သိက္ခာကျစေခြင်း
Vol. 24 Ch. 352
ယဲ့လွီဆိုင့်ယာ၏အသံကို ကြားလိုက်ရသောကြောင့် ကျိရွှေရှန့်က သူ့၏မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ထူထဲသော မျက်ခုံးမွှေးများက စုကျုံသွားခဲ့သည်။
ညဉ့်နက်သန်းခေါင် အချိန်မှာ တိုင်းပြည်တစ်ခုရဲ့ မင်းသမီးတစ်ပါးက တိုင်းတပါးက ယောက်ျားတစ်ယောက်ရဲ့တံခါးကို လာခေါက်တယ်လား? သူမမှာ အရှက်မရှိဘူးလား?
သူတို့ကြားထဲတွင် တံခါးတစ်ချပ် ခြားနေသည့်တိုင် ကျိရွှေရှန့်တစ်ယောက် အဆင်မပြေသလို ခံစားနေရသည်။ သူက ရေထဲမှ အလျင်အမြန် ထရပ်ကာ မျက်နှာသုတ်ပုဝါဖြင့် အလျင်အမြန် သုတ်လိုက်ပြီးမှ သူ့အဝတ်အစားများကို ခပ်မြန်မြန် ပြန်၀တ်လိုက်သည်။ တံခါးအပြင်ဘက်ရှိ ယဲ့လွီဆိုင့်ယာကလည်း ရေသံများကို ကြားသွားခဲ့ပြီး ကျိရွှေရှန့်၏ သန်မာသော ခန္ဓာကိုယ်ကို စိတ်ကူးယဉ်နေကာ သူမ၏မျက်နှာက နီရဲလာတော့သည်။
ကျိရွှေရှန့်က သူမအတွက် တံခါးကို ချက်ချင်း ဖွင့်ပေးမည်ဟု သူမ တွေးနေပြီး တံခါးအပြင်ဘက်တွင် ရှက်ရှက်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း မထင်မှတ်ပဲ အတွင်းမှ အေးစက်ပြီး ခံစားချက်မဲ့သော အသံကိုသာ သူမ ကြားလိုက်ရသည်။
"ပြောစရာရှိရင် မနက်ဖြန်မှ ပြောပါ"
“ကျွန်မမှာ အရေးတကြီး ပြောစရာ ရှိလို့ပါ။ တံခါး အရင်ဖွင့်ပေးလို့ ရမလား?"
ယဲ့လွီဆိုင့်ယာက သူမ ကိုယ်တိုင် ရောက်လာခဲ့သည့်တိုင် သူက သူမကို တွေ့ခွင့်မပြုဘဲ နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမက လက်မလျှော့ဘဲ တံခါးကို ဆက်ခေါက်နေခဲ့သည်။
"မင်းသမီး၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို လေးစားပါ"
ကျိရွှေရှန့်၏မျက်နှာက ရေသေအိုင်ကဲ့သို့ မည်းမှောင်နေပြီး ယဲ့လွီဆိုင့်ယာက သူ့အား နှောက်ယှက်နေသည်ဟု တွေးကာ ယဉ်ယဉ်ကျေးကျေး ပြောမနေတော့ပေ။
တံခါးအပြင်ဘက်ရှိ ယဲ့လွီဆိုင့်ယာကလည်း ကျိရွှေရှန့်၏စကားကြောင့် အလွန် ဒေါသထွက်သွားခဲ့သည်။ သို့သော်လည်း တာ့ရှားပြည်ထောင်မှ လူများ၏ တင်းကျပ်သော စည်းမျဥ်းစည်းကမ်းများကို ပြန်တွေးလိုက်မိချိန်တွင် သူမ ဒေါသ မထွက်တော့ပေ။ သူမက ခြံအပြင်ဘက်တွင် ရပ်နေပြီး ကျိရွှေရှန့်ကို စကားစပြောလိုက်သည်။
"ဆိုင့်ယာရဲ့အသက်ကို နှစ်ကြိမ် ကယ်တင်ပေးခဲ့တဲ့အတွက် သခင်လေးကျိကို ကျေးဇူးတင်ပါတယ်"
ယဲ့လွီဆိုင့်ယာ၏အသံက အလွန်နူးညံ့နေပြီး သူမ၏ မျက်လုံးများက ပိတ်ထားသော တံခါးကို လှမ်းကြည့်နေခဲ့သည်။
“ဒါက စကားထဲထည့် ပြောဖို့တောင် မထိုက်တန်ပါဘူး။ မင်းသမီး... ကျေးဇူးပြုပြီး ပြန်သွားပါတော့”
ကျိရွှေရှန့်က အေးစက်နေဆဲဖြစ်ပြီး သူမ ထွက်သွားပေးရန် ထပ်မံတောင်းဆိုလိုက်သည်။
"ကျွန်မ ဘာလို့ အပြင်ကို ပြေးထွက်သွားတာလဲလို့ ရှင် မသိချင်ဘူးလား? ပြီးတော့ ကျွန်မရဲ့လက်ကျိုးသွားတာကိုတောင် ဂရုမစိုက်ဘူးလား?"
ယဲ့လွီဆိုင့်ယာက သူမ အလွန်အကျွံ နစ်နာသလို ခံစားနေရသည်။
သူမက ဘယ်သူ့အတွက်ကြောင့် အပြင်ကို ပြေးထွက်ခဲ့ရတာလဲ? သူမ လက်ကျိုးသွားတာတောင် သူက သူမကို တွေ့ဖို့ မလာခဲ့ဘူး။ သူမက သူ့ကို ရှာဖို့ လာပြန်တော့လည်း ထွက်တွေ့ဖို့ ငြင်းပယ်နေပြန်တယ်။
သူမက သူမ၏မကျေမနပ်ဖြစ်မှုကို ထုတ်ပြလိုက်ချိန်တွင် ကျိရွှေရှန့်၏မျက်ခုံးများက ပို၍ပင် စုကျုံလာခဲ့သည်။ ယခုတစ်ကြိမ်တွင် သူ့အသံကလည်း စိတ်မရှည်တော့သည်မှာ ထင်ရှားနေခဲ့သည်။
"မင်းသမီး၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို လေးစားပါ"
"ကိုယ့်ကိုကိုယ် လေးစားပါ... ကိုယ့်ကိုကိုယ် လေးစားရမယ် ဟုတ်လား? အားလုံးက ကိုယ့်ကိုကိုယ် လေးစားဖို့ တောင်းဆိုနေကြပေမယ့် ဘယ်သူက ကျွန်မကို ဂရုစိုက်လို့လဲ? ခမည်းတော်က ကျွန်မရဲ့မယ်တော်ကို အအေးနန်းဆောင်အထိ နှင်ထုတ်လိုက်ပြီ၊ ပြီးတော့ ဒုတိယအစ်ကိုတော်ကိုလည်း အကျဥ်းချထားခဲ့တယ်။ ကျွန်မ ဘယ်သူ့ကိုမှ တွေ့ခွင့်မရဘဲ တစ်ယောက်တည်း ဖြစ်နေပြီ။ ခမည်းတော်က ကျွန်မကို ဟာဆဲတိုင်းပြည်က မင်းသားနဲ့ ထိမ်းမြားပေးချင်နေတယ်။ ကျွန်မ သူနဲ့အတူ မနေချင်ဘူး၊ ကျွန်မ ရှင့်ကိုပဲ ကြိုက်တယ်"
ကျိရွှေရှန့်ဆီမှ ကိုယ်ကိုယ့်ကို လေးစားပါဟူသော စကားကို ထပ်ခါတလဲလဲ ကြားနေရကြောင့် ယဲ့လွီဆိုင့်ယာလည်း ဒေါသထွက်လာခဲ့သည်။ မူလကတည်းက သူမက ကျိရွှေရှန့်ကို အော်ပြောပြီးရင်း အော်ပြောချင်နေခဲ့သည်။ နောက်ဆုံးတွင် သူမ ချစ်ရသူဆီမှ ငြင်းပယ်ခြင်းကို ခံလိုက်ရသောကြောင့် သူမ၏မကျေနပ်မှုများ ပေါက်ကွဲထွက်လာခဲ့သည်။
“ဒီလူမှာ ရည်ရွယ်ထားတဲ့သူ ရှိနေပြီးသားပါ၊ မင်းသမီးအပေါ်မှာ ဘာခံစားချက်မှ မရှိပါဘူး။ ကျေးဇူးပြုပြီး မြန်မြန်ထွက်သွားပေးပါ”
ကျိရွှေရှန့်ကလည်း ယဲ့လွီဆိုင့်ယာ ထိုသို့ ရုတ်တရက် ဝန်ခံလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ့အတွက် ယခုလို အဖြစ်မျိုး ပထမဆုံး ကြုံဖူးခဲ့ခြင်း ဖြစ်သော်လည်း သူက ယဲ့လွီဆိုင့်ယာ၏အတွေးအားလုံးကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်သည်။
ဧကရီနဲ့ ဒုတိယမင်းသားက သူတို့ကိုယ်တိုင် မကောင်းမှုကို ကျူးလွန်ခဲ့တဲ့သူတွေပဲ။ ဧကရာဇ်တစ်ပါးအနေနဲ့ဆိုရင် ဧကရာဇ်အိုကြီးက အများကြီး ကရုဏာထားပေးခဲ့တယ်လို့တောင် ပြောနိုင်သေးတယ်။ တကယ်တော့ ဧကရီနဲ့ ဒုတိယမင်းသားတို့က ပုန်ကန်ပြီး ဧကရာဇ်အပါအဝင် တော်ဝင်မိသားစုကို ဖျက်ဆီးဖို့ ကြံစည်ခဲ့တာလေ။ အဲ့ပြစ်မှုက ဆွေစဥ်ကိုးဆက် သတ်ပစ်ဖို့တောင် လုံလောက်နေသေးတယ်။
တကယ်ဆို သူတို့ကို အသက်ရှင်ခွင့်ပေးလိုက်တာက ဘေးဥပဒ်ဖြစ်စေမယ့် အန္တရာယ်တွေကို ချန်ထားတာနဲ့တောင် တူနေသေးတယ်။ ယဲ့လွီဆိုင့်ယာဆိုရင်လည်း ဧကရာဇ်က သူမကို ချစ်မြတ်နိုးတာကြောင့် သူမ ဘာမှ ငြိစွန်းခြင်းသလို ပြစ်ဒဏ်ပေးခံရတာလည်း မရှိခဲ့ဘူး။ ဒါတောင်မှ သူမ စောဒကတက်သေးတယ်။ သူ တကယ် စိတ်ရှုပ်နေပြီ။
သူမ သူ့ကို သဘောကျနေတာကလည်း သူ့အတွက်တော့ ဂုဏ်ယူစရာ မရှိဘူး။ သူက ချင်းအာကို သူ့ဘဝတစ်သက်တာလုံး သူမနဲ့ အတူရှိမယ်လို့ ကတိပေးထားခဲ့ပြီပြီ။ သူ့မျက်လုံးထဲမှာတော့ ချင်းအာက လွဲပြီး အခြားအမျိုးသမီးတွေအားလုံးက သာမန်ကာလျှံကာ ဖြတ်သွားဖြတ်လာတွေပဲ။
သူမက တိုင်းပြည်တစ်ခုက မင်းသမီး ဆိုရင်တောင် သူ့မျက်လုံးထဲမှာတော့ သူမက သူရဲ့ချင်းအာနဲ့ မြူတစ်မှုန်စာတောင် မနှိုင်းယှဉ်နိုင်ဘူး။
"ရှင့်မှာ တခြားမိန်းမတွေရှိရင်တောင် ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မ ရှင့်ဇနီး ဖြစ်လာရင် သူ(မ)ကို ရှင့်ရဲ့ကိုယ်လုပ်တော်အဖြစ် ခွင့်ပြုပေးမယ်၊ ခမည်းတော်ဧကရာဇ်က ရှင့်ကို အရမ်းလေးစားတယ်။ ရှင် သဘောတူလိုက်သရွေ့ ရှင့်ဆန္ဒအတိုင်း ဖြစ်အောင် ခမည်းတော်ကို ကျွန်မ တောင်းဆိုပေးမယ်”
(T/N: ပုံမှန်ဆိုရင် ယဲ့လွီဆိုင့်ယာက မင်းသမီး ဖြစ်နေပြီး ကျိရွေ့ရှန့်က သာမာန်လူ ဖြစ်နေလို့ ကိုယ်လုပ်တော် ထားခွင့်မရှိပါဘူး၊ ပြောရရင်တော့ ယဲ့လွီဆိုင့်ယာက သူက မင်းသမီးတစ်ယောက်အနေနဲ့ သဘောထားကြီးပေးတယ်ပေါ့လေ)
ယဲ့လွီဆိုင့်ယာက သူမ အလွန်နှိမ့်ချပေးလိုက်သည်ဟု သတ်မှတ်ခဲ့သည်။ တိုင်းပြည်တစ်ခု၏ မင်းသမီးတစ်ယောက်အနေဖြင့် သူမက သာမန်အမျိူးသမီးတစ်ယောက်အား ခင်ပွန်းဖြစ်သူကို မျှဝေခွင့်ပေးရန် ဆန္ဒရှိနေခဲ့သည်။ ကျိရွှေရှန့်၏အသက်အရွယ်အရ သူ အိမ်ထောင်မပြုရသေးခြင်း မဖြစ်နိုင်ကြောင်း သူမ တွေးထားပြီးပြီ ဖြစ်သည်။ တာ့ရှားပြည်ထောင်မှ အမျိုးသားများအားလုံးက စောစောစီးစီး လက်ထပ်ကြပြီး သူမ ထိုသို့ ဖြစ်နိုင်ချေကို တွေးထားပြီပြီ ဖြစ်သောကြောင့် သူ့ထံတွင် မိန်းမရှိနေမည်ကို သူမ ဂရုမစိုက်ပေ။
“မဖြစ်နိုင်ဘူး။ ဒီလူက ဒီတစ်သက်မှာ ချင်းအာတစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးပြီး တခြားမိန်းမတစ်ယောက်ကို လက်ခံနိုင်မှာ မဟုတ်ဘူး။ မင်းသမီး ကျေးဇူးပြုပြီး မြန်မြန် ထွက်သွားပါတော့။ ကျုပ်ကို မနှောက်ယှက်ပါနဲ့တော့"
ကျိရွှေရှန့်ကလည်း ဒေါသထွက်နေပြီဖြစ်ကာ သူမကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
သူမက သူ့ရဲ့ချင်းအာကို ကိုယ်လုပ်တော် ဖြစ်စေချင်တယ်တဲ့သလား? သူ အဲ့လိုစကားမျိုး ကြားလိုက်ရလိုက် တခြားတစ်ယောက်က ရိုက်နှက်မိတယ်ဆိုတဲ့အကြောင်း ချင်းအာကို ပြန်ပြောပြရင်တောင် သူရဲ့ချင်းအားကို စော်ကားမိသလို ဖြစ်နေဦးမယ်။
နောက်ဆုံးတွင် သူက ယဲ့လွီဆိုင့်ယာအပေါ် လုံးဝ မယဉ်ကျေးတော့ဘဲ သူမထံတွင် အရှက်မရှိဘူးလားဟု မေးလုနီးပါး ဖြစ်လာခဲ့သည်။
“တန်းတူဇနီး ဖြစ်မယ်ဆိုရင်တောင် ကျွန်မ လက်ခံပေးနိုင်ပါတယ်။ ရှင်သဘောတူနေသရွေ့ တာ့ထန်ရဲ့ကြင်ယာတော်မင်းသား ဖြစ်လာလိမ့်မယ်။ အနာဂတ်မှာ ရှင် တစ်ခုခု လိုအပ်လာရင် ခမည်းတော်က ရှင့်ကို ကူညီပေးမှာ သေချာပါတယ်။ ရှင့်ရဲ့အထောက်အထားက ထူးခြားတယ်လို့ မယ်တော်က ပြောခဲ့ဖူးတယ်။ ရှင် လက်စားချေချင်ရင် အကူအညီ လိုတယ်”
သူမ ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပေးနိုင်သည့်တိုင် ကျိရွှေရှန့်က မလှုပ်မယှက်ဖြစ်နေမည်ဟု ယဲ့လွီဆိုင့်ယာ မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း သူ ပိုငြင်းလေလေ ယဲ့လွီဆိုင့်ယာက သူ့ကို ပိုသဘောကျလေလေ ဖြစ်လာခဲ့သည်။
ယောကျ်ားတစ်ယောက်က သူ့မိန်းမအတွက် မင်းသမီးတစ်ယောက်ကို ငြင်းပယ်နိုင်တယ်တဲ့လား? ဒါက ဘယ်လောက်တောင် သစ္စာတရားကို တန်ဖိုးထားတဲ့လူလဲ?
သူမလည်း ထိုကဲ့သို့သော အချစ်မျိုးကို လိုချင်သောကြောင့် ယဲ့လွီဆိုင့်ယာက စိတ်ပြောင်းသွားပြီး ထိုချင်းအာ၏တန်းတူဇနီးဖြစ်ရန် ဆန္ဒရှိလာခဲ့သည်။ ထို့အပြင် သူမက ကျိရွှေရှန့်၏အထောက်အထားကိုလည်း သိထားခဲ့သေးသည်။
မော့ချန်ရှိ သူမတို့၏သူလျှိုတစ်ဦးက ထိုလျှို့ဝှက်သတင်းကို မြို့တော်သို့ ပြန်ပို့ထားပြီးသား ဖြစ်သည်။ မော့ချန်ကို ကာကွယ်ပေးခဲ့သူက စစ်သူကြီးရှောင်းဟမ်၏သားဖြစ်ကြောင်း သတင်းပို့ခဲ့ပြီး အစပိုင်းတွင် ဤလျှို့ဝှက်အစီရင်ခံစာက ပထမမင်းသား၏လက်ထဲသို့ ကျရောက်သွားခဲ့သည်။ ပထမမင်းသားက ရှောင်းဟမ်ရဲ့သားကို ဂရုမစိုက်ပေ။ သူက သားမပြောနှင့် အဖေကိုပင် မကြောက်ဘူးဟု တုံ့ပြန်ခဲ့သည်။
ထို့ကြောင့် ပထမမင်းသား ထိုအကြောင်းအရာကို နှလုံးမသွင်းခဲ့ပေ။ သို့သော် ပထမမင်းသား အာဏာဆုံးရှုံးပြီးနောက် ယဲ့ချန်ရှန်းက ဧကရီ၏လက်ထဲသို့ ကျရောက်သွားခဲ့ပြီး ဧကရီအား သူ့အသက်ကို ကယ်တင်ပေးရန် ဤအချက်အလက်ကို ပြောပြခဲ့သည်။
ကျိရွှေရှန့်က သူ့အဖေအတွက် လက်စားချေလိမ့်မည်ဟု ဧကရီက ခန့်မှန်းခဲ့သော်လည်း သူမကတော့ သူ လက်စားချေနိုင်မည်ဟု မထင်ခဲ့ပေ။
စစ်သည်မရှိ၊ ငွေမရှိ၊ လက်နက်မရှိဘဲ တိုင်းပြည်ရဲ့အုပ်စိုးသူကို လက်စားချေချင်နေတာက ကောင်းကင်ဘုံကို တက်ရတာထက်တောင် ခက်ခဲဦးမယ်။
ထို့ကြောင့် သူမကလည်း ထိုအကြောင်းကို ဒုတိယမင်းသားနှင့် အတင်းအဖျင်းပြောသလိုသာ ပြောခဲ့ပြီး လှောင်ပြောင်ခဲ့လေသည်။ ဒုတိယမင်းသားက သူ၏ညီမလေးကို အမှတ်တမဲ့ ပြန်ပြောပြခဲ့ပြီး ယဲ့လွီဆိုင့်ယာက ကျိရွှေရှန့် လက်စားချေနိုင်ရန် ကူညီပေးဖို့ မိခင်ဖြစ်သူကို တောင်းပန်ခဲ့သည်။ ဧကရီက သူမကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး သမီးဖြစ်သူ၏ အတွေးအမြင်ကို သိသွားပြီးနောက် ယဲ့လွီဆိုင့်ယာကို ကျိရွှေရှန့်နှင့် ထပ်မံတွေ့ခွင့် မပေးတော့ပေ။
ကျိရွှေရှန့်က ဤအရာများကို မသိခဲ့ပေ။ သူတွေးနေသည်က တစ်ခြားအကြောင်းအရာ ဖြစ်သည်။
တာ့ထန်ရဲ့မင်းသမီးကတောင် သူ့အထောက်အထားကို သိနေရင် တာ့ထန်ဧကရာဇ်လည်း သိနေတယ်လို့ ပြောလို့ရတယ်။ နန်းတွင်းနဲ့ ဝမ်မိသားစုစစ်တပ်ကရော သိနေကြပြီလား?
သူတို့ သိသွားပြီဆိုရင် သူ့ကို နှိမ်နင်းဖို့ စစ်တပ်ကို စေလွှတ်လိုက်မယ်။ အဲ့ဒါဆိုရင် မော့ချန်က အန္တရာယ်ကျရောက်လာလိမ့်မယ်။
ကျိရွှေရှန့်က မော့ချန်၏လုံခြုံရေးအတွက် တွေးနေသည်ကို ယဲ့လွီဆိုင့်ယာ မသိနိုင်ခဲ့ပေ။ သူမက သူ၏တုံ့ပြန်မှုကို အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ပြီး သူ့ထံမှ အသံထပ်မကြားရတော့ပေ။ ထို့ကြောင့် သူမ၏ရိုးသားမှုက ကျိရွှေ့ရှန့်ကို လှုံ့ဆော်ပေးနိုင်လိုက်သည်ဟု သူမ ခံစားလိုက်ရသည်။ သူမက ကျိရွှေရှန့် တံခါးဖွင့်လာမည်ကို မျှော်လင့်တကြီး စောင့်စားနေခဲ့သည်။
ဒီည ဆန်ကနေ ထမင်းဖြစ်သွားရင် မနက်ဖြန်ရောက်တာနဲ့ သူမရဲ့ခမည်းတော်က သူမတို့ကို ထိမ်းမြားခွင့်ပေးတာကလွဲရင် ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။
"သခင်လေးကျိ"
ညအချိန်ဖြစ်သည့်အပြင် နှင်းများ ထူထပ်စွာ ကျဆင်းနေပြီး အေးလွန်းသောကြောင့် ရေစက်လေးများကိုပင် အေးခဲသွားစေနိုင်သည်။ ယဲ့လွီဆိုင့်ယာက အပေါ်ရုံကို ဝတ်ဆင်ထားသော်လည်း သူမ အေးခဲနေဆဲဖြစ်သည်။ သူမ ကျိရွှေရှန့် တံခါးဖွင့်ပေးလာမည်ကို စောင့်မျှော်နေခဲ့သော်လည်း သူက လုံးဝ မဖွင့်ပေးခဲ့ပေ။ သူမ၏ကျိုးနေသောလက်မောင်းက ပို၍ ပို၍ နာကျင်လာသောကြောင့် သူမ သူ့ကို ဆက်မတိုက်တွန်းနိုင်တော့ပေ။
"မင်းသမီး မြန်မြန်ထွက်သွားပါ။ တခြားသူတွေက မင်းကို မြင်သွားရင် ကျူပ်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်”
ကျိရွှေရှန့်က ယဲ့လွီဆိုင့်ယာ၏အသံကို ကြားလိုက်ပြီး အံ့အားသင့်သွားခဲ့သည်။ သူက ယဲ့လွီဆိုင့်ယာ ထွက်သွားပြီဟု ထင်ထားခဲ့ပြီး ယဥ်ကျေးမနေတော့ဘဲ အရှက်မရှိသည့် ယဲ့လွီဆိုင့်ယာကို ခပ်ရှင်းရှင်း တုံ့ပြန်လိုက်သည်။
"ရှင်... ရှင် ဘာလို့ ကျွန်မကို ဒီလို စော်ကားနိုင်ရတာလဲ?"
ကျိရွှေရှန့်၏စကားကို ကြားရချိန်တွင် ယဲ့လွီဆိုင့်ယာက ဒေါသကြောင့် ငိုချလိုက်တော့သည်။
သူမက လက်ကျိုးနေတဲ့ ဝေဒနာကို ကြံ့ကြံ့ခံပြီး လေနဲ့ နှင်းတွေကြားမှာ သူ့ကို တွေ့ဖို့ ရောက်လာခဲ့တယ်။ သူမက သူမရဲ့အချစ်ကို ဝန်ခံခဲ့ပေမယ့် ကျိရွှေရှန့်ရဲ့မျက်လုံးတွေထဲမှာ သူမက သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်တဲ့သူ ဖြစ်နေတယ်တဲ့လား?
“တိုင်းပြည်တစ်ပြည်ရဲ့ မင်းသမီးက ညသန်းခေါင်မှာ ယောက်ျားတစ်ယောက်ရဲ့ တံခါးကို လာခေါက်တာက မင်း အရှက်မဲ့လွန်းလို့ အရှက်ခွဲဖို့ တောင်းဆိုနေတာ မဟုတ်ဘူးလား”
ကျိရွှေရှန့်၏ စိတ်ရှည်မှုက ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။ အခု သူ တာ့ထန်ကို စော်ကားမိမှာ မကြောက်တော့ဘူး။ ကြည့်ရတာ သူ လက်ရှိမင်းဆက်ကို စပုန်ကန်တာနဲ့ တာ့ထန်က စလှုပ်ရှားတော့မယ့်ပုံပဲ။ သူ လက်ရှိမင်းဆက်ကို သိမ်းပိုက်ပြီးတာနဲ့ ပထမဆုံးလုပ်ရမယ့်အရာက တာ့ထန်ကို ဖျက်ဆီးပစ်ဖို့ပဲ။
ကျိရွှေရှန့်က သူ့ထံတွင် စိုးရိမ်စရာ မရှိတော့သည့်အတွက် ယဲ့လွီဆိုင့်ယာကို ယဉ်ကျေးနေရန် မလိုတော့ဘူးဟု တွေးလိုက်ပြီး သူမကို တိုက်ရိုက် ကြိမ်းမောင်းကာ သူ့ဘာသာသူ အနားယူလိုက်တော့သည်။
သူမ၏ ချစ်ရသူထံမှ ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရသည့်အတွက် ယဲ့လွီဆိုင့်ယာက မျက်ရည်များ ကျလာပြီး ထိုနေရာတွင် ဆက်နေရန် မျက်နှာမရှိတော့သည့်အတွက် ငိုယိုရင်း ထွက်ပြေးသွားတော့သည်။
အချစ်ကို မပိုင်ဆိုင်နိုင်သည့်အခါ အမုန်းတရားများ ဖြစ်ပေါ်လာတက်ပြီး ကျိရွှေရှန့်ကလည်း အကြင်နာကင်းမဲ့သူဖြစ်သည့်အတွက် ယဲ့လွီဆိုင်ယာက သူ့ကို မုန်းတီးသွားပြီး သူမ သူ့ကို မရနိုင်ပါက ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်သည်။
နောက်ဆုံးတွင် ယဲ့လွီဆိုင့်ယာက သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ခမည်းတော်ရှိရာ နန်းတော်ဆီသို့ ပြေးသွားတော့သည်။