စောနေတာ၊ ကျွန်မ သူ့ကို မတားနိုင်ဘူး"

ကျိရှောင်ယင်က ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို စူးချင်းအား ပြန်ပြောပြခဲ့သည်။ ကျိရွှေရှန့်က မော့ချန်သို့ ပြန်ရောက်လာပြီး သူမကို ရှာရန် အရက်ချက်ရုံသို့ သွားခဲ့ကြောင်း စူးချင်း သိလိုက်ရသည်။ သူ အရက်ချက်ရုံသို့ ရောက်သွားပြီး ဗလာကျင်းနေသည့်နေရာကို တွေ့လိုက်ရသောကြောင့် ဝမ်းနည်းဒေါသဖြင့် သွေးအန်ခဲ့ခြင်းပင်။ လက်ရှိတွင် သူမ၏နှလုံးသားက ခဲဆွဲခံထားရသကဲ့သို့ လေးလံလာခဲ့သည်။

စူးချင်းက ခဏလောက်ပင် မနှောင့်နှေးချင်တော့သောကြောင့် ကျိရှောင်ယင်ကို ပြန်ဆွဲထားရင်း ထပ်မေးလိုက်ပြန်သည်။

"မင်းအစ်ကိုကြီးက ငါ့ကို ဘယ်နေရာမှာ သွားရှာတာလဲ?"

(T/N: ဒီအခန်းတွေ E-tran မှာ မပါလာဘူး။ အကြမ်းဖတ်တုန်းက စူးချင်းက ယုံခန်းကို ဘာမှမဆိုင်ဘဲ စွပ်စွဲနေတယ်လို့ ထင်ခဲ့တာ၊ အခုမှ သိတော့တယ်၊ သူတို့ ဒီအခန်းတွေမှာထဲက စိတ်ဝမ်းကွဲနေကြပြီ)

All Chapters