← Chapters

သူမ သူ့ကို ချစ်တယ်

Vol. 24 Ch. 354

သူမ သူ့ကို ချစ်တယ်

Vol. 24 Ch. 354

ကျိ‌ရွှေရှန့်က သူ ယဲ့လွီဆိုင့်ယာအား အရှက်ရစေမည့် စကားလုံးများ သုံးစွဲခဲ့သည့်အကြောင်း ဧကရာဇ်အိုကြီး ပြောနေသည်ဟု ထင်နေခဲ့ပြီး သူက ခုခံခြင်း မပြုဘဲ ကန်ချက်ကို လက်ခံခဲ့သည်။ သို့သော် သူက ဧကရာဇ်အိုကြီးကို မကြောက်မရွံ့ ပြန်ကြည့်ကာ “ဧကရာဇ် ဒီကိစ္စအတွက် ပြောချင်တာဆိုရင်တော့ ကျူပ် မမှားခဲ့ဘူး”

"မင်း ဘာမှ မမှားဘူးလား?"

ဧကရာဇ်အိုကြီးက ဒေါသအမျက်ထွက်လာပြန်သည်။

သူ ပြောတာက သူ မမှားဘူးတဲ့လား? တာ့ထန်ရဲ့မင်းသမီးကို အနိုင်ကျင့်ခဲ့တာက သူ့မျက်လုံးထဲမှာ ဘာမှမဟုတ်တာ ဖြစ်နေနိုင်လား?

"ငါ မင်းကို သတ်မယ်"

ဧကရာဇ်အိုကြီးက စင်ပေါ်တွင် ချိတ်ဆွဲထားသည့်ဓားကို ဆွဲထုတ်လိုက်ပြီး ကျိ‌ရွှေရှန့်ထံသို့ တိုက်ရိုက် ပြေးသွားကာ သူ့ကို သတ်ရန် ပြင်လိုက်သည်။

"ဧကရာဇ်မင်းမြတ် အဲ့လိုလုပ်လို့ မဖြစ်ပါဘူး"

ကြင်ယာတော်လီက သတိပေးချင်ပုံဖြင့် အော်ပြောလိုက်ပြီး ဧကရာဇ်အိုကြီးကို တားဆီးရန် ရောက်ရှိလာခဲ့သည်။

"အိုက်ဖေး... ကျန်းကို မတားနဲ့"

(t/n; အိုက်ဖေး ဆိုတာက အိုက်က ချစ်ခင်တယ်က အိုက်ပါ၊ ဖေးကတော့ ကြင်ယာတော်ပါ.... ဘုရင်ကနေ သူရဲ့ကြင်ယာတော်ကို ခေါ်တဲ့ အာလုပ်စကားပါ)

ဧကရာဇ်အိုကြီး အလွန်ဒေါသ ထွက်နေပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း ကြင်ယာတော်လီအား ထိခိုက်သွားမည်ကို စိုးရိမ်နေသောကြောင့် ‌ရှေ့ဆက် မတိုးတော့ပေ။

"ခမည်းတော်၊ အဲ့လို မလုပ်ပါနဲ့!"

ယဲ့လွီဆိုင့်ယာလည်း ထိတ်လန့်သွားခဲ့သည်။ သူမက ကျိ‌ရွှေရှန့်ကို မသေစေချင်ဘဲ သူမ သူ့ကို လက်ထပ်ချင်နေရုံသာ ဖြစ်သည်။ ထို့ကြောင့် သူမက ကျိ‌ရွှေရှန့်၏ရှေ့သို့ အလျင်စလို ပြေးဝင်လာပြီး သူမ၏လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ကာပေးထားရင်း ငိုယိုပြီး အသနားခံနေခဲ့သည်။

ကျိ‌ရွှေရှန့်က ယဲ့လွီဆိုင့်ယာ၏ ရှုပ်ပွနေသည့် ဆံပင်များကို ယခုမှ သတိပြုမိသွားပြီး ဧကရာဇ်အိုကြီး အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေသည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူက ချက်ခြင်းဒေါသထွက်သွားပြီး မင်းသမီးကို ကရားရေလွှတ် ဆူပူကြိမ်းမောင်းတော့သည်။

“မင်းသမီး၊ ဒီလူက ဒါကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီ၊ ကျူပ်မှာ ချင်းအာ ရှိပြီးသား၊ မင်းကို ဘယ်တော့မှ လက်မထပ်ဘူး"

"ရှင်?"

ကျိ‌ရွှေရှန့်က သေရမည့်အချိန်၌ပင် စိတ်မပြောင်းသေးကြောင်း ယဲ့လွီဆိုင့်ယာ နားလည်သွားခဲ့သည်။ ထို့ကြောင့် သူမက ဒေါသတကြီး အံကြိတ်လိုက်ပြီး "ရှင် သေချင်နေတယ်ဆိုရင်လည်း ကျွန်မ ရှင့်ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ကြင်ယာတော်လီကတော့ တစ်ခုခု မှားနေကြောင်း လုံးဝ သေချာသွားခဲ့သည်။

သူတို့ပြောနေတဲ့စကားများအရ မင်းသမီးက ကျိ‌ရွှေရှန့်ကို လက်ထပ်ဖို့ တောင်းဆိုခဲ့ပုံရပေမယ့် ကျိ‌ရွှေရှန့်က သူ့မှာ ချစ်သူရှိတယ်လို့ ပြောပြီး ငြင်းလိုက်ပုံရတယ်။

မင်းသမီးက ကျိ‌ရွှေရှန့်ဆီကနေ အနိုင်ကျင့်ခံရသလို ဟန်ဆောင်ပြီး ကျိ‌ရွှေရှန့်နဲ့ လက်ထပ်ခွင့်ရဖို့ ဧကရာဇ်မင်းကို အတင်းအကြပ် တောင်းဆိုနေခဲ့တာပဲ။

ထိုအရာက ကြင်ယာတော်လီ၏အသိတရားများ အားလုံးကို ဖျက်စီးပစ်နေသလို ဖြစ်လာခဲ့သည်။

တော်ဝင်မင်းသမီးတစ်ပါးက ဒီလောက်တောင် အရှက်မဲ့နိုင်တယ်လား?

အမျက်ဒေါသ ထွက်နေသည့် ဧကရာဇ်အိုကြီးကတော့ သူ့သမီးတော်နှင့် ကျိ‌ရွှေရှန့်၏စကားကို နားမလည်သေးပေ။ ကျိ‌ရွှေရှန့်က သူ့သမီးတော်ကို အခွင့်ကောင်းယူခဲ့ပြီး တာဝန်မယူချင်ဘူးဟု သူ ထင်သွားခဲ့ပြီး ပို၍ပင် ဒေါသဖြစ်လာပြန်သည်။ သူက ကျိ‌ရွှေရှန့်ကို မှုန်ကုပ်ကုပ်ကြည့်ကာ နန်းတော်အပြင်ဘက်သို့ လှမ်းအော် အမိန့်ပေးလိုက်သည်။

"မင်းချင်းတို့၊ လာကြစမ်း၊ ကျိ‌ရွှေရှန့်ကို ဆွဲထုတ်ပြီး သတ်ပစ်လိုက်ကြ!"

ဒီမတိုင်ခင်က သူလည်း ကျိ‌ရွှေရှန့်ကို သဘောကျနေခဲ့ပြီး ဒီလူငယ်က ရှားရှားပါးပါး အရည်အချင်းရှိတဲ့သူလို့ သူ ထင်ခဲ့ဖူးတယ်။ သူက ရဲရင့်ပြီး ရည်မှန်းချက်ကြီးသူဖြစ်တဲ့ ဒီလူငယ်ကို ချည်နှောင်ဖို့တောင် ကြံရွယ်နေခဲ့သေးတယ်။

ဒါပေမယ့် သူ့သမီးတော်က သူ့အချစ်ဆုံးသမီးလေးလေ၊ ကျိ‌ရွှေရှန့်က အရက်မူးပြီး သူ့သမီးလေးအပေါ် အခွင့်ကောင်းယူခဲ့တယ်။ ပထမတော့ သူ ဒေါသထွက်ခဲ့ပေမယ့် ပြီးခဲ့တာက ပြီးသွားပြီမို့ ဒီကောင့်ကို သူ့ရဲ့သမီးတော်လေးနဲ့ လက်ထပ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါတောင်မှ ဒီကောင်က မောက်မာနေပြီး တာဝန်မယူချင်ဘူးလား?

ယခုအချိန်တွင် ဧကရာဇ်အိုကြီးက သူ့သမီးကို ချစ်သော သာမန်ဖခင်တစ်ဦးမျှသာ ဖြစ်သည်။ သူက သူ့သမီးအတွက် ဒေါသကို ဖွင့်ထုတ်ပစ်ချင်နေခဲ့သည်။

“အရှင်မင်းကြီး၊ အရှင်မင်းကြီး အဲ့လို လုပ်လို့ မရပါဘူး။ ကျိ‌ရွှေရှန့်ကို သတ်လိုက်ရင် မင်းသမီးက ဘယ်လိုဖြစ်သွားမှာလဲ?”

ယခုအချိန်တွင် ကြင်ယာတော်လီက ကျိ‌ရွှေရှန့်အတွက် စကားပြောမပေးဝံ့တော့ပေ။ မင်းသမီးက ကျိ‌ရွှေရှန့်ကို လက်ထပ်ရန် အရှက်မဲ့စွာ လိမ်ညာပြောဆိုနေခဲ့သည်ဟု သူမ ဝင်ပြောပေးလျှင်ပင် ဧကရာဇ်က သူမကို မယုံဘဲ သူမက မင်းသမီးကို ပစ်မှတ်ထားနေသည်ဟု ထင်သွားပြီး သူ့ဒေါသများကို သူမ အပေါ်ပုံချလာနိုင်ဖွယ်ရှိသည်။

ထို့ကြောင့် သူမက မင်းသမီးကိုသာ ဆင်ခြေအဖြစ် အသုံးချနိုင်တော့သည်။

“ဒီနေ့ အဖြစ်အပျက်ကို သိတဲ့သူတိုင်းကို သတ်ပစ်လိုက်မယ်။ ဒါဆို ဒီအကြောင်းကို ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး”

အမှန်တကယ်တွင် ဧကရာဇ်အိုကြီးသည်လည်း ရက်စက်ကြမ်းကြုတ်သူတစ်ယောက်သာ ဖြစ်သည်။

ဒါက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ဒီလို ရှက်စရာကောင်းတဲ့ အရှုပ်တော်ပုံမျိုး ပေါက်ကြားစေလို့ မဖြစ်ဘူး၊ အဲ့တော့ ဒီည အစောင့်အကြပ် တာဝန်ကျတဲ့လူတွေ အပါအဝင် ဘယ်သူကိုမှ မချန်ထားနိုင်ဘူး။

ဘယ်သူကမှ မသိသေးရင် မင်းသမီးက အပျိုဖြစ်နေဆဲဖြစ်ပြီး အိမ်ထောင်ပြုနိုင်လိမ့်မယ်။

ယဲ့လွီဆိုင့်ယာ၏မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့သွားခဲ့သည်။

ကျိ‌ရွှေရှန့် ရှင်က အသည်းနှလုံးမရှိတဲ့အတွက် ကျွန်မကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။ ရှင်က သေဖို့ ထိုက်တန်တယ်။

သူမက သူကို အခြားတစ်ယောက်နဲ့ မျှဝေခွင့်ပေးခဲ့တာတောင်မှ သူက သူမကို အလိုမရှိဘူးတဲ့။ ဒါဟာ သူမလို မာနကြီးတဲ့ မင်းသမီးတစ်ပါးအတွက်တော့ စော်ကားမှုကြီးပဲ။

ထို့ကြောင့် သူမက ကျိ‌ရွှေရှန့်နှင့် မခွဲနိုင်သေးသော်လည်း သူ့အတွက် အသနားခံရန် ဘာမှ ဝင်မပြောတော့ပေ။

ဧကရာဇ်အိုကြီးက ဆုံးဖြတ်ပြီးသားဖြစ်နေကြောင်း နားလည်လိုက်ရချိန်တွင် ကြင်ယာတော်လီ၏မျက်နှာက ဖျော့တော့သွားပြီး သူမ၏နှလုံးသားကလည်း ပူလောင်လာခဲ့သည်။

သူမက ဧကရာဇ်မှာ လူသတ်ဖို့ ရည်ရွယ်ချက် မရှိတော့ဘူးလို့ ထင်ခဲ့မိတာ။

သူမ ဘာလုပ်သင့်လဲ? သူမ ဘယ်လိုလုပ်ရမလဲ?

ကြင်ယာတော်လီက အစောင့်များ ဝင်လာပြီး ကျိ‌ရွှေရှန့်ကို ဆွဲခေါ်ဆောင်သွားတော့မည်အား မြင်တွေ့နေရသည်။ သူမက ဧကရာဇ်အိုကြီးအား အသနားခံချင်နေသော်လည်း ဧကရာဇ်မင်းကြီး၏ ညို့မှိုင်းသောမျက်နှာဖြင့် သူမကို စိုက်ကြည့်နေသောကြောင့် ကြင်ယာတော်လီက သူမ၏ပါးစပ်မှ ထွက်လာတော့မည့် စကားလုံးများကို ပြန်မျိုချလိုက်ပြီး ကျိ‌ရွှေရှန့်ကို စာနာစိတ်ဖြင့် လှမ်းကြည့်နေလေသည်။

ထို့နောက်တွင် ကြင်ယာတော်လီက အကြံတစ်ခု ရသွားပြီး ကျိ‌ရွှေရှန့် ခဏတာလောက် သည်းခံလိုက်ပြီး ဤဆိုးရွားလှသော ဘေးဥပဒ်မှ ရှောင်ရှားနိုင်ရန် အကြံပေးလိုက်သည်။

"သခင်လေးကျိ၊ မင်းသမီးက မင်းကို အရမ်းချစ်တယ်။ မင်းက ဘာလို့မ…”

သို့သော် သူမပါးစပ်ကို ဖွင့်လိုက်ပြီး သူမ၏စကားမဆုံးခင်မှာပင် ကျိ‌ရွှေရှန့်၏ရိုင်းစိုင်းသောရယ်မောသံက သူမ၏စကားကို ကြားဖြတ်လိုက်သည်။

"ဟား ဟား…"

ဧကရာဇ်က ကျိ‌ရွှေရှန့် ဒူးထောက်ပြီး အသနားခံလာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူက ကရုဏာထားပေးရန် မတောင်းပန်ရုံသာမက ကောင်းကင်အထိ လျှံတက်နိုင်မည့်အသံဖြင့် ရယ်မောနေခဲ့သည်။

သူက သေမှာကို မကြောက်ဘူးလား?

ဧကရာဇ်အိုကြီးက ကျိ‌ရွှေရှန့်ကို မှိုင်းညို့သောမျက်နှာဖြင့် လှမ်းကြည့်ရင်း ထပ်မေးလိုက်သည်။

"သေခါနီးအချိန်မှာတောင် မင်းက ရယ်နေသေးတာလား"

“ကျုပ်က မျက်စိကန်းခဲ့မိတဲ့ ကျုပ်ကိုယ်ကျုပ် ပြန်ရယ်နေတာပါ။ ခင်ဗျားက မြင့်မြတ်ပြီး ပညာရှိတဲ့ မင်းကောင်းတစ်ပါးလို့ ကျုပ် ထင်ခဲ့မိတာ။ အခုတော့ ခင်ဗျားက ဘာမှ မဟုတ်တော့ဘူးဆိုတာ ကျုပ်သိသွားပြီ။ သူ(မ)က ခင်ဗျားရဲ့သမီးဆိုတော့ သေသေချာချာ မစုံစမ်းဘဲ ပေါ့ပေါ့တန်တန် ကောက်ချက်ချလိုက်တယ်၊ နောက်ဆုံး သူ(မ) လိမ်နေတာကို သိနေတာတောင် သူ(မ) မကောင်းမှုတွေ လုပ်နိုင်အောင် ခင်ဗျားက ကူညီပေးနေတုန်းပဲ။ ဟား ဟား၊ ကျုပ်ဖြင့် ယုံတောင် မယုံနိုင်ဘူး”

ကျိ‌ရွှေရှန့် သူ့ရယ်သံအား ချက်ချင်း ရပ်လိုက်ပြီး စူးရှတောက်လောင်နေသော မျက်လုံးများဖြင့် ဧကရာဇ်အိုကြီးကို စိုက်ကြည့်ကာ စကားတစ်လုံးချင်း ထပ်ပြောလိုက်သည်။

“အပိုအလုပ်တွေ လုပ်ခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်တော့တယ်။ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ကို ကယ်တင်ခဲ့ပြီး နောက်ကျောကနေ ပြန်ကိုက်ခွင့် ပေးခဲ့မိတယ်"

"ကျိရွှေရှန့်၊ ရှင်က ဘယ်သူ့ကို အဆိပ်ရှိတဲ့မြွေလို့ ပြောနေတာလဲ?"

ကျိ‌ရွှေရှန့်က သူမအား ကြိမ်းမောင်းလိုက်သည်ကို ကြားလိုက်ရသောကြောင့် ယဲ့လွီဆိုင့်ယာက ဒေါသထွက်လာပြန်ပြီး သူမ၏ဗာဒံစေ့ပုံသဏ္ဍာန်မျက်လုံးများက ပြူးကျယ်သွားကာ သူ့ကို ဒေါသတကြီး လက်ညှိုးထိုးပြီး အော်ငေါက်လိုက်သည်။

"ကျုပ်ပြောနေတဲ့ စက်ဆုပ်စရာကောင်းတဲ့ ကောက်ကျစ်တဲ့လူက ခင်ဗျားလေ၊ ကျုပ် ခင်ဗျားကို ပြောနေတာ။ ကျုပ် ခင်ဗျားကို နှစ်ခါ ကယ်ခဲ့တယ်၊ ဒါပေမယ့် ခင်ဗျာက ကျုပ်ကို လိမ်လည်စွပ်စွဲတယ်။ ကျုပ်က ခင်ဗျားတို့လို အာဏာရှင်တွေကို လက်အောက်ကို ဘယ်တော့မျ ခိုဝင်မှာ မဟုတ်ဘူး။ ကျုပ်က ဒီတစ်သက်မှာ ချင်းအာကလွဲလို့ တခြားဘယ်သူနဲ့မှ လက်ထပ်မှာ မဟုတ်ဘူး၊ ကျုပ် မျက်လုံးထဲမှာ တခြားမိန်းမလည်း မရှိဘူး"

ကျိ‌ရွှေရှန့်က ယဲ့လွီဆိုင့်ယာကို မထီမဲ့မြင် ပြောဆိုနေခဲ့ပြီး သူက သူမအား တိုက်ရိုက် ကြိမ်းမောင်းနေကာ သူမ၏ ရွံရှာဖွယ် အတွေးများကို ထုတ်ဖော်ပြောဆိုနေခဲ့သည်။ ထို့အပြင် သူက သူမကို မျက်လုံးထဲပင် မထည့်ကြောင်း တိုက်ရိုက် ထပ်ပြောလိုက်သည်။

ကျိ‌ရွှေရှန့်၏ ပြောင်ပြောင်တင်းတင်း ရှုတ်ချမှုက ယဲ့လွီဆိုင့်ယာ၏ နှလုံးသားကို ကွဲကြေသွားစေခဲ့သည်။ သူမ၏မျက်နှာက ပိုဖြူဖျော့လာပြီး သူမတစ်ကိုယ်လုံး တုန်လှုပ်လာခဲ့သည်။ ကျိ‌ရွှေရှန့်ကို စိုက်ကြည့်နေသည့် သူမ၏မျက်လုံးများတွင် စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှုနှင့် ဒေါသများဖြင့် ပြည့်နှက်နေလေသည်။

သူမက သူ့ကို ချစ်လို့ သူမရဲ့ခမည်းတော်ကိုတောင် ဆန့်ကျင်ပြီး သူ့ကို လက်ထပ်ချင်ခဲ့တယ်။ နောက်ဆုံးတော့ သူမက သူ့မျက်လုံးထဲကိုတောင် မဝင်နိုင်ခဲ့ဘူးပေါ့။ ဒါက သူမအတွက်တော့ စော်ကားမှုကြီးတစ်ခုပဲ။

ယဲ့လွီဆိုင့်ယာက ကျိ‌ရွှေရှန့်ကို ဝမ်းနည်းစွာကြည့်နေရင်း မုန်းတီးလာပြန်ကာ အံကြိတ်လိုက်ပြီး ဖြည်းညှင်းစွာဖြင့် နာနာကြည်းကြည်း ပြန်ပြောလိုက်သည်။

"ကောင်းပြီ၊ ရှင်က ကြင်နာမှုကို ဘယ်လို တန်ဖိုးထားရမယ်ဆိုတာ မသိတဲ့အတွက် ရှင့်ကို ရှင့်ရဲ့ ချင်းအာနဲ့ ပြန်ပေါင်းစည်းပေးမယ်။ မရဏကမ္ဘာကို အတူတူ သွားလိုက်ကြ၊ ရှင့်ရဲ့ချစ်သူ​ကို အပိုင်း​ပိုင်း​ ပိုင်း​ဖြတ်ပေး​မယ်လို့ ကောင်းကင်​ကို တိုင်တည်ပြီး ကျွန်မ ကျိန်​ဆိုတယ်”

"ဟမ့်၊ ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို လှုပ်ခါချင်နေတာလား? ကိုယ်ကိုကိုယ် လွန်လွန်ကဲကဲ တွေးမနေနဲ့။ ခင်ဗျားမှာ ကျုပ်ရဲ့ချင်းအာကို ထိခိုက်အောင်လုပ်နိုင်မယ့် အရည်အချင်းရှိတယ်လို့ ထင်နေတာလား?"

ယဲ့လွီဆိုင့်ယာ၏ ရက်စက်ကြမ်းကြုတ်သော စကားကို ကြားလိုက်ရချိန်တွင် ကျိ‌ရွှေရှန့်က ဒေါသမထွက်ဘဲ ထိုအစား အကြီးကျယ်ဆုံးဟာသကို ကြားလိုက်ရသလို ရယ်မောနေခဲ့သည်။

သူရဲ့ချင်းအာက ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်တွေကို လက်တစ်ဘက် ယမ်းရုံနဲ့ အလွယ်တကူ ဖြေရှင်းနိုင်တယ်၊ ယဲ့လွီဆိုင့်ယာက ဘယ်သူမို့လဲ? သူမက ချင်းအာကို အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်မယ်တဲ့လား? ဟား ဟား....

ယခုတစ်ကြိမ်တွင်တော့ ကြင်ယာတော်လီက သူမ၏သံသယများ အကုန်အစင် မှန်ကန်နေကြောင်း အတည်ပြုနိုင်သွားခဲ့သည်။

ယဲ့လွီဆိုင့်ယာက တကယ်ပဲ ကျိ‌ရွှေရှန့်ကို လိမ်ညာစွပ်စွဲနေတာပဲ။

ထို့ကြောင့် သူမက ဧကရာဇ်မင်း အပြစ်တင်မည်ကို မကြောက်တော့ဘဲ မတ်တပ်ထရပ်ကာ ဧကရာဇ်မင်းအား လျှောက်တင်လိုက်သည်။

“ဧကရာဇ်မင်းမြတ်၊ ကျေးဇူးပြုပြီး နှစ်ခါ ပြန်စဉ်းစားတော်မူပါ။ စူးချင်းရဲ့စွမ်းရည်ကို အရှင်မင်းကြီးလည်း မြင်ဖူးပါတယ်။ သူ(မ)ရဲ့ခင်ပွန်းလောင်း ဒီမှာ အသတ်ခံလိုက်ရတာကို သူ(မ) သိသွားရင် ချန်ချဲ့တို့ရဲ့တာ့ထန်ပြည်ထောင်က ဒုက္ခရောက်ရပါလိမ့်မယ်”

ဧကရာဇ်က မိုက်မဲသောအုပ်စိုးရှင်လည်း မဟုတ်ပြန်ပေ။ သူက သမီးဖြစ်သူ၏ စကားကို ယုံကြည်ပြီး ဒေါသထွက်နေခဲ့ခြင်းသာ ဖြစ်သည်။ အမှန်တကယ်တွင်လည်း မည်သည့်အမျိုးသမီးကမှ သူတပါးကို လိမ်ညာစွပ်စွဲရန် သူမတို့၏ဂုဏ်သိက္ခာကို အသုံးချမည် မဟုတ်ပေ။

သို့သော်လည်း ကျိ‌ရွှေရှန့်၏ မကြောက်မရွံ့ ပွင့်လင်းသော အသွင်အပြင်၊ သူ့၏ သမီးတော်၏ ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးများနှင့် စူးချင်း အပေါ်ထားသည့် သူ့သမီးတော်၏သဘောထားတို့ကို ကြည့်လိုက်လျှင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ထင်ရှားနေလသည်။

"မင်းတို့ ထွက်သွားလို့ရပြီ"

ဧကရာဇ်အိုကြီးက အစောင့်အကြပ်များကို နှင်ထုတ်လိုက်ပြန်သည်။ သူက သူ့ကိုယ်သူ ငြိမ်သက်အောင် ပြန်ထိန်းရင်း နဂါးပလ္လင်ဆီသို့ ပြန်သွားလိုက်ပြီး ထိုနေရာတွင် ပြန်ထိုင်လိုက်ကာ ယဲ့လွီဆိုင့်ယာကို လေးနက်သော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

ယဲ့လွီဆိုင့်ယာ၏ လှပသော မျက်နှာက ပုံပျက်ပန်းပျက်ဖြစ်အောင် တင်းမာနေပြီး သူမက ကျိ‌ရွှေရှန့်ကို ချစ်ခြင်း မုန်းခြင်း ရောနှောနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။ ထိုနောက် သူမက မျက်ရည်စက်ကြီးများ ကျလာပြီး ထင်ရှားနေသည်မှာ သူမက ကျိ‌ရွှေရှန့်ကို အလွန်ချစ်သော်လည်း သူမ သူ့ကို မရနိုင်သည့်အတွက် ဝမ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်းနှင့် နာကြည်းမှုများကို ခံစားနေရပုံပေါ်သည်။

All Chapters