ဆာလောင်မွတ်သိပ်ပြီး အေးစက်နေတဲ့ ညတစ်ည
Vol. 24 Ch. 349
စူးချင်းက ချိုးယုံခန်း တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ခံစားမိလိုက်သောကြောင့် သူမ၏မျက်လုံးများကို မှေးကျဥ်းလိုက်သည်။
ရှောင်ယင်နဲ့ သူမကို မြင်လိုက်ရတဲ့အချိန်မှာ သူ့မျက်လုံးတွေထဲမှာ အရိပ်တချို့ ဖြတ်ပြေးသွားတာကို သူမ မြင်လိုက်ရတယ်။ ရွှေရှန့်က သူမကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့ပြီး သူ အဲ့လိုတွေ မပြောခဲ့ဘူးဆိုတာ သေချာသွားခဲ့ပြီ။ အဲ့တော့ ချိုးယုံးခန်းက သူမကို ထွက်သွားစေချင်တဲ့ ဆန္ဒနဲ့ သူမ စိတ်အနှောင့်အယှက်ဖြစ်စေဖို့ အဲ့စကားတွေကို တမင်တကာ ပြောခဲ့တာပေါ့လေ။
ဒါတောင်မှ သူက တည်တည်ငြိမ်ငြိမ်နဲ့ ရှက်ရွံ့နေတဲ့အမူအရာမျိုး လုံးဝ မရှိသေးဘူး။ ဒီလှည့်ကွက်တွေက သူ့လို အသက်အရွယ်ပဲရှိသေးတဲ့ လူတစ်ယောက်မှာ ရှိနေသင့်တဲ့အရာတော့ မဟုတ်ဘူး။
စူးချင်းက ချိုးယုံခန်းကို ပို၍ သတိထားနေခဲ့ပြီး ချိုးယုံခန်းက ကျိရွှေရှန့်အတွက် စိတ်ပူရုံမျှဖြင့် သူမ ထွက်သွားစေရန် အတင်းအကြပ် လုပ်ချင်နေသည်ဟု သူမ မသတ်မှတ်တော့ပေ။
စူးချင်း နှင့် ကျိရှောင်ယင်တို့က ရုံးတော်ထဲသို့ ဝင်သွားကြပြီး ကျုံးယုံက မီးသွေးလှည်းများကို စစ်ဆေးပြီးပြီ ဖြစ်ကာ စူးချင်းနှင့် ကျိရှောင်ယင်ကို စောင့်ရန် မြို့တံခါးဆီသို့ စတင်ထွက်ခွာလိုက်သည်။ အမျိုးသမီးလီက သူနောက်မှ လိုက်လာပြီး သူမ၏သားအား သူမ ထိုးထားသည့် သိုးမွေးဦးထုပ်ကို ဆောင်းခိုင်းလိုက်သည်။
"အမေ၊ ဒါက အရမ်း နွေးတယ်"
ကျုံးယုံက ထိုဦးထုပ်ကို သဘောကျနေပြီး သူ့အမေကို ပြုံးပြလိုက်သည်။
"သွားတော့၊ သား ပြန်လာရင် အမေမှာ သားအတွက် အံ့သြတစ်ခု ရှိတယ်"
အမျိုးသမီးလီက သူမ၏ အရပ်ရှည်ပြီး သန်မာသော သားကို ကြင်ကြာင်နာနာ မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။
ယုံအာ ပြန်ရောက်တာနဲ့ သူ့အတွက် ဇနီးလေးတစ်ယောက် ရှာပေးလိုက်တော့မယ်။
“ဟုတ်ကဲ့”
ကျုံးယုံက အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
သူက သူ့အမေ ပြောခဲ့တဲ့ အံ့အားသင့်စရာကို မျှော်လင့်နေမိပြီ။ ဒါပေမယ့် သူကတော့ သူ့အမေအနားမှာ ရှိနေရင်ကို ကျေနပ်နေပါပြီ။
“သွားတော့၊ သွားတော့။ လမ်းမှာ အစစအရာရာ သတိထားပြီး စူးချင်းနဲ့ ရှောင်ယင်ကို ဂရုစိုက်လိုက်ဦး"
သားဖြစ်သူ၏ ရိုးသားသော အပြုံးကို မြင်လိုက်ရသဖြင့် အမျိုးသမီးလီ၏ မျက်နှာပေါ်မှ အပြုံးက ပို၍ပင် ထင်ရှားလာခဲ့သည်။ သူမက သားဖြစ်သူကို လက်ဝှေ့ယမ်းပြနေပြီး မြန်မြန်ထွက်သွားရန် ပြောနေခဲ့သည်။ စူးချင်းနှင့် ကျိရှောင်ယင်တို့က ရေခဲနှင့် နှင်းကမ္ဘာထဲတွင် သူမ၏သားကို စောင့်ဆိုင်းနေရမည်ကို သူမ သည်းမခံနိုင်ပေ။
“ကောင်းပါပြီ၊ အမေ၊ အမေလည်း ဂရုစိုက်ပါ။ မနက်ဖြန် ကျွန်တော် ပြန်လာမယ်"
ကျုံးယုံက သူ့အမေကို စိုးရိမ်တကြီး သတိပေးလိုက်သေးသည်။
အရင်တုန်းကတော့ သူက ပေါချာချာ ဖြစ်နေပြီး သူ့အမေကပဲ သူကို ဂရုစိုက်ပေးခဲ့ရတယ်။ အခု သူ ပုံမှန်ပြန်ဖြစ်သွားတော့ သူက သူ့အမေကို ပိုရိုသေပြီး သု့အမေအတွက် ပိုသိတတ်ပေးရမယ်။
“အင်း၊ အမေ သိပါတယ်”
အမျိုးသမီးလီက သားဖြစ်သူနှင့် ရွာမှ ရွာသားအချို့ ကျောက်မီးသွေးလှည်းများ မောင်းနှင်ကာ လေနှင့် နှင်းများကြားထဲ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ပျော်ပျော်ရွှင်ရွှင် ပြုံးနေခဲ့သည်။ သူတို့၏အရိပ်များကို မမြင်နိုင်တော့မှ သူမက တုံ့ဆိုင်းစွာဖြင့် အိမ်ပြန်လာခဲ့သည်။
သူမထံတွင် ယနေ့အတွက် လုပ်စရာများ တစ်ပုံတစ်ပင် ရှိနေခဲ့သော်လည်း သူမ၏သားဖြစ်သူကို လက်ထပ်ပေးနိုင်တော့မည် ဖြစ်သောကြောင့် အမျိုးသမီးလီက ပျော်ရွှင်နေခဲ့သည်။
စူးချင်းက သူမ၏ရထားလုံးကို ပြန်ယူရန် ရုံးတော်၏အနောက်ဘက်သို့ သွားလိုက်သည်။ စူးချင်းက မည်သည့်အစေခံကိုမျှမတွေ့သဖြင့် ရှောင်ဟေးကို မြင်းဇောင်းထဲမှ ဆွဲထုတ်ကာ ရထားလုံးကို သူမကိုယ်တိုင် တပ်ရန် ပြင်လိုက်သည်။
“သ…သခင်မလေး”
စူးချင်းက ရထားလုံးဘေးသို့ ရောက်သည်နှင့် အစေခံက ရထားလုံးထဲမှ ထွက်လာခဲ့သည်။ သူ့မျက်နှာက အအေးဒဏ်ကြောင့် ပြာနှမ်းနေပြီး သူ စကားပြောသည့်အချိန်တွင် သူ့သွားများက တဂတ်ဂတ်ရိုက်နေလေသည်။
"ဘာလို့ ရထားလုံးပေါ်မှာ အိပ်နေတာလဲ?"
စူးချင်းက သူ့လက်များတွင် နှင်းကိုက်နာများကို တွေ့လိုက်ရပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်ကို မြင်လိုက်ရသည်။ ယခုအချိန်မှသာ သူမ မနေ့က ကျိရှောင်ယင်ကို သွားရှာရန် အလျင်လိုနေခဲ့ပြီး ထိုအစေခံကို မေ့သွားကြောင်း သူမ ပြန်မှတ်မိသွားခဲ့သည်။
“ကျွန်…ကျွန်တော်…”
အစေခံက ငိုလုနီးပါး ဖြစ်နေခဲ့သည်။
မနေ့က သူ ရထားလုံးကို အိမ်အနောက်ဘက်မှာ ထားခဲ့ပြီး သခင်မလေးကို လိုက်ရှာခဲ့တယ်။ ဒါပေမယ့် သူ သခင်မလေးကို မရှာနိုင်ခဲ့သလို သူ့အတွက် နေရာထိုင်ခင်းနဲ့ အစားအသောက်တွေ စီစဉ်ပေးမယ့်သူလည်း မရှိခဲ့ဘူး။ သခင်မလေး ပြန်ရောက်လာရင် သူ့ကို ရှာမတွေ့မှာကို သူ ကြောက်နေတာကြောင့် လျှောက်လည်း မသွားရဲဘူး။ နောက်ဆုံးတော့ သူ ရထားလုံးပေါ်မှာပဲ ပုန်းနေပြီး စောင့်ဆိုင်းနေခဲ့ရတယ်။
သူ တစ်ညလုံး စောင့်နေခဲ့တယ်။ သူ အရမ်းဆာလောင်ပြီး အေးခဲပြီး သေလုမျောပါးတောင် ဖြစ်နေပြီ၊ ကံကောင်းတာက ရထားလုံးထဲမှာ သိုးမွှေးစောင်နှစ်ထည် ရှိနေတာပဲ။ ဒီလိုမှမဟုတ်ရင် သူက အခုချိန် ရေခဲတုံးဖြစ်နေလောက်ပြီ။
"တောင်းပန်ပါတယ်၊ ငါ မင်းကို မေ့သွားခဲ့တာ"
စူးချင်းက သူမ အရမ်းလွန်သွားသည်ဟု ခံစားလိုက်ရပြီး ထိုအစေခံကို တောင်းပန်လိုက်သည်။
အစေခံက ငိုသံပါကြီးဖြင့် “ရပါတယ် သခင်မလေး၊ ကျွန်တော် သည်းခံနိုင်ပါတယ်”
သူ့နှာခေါင်းမှ နှာရည်များကျနေသည့်တိုင် သူက ရထားလုံးကို ကူမောင်းပေးချင်နေသေးသည်။ ထိုအမူအရာက စူးချင်းကို အပြစ်ရှိသလို ပိုခံစားရစေခဲ့သည်။
"မင်း ဒီနေ့ အနားယူလိုက်ပါ။ မင်း နားနေဖို့နေရာတစ်ခု စီစဉ်ပေးခဲ့မယ်"
စူးချင်းက ထိုအစေခံကို သူမနောက်သို့ လိုက်ခွင့်မပေးတော့ဘဲ မွေးစားအမေ၏အိမ်သို့ ပြန်ပို့ပေး လိုက်သည်။ ထိုအစေခံ တစ်ညလုံး အေးခဲနေခဲ့ကြောင်း ကြားလိုက်ရချိန်တွင် အမျိုးသမီးလီက သူ့အတွက် ယာဂုပူပူတစ်ပန်းကန် ချက်ချင်း ချက်ပေးခဲ့သည်။ စူးချင်းက ထိုအစေခံ၏လက်မှ နှင်းကိုက်ရာများကို တစ်ချက်ကြည့်လိုက်ပြီး သူ့အအေးမိခြင်းနှင့် နှင်းကိုက်ရာများ သက်သာစေရန် ထိုအစေခံအတွက် ဆေးလည်း ထုတ်ပေးခဲ့သေးသည်။
ထိုသို့နှောင့်နှေးကြန့်ကြာနေပြီးနောက် စူးချင်းနှင့် ကျိရှောင်ယင်တို့က မြို့တံခါးဆီသို့ အပြေးအလွှား ထွက်ခွာလာကြပြီး ကျုံးယုံက နှင်းလူသားအဖြစ် ပြောင်းလဲနေသည်ကို သူမတို့ တွေ့လိုက်ရသည်။ သူက ကြာပွတ်ကို ပွေ့ဖက်ထားရင်း သူမတို့ကို စောင့်မျှော်နေခဲ့ပြီး စူးချင်းကို တွေ့လိုက်ချိန်တွင် ဝမ်းသာအားရ အော်ခေါ်လိုက်သည်။
"ဆရာ၊ အခု သွားတော့မှာလား?"
"အင်း၊ သွားကြမယ်"
စူးချင်းက ဖွင့်ထားသည့် မြို့တံခါးကို ကြည့်ပြီး အနည်းငယ် စိတ်စောနေမိသည်။
သူမ အတောင်ပံတွေ ပေါက်ပြီး တာ့ထန်ကို ပျံသန်းသွားလိုက်ချင်တယ်။ ရွှေရှန့်က အဲ့နေရာမှာ သူမကို စောင့်မျှော်နေလိမ့်မယ်။
သူတို့ မြို့ထဲမှ ထွက်ခွာလာချိန်တွင် ဆီးနှင်းများပေါ်တွင် လဲပြိုကျရင်း တောင်ဝှေးများ ကိုင်ဆောင်ကာ မိုမြို့ဆီသို့ ဦးတည်နေသည့် ဒုက္ခသည်အများအပြားကို တွေ့လိုက်ရသည်။
"မော့ချန်မှာ ဒုက္ခသည်တွေ ပိုများလာပြီ"
စူးချင်းက ဒုက္ခသည်များကို ကြည့်ရင်း ပြောလိုက်သည်။ ကျိရှောင်ယင်လည်း စူးချင်းနှင့်အတူ ရထားခုံတွင် ထိုင်နေသောကြောင့် ဒုက္ခသည်များကို စာနာစိတ်ဖြင့် လှမ်းကြည့်နေကာ ညည်းတွားနေခဲ့သည်။
“သနားစရာ ကောင်းလိုက်တာ။ သူတို့အားလုံး အဝတ်တစ်လွှာပဲ ဝတ်ထားကြတယ်။ ဒီရာသီဥတုမှာ အေးခဲပြီး သေသွားနိုင်တယ်”
“ဟုတ်တယ်”
စူးချင်းကတော့ သူမ၏အကြည့်ကို ပြန်လွှဲလိုက်ပြီ ဖြစ်သည်။ သူမက ကျိရှောင်ယင်ကြံသို့ ပျော့ညံ့သူ မဟုတ်သောကြောင့် သူမ မသိသောလူများကို မသနားနိုင်ပေ။ မော့ချန်တွင် ဒုက္ခသည် အများအပြားကို လက်ခံနေရခြင်းက သိပ်မကောင်းလှပေ၊ ၎င်းတို့ ကြားထဲတွင် သူလျှိုများ ရှိနေနိုင်သဖြင့် မော့ချန်၏လုံခြုံရေးကို သိသိသာသာ ခြိမ်းခြောက်လာပြီ ဖြစ်သည်။
သို့သော်လည်း တစ်ဖက်တွင်မူ သူတို့ကို မဖြစ်မနေ လက်ခံရမည် ဖြစ်သည်။
အခုလို အေးခဲတဲ့ ရာသီဥတုမှာ ဒုက္ခသည်တွေကို လက်မခံပေးရင် သူတို့အားလုံး သေကုန်လိုက်မယ်။
"ကျုံးယုံ၊ မင်း အချိန်ယူပြီး ဖြည်းဖြည်းလိုက်လာခဲ့။ ငါ ရှောင်ယင်နဲ့အတူ အရှေ့က သွားနှင့်မယ်"
ကျုံးယုံ၏လှည်းများက အလွန်နှေးကွေးသည်ဟု ခံစားမိသောကြောသ့် စူးချင်းက သူ့ကို မစောင့်ချင်တော့ပေ။ ကျောက်မီးသွေးများက လေးလံလွန်းသည့်အပြင် မြင်းများက နှင်းထူသော လမ်းမျာပေါ်တွင် ရုန်းကုန်နေရသောကြောင့် အမြန်သွားနိုင်ရန် ခက်ခဲလှသည်။
“… ကောင်းပါပြီ”
ကျုံးယုံက သူမတို့ဘာသာ ထွက်သွားခြင်းက မလုံခြုံဘူးဟု စူးချင်းကို ပြောရန် ပြင်လိုက်သော်လည်း သူ့ဆရာ၏ အရည်အချင်းများကို ပြန်တွေးမိသွားပြီး သူ့စကားများကို မျိုချလိုက်သည်။ သူမှာ သူမကို ကာကွယ်ပေးမယ်လို့ ပြောဖို့ အရည်အချင်း မရှိဘူး။
စူးချင်းကတော့ ကျုံးယုံ ဘာတွေ တွေးနေမှန်း မသိခဲ့ပေ။ ထိုသို့ပြောပြီးနောက် သူမက သူမ၏ရထားလုံးကို အရှိန်မြှင့်လိုက်သည်။ တာ့ဟေး၏ခြေလေးချောင်းလုံးက ခိုင်မာလှပြီး နှင်းများပေါ်တွင် မှန်မှန်ပြေးနေလေသည်။
ယခုအချိန်တွင် လမ်းပေါ်၌ သွားလာသူ အလွန်နည်းပါးနေပြီး လမ်းပေါ်တွင် လှည်းဘီးရာများပင် မရှိတော့ပေ။ နှင်းများက အလွန်ထူလာပြီး ရထားလုံး၏ဘီးတစ်ဝက်လောက်က နှင်းထဲတွင်မြုပ်နေသောကြောင့် ခရီးသွားနေရသည့် အရှိန်က ထင်သလောက် မမြင်နိုင်တော့ပေ။
အများအားဖြင့် မော့ချန်မှ နံနက်ခင်း စထွက်လာလျှင် တာ့ချန်သို့ နေ့ခင်းဘက်တွင် ရောက်ဘာလေ့ရှိသော်လည်း ယနေ့ ဆီးနှင်းများ ထူထပ်စွာ ကျနေသောကြောင့် တာ့ချန်သို့ မရောက်ခင် မှောင်နေပြီ ဖြစ်သည်။
သူမတို့ တာ့ထန်၏မြို့တော်ဖြစ်သော တာ့ချန်သို့ ရောက်လာချိန်တွင် စစ်သည်များက သူမတို့ကို စစ်ဆေးကြသည်။ စူးချင်းက ဧကရာဇ်ကြီး ပေးထားခဲ့သည့် ဖြတ်သန်ခွင့်လက်မှတ်ကို ထုတ်ပြလိုက်ပြီး တာ့ထန်၏စစ်သည်များက သူမတို့ကို အမြန် ဖြတ်သန်းခွင့်ပေးလိုက်သည်။
လက်ရှိတွင် အဓိက ပြသနာမှာ တာ့ချန်က ကျင့်ရှီလျိုမြောင်ထက် ကြီးမားပြီး နေရာတိုင်းတွင် တဲနန်းကြီးများ ရှိနေလေသည်။ သူမတို့ ကျိရွှေရှန့်ကို မည်သို့ရှာရမှန်း မသိတော့ပေ။
စူးချင်းက ထိုအကြောင်းကို ခဏလောက် တွေးလိုက်ပြီး တတိယမင်းသားကို အရင်သွားရှာရန် ဆုံးဖြတ်လိုက်သည်။ သူမက တတိယမင်းသားနှင့် စီးပွားရေး လုပ်နေသောကြောင့် ကျိရွှေရှန့်အနေဖြင့် သူမကို စောင့်ချင်လျှင် တတိယမင်းသားကို လာရှာရမည် ဖြစ်သည်။
စူးချင်းက တတိယမင်းသား၏စခန်းဆီသို့ ရထားလုံးကို ဦးတည်ရန် ဆုံးဖြတ်လိုက်သည်။ ကျိရှောင်ယင် ရထားလုံးထဲတွင် မထိုင်ချင်တော့ပေ။ တာ့ထန်ထဲသို့ ဝင်လာပြီးသည်နှင့် သူမက စူးချင်းနှင့်အတူထိုင်ရန် အပြင်သို့ ထွက်လာခဲ့သည်။ ကံမကောင်းစွာဖြင့် မှောင်နေပြီး သူမ ဘာကိုမှ မမြင်ရပေ။ သို့သော်လည်း သူမက အပြင်ကို ဆက်ကြည့်နေသေးသည်။ မည်သို့ပင် ဖြစ်စေ တာ့ထန်သို့ ရောက်လာသည်နှင့် သူမက စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။
တတိယမင်းသား၏ စခန်းသို့ ရောက်သွားသောအခါ စူးချင်းက အော်ဟစ်ပြီး မြင်း၏ဇက်ကြိုးကို ဆွဲထားလိုက်သည်။ တာဝန်ကျနေသည့် စစ်သည်များက ချက်ချင်း ရောက်လာပြီး စစ်ဆေးကြသည်။ စူးချင်းကို တွေ့လိုက်ရချိန်တွင် သူတို့က ဆက်မစစ်ဆေးတော့ဘဲ သူမတို့ကို ဝင်ခွင့်ပြုလိုက်သည်။
တတိယမင်းသားက စူးချင်းကို အစစ်အဆေးမရှိ ဝင်ခွင့်ပြုရန် အမိန့်ပေးထားခဲ့သည်။ ကျိရှောင်ယင်က စူးချင်း အနောက်မှ အနီးကပ်လိုက်ပါသွားခဲ့သည်။
“သခင်မလေးစူး၊ ကျွန်တော်တို့ရဲ့မင်းသားက နန်းတော်ကို သွားနေပြီး ပြန်မလာသေးပါဘူး။ ကျွန်တော်က သခင်မလေးတို့အတွက် ညစာပြင်ဆင်ပေးပါ့မယ်။ ကျေးဇူးပြုပြီး ခြံထဲမှာ အရင်အနားယူပါ။ မင်းသား ပြန်လာတဲ့အခါ သခင်မလေး ဒီမှာ ရှိနေတယ်လို့ ချက်ချင်း သတင်းပို့ ပေးပါ့မယ်"
တတိယမင်းသားလေး၏ အိမ်တော်ထိန်းက စူးချင်းနှင့် ကျိရှောင်ယင်တို့ကို ဧည့်သည်တော်များအဖြစ် နွေးထွေးစွာ ဖိတ်ခေါ်ခဲ့ပြီး သူမတို့ကို လေးလေးစားစား ပြောဆိုဧည့်ခံခဲ့သည်။
“ကောင်းပါပြီ”
စူးချင်းက ခေါင်းညိတ်ပြ လိုက်သော်လည်း အိမ်တော်ထိန်း ပြန်ထွက်သွားခံနီးတွင် သူမက သူ့ကို လှမ်းတားလိုက်သည်။
"အိမ်တော်ထိန်းကြီး၊ ကျွန်မ ရှင့်ကို တစ်ခုလောက် မေးချင်တယ်"
"ကျေးဇူးပြုပြီး ပြောပါ"
အိမ်တော်ထိန်းက သူ့ခြေလှမ်းကို ရပ်လိုက်ပြီး စူးချင်းကို လှည့်ကြည့်ကာ သူမ ပြောလာမည့်စကားကို စောင့်နေလေသည်။
"လွန်ခဲ့တဲ့ နှစ်ရက်က မော့ချန်ကနေ တစ်ယောက်ယောက် ဒီကို ရောက်လာခဲ့သေးလား?"
စူးချင်းက သူမ ပြောပြလျှင်ပင် သူတို့ မသိနိုင်ဘူးဟု ယူဆလိုက်သောကြောင့် မော့ချန်မှ ဧည့်သည် ရှိ မရှိကိုသာ မေးမြန်းလိုက်သည်။
"မရှိဘူး၊ ဘယ်သူမှ မရောက်လာဘူး"
အိမ်တော်ထိန်းက အသေအချာ ခေါင်းခါပြလာခဲ့ပြီး စူးချင်းက အံ့အားသင့်နေခဲ့သည်။
သူမ အမှားလုပ်မိလို့ ဖြစ်နိုင်လား? ရွှေရှန့်က တတိယမင်းသားဆီကနေ သူမကို ဘာမစောင့်နေဘူးလား?
“အခု သွားလို့ ရပါပြီ”
အိမ်တော်ထိန်းကြီးက သူမ၏ညွှန်ကြားချက်ကို စောင့်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသောကြောင့် စူးချင်းက သူ့ကို လက်ဟန်ဖြင့် နှုတ်ဆက်လိုက်သည်။
အိမ်တော်ထိန်းက ထွက်သွားပြီးနောက် စူးချင်းက မျက်မှောင်ကြုတ်ကာ စဉ်းစားနေခဲ့သည်။