ဒီမိန်းကလေးက တကယ်ကို တွေးရခက်တယ်
Vol. 24 Ch. 348
“အမေ”
ကျုံးယုံက သူ့ခေါင်းကို ကုတ်နေပြန်သည်။
ရှောင်ယင်က သူ့ကို အစ်ကိုတစ်ယောက်လိုပဲ ဆက်ဆံတယ်လို့ သူ ခံစားနေရပြီး သူကလည်း ရှောင်ယင်ကိုလည်း ညီမငယ်လေးလို ပြန်သတ်မှတ်ထားခဲ့တယ်။ သူ့အမေက ဒီကိစ္စကို ရုတ်တရတ် ပြောလာရင်တော့ သူ့ကို ခက်ခဲတဲ့ အနေအထား ရောက်သွားစေတယ်။ ဒါက အရမ်းရှက်စရာ ကောင်းတယ်လေ။
"မင်းအဖေနဲ့ မင်းရဲ့ဦးလေးရှောင်းက မင်းရဲ့အိမ်ထောင်ရေးကို စီစဉ်ပေးခဲ့တာလေ။ ရှောင်ယင်ရဲ့ မင်းရဲ့ဇနီးလောင်း ဖြစ်ပြီး သူ(မ)လည်း အခုထိ လက်မထပ်ရသေးဘူးလေ။ အဲ့ဒါကြောင့် အမေက မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ ပျိုးထောင်စေချင်တာ။ မင်းတို့ချင်း အဆင်ပြေသွားရင် အမေက လက်ထပ်ခွင့်တောင်းဖို့ ရှောင်ယင်ရဲ့အဖိုးဆီ သွားမယ်။ ရှောင်ယင်လည်း မင်းအပေါ် သဘောကျလာအောင် သူ(မ)ကို ကောင်းကောင်းဆက်ဆံပေးဖို့ ကြိုးစားရမယ်၊ မင်း နားလည်လား?"
အမျိုးသမီးလီက စိတ်ပျက်လက်ပျက်ဖြင့် သူမ၏သားကို ထပ်ပြောလိုက်သည်။
အရင်တုန်းက သူမသားရဲ့ အသိဥာဏ်က ကလေးတစ်ယောက်ရဲ့အသိဥာဏ်လောက်ပဲ ရှိတာကြောင့် သူမရဲ့သားက ရှောင်ယင်နဲ့ မထိုက်တန်ဘူးလို့ သူမ ခံစားခဲ့ရတယ်။ အဲ့ဒါကြောင့် သူမ အဲ့အကြောင်းတွေကို တစ်ခါမှ မပြောခဲ့ဖူးဘူး။ ဒါပေမယ့် အခု ကျုံးယုံရဲ့ ရောဂါက ပျောက်ကင်းသွားပြီဆိုတော့ သူမက ကျုံးယုံနဲ့ ရှောင်ယင်ကို လက်ထပ်စေချင်တယ်။ သူမက ရှောင်ယင် သူမကို မွေးစားအမေလို့ ခေါ်နေတာထက် အမေလို့ ခေါ်တာကို ကြားချင်နေပြီ။
“အမေ၊ ကျွန်တော် နားလည်ပါပြီ။ အိမ်ထဲကို မြန်မြန် ပြန်ဝင်ပါတော့!"
ကျုံးယုံက သူ့အမေ စိတ်ပူနေသည်ကို နားလည်နေပြီး အမြန် သဘောတူလိုက်သည်။ သူက သူ့အမေ အပြင်၌ အေးခဲသွားမည်ကို စိုးရိမ်သောကြောင့် သူ့အမေကို အိမ်ထဲ အမြန်ပြန်ဝင်ခိုင်းလိုက်သည်။ သူက ယခင်ကထက်ပင် ပို၍ လိမ္မာသိတတ်လာခဲ့သည်။
ကျိရှောင်ယင်က သူမထံတွင် ငယ်စဉ်ကတည်းက စေ့စပ်ထားသူ ရှိနေပြီး ထိုကဲ့သို့ စီစဥ်ထားသည့် အိမ်ထောင်ရေးမျိုး ရှိနေကြောင်း မသိခဲ့ပေ။ သူမက အိမ်ထဲ၌ စူးချင်းနှင့် စကားစမြည် ပြောနေခဲ့သည်။ စူးချင်း ကျင့်ရှီလျိုမြောင်သို့ ပြောင်းရွှေ့သွားကြောင်း သူမ ကြားပြီးကတည်းက စူးချင်း သူမနှင့် အမျိုးသမီးလီတို့အား ပြန်လာခေါ်မည့်အချိန်ကို သူမ စောင့်မျှော်နေပြီ ဖြစ်သည်။
သူမတို့ မွေးစားဖခင်ရဲ့ နောက်ဆုံးစကားက သူမတို့ကို ကျင့်ရှီလျိုမြောင်ရောက်အောင် သွားခိုင်းခဲ့တယ်။ အဲနေရာက နေရာကောင်းတစ်ခုလို့ မွေးစားအဖေက ပြောခဲ့တယ်။ မြေကြီးပေါ်မှာ မျိုးစေ့တွေကို ဖြစ်သလို ကျဲချလိုက်ရင်တောင် သီးပင်စားပင်တွေ ပေါက်လာနိုင်တယ်တဲ့။ အနက်ရောင် မြေဆီလွှာထဲကနေ ဆီတွေကိုတောင် ညှစ်ထုတ်နိုင်တယ်လိုလည်း မွေးစားအဖေက ပြောခဲ့သေးတယ်။
မော့ချိန်ရဲ့မြေဆီလွှာကလည်း မည်းနေသော်လည်း ဆီတော့ မထုတ်လုပ်နိုင်ဘူးလေ။
ကျိရှောင်ယင်က ကျင့်ရှီလျိုမြောင်၏ အနက်ရောင်မြေဆီလွှာမှ ရေနံဆီထုတ်နိုင် မထုတ်နိုင် သိချင်နေခဲ့သည်။
“အစ်မစူးချင်း၊ ကျင့်ရှီလျိုမြောင်က ရေနံဆီ ထုတ်လုပ်နိုင်တယ်တဲ့၊ မွေးစားအဖေ အဲ့လို ပြောခဲ့တယ်၊ အဲ့ဒါက အမှန်ပဲလား?"
ကျိရှောင်ယင်က ချစ်စရာကောင်းသော ကလေးလေးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူမ၏စူးစမ်းချင်သော မျက်လုံးလေးများက တဖျပ်ဖျပ် တောက်ပနေခဲ့သည်။
"ကျင့်ရှီလျိုမြောင်ရဲ့မြေက မော့ချန်လိုပဲ မြေသြဇာကောင်းပေမယ့် ဆီတော့ မထုတ်နိုင်သေးဘူး"
စူးချင်းတစ်ယောက် ရယ်ရမလား ငိုရမလား မသိဖြစ်နေခဲ့သည်။
ရှောင်ယင်က အတုံးလေးပဲ။ သူမရဲ့မွေးစားဖခင်က မြေသြဇာကောင်းတာကို တင်စားပြောဆိုခဲ့ပေမယ့် သူမကတော့ အဲ့ဒါကို အလေးအနက်ထားပြီး တကယ်လို့ ထင်နေတယ်။ ရှောင်ယင်က အပြစ်ကင်းစင်လွန်းတယ်။
အမျိုးသမီးလီက အခန်းထဲသို့ ပြန်ဝင်လာခဲ့ပြီး ညီအစ်မနှစ်ယောက် စကားစမြည် ပြောနေသည်ကို တွေ့လိုက်ရသည်။ သူမ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သူမလည်း ခန်ပေါ်သို့ တက်လိုက်ကာ စကားဝိုင်းတွင် ပါဝင်လာခဲ့သည်။ သုံးယောက်သား စိတ်ပါလက်ပါ စကားပြောနေကြပြီး စိတ်အခြေအနေကောင်းနေခဲ့ကြသည်။
ကျုံးယုံ ကင်ထားသည့် သိုးသားက အရသာရှိလှသည်။ အပြင်တွင် မွှေးကြိုင်ပြီး အတွင်းပိုင်းက နူးညံ့နေလေသည်။ အထဲမှ သိုးသားက အရသာရှိပြီး အဆီများလည်း ပေါများလှသည်။ စူးချင်းက တစ်ကိုက် ကိုက်ကြည့်လိုက်ပြီး အလွန်အရသာရှိသောကြောင့် ကျုံးယုံကို ချီးကျူးလိုက်သည်။
“မဆိုးဘူး၊ မင်းမှာ ချက်ပြုတ်နိုင်တဲ့ အရည်အချင်းရှိတယ်”
"ဆရာက စားရတာကို ကြိုက်တယ်လေ"
သူ့ဆရာ၏ချီးကျူးစကားကို ကြားလိုက်ရသည့်အတွက် ကျုံးယုံက အလွန်ဝမ်းသာသွားပြီး သူ့မျက်လုံးကြီးများက တောက်ပလာခဲ့သည်။
အမျိုးသမီးလီက သူမ၏သားကို ကြည့်လိုက်ပြီး ကျိရှောင်ယင်ကို ကြည့်လိုက် ပြန်သည်။
တစ်ယောက်က အရပ်ရှည်ပြီး သန်မာတယ်၊ လုံခြုံမှုပေးနိုင်သလို စိတ်ချလို့လည်း ရတယ်၊ နောက်တစ်ယောက်ကတော့ ချစ်စရာကောင်းတဲ့ ကြောင်ပေါက်ကလေးနဲ့ တူပြီး နေ့တိုင်းပျော်ရွှင်နေတတ်တယ်။ သူမက နူးနူးညံ့ညံ့ ပြုံးနေတတ်ပြီး လူတွေက သူမကို မြင်လိုက်တာနဲ့ ကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာစေတယ်။ ကြည့်လေ ကြည့်လေ တစ်ယောက်နဲ့ တစ်ယောက် ပိုလိုက်ဖက်လေပဲ။
ပြီးတော့ လူတစ်ယောက်ရဲ့ရုပ်ရည်က အရမ်းကြီး အရေမကြီးဘူး။ အရင်တုန်းက သူမ ကျုံးယုံရဲ့အဖေကို သဘောကျခဲ့တာက သူ့ရဲ့ရုပ်ရည်ကြောင့် မဟုတ်ဘဲ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းနဲ့ သူမအပေါ်ထားတဲ့ နူးညံ့ကြင်နာမှုတွေကြောင့်ပဲ။
သူမ၏ခင်ပွန်းသည်အကြောင်း တွေးလိုက်မိချိန်တွင် အမျိုးသမီးလီ၏မျက်လုံးများတွင် မျက်ရည်များ ဝဲလာပြန်သည်။
သူမက ခင်ပွန်းဖြစ်သူကို စိတ်ထဲမှ တိုင်တည်လိုက်သည်။
‘အစ်ကိုဖုန်း၊ ရှင် ယုံအာအတွက် စီစဉ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တကယ်ကို ပြီးပြည့်စုံတယ်။ သူတို့ ဘယ်လောက်တောင် လိုက်ဖက်လဲဆိုတာ ရှင် ကြည့်လိုက်ပါဦး’
စူးချင်းက မွေးစားအမေ၏အိမ်တွင် တစ်ညနေခဲ့ပြီး ထိုတစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့သည်။
သူမ မနက်စောစော အိပ်ယာနိုးလာချိန်တွင် သူမခေါင်းလည်း မနာတော့သလို သူမ၏နှလုံးသားကလည်း မနာတော့ပေ။ အရုဏ်တက်ချိန်တွင် သူမက ကျိရွှေရှန့်ကို သွားရှာရန် တာ့ထန်သို့ လိုက်သွားဖို့ ပြင်ဆင်နေခဲ့သည်။
အမျိုးသမီးလီကလည်း မနက်စောစော ထလာပြီး စူးချင်းအတွက် ဖက်ထုပ်လုပ်ပေးရန် ပြင်ဆင်နေခဲ့သည်။ သူမက စူးချင်း အပြင်မထွက်ပြီး မြန်မြန်ဆန်ဆန် စားသွားနိုင်ရန် မျှော်လင့်ရင်း ချက်ပြုတ်နေခဲ့သည်။
“မွေးစားအမေ”
စူးချင်းက အိမ်ထဲမှ ထွက်လာပြီး သူမ၏ မွေးစားအမေ အလုပ်များနေသည်ကို တွေ့လိုက်ရသောကြောင့် အလွန်ကြည်နူးသွားခဲ့သည်။ ထို့ကြောင့် သူမ မွေးစားအမေဖြစ်သူကို အသံတိုးတိုးလေးဖြင့် လှမ်းခေါ်လိုက်သည်။
"နိုးလာပြီလား? အိုးကြီးထဲမှာ ရေနွေးရှိတယ်။ မျက်နှာ မြန်မြန် သစ်ပြီး မြန်မြန် လာစားလို့ ရပြီ"
စူးချင်း နိုးလာသည်ကို တွေ့လိုက်ရသောကြောင့် အမျိုးသမီးလီကလည်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။
မိုင်ထောင်ချီဝေးနေရင်တောင် မိခင်က သားသမီးအတွက် စိတ်ပူတတ်တယ်တဲ့။ သူမက ကျုံးယုံ ကျောက်မီးသွေးတူးဖို့ သွားတဲ့အခါတိုင်း သူ့အတွက် ချက်ပြုတ်ပေးဖို့ အစောကြီး ထလေ့ရှိတယ်။ အဲ့တာမှ ကလေးက အပြင်မထွက်ခင် နွေးနွေးထွေးထွေး စားသွားနိုင်မှာပေါ။
"ကျေးဇူးတင်ပါတယ် မွေးစားအမေ"
စူးချင်းက အပြုံးဖြင့် ကျေးဇူးတင်စကား ပြောလိုက်ပြီး အိုးကြီးထဲမှ ရေပူများကို ရေအေးနှင့်ရောကာ သူမ၏မျက်နှာကို ဆေးကြောလိုက်သည်။
"အစ်မစူးချင်း၊ အစ်မ ဘာလို့ အစောကြီးနိုးနေတာလဲ?"
ကျိရှောင်ယင်က သူမ၏မျက်လုံးများကို ပွတ်သပ်ရင်း သူမ၏အခန်းထဲမှ ထွက်လာခဲ့သည်။ သူမက လုံးလုံးလျားလျား မနိုးသေးပဲ သူမ၏ အိပ်ယာနိုးစ မျက်နှာလေးက ပန်းသီးနီနီလေးကဲ့သို့ နူးညံ့နေပြီး ချစ်စရာ ကောင်းနေခဲ့သည်။
“မွေးစားအမေလည်း အစောကြီး နိုးနေတယ်”
စူးချင်းက သူမကို ပြုံးပြကာ ပြန်ပြောလိုက်သည်။ ကျိရှောင်ယင်က သူမ၏မွေးစားမိခင်ဖြစ်သူ ဖက်ထုပ်လုပ်နေသည်ကို မြင်သွားပြီး ကူညီပေးရန် ကမ်းလှမ်းလိုက်သည်။
“မွေးစားအမေ၊ သမီး ဖက်ထုပ်တွေ ကူလုပ်ပေးမယ်နော်”
အတိတ်တွင် ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးနှင့် မွေးစားဖခင်တို့၏လက်ပေါ်တွင် ကြီးပြင်းလာခဲ့ရသည်။ သူတို့က ကျိရှောင်ယင်ကို မည်သည့်အလုပ်ကိုမျှ လုပ်ခွင့်မပြုခဲ့ဘဲ သူမက နူးညံ့သိမ်မွေ့သော မိန်းမပျိုတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ ယခုမှသာ ကျိရှောင်ယင်က စူးချင်း၏တာဝန်ယူ လေ့ကျင့်ပေးမှုများကြောင့် သူမ မည်သည့်အလုပ်ကို လုပ်ရမည်ကို သိလာရုံသာမက တာဝန်လည်း ယူတတ်လာခဲ့သည်။
"မလိုပါဘူး။ မွေးစားအမေ ပြီးခါနီးနေပြီ ၊ မင်းရဲ့ အစ်မစူးချင်းနဲ့ စကား ပြောလိုက်ဦးလေ"
အမျိုးသမီးလီက ကျိရှောင်ယင်ကို သနားကြင်နာတတ်သူ ဖြစ်ပြီး မကူခိုင်းတော့ပေ။
"မွေးစားအမေ၊ အတူတူလုပ်ရင် ပိုမြန်တယ်လေ၊ အတူတူ လုပ်ကြရအောင်"
စူးချင်းက သူမ၏မျက်နှာကို ဆေးကြောသန့်စင်ပြီး အကူအညီပေးရန် ပြန်ရောက်လာခဲ့သည်။ ကျိရှောင်ယင်ကလည်း မျက်နှာစစ်ရန် ပြန်ပြေးသွားခဲ့သည်။ သူမတို့သုံးယောက်အတူတူ အလုပ်လုပ်ခြင်းက အလွန်မြန်ဆန်သောကြောင့် ခဏအကြာတွင် သူမတို့က သိုးသားဖက်ထုပ်လေးအိုးစာလောက် လုပ်နိုင်ခဲ့ကြသည်။
ကျုံးယုံကတော့ နှစ်အိုးစာလောက် စားနိုင်သူ ဖြစ်သည်။ သူက အရပ်ရှည်ပြီး သန်မာသလို အစာစားချင်စိတ်ကလည်း အလွန်မြင့်မားလှသည်။ သူတစ်ယောက်တည်းဖြင့် သုံးယောက်စာလောက် စားနိုင်သူ ဖြစ်သည်။
"စူးချင်း၊ ယုံအာကို မင်းနဲ့အတူ တာ့ထန်ကို ခေါ်သွားလိုက်ပါလား? သူလည်း ကျောက်မီးသွေးတွေ သွားပို့ပေးရမှာဆိုတော့ အတော်ပဲပေါ့၊ မင်းတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ပေးနိုင်တာပေါ့”
အမျိုးသမီးလီက စူးချင်း တစ်ယောက်တည်း ဘေးမကင်းမည်ကို စိုးရိမ်သောကြောင့် စားသောက်နေစဥ်အတွင်း ကျုံးယုံနှင့် အတူသွားရန် စူးချင်းကို တောင်းဆိုလိုက်သည်။
"အစ်မစူးချင်း ကျွန်မလည်း အစ်မနဲ့အတူ လိုက်ခဲ့မယ်"
နောက်ဆုံးတကြိမ်က တောင်တန်းပြာစုဝေးပွဲတွင် အထိတ်တလန့် ဖြစ်ခဲ့ရသော်လည်း ကျိရှောင်ယင်က အကြောက်တရားထက် ထိုနေရာကို ပိုနှစ်သက်နေခဲ့သည်။ တာ့ထန်လူမျိုးများ သီဆိုကခုန်ကြသည်ကို သူမ အလွန်သဘောကျကြပြီး သူတို့၏ ပေါ့ပေါ့ပါးပါး ပျော်ရွှင်မှုကို သူမ အလွန်နှစ်သက်သည်။
“ကောင်းပြီလေ”
စူးချင်းက ဆန္ဒများ ပြည့်နှက်နေသည့် ကျိရှောင်ယင်၏တောက်ပသော မျက်လုံးများကို တစ်ချက်ကြည့်လိုက်ပြီးမှ သဘောတူလိုက်သည်။
တကယ်တော့ ရှောင်ယင်က extrovert တစ်ယောက်လေ။ သူမကို နေ့တိုင်း အိမ်မှာ နေစေတာက သူမရဲ့ပင်ကိုစရိုက်ကို အနှောင့်အယှက် ဖြစ်စေတယ်။
စူးချင်းက ကျိရှောင်ယင်၏ ဘာကိုမှ ဂရုမစိုက်သောအသွင်အပြင်ကို သဘောကျပြီး သူမကို ထိုအတိုင်းသာ ဆက်နေစေချင်သူ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူမတို့က ရွှေရှန့်ကို ရှာဖို့ တာ့ထန်ကို သွားမှာဆိုတော့ ရှောင်ယင်လိုက်တာက သူမကို နှောင်းနှေးစေမှာမှ မဟုတ်တာ။
"အဲဒါ အရမ်းကောင်းတယ်"
စူးချင်း သဘောတူလိုက်ချိန်တွင် ကျိရှောင်ယင်က အပျော်လွန်သွားပြီး ဘာမှမစားတော့ဘဲ အဝတ်အစားသစ်များ လဲဝတ်ရန် သူမ၏ဗီရိုဆီသို့ ပြေးသွားပြန်သည်။ သူမ၏အင်္ကျီအသစ်လေးက လည်ပင်အနားကွပ်နှင့် လက်မောင်းများတွင် လှပသော ပျိူနီပန်းများ ပန်းထိုးထားသည့်ပုံစံလေး ဖြစ်ပြီး သူမ၏မွေးစားအမေက သူမအတွက် ချုပ်ပေးထားခြင်း ဖြစ်သည်။ သူမက ထိုအင်္ကျီအသစ်ကို အလွန် နှစ်သက်ပြီး အိမ်မှာ နေရင်းပင် မဝတ်ရက်ခဲ့ပေ။
"အိုး၊ ကျိရှောင်ယင်ရဲ့ အင်္ကျီအသစ်လေးက အရမ်းလှတယ်"
စူးချင်းက ကျိရှောင်ယင် အဝတ်အစားအသစ်များ လဲလာသည်ကို တွေ့သွားပြီး အပြုံးဖြင့် ချီးကျူးလိုက်သည်။
ကျိရှောင်ယင်ကလည်း ပျော်ရွှင်စွာဖြင့် သူမအင်္ကျီ၏ ထောင့်စွန်းလေးကို ဆွဲဆန့်ကာ တစ်ပတ် လှည့်လိုက်ပြီး သူမ၏မျက်လုံးလေးများက လခြမ်းများကဲ့သို့ ကွေးသွားခဲ့သည်။
“အင်း၊ ဒါကို မွေးစားအမေ ချုပ်ပေးထားတာ။ ကျွန်မ အရမ်းကြိုက်တယ်"
အမျိုးသမီးလီက ကျိရှောင်ယင်ကို ပြုံးပြုံးကြီး ကြည့်နေခဲ့သည်။
သူမ ရှောင်ယင်ကို ပိုကြည့်လေလေ၊ ပို သဘောကျလေလေပဲ။
စားသောက်ပြီးနောက် ကျုံးယုံက ကျောက်မီးသွေးလှည်းများ ပြင်ဆင်ရန် အရင် ထွက်သွားခဲ့သည်။ သူက ယခုတစ်ကြိမ်တွင် ကျောက်မီးသွေးလှည်းရှစ်စီးစာ ပြန်ယူလာခဲ့ပြီး လီတာ့နျိုနှင့် အခြားသူများထက် နှစ်စီးစာ ပိုယူလာနိုင်ခဲ့သည်။ သူက သန်မာပြီး အလုပ်လုပ်ရန် မကြောက်ရွံ့သောကြောင့် သူက ဤကျောက်မီးသွေးများဖြင့် ငွေပိုရှာနိုင်ခဲ့သည်။
ယခုအချိန်တွင် ကျောက်မီးသွေးလှည်းများကို ပြုပြင်မွမ်းမံထားပြီး ဖြစ်သည်။ လှည်းအိမ်များက အလွန်မြင့်မားသောကြောင့် ယခင်ကထက် နှစ်ဆနီးပါး ပိုသယ်နိုင်သော်လည်း ယခင်က မြင်းတစ်ကောင်ဖြင့် ဆွဲရာတွင် ယခု မြင်းနှစ်ကောင်ကို အစားထိုး ဆွဲခိုင်းနေရပြီ ဖြစ်သည်။
စူးချင်းက တာ့ဟေးကို သွားယူရန် ရုံးတော်သို့ သွားခဲ့ပြီး ကျိရှောင်ယင်က သူမနှင့်အတူ လိုက်လာခဲ့သည်။ သူမတို့ ရုံးတော်သို့ ရောက်လာချိန်တွင် ချိုးယုံခန်းကို အရင်တွေ့လိုက်ရသည်။
စူးချင်းနှင့် ကျိရှောင်ယင်တို့ကို ကြည့်နေသည့် ချိုးယုံခန်း၏မျက်လုံးများက အနည်းငယ် အရောင်တောက်နေပြီး ပုံမှန်မဟုတ်သလို ဖြစ်နေခဲ့သည်။
စူးချင်းကတော့ သူ့ကို ဘာသိဘာသာ တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမ၏မျက်နှာက အေးစက်သွားခဲ့သည်။ မနေ့က သူက စကားများဖြင့် သူမကို လှည့်စားရန် ကြိုးစားခဲ့သောကြောင့် ချိုးယုံခန်းအပေါ်ထားရှိသည့် သူမ၏အထင်အမြင်က ဆိုးရွားသွားခဲ့ပြီ ဖြစ်သည်။
ချိုးယုံခန်းကလည်း သူမ၏အမူအရာကို အာရုံစိုက်နေခဲ့ပြီး သူ့ကို မြင်လိုက်ချိန်တွင် စူးချင်း၏မျက်နှာ အေးစက်သွားသည်ကို သူ တွေ့သွားခဲ့သည်။
ချိုးယုံခန်းက သူ့မျက်လုံးများထဲမှ အရိပ်အယောင်များကို ဖုံးကွယ်ရန် သူ့မျက်လုံးများကို အောက်စိုက်ထားလိုက်သည်။
အမျိုးသမီးတွေက အလွယ်တကူ မနာလိုဖြစ်တတ်ကြပြီး သူမလည်း အဲ့လို တစ်ခါဖြစ်ခဲ့ပြီး ပြီလေ။ မနေ့က သူ ပြောတာကို ကြားပြီးတာနဲ့ သူမ ဒေါသတကြီး ပြန်ထွက်သွားသင့်တာ မဟုတ်ဘူးလား?
ဒီမိန်းကလေးက တကယ်ကို နားလည်ရ ခက်လွန်းတယ်။
ချိုးယုံခန်းက စူးချင်း၏အကြည့်ကို ရှောင်လိုက်ပြီး ကျိရှောင်ယင်ကို လှမ်းကြည့်လိုက်သည်။ သူမက ချည်သားအင်္ကျီအသစ် ၀တ်ထားပြီး ပို၍ ချစ်စရာကောင်းနေသည်ကို မြင်လိုက်ရသောကြောင့် သူက ကျိရှောင်ယင်ကို အပြုံးဖြင့် ချီးကျူးလိုက်သည်။
"ရှောင်ယင်၊ အဝတ်အစားအသစ်က အရမ်းလှတယ်..."